Monday, May 16, 2011

ရင်ထဲက ဆူး


ဝိုင်အမ်ဘီအေအသင်း ၁၀၅ နှစ်ပြည့် အတွက်
၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ၀ိုင်အမ်ဘီအေ အသင်းကြီးသည် ၂၀၁၁ ခုနှစ်၊ မေလ (၁၀) ရက်နေ့ဆိုလျှင် (၁၀၅) နှစ်သက်တမ်းသို့ တိုင်ခဲ့ပေပြီ။ “အမျိုးကို ချစ်ပါ”၊ “ဘာသာကို လေးစားပါ”၊ “သာသနာကို ချီးမြှင့်ပါ”၊ ”ပညာရေးကို အားပေးပါ” အစရှိသည့် ကြွေးကြော်သံတို့ဖြင့် ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုကို မြှင့်တင်ရန် အလို့ငှာ ဖွဲ့စည်းခဲ့သော်လည်း ဘာသာရေး အသင်းအဖွဲ့များသာ ဟုန်းဟုန်းထခွင့် ရှိသည့်ကာလတွင် ရန်ကုန်ဟိုက်စကူး ကျောင်းအုပ် အယ်လ်အက်ဖ်တေလာ၏ For the Uplift of Burma ခေါင်းစဉ်ဖြင့် မြန်မာပြည်တိုးတက်ကြီးပွားရေးအကြောင်း ဇောင်းပေးသည့် ဟောပြောပွဲမှ အစပြုကာ နိုင်ငံရေးအမြင်တို့ ပွင့်လင်းလာခဲ့သည့်နောက်ပိုင်း နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု များ ဆောင်ရွက်ခဲ့လေသည်။

နိုင်ငံရေးအသင်းအဖွဲ့များ၏ ရှေ့ပြေးဖြစ်ခဲ့သော အနှီ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၏ သမိုင်းမှာ ရာစုနှစ်ပင် ကျော်ခဲ့ပြီဆိုလျှင် ယနေ့အချိန်အထိ သမိုင်းစဉ်တလျှောက်လုံးတွင် နိုင်ငံရေးပါတီအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးနှင့် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာများမှာလည်း ဗမာပြည်သူတို့အတွက် အတော်အတန် ကြွယ်ဝခဲ့ပြီဟု ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် ၀ိုင်အမ်ဘီအေ သက်နုစဉ်ကာလက အစည်းအဝေးများတွင် ဂျော့ဘုရင်မင်းမြတ်နှင့် မိဖုရား မေရီတို့၏ ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခဲ့ရခြင်းမျိုး၊ ဆုတောင်းမေတ္တာ ပို့သရခြင်းမျိုးကို လွန်ခဲ့သော နှစ် ၁၀၀ တွင်သာ ချန်ထားရစ်ခဲ့သင့်ပေပြီ။ သို့သော် အထုအထောင်း များလှသော ကိုလိုနီခေတ်ဦးပိုင်းတွင် ၀ိုင်အမ်ဘီအေကဲ့သို့ ဘာသာရေးအသင်းကပင် ဗမာပြည် လယ်ယာကဏ္ဍ၊ ဆန်စပါး ရောင်းဝယ်ရေး၊ ကျေးရွာဥပဒေကိစ္စရပ်များအစရှိသည့် တိုင်းပြည်အကျိုးစီးပွား အတွက် ရှေးရှုလှုပ်ရှားခဲ့သည်များကိုလည်း အောက်မေ့ရပါ၏။

သမိုင်းအဖြစ်အပျက်တို့ တကျော့ပြန်လည်သည်ဟု ဆိုနိုင်မလားမသိ။ အုပ်ချုပ်သူ အစိုးရတို့က အာဏာကို အရိုးအရင်း ကိုက်ခွင့်ပေးလိုက်ရုံမျှဖြင့် တစင်ထောင်၍ တစားထွင်ချင်သူ အဆံချောင် သာကူးအဖွဲ့များကို တွေ့လေတိုင်း ၀ိုင်အမ်ဘီအေ၏ ညီငယ် ဂျီစီဘီအေ အဖွဲ့ကြီး ကွဲသွားရသည့်အကြောင်းများကို ပြန်လည်သတိရကာ ဆင်ခြင်မိပါသည်။ ဒိုင်အာခီကို လက်ခံသင့်၊ မခံသင့်မှ အကြောင်းပြုပြီး ဦးချစ်လှိုင်အဖွဲ့နှင့် ၂၁ ဦးအဖွဲ့၊ လှိုင်ပုကျော်အဖွဲ့မှ တဖန် ဦးစိုးသိမ်းတို့အဖွဲ့ ထပ်မံကွဲထွက်ပြီးနောက်၊ အကွဲပေါ် အပြဲဆင့်ပြီး ဦးစု ဂျီစီဘီအေ ဖြစ်ပေါ်လာပြီးသည့်နောက်ပိုင်း ဦးတုတ်ကြီးအဖွဲ့၊ မန္တလေးဦးဘဦးအဖွဲ့၊ ဦးဘရင်အဖွဲ့၊ ဦးဘရွှေအဖွဲ့၊ ဦးနီ၊ ဦးဘစိုးအဖွဲ့ စသည်ဖြင့် အဆုံး၌ အစိတ်စိတ် အမြွှာမြွှာဖြစ်ကုန်သည့်အခါ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်ဖို့ မပြောနှင့်။ အသင်းပါ ပျောက်သွားရသည့် ဖြစ်ရပ်များသည် သမိုင်းက ပေးသော သင်ခန်းစာအစစ်အမှန် ဖြစ်သည်။
ထိုမှသည် တို့ဗမာအစည်းအရုံးအတွင်း သံဃာဂိုဏ်းခွဲမှုများ၊ အလံဖြူ၊ အလံနီ အကွဲအပြဲနှင့် ဖဆပလ၏ နှစ်ပါးဂဟေ မဆက်နိုင်တော့သည့်အဖြစ်များကို ကြည့်ပြီး ဗမာများသည် နှစ်ဦးရှိလျှင် သုံးဖွဲ့ကွဲသည်ဟု ပြောစမှတ်ပြုခြင်းပင်ဖြစ်သည်။ အမှန်တော့ နိုင်ငံရေးပါတီများ၏ ပူးတုံ ခွာတုံ နိမ့်တုံ မြင့်တုံဖြစ်ရပ်များသည် အထူးအဆန်းတော့ မဟုတ်ပါချေ။ ဗမာတနိုင်ငံတည်း မဟုတ်ဘဲ၊ ကမ္ဘာ့နိုင်ငံရေးသမိုင်းကိုပါ စေ့ငုကြည့်လျှင် ဤအချက်ကို ကောင်းစွာသဘောပေါက်နိုင်သည်။

ဒီမိုကရေစီတိုက်ပွဲတွင် ထိုသို့ဖြစ်ရပ်များ မဆန်းလှသော်လည်း မနေ့တနေ့ကမှ “နိုင်ငံရေး” ဟူသော စကားလုံးကို လေသံသဲ့သဲ့မျှ ရွတ်ဆိုခွင့်ရသော ဗမာပြည်တွင်မူ နိုင်ငံရေးမျိုးဆက် အဖြတ်ခံထားရ၍ ဤနှယ်လို ၀ါးအစည်းပြေခြင်းက မရိုးနိုင်စရာဇာတ်လမ်း ဖြစ်နေတော့သည်။ ဆိုရလျှင် စစ်အာဏာရှင် စနစ် စတင်ချိန်မှ စပြီး ပျားရည်နှင့် ၀မ်းချခဲ့သော ထိုးဇာတ်များ၏ ရလဒ်များဖြစ်သည်။
ဂျီစီဘီအေဖြစ်စေ၊ ဖဆပလဖြစ်စေ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂဏနှင့် ငွေရေးကြေးရေး အငြင်းပွားမှု၊ အယူအဆကွဲလွဲမှုတို့ကြောင့် လမ်းခွဲကြသည့်ဖြစ်ရပ်များကို အတိတ်ဆောင်၍ ဆင်ခြင်စေရမည်ထက် ဆယ်စုနှစ်များစွာ တိုင်သည့်တိုင်အောင် ၎င်းအဖြစ်အပျက်များကို နိုင်ငံရေး၏ ဆိုးညစ်မှုသရုပ်များအဖြစ်သာ မီးမောင်းထိုး၍ အစဉ်တစိုက် သပ်လျှိုခဲ့လေသည်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပတ်သက်လျှင် ၀ါဒရေးရာအပြင် ပုဂ္ဂိုလ်ရေးအရပါ တူးတူးခါးခါး မုန်းတီးမှုဖြင့် ကျူပင် ကျူငုတ် အပြုတ်ရှင်းလိုသည့် စိတ်က ထင်ရှားလို့နေသည်။ ထို့ကြောင့်ပင် ကွန်မြူနစ်များနှင့် ပတ်သက်လျှင် ၎င်းတို့၏ တောတွင်း ဖြုတ်၊ ထုတ်၊ သတ် ဇာတ်လမ်းများ၊ ပါတီရန်ပုံငွေ အလွဲသုံးစားမှုများ၊ တကိုယ်ကောင်းကြံမှုများကိုသာ တမင်တကာ အဖန်တလဲလဲ အမြစ်တူး၍ ရာဇ၀င်ဗီလိန်ဟု သမိုင်းတင်ခဲ့ကြသည်။ ဤတာဝန်ကို ဆိုရှယ်လစ်ခေါင်းဆောင်များ၏ မျိုးဆက်များက သမိုင်းအမွေ ခံယူလျက် ဆက်လက်၍ ပြင်းပြင်းထန်ထန် နှိပ်ကွပ်အပုပ်ချနေခြင်းမှာ ကွန်မြူနစ်ကို ကြောက်ရွံခြင်းကြောင့်အပြင်၊ လက်ရှိ နိုင်ငံရေး ဇာတ်စင်အပေါ်မှလည်း ပရိသတ်၏ အာရုံကို လွှဲထားလိုခြင်းကြောင့်ဟု ကောက်ချက်ချနိုင်သည်။ တဖန် လက်ဝဲ၊ လက်ယာ ခြံစည်းရိုး ခွထိုင်ဖူးသူများကလည်း
“နိုင်ငံရေးဆိုတာ သိပ်ညစ်ပတ်တယ်။ လူငယ်တွေကို တန်ဆာခံလုပ်ပြီး ကိုယ်ကျိုးရှာကြတာပဲ။ နိုင်ငံရေးနှင့် ဝေးဝေးနေကြ”
ဟူသော အဘိဓမ္မာကို တွင်တွင်ကြီး ဟောပြောခဲ့ကြလေသည်။ အပြောနှင့် လက်တွေ့ကွာခြားသော နိုင်ငံရေးသမားများ၊ ဝေလေလေများ၊ စုန်းပြူးများ၊ အချောင်သမားများ၊ နိုင်ငံရေး ပွဲစားများ၊ စိတ်ကူးပေါက်မှ ကြေငြာချက် တစောင်တလေ ထုတ်ခြင်းဖြင့် ၀တ္တရားကုန်ပြီဟု ထင်မှတ်နေသော အဖွဲ့အစည်းများ၊ မင်းတိုင်ပင်ခံ အမတ်ရူး ရူးနေကြသော ခေတ်သစ် တူသာသင်းများ၏ အကွက်ရွှေ့မှုများက ကမ်းမမြင် လမ်းမမြင် ဖြစ်နေသော ပြည်သူတို့ကို မျှော်လင့်ချက် ပျောက်ဆုံးစေခဲ့ဖူးသည်ကိုး။

တကယ်တော့ အုပ်ချုပ်သည့် အစိုးရအပေါ် မကျေနပ်၍ ပွင့်အံထွက်လာသော အသံခြင်းကအစ မတူပါလေ။ ပြည်သူတို့က ဖိနှိပ်မှု ဒဏ်ကို ကျောကော့နေအောင် ခံစားရ၍ ခံစားချက် ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။ အချို့သော နိုင်ငံရေးသမားများကမူ မိမိနေရာမရသဖြင့် မကျေမနပ် မြည်တမ်းခြင်းသာ ဖြစ်ပါသည်။ ရှေ့တွင် ဆဲ၍ ကွယ်ရာတွင် လက်ချင်းချိတ်လိုကြသော ကိတ်မုန့်စား အလွှာ၏ နည်းပရိယာယ် အထွေထွေကြောင့် စစ်ကျွန်သက် ပိုရှည်ခဲ့ရသည်။ သည်တော့လည်း မဆလ နောက်ဆွဲများ၏ နိုင်ငံရေးမျိုးဆက်သတ်သည့် စီမံကိန်းမှာ အတော်အသင့် ထိရောက်ခဲ့သည်ဟု ဆိုရပေတော့မည်။
ဤအခြေအနေတွင် ဒေ၀ဒတ်ကို ဆရာတင်မိသူများ၊ အနောက်မျှော်ဝါဒီများသည် ပကတိ လမ်းကြောင်းမှန်ကို ဆင်ခြင်သုံးသပ်သင့်ပေသည်။ ဗမာတို့၏ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံမှာ မနည်းလှပါ။ သေချာဆန်းစစ်ကြည့်လျှင် မည်သည့် လူထုလှုပ်ရှားမှုမဆို လူထုက ညီညွတ်မှု၊ သွေးစည်းမှု ရှိခဲ့သည်သာချည်း။ သို့သော် နိုင်ငံရေးသင်ပုန်းကြီးပင် မကျေညက်သော မိုးကျရွှေကိုယ် ခေါင်းဆောင်ရူးများနှင့် အခါပေး တတ်ယောင်ကားများကြောင့်ပင် ၀င်္ကပါထဲ ချာချာလည်ကုန်ကြခြင်းဖြစ်သည်။ ဘေးထိုင် ဘုပြော ဒေါ်လာစားရင်း ဆဲရေးကြကုန်သော တကိုယ်တော် နိုင်ငံရေးစတန့်မင်းသားများ၏ ပေါ်ပြူလာဖြစ်ရေး နိဿရည်းများကလည်း စိတ်ပျက်ဖွယ်ရာ ဖြစ်နေတော့သည်။ ဤသို့ ဘုံရန်သူကို မျက်ခြေဖြတ်ထားပြီး အချင်းချင်း စားခွက်လုနေကြသော ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ပေါများလာခြင်းကြောင့်ပင် ပြည်သူက မည်သူ့ကို မည်ကဲ့သို့ယုံစားရမှန်းမသိဘဲ၊ နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှနှင့် ဝေးဝေးနေလိုကြခြင်းဖြစ်သည်။ ကောင်းမွန်သည့် လက္ခဏာတော့ မဟုတ်ပါချေ။

ဗမာပြည်တွင် “လူ့အခွင့်အရေး” ဟူသော ဝေါဟာရနှင့် “နိုင်ငံရေး” ဟူသော အသုံးအနှုန်းအတွက် လျှာကိုက်ထားခဲ့ရသော နှစ်ကာလများ ရှည်ကြာခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ အစပြု၍ အသံများ စီစီညံညံ တဖန် ကြားလာရခြင်းဖြစ်သည်။ ခေတ်ကာလကလည်း မတူတော့။ သတင်းစီးဆင်းမှု မြန်သည့်ခေတ်၊ အင်တာနက်မှတဆင့် တဦးနှင့်တဦး အဆက်အသွယ်လုပ်ရန် လွယ်ကူသည့် ခေတ်ပေပဲမို့ နိုင်ငံရေးနှင့် ပတ်သက်ပြီး ၀ါဒဖြန့်မှု၊ စည်းရုန်းမှုတို့ကို ပုံသဏ္ဍန်မျိုးစုံနှင့် တွေ့မြင်နေကြရသည်။ သူ့လူ ကိုယ့်ဘက်သား လုပ်တတ်သော လောက်ကောင်များကိုလည်း သတိပြုသင့်ပါသည်။
ဗမာတို့၏ အရိုးစွဲလာသော သဘောသဘာဝမှာ ခေါင်းဆောင်မျှော်တတ်သည့် အကျင့်၊ ခေါင်းဆောင်ပေါ်တွင် မှီခိုလွန်းချင်သည့်စိတ် ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ယနေ့ ဗမာပြည်သူ လူထု အားကိုးယုံကြည်နေသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဘုရားမဟုတ်ပါ။ ဖြစ်စေဆရာ မဟုတ်ပါ။ ဒီမိုကရေစီကို မန်းမှုတ်ပြီး မယူပေးနိုင်ပါ။ အဆုံး၌ ကိုယ့်အားကိုယ် ကိုးကြရမည်သာ။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီတိုက်ပွဲ တလျှောက်လုံး လူထုနှင့် တသားတည်း ရှိခဲ့သည်မှာ မှန်၏။ သို့သော် သူကိုယ်တိုင်ကလည်း အခွင့်အရေးကို ကိုယ်တိုင်ကိုယ်ကျ တိုက်ယူဖို့ ဆော်သြထားသည်။ သူ့အတိုင်းအတာနှင့် သူ ခွန်အားရှိသလောက် တွန်းလှန်နေရသည့်အချိန်တွင် မီးစတဖက် ရေမှုတ်တဖက် နှစ်ဖက်ချွန်များက ၎င်းတို့ဝသီအတိုင်း ဝေဖန်ရေး၊ လေကန်ရေးတို့ ဖောဖောသီသီ ပြုလုပ်ကြပြန်သည်။
အရှင်းဆုံးပဲ ပြောမည်။ ဗမာပြည်သူတို့သည် ၎င်းတို့နှင့် အေးအတူ၊ ပူအမျှ ခံစားပေးမည့် ခေါင်းဆောင်ကိုသာ လိုလားသည်။ ပါတီကိုသာ အသိအမှတ်ပြုမည်။ အကွဲအပြဲ ဇာတ်လမ်းမျိုးစုံနှင့်အတူ စုတ်ပြတ်သပ်နေသော လူထု၏ နိုင်ငံရေးအပေါ် ယုံကြည်သက်ဝင်မှုများ ပြန်လည် ခိုင်မာစေရန် အချိန်ယူရဦးမယ်။ နိုင်ငံရေး မျိုးဆက်တခု ပြန်လည်ရှင်သန်လာဖို့ အစစ်အမှန် လမ်းပြမည့်သူများကလည်း ရှေ့ဆောင်ဦးရွက်ပြု၍ အလုပ်နှင့် သက်သေပြရန်လိုပါသည်။ အပြောလေးတော့ နည်းနည်း လျှော့စေချင်သည်။

သော်တာသစ်
မေလ ၇ ရက်၊ ၂၀၁၁ ခုနှစ်

EastwindBurma

The latest news for you မှကူားူဖေါ်ပြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...