Friday, May 20, 2011

နင် အင်မတန်ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲ

(၁)

ဘူတာရုံကလေးက ခပ်မြှောင်မြှောင်ကလေးဆင်းပြီး ဝါးတံတား ခနော်နီခနော်နဲ့ကို ဒယီးဒယိုင်နဲ့ ကူးဖြတ်လာတဲ့ ကိုမှန်ကင်းကို ဝိုင်းကြည့်နေတဲ့ ကလေးတွေက ...

    "ဦးမှန်ကင်းကြီး မိန်းမ ခိုးလာပြီ အဖေရေ" တဲ့။

အော်လိုက်ကြတဲ့ ကလေးတွေဆိုတာ ပွက်ပွက်ကို ညံသွားတော့တယ်။ ကလေးတွေက အဖေရေလို့သာ အော်ကြတာ။ ထွက်ကြည့်တော့ အမေတွေချည်း ထွက်ကြည့်တယ်။ အဖေတွေက ထွက်ကြည့်လို့လည်း မြင်ရတာမှ မဟုတ်တာ။ သည်တဲစုကလေးတွေမှာ နေကြတဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ယောကျာ်းသား ဆယ်လေးငါးယောက်ဟာ မျက်မမြင်တွေချည်းပဲ။

ဒါပေမဲ့ ကိုမှန်ကင်းမိန်းမ ခိုးလာတယ်ဆိုတော့ သူတို့လည်း မမြင်ရပေမဲ့ ထွက်ကြည့်ကြတယ်။ မျက်နှာတွေကလည်း ပြုံးလို့ရွှင်လို့။ သူတို့အားလုံးက ဆရာကြီးလို့ခေါ်ကြတဲ့ ဦးကျီးညိုကတောင် "ဟ မှန်ကင်းကြီးရ၊ နှစ်ယောက်သားတွဲလို့၊ ဟုတ်လှချည့်လား ငါ့လူရ" တဲ့ ၊ လှမ်းအော်တယ်။

ဟုတ်လှချည်လားသာ အော်တာ၊ သူလည်း မြင်ရတာ မဟုတ်ဘူး ၊ တကယ်က နှစ်ယောက်တည်းလည်း မဟုတ်ဘူး။ ဖိုးငိုလည်း ပါသေးတာ။ မနက်က ခုနှစ်နာရီခွဲကောင်နဲ့ လိုက်သွားတုန်းက ကိုမှန်ကင်းရယ်၊ ဖိုးငိုရယ် နှစ်ယောက်တည်း။ မယ်ဒလင်နဲ့ သွပ်လွယ်ဘူးလေးတော့ ပါတာပေါ့လေ။ အခုညနေ ပြန်လာတော့ သုံးယောက်။ ကိုမှန်ကင်းကို မိန်းမတစ်ယောက်က တွဲလို့။ တွဲတယ်ဆိုပေမဲ့ မိန်းမက ရှေ့က ကိုမှန်ကင်းက အဲ့ဒီမိန်းမပခုံးကိုကိုင်ရင်း စမ်းစမ်း စမ်းစမ်းနဲ့ ပြန်လာတာ။ ဖိုးငိုကတော့ ဟိုးဝေးဝေး နောက်က ကြံချောင်းတစ်ချောင်းစုပ်ရင်း လိုက်လာတယ် ။

    ကိုမှန်ကင်းကတော့ မယ်ဒလင်ကလေး ကျောမှာ ကပ်တဲ့ပြီး ဘူတာကဆင်း၊ နည်းနည်းဆက်လျှောက် ဝါးတံတားလေး တွေ့လိမ့်မယ်။ ဖြတ်၊ တဲစုကလေးတွေ တွေ့လား၊ ခေါင်စောက်စောက် တဲကလေး တည့်တည့်ကို သွားလို့ နောက်ကလိုက်ရင်း တတွတ်တွတ်နဲ့ လမ်းပြတယ်နဲ့ တူပါတယ်။ ရှေ့က မိန်းမက လူစိမ်းဆိုပေမဲ့ သွားနေလိုက်တာ ဖြောင့်လို့။

   တဲကလေးပေါ်ရောက်တော့ ကိုမှန်ကင်းက မယ်ဒလင်ကို ကျောသိုင်းထားရာက ဖြုတ်ပြီး ထရံမှာ ညှပ်ထားတဲ့ နှီးချောင်းမာမာကလေးမှာ ချိတ်တယ်။ သူခိုးလာတဲ့ မိန်းမကို လှမ်းပြီး ရေတခွက် ခပ်ပေးစမ်းပါတဲ့။ ရောက်ရောက်ချင်း ပိုင်စိုးပိုင်နင်း ခိုင်းနေတဲ့ ကိုမှန်ကင်းကို လာကြည့်ကြတဲ့ ကလေးတွေနဲ့ မိန်းမတွေက သဘောတွေကျလို့။ ကိုမှန်ကင်းကတော့ အိအိဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို တသိမ့်သိမ့် ဖြစ်သွားအောင် ရယ်ရင်းက....

     "မယားနေစ ဆင်သေမှဗျ"

ဆိုတော့ မိန်းမတွေက ဝိုင်းရန်တွေ့ကြကာ ကက်ကက်လန်ရော။ ခဏနေတော့ ကိုမှန်ကင်းက ဖိုးငိုကို လှမ်းခေါ်တယ်၊ ဖိုးငိုက ကြွပ်ကြွပ်အိတ်နဲ့ ဝယ်လာတဲ့ ထမင်းသုံးထုပ်ကို သူ့ရှေ့မှာ လာချတယ်။ တကယ်က ဖိုးငိုက ကိုမှန်ကင်းရဲ့သား မဟုတ်ဘူး ဘာမှလဲမတော်ဘူး။ သူ့လို ဘဝတူ မျက်မမြင်ထဲက တစ်ယောက်ရဲ့သားပဲ။ အသက်က ရှိလှမှ ဆယ်နှစ်သာသာပဲ။ ကိုမှန်ကင်းမှာက လူတွဲမရှိဘူး၊ တစ်ယောက်တည်းသမား။ လူပျိုလား ဆိုတော့လည်း မဟုတ်ဘူး၊ မိန်းမနဲ့လား ဆိုတော့လည်း ရှိတာ မဟုတ်ဘူး။ မိန်းမတော့ ရဖူးတာပေါ့။

     ဖိုးငိုကိုပဲ လောလောဆယ် လူတွဲလုပ်နေရတယ်။ ဆရာကြီး သော့ခတ်ပြီး လွှတ်လိုက်တဲ့ သွပ်လွယ်ဘူး လည်ပင်းချိတ်ပြီး တစ်နေကုန် မီးရထားလိုက်စီးနေလိုက်တာ မှောင်မှချည်း ပြန်ရောက်တယ်။ ရောက်တော့ ပိုက်ဆံခွဲ။ ဆရာကြီးက တချို့ တစ်ဝက် နှတ်ပြီး ကျန်တာ ဖိုးငို တစ်ချိုး၊ သူ နှစ်ချိုး ယူနေကျ။ ဖိုးငိုကလည်း ကျေနပ်တယ်။ ကိုမှန်ကင်းနဲ့ ထွက်ရတာ သူပျော်တယ်၊ ပိုက်ဆံလည်း ရတယ်။

     ကိုမှန်ကင်းက အဆိုကောင်း၊ အတီးကောင်း။ အသံကတော့ ခပ်အစ်အစ် ၊ ရှတတ၊ ကွဲပြဲပြဲကြီး။ ဆိုတတ်လို့သာ နားထောင်ကောင်းတာပဲ ရှိတယ်။ ဖိုးငိုက ကိုမှန်ကင်းနဲ့ လိုက်ချင်သလို ကိုမှန်ကင်းကလည်း ဖိုးငိုမှ ဖိုးငို။ တခြားကလေး တွဲလေ့မရှိဘူး။ အဆိုလေးရတဲ့ ကလေးမတွေ ရှိသားပဲ။ ဘယ်တော့မှ မခေါ်ဘူး။ ဖိုးငိုကိုပဲ သံယောဇဉ်ဖြစ်နေပြီကိုး။

     ဖိုးငို ပေးရတာကိုလည်း သူ ဝမ်းသာတယ်။ ဖိုးငိုတို့တဲက သူ့တဲနဲ့ သိပ်မဝေးပေမဲ့ ဖိုးငိုက ကိုမှန်ကင်းနဲ့ပဲ ညအိပ်တယ်။ နှိပ်ပေး နင်းပေးသေးတယ်။ မျက်နှာသစ်ဆင်းတာ၊ ရေအိမ်ဆင်းတာကအစ ဖိုးငိုပဲ။ မယ်ဒလင်ကြိုး ပြေးဝယ်ပါအုန်းဟ ဆိုလည်း ဖိုးငိုပဲ။ ဖျားလို့ နာလို့ ချမ်းအေးလေး၊ လင်မော်ဂျင်းလေး ပြေးဝယ်ပါအုန်းဟ ဆိုလည်း ဖိုးငိုပဲ။

     ဖိုးငိုလာချပေးတဲ့ ကြွပ်ကြွပ်အိတ်ထဲက အင်ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းသုံးထုပ်ကို ကိုမှန်းကင်း ခိုးလာတဲ့ မိန်းမက ဖြေတယ်။ မီးဖိုချောင်က ပစ္စည်းပစ္စယလေး၊ ပန်းကန်ခွက်ယောက်ကလေး တချို့ကို ဖိုးငိုက လိုက်ပြတော့ အဲ့ဒီမိန်းမက လိုက်ကြည့်တယ်။

     သူက ကိုမှန်ကင်းရဲ့ အိမ်ရှင်မ ဖြစ်သွားပြီကိုး။ ကိုမှန်ကင်းကိုသာမကပဲ ပစ္စည်းခန်းဆိုတာလည်း သူနဲ့ဆိုင်သွားပြီကိုး။ ကိုမှန်ကင်း ခိုးလာတဲ့ မိန်းမကလည်း ကိုမှန်ကင်းရဲ့ ပိုင်ဆိုင်မှုကို ခဏလေးနဲ့ မြင်သွားပြီးသား ဖြစ်ရော။ အိပ်စရာ ခေါင်းအုံးနှစ်လုံး၊ ဖျာတစ်ချပ်၊ သံပန်းကန်သုံးလေးချပ်၊ ဒယ်အိုးကလေးတစ်လုံး၊ သုံးဘူးဝင် ဒန်အိုးလတ်လတ်တစ်လုံး၊ ပုလင်းလေးငါးလုံး၊ ရေညှိတတ်နေတဲ့ 
သောက်ရေအိုးတစ်လုံးနဲ့ မတ်ခွက် ကြွေကွာတစ်လုံးပါပဲ။

     ကိုမှန်ကင်း ပိုင်တာ ဒါပဲ။ ကိုမှန်ကင်း ခိုးလာတဲ့ မိန်းမကလည်း ဒါလောက်ပဲ မျှော်လင့်ထားပုံပဲ။ ကိုမှန်ကင်းလိုလူဆီက သည့်ထက် ဘာမှ မျှော်လင့်မထားဘူးဆိုတဲ့ မျက်နှာမျိုးပဲ။ သံပန်းကန်ပြားနှစ်ချပ် ယူပြီး ထမင်းတွေ ထည့်တယ်။ သောက်ရေတစ်ခွက် ခပ်ပြီး ကိုမှန်ကင်းရှေ့ ချပေးတယ်။ ဖိုးငိုနဲ့ ကိုမှန်ကင်းကိုသာ ချပေးတာ သူကတော့ မစားဘူး။

     "အစ်ကို စားလေ"
ဆိုတော့ ကိုမှန်ကင်းက ပြုံးပြုံးကြီးနဲ့
"မကြည်လည်း စားလေ" တဲ့။

မကြည်ဆိုတဲ့ နာမည်ကို သိရတော့ ဝိုင်းကြည့်နေတဲ့ မိန်းမတွေက ဖိုးငိုကို စတယ်။

     "နင် စားပြီး မြန်မြန် ပြန်တော့၊ ကိုမှန်ကင်းနဲ့ နင်နဲ့ ကနေ့ ဘာမှ မပတ်သက်တော့ဘူး။ မကြည် ရောက်လာပြီ" တဲ့။

     ဖိုးငိုကလည်း သူ့ဆရာသမား မိန်းမ ရလာတယ် ဆိုတော့ ပျော်နေပုံပဲ။ နှစ်ယောက်သား သံယောဇဉ်ဖြစ်နေကြတာ မှန်ပေမဲ့ ကိုမှန်းကင်း မိန်းမရလာပြီ ဆိုတော့ သူ ဆက်နေလို့ မကောင်းတော့ဘူးဆိုတာ ဖိုးငိုကလည်း သိပုံပေါ်တယ်။

     "ကျုပ် ပြန်မှာပါဗျာ" တဲ့။

     မိန်းမတွေကရယ်တော့ ကိုမှန်ကင်း မျက်နှာမကောင်းဘူး။ မပြန်ပါနဲ့ကွာ၊ တို့နဲ့ပဲ နေပါတဲ့၊ ပြောရှာ ပါတယ်။
ဖိုးငိုက မနေချင်ပါဘူးပဲ ပြောပြီး ထမင်းဆက်စားတယ်။ ကိုမှန်ကင်း ထမင်းစားပြီးတော့ မကြည်က
နောက်ဖေးဘက် ပန်းကန်ထွက်ဆေးတော့ မိန်းမတစ်ယောက်က မကြည်ကို ဘယ်က ခေါ်လာတာလဲတဲ့ တိုးတိုးလေးမေးတယ်။ ကိုမှန်ကင်းက မဖြေပါဘူး၊ ဖိုးငိုကပဲ ဖြေတယ်။

     "ပုဇွန်တောင် ဘူတာမှာ တွေ့တာပါဗျာ၊ ဦးမှန်ကင်းနဲ့ ခင်တဲ့ သူ့အဖွဲ့ဟောင်းက လူက ထည့်ပေးလိုက်တာ၊ ဦးမှန်ကင်းကလည်း ခေါ်လာရော"

     အဲဒါ ကိုမှန်ကင်းနဲ့ မကြည်တို့ တွေ့ကြပုံပဲ၊ သံယောဇဉ် ဖြစ်ကြပုံပဲ၊ ညားကြပုံပဲ။ ခဏနေတော့မှ မကြည် ပြန်ဝင်လာတယ်။ လာကြည့်ကြတဲ့ မိန်းမတွေရော ဖိုးငိုရော ပြန်တော့မှ ကိုမှန်ကင်းက ခေါင်းရင်းဘက်က မှိုတောင်တက်နေတဲ့ ဝါးပတ္တလားဆီ ထသွားတယ်။ မကြည်က မီးခွက်ကလေး ထွန်းတယ်။ ကိုမှန်ကင်းက ပတ္တလားရွက်ပေါ် တင်ထားတဲ့ လက်ခတ်ကို ကောက်ကိုင်ပြီး ဟိုစမ်းဒီစမ်း တီးတယ်။ တော်တော်လေး တီးပြီးတော့မှ....

     "နင် ဘာသီချင်း ရသလဲ" 
     "ရပါတယ်"
     "အာယားမ ရတယ်"
      "အင်း"

      ကိုမှန်ကင်းက သူနဲ့ တစ်သက်လုံး တွဲရမယ့်မိန်းမ သီချင်း ဘယ်လောက် ရသလဲဆိုတာ 
ရောက်ရောက်ချင်း စာမေးပွဲစစ်တယ်။ တစ်ပုဒ်ပဲ မေးကြည့်ရသေးတယ်။ ရတယ်ဆိုတော့ ကိုမှန်ကင်း ကျေနပ်သွားတယ်။ အာယားမ သီချင်း ခြေဆင်းလေး အသံပြလိုက်တော့ မကြည်က ဝင်ဆိုရော။

     "...သူငယ် ရေအိပ် တောင်ထိပ်သစ်ပင် ဥယျာဉ်ပန်းမန် ရေကန် ရေတွင်း ယမင်းပျိုစစ် ဝတ်စားသစ်နှင့် ဖြူလှစ်ရိပ်ငြိမ် လူ့စည်းစိမ်ဝယ် အချိန်သာတောင်း ညနေစောင်းတဲ့ ရှင်"

ကိုမှန်ကင်းက သံကျလေးတွေပဲ လိုက်ခေါက်နေရတာ၊ ခြေဆင်းသက်သက်ကိုး။ မကြည်က အသံတော့
ကောင်းပါရဲ့၊ အသံက မခိုင်ဘူး။ ယိုင်ချင်တယ်ဆိုတာ သူ သတိထားမိတယ်။

     "...ရောတယ်ထင် အမှာစကားနဲ့ ပြရပါတော့၊ ရတနာတင်ဟာ အာယားမရယ်လို့ ကာလသားက မုန်းချင် မုန်းပစေတော့"
         
     ကိုမှန်ကင်းက ပတ္တလားကြောင်လေး သူ့မှာ ရှိပေမဲ့ အရင်ညတွေက တီးဖြစ်တာ မဟုတ်ဘူး။ တစ်နေ့လုံး ရထားပေါ်မှာ မယ်ဒလင်တီးနေရတော့ အိမ်က ပတ္တလားကြောင်ကို မတီးဖြစ်တာ ကြာပြီ။

     ကိုမှန်ကင်း မိန်းမခိုးလာတဲ့ ညပဲ သီချင်းသံလေးနဲ့၊ ပတ္တလားသံလေးနဲ့ဆိုတော့ ဘေးကတဲတွေက သဘောတွေကျလို့။ မကြည်ကလည်း မဆိုးဘူးပေါ့၊ ဘယ်က ဘယ်လို ဘာမှန်းမသိပေမဲ့ သူ့ဟာသူတော့ တွဲလို့ဖြစ်သားပဲပေါ့။

     "နင် အင်မတန် ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ ညည်း အင်မတန် ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ အားလုံး မှန်ကြတာပါပဲ"

     အဲ့သည် နေရာရောက်တော့ ကိုမှန်ကင်း ဝါးပတ္တလားကို ရပ်လိုက်တယ်။

     "...နင့်ဟာက အသံတွေ ယွင်းနေတယ်ဟ၊ ပတ္တလား အကျကို နားထောင်ဦးဟ၊ ငါ့ပတ္တလားကလည်း နည်းနည်းတော့ ကြောင်နေတယ် ဆိုပေါက်....ဆိုပေါက်....ဒီမှာကြည့်"

      ကိုမှန်ကင်းက ခြေဆင်း အချပိုဒ်ကို ဆိုပြတယ်။ မကြည်ကလည်း လိုက်ဆိုတယ်။ ဒါပေမဲ့ မကြည်က သူ ဆိုနေကျ အဆိုက အသားကျနေတော့ တော်တော်နဲ့ ပြင်လို့ မရဘူး။ ခဏခဏ ပြန်ဆိုပြတယ်။ မကြည်က ခဏခဏ မှားတော့...

     "နင် အရင်က ဘယ်လို ဆိုခဲ့တုံး” ဆိုတော့ မကြည်က "အို...အစ်ကိုကလဲ" တဲ့။

အရင်က ဘယ်လိုဆိုခဲ့တာတုံး ဆိုတာက မကြည် အရင်တွဲနေကျ ဆိုနေကျ လူက သင်မထားဘူးလားလို့
မေးတာမျိုး ဖြစ်နေတာကိုး။ နင် ရခဲ့ဖူးတဲ့ လင်တွေက သည်လိုပဲ သင်ထားသလားဆိုတဲ့ အဓိပ္ပာယ်မျိုး
ဖြစ်နေတာကိုး။ ကိုမှန်ကင်းက သူ့စကား မှားမှန်းသိတော့ သီချင်းတိုက်တာ ရပ်လိုက်ရော။ လက်ခတ်ကလေး ပတ္တလားရွက်ပေါ် အသာတင်တယ်။ ကိုမှန်ကင်းက မျက်စိသာ မမြင်တယ်၊ မီးခွက် ထွန်းတာမှန်း သိတယ်နဲ့ တူပါရဲ့။

     "မကြည် နင့် မီးခွက်ကြီးက မပူဘူးလား၊ မှုတ်လိုက်ပါလား" တဲ့။

(၂)

ကိုမှန်ကင်းက သူတို့တဲစုလေးမှာ လူချစ်လူခင်တော့ များတယ်။ သည်နေရာကလေးက အစုကို သူ ရောက်လာတာ ရှိလှမှ အလွန်ဆုံး တစ်နှစ်သာသာပေါ့။ အရင်က သူ ပုဇွန်တောင်ဘက်မှာ နေတယ်။ သူ့အုပ်စုကလေးနဲ့ သူ နေတာပါပဲ။ အခု နေသလိုပါပဲ။ နောက်တော့ အပေါင်းအသင်းမင်ပြီး ဒီမှာ နေဖြစ်တော့တာ။ ပထမ ရောက်စကတော့ အတွဲရယ်၊ ဘာရယ် မရှိပါဘူး။ တစ်ကိုယ်တော်ပဲ။ မြို့ပတ်ရထားပေါ် ကြုံသလို လိုက်သွားတာပဲ။

ခြေထောက်ကလေးနဲ့ စမ်းစမ်းပြီး တစ်တွဲပြီး တစ်တွဲ ကူးနေတာပဲ။  လက်ကလည်းတီး၊ ပါးစပ်ကလည်းဆိုပဲ။ ဘုရားလမ်း ဘူတာလောက် ရောက်တော့ ဆင်း၊ အင်းစိန်ရထား ပြောင်းစီး၊ တာမွေလောက် ကန်ဘဲ့လောက်မှာ ပြန်ဆင်း၊ လမ်းဘေးမှာ ထမင်းလေးဝယ်စား၊ ဘူတာတစ်ခုခုမှာ ခဏနား။
နှစ်ချက်ခွဲလောက် ရထားပြန်တက်ပြီးရင် မိုးကြီးချုပ်မှ ပြန်ရောက်ရော။ ရလည်း ရတယ်။ မရဘူးဆိုတဲ့နေ့ ခုနှစ်ဆယ်လောက် ရတယ်။

တစ်ခုတော့ ရှိတယ်။ ကိုမှန်ကင်း အရက်တော့ ကြိုက်တယ်။ အသေကို ကြိုက်တာ။ ပြန်ရောက်ပြီဆိုတာနဲ့
ရေချိုးတယ်။ အနားက ဘူတာရုံကလေးဘေးမှာ တောအရက်ဆိုင်ကလေး တစ်ဆိုင်ရှိတော့ သူ့အဖို့ နီးနီးနားနား အဆင်ပြေတယ်။ နည်းနည်းလေး ထွေလာတော့မှ ပြန်လာတာ။ ပြန်လာတယ် ဆိုပေမဲ့ သူ့ချည်း ပြန်လာတာလို့ ရတာ မဟုတ်ဘူး။ ကလေး တစ်ယောက်ယောက်က လာကြိုမှ ပြန်လာလို့ရတာ။

 သူ့လို ဘဝတူ မိသားစုတွေထဲမှာ သားတွေ၊ သမီးတွေနဲ့ ဝေဝေစည်စည်ရှိနေတဲ့ မိသားစုတွေလည်း ရှိတာပဲ။ တချို့လည်း ငယ်ပေါင်း ရိုးရိုးသားသား၊ ကျိုးကျိုးနွံနွံ၊ သစ္စာရှိရှိပဲ။ ဘဝတူ အချင်းချင်းလည်း သင့်မြတ်ကြတာပါပဲ။

သူ့ကလေး၊ ကိုယ့်ကလေး ခေါ်ခိုင်း ခေါ်တွဲ လုပ်နေကြတာပဲ။ ဘယ်သူ့ ကလေးရယ်မှ မဟုတ်ဘူး။ ကလေးတွေကလည်း ဘယ်သူဘယ်ဝါရယ်မှ မဟုတ်ဘူး။ တွဲပြီး လိုက်ပို့တာပဲ။ ရှက်တယ် ဘာတယ် မရှိဘူး။ အရက်ဆိုင်မှာ ကိုမှန်ကင်း မူးလောက်ပြီဆိုရင် ကလေးတစ်ယောက်မဟုတ် တစ်ယောက် ရောက်လာတာပဲ။

     "ဦးမှန်ကင်းကြီး ထတော့ "ဆိုတော့ ဟုတ်ပါပြီဗျာ ဆိုပြီး ထရတော့တာ။ မထလို့လည်း မရဘူးလေ။ သူများတွဲမှ သူ အိမ်ရောက်မှာကိုး။

     နောက်တစ်ခုက ကိုမှန်ကင်းက ဖဲရိုက်ကောင်း၊ သူ့မှာ ဖဲထုပ်တစ်ထုပ် ကိုယ်ပိုင်ရှိတယ်။ သူများ ဖဲထုပ်နဲ့ဆိုရင်တော့ သူလက်မခံဘူး။ သူ့ဖဲထုပ်နဲ့သာ ရိုက်မယ်ဆိုလို့ကတော့ မျက်စိကောင်းမကလို့  မျက်စိသုံးလုံး ပါလာပါစေ၊ လာခဲ့ပဲ။ သူ့ဖဲထုပ်ကိုလဲ သူဘာမှ လုပ်ထားတာတော့ မဟုတ်ပါဘူး။ ရိုးရိုးဖဲထုပ်ပါပဲ။ မှတ်ထား တေးထားတာလည်း မရှိပါဘူး။ တွဲရိုက်မယ့် မျက်စိကောင်းတဲ့ လူက ရိုက်မယ်ဆိုရင် ကြိုက်သလို စစ်လေ။

      မသင်္ကာဘူး ထင်ရင် မရိုက်နဲ့။ သူ ကိုင်တွယ်နေကျမို့ သူ့အထာလေးနဲ့သူ သိနေတာကလွဲလို့ ဖဲထုပ်ကို ဘာမှ ပြင်ထားတာ မဟုတ်ဘူး။ တကယ်ရိုက်ဖြစ်ပြီဆိုရင်တော့ ကိုမှန်ကင်း သူ့လူယုံကို ခေါ်လာရော။ 
ငွေအနုတ်အသိမ်း လုပ်ဖို့၊ တစ်ဖက်က ဖဲပွင့်ကြည့်ပေးဖို့ ဒါပဲ။ ကျန်တာ သူပဲ ကိုယ်တယ်၊ ရိုက်တယ်။ သူခေါ်လာတဲ့ သူက ကိုင်ပေးတာ မဟုတ်ဘူး။ လျော်စရာရှိရင် လျော်လိုက်၊ စားစရာရှိရင် စားလိုက်။ ဒါပဲ ခိုင်းထားတာ။ ဝိုင်းဖြစ်လို့များ ဆိုလို့ကတော့ ကိုမှန်ကင်းက ဒိုင်ပဲ လုပ်တယ်။

     သူများ မှောက်ထားတဲ့ ဖဲချပ်တွေကို လိုက်စမ်းပြီး "ဖမ်းတယ်" လို့ အော်တော့တာ။ မျက်စိကောင်းတဲ့ ရိုက်ဖက်တွေက“ အောင်မာ မှန်ကင်းရာ သေချာမှလဲ လုပ်ပါဟ” လို့များ ဆိုရင် အောက်ဖဲတစ်ချက် လက်နဲ့ပွတ်ထည့်ပြီး ကုလားကွလို့ အော်လည်း အော်၊ ဖောင်းခနဲလည်း ရိုက်ချ၊ ကြည့်လိုက် ကုလားပဲ။ ပိုင်လှချည်လား မှန်ကင်းရ ဆိုတော့ ကံပေါ့ဗျာ မှန်ကင်းရဲ့ ကံပါတဲ့၊ အမြဲ ပြောတတ်တယ်။

     ဖဲရိုက်တယ် ကောင်းတာ မဟုတ်ဘူး။ ကျားထိုးရင်လည်း ကိုမှန်ကင်းကို တော်ရုံလူ မနိုင်ဘူး။
ကောင်းလိုက်တဲ့ ခေါင်းကလည်း မပြောနဲ့တော့ ကျားကွက်က စက္ကူကျားကွက် ဖြစ်ဖြစ်၊ သစ်သားကျားခုံ ဖြစ်ဖြစ်၊ မကစားခင် သူ့လက်နဲ့ လိုက်စမ်းတယ်။ ဒါပဲ ပြီးပြီ။

     ကျားကောင်တွေ ဖြောင့်နေအောင် စီတယ်။ သစ်သာခုံဆိုရင်တော့ သူ ပိုကြိုက်တယ်။ ကျားထိုးတယ် ဆိုလို့ ရေးတေးတေး မြင်ရလို့တော့ မထင်နဲ့ ဘာမှကို မမြင်ရတာ။ ဝိုးဝိုးဝင်းဝင်းလောက်ပဲ မြင်ရတာ။
နေသာနေသလား၊ မှောင်နေသလားဆိုတာပဲ သိတာ။

   တစ်ဖက်လူရဲ့ ကျားက ဂျစ်ဂျစ်နဲ့ တက်တယ်ဆိုရင် သူကလည်း ဂျစ်ဂျစ်နဲ့ တက်လိုက်တာပဲ။  သူ့ကျားကောင် တစ်ဖက်ကင်းနေရာ ရောက်လို့ မထည့်သေးဘူးဆိုရင် ကင်းထည့် လို့ အော်ရော။ သူက ကင်းထည့်ရမယ်ဆိုရင်လည်း ကင်းထည့်ပေးလိုက်ရော။ တစ်ခါတစ်လေ သုံးကွက်လောက်များ
ကျော်စားသွားတာဒေါင်း၊ ဒေါင်း၊ ဒေါင်းနဲ့ လူကောင်း မျက်မြင်ဆိုတဲ့ လူက ပါးစပ် အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ရော။

  ကိုမှန်ကင်းနဲ့ ကစားရင် တစ်ကောင်ကျရင်လည်း ပေးမှ၊ နှစ်ကောင်ကျရင်လည်း ပေးမှ၊ သရေရှုံးရင်လည်း ပေးမှ ကစားကြတော့တာ။ ကစားရင်လည်း များသောအားဖြင့် ကိုမှန်ကင်း နိုင်တာချည်းပဲ။ ကျားနိုင်တဲ့ နေ့ဆိုရင် ဘူတာရုံဘေးက ဆိုင်ကို အစောကြီးရောက်တတ်တယ်။ အဲ့ဒီနေ့ ရထားမတက်တော့ဘူး။

      ကိုမှန်ကင်း ဘောလုံးလည်း ကန်သေးတယ်။ ကန်တာမှ ကြေးကြီးမှ ကန်တာ။ ဂိုးကျဉ်း တစ်ယောက်ချင်း ကန်ချင်တယ်လို့ သူတို့တဲတွေနားက ဆိုက္ကားနင်းတဲ့ ကိုကျော်ခက အရက်ဝိုင်းမှာ စိန်ခေါ်တော့ ကိုမှန်ကင်းက သိပ်ရတာပေါ့ တဲ့၊ ကြေး မပယ်ကြေးတဲ့။ မျက်နှာဝ နှစ်တောင်လောက်ကျယ်တဲ့ သစ်သားတိုင်ကလေး တစ်ဖက်တစ်ချက် စိုက်ထည့်ပြီး ကွင်းမကျယ် တကယ်ကလေးထဲမှာ ကိုမှန်ကင်းနဲ့ ကိုကျော်ခ ပိုက်ဆံကြေး ဘောလုံးကန်မယ်ဆိုတော့ ဘူတာရုံကလေး ဘေးက ကွင်းမှာ အဲ့ဒီနေ့က လူတွေကို ညို့လို့။ ပွဲကြည့်ပရိတ်သတ်ဆိုတာ ပြုံးလို့ရွှင်လို့။ ကန်မှာကလည်း ဂိုးကျဉ်း၊ ကန်မယ့်လူကလည်း တစ်ဖက် တစ်ယောက်စီ၊ လောင်းကြေးကလည်း ငါးဆယ်ကြေးတဲ့။

    ပွဲစမယ်လုပ်တော့ ဒိုင်လုပ်တဲ့ ဘူတာက စာရေးကြီးက မျက်စိကောင်းတဲ့ ကိုကျော်ခ အဝတ်စနဲ့ တင်းနေအောင် စည်းတယ်။ ကိုမှန်ကင်းက မျက်မမြင်ဆိုတော့ ကိုကျော်ခကိုလည်း မမြင်ရအောင် လုပ်ရတာလေ။ ဘောလုံးကိုလည်း ဆန်ခါကွက်ကျဲကျဲ ရက်ထားတဲ့ ဘောလုံးစွပ်တဲ့ အိတ်နဲ့ စွပ်တယ်။
ဘောလုံးစွပ်မှာ ခြူကလေးတစ်လုံး မြဲနေအောင် ချည်တယ်။

     လက်မှတ်စာရေးကြီးက နည်းနည်းကန်ကြည့်တော့ ခြူကလေးက တချွင်ချွင်နဲ့ ဘောလုံး ပြေးရာမှာ
မြည်နေရော။ အားလုံး အဆင်ပြေတော့ ဘောလုံးပွဲစတယ်။ ကိုယ်ခန္ဓာဖိုင့်ဖိုင့်၊ အသားဖြူဖြူ ကိုမှန်ကင်းကြီးက ဘောင်းဘီအတို ပွပွကြီး ဝတ်ထားတော့ တကယ့်ဘောသမား ဆိုက်ပဲ။ ဒိုင်က ဘောလုံးကို မြှောက်ပြီးလည်း ချလိုက်ရော၊ ပြေးပြီး လုလိုက်ကြတာ။ ဘောလုံးက ပြေးချင်တဲ့နေရာ
ပြေးတော့ ခြူသံကို နားထောင်ပြီး နှစ်ယောက်သား လိုက်လုလိုက်ကြတာ လဲကြ၊ ကွဲကြနဲ့။ ဘောလုံးနား ရောက်လို့ ချိန်ကန်တော့လည်း ဘောလုံးကို ထိတယ် မရှိဘူး၊ လေပဲ ကန်မိတော့ ကွင်းဘေးက လူတွေက တဝါးဝါးနဲ့။

      ဟုတ်ပြီကွ၊ မှန်ကင်းကွ၊ ရှေ့မှာ နည်းနည်းတိုးဦး၊ ဟုတ်ပြီ၊ ကန်...ကန်တော့ဆိုတဲ့ အသံတွေဆိုတာ ညံလို့။ နာရီဝက်လောက်ထိ ဘယ်သူမှ ဂိုးမရသေးဘူး။ တစ်ခါတော့ ကိုမှန်ကင်း ဘောလုံးရသွားတယ်။ သူသွင်းရမယ့် ဂိုးတိုင်ဘက်ကို ဘယ်လိုမှတ်ထားသလဲ မသိဘူး။ လှည့်ပြီးသား ဖြစ်သွားရော။ ကိုကျော်ခ အရှိန်နဲ့ လဲရော။ သည်တော့မှ ကိုမှန်ကင်း သူ့ခြေခုံပြားကြီးနဲ့ မြေလှိမ့်ကန်လိုက်တာ။ ဘောလုံးက
ခြူသံတချွင်ချွင်နဲ့ ဂိုးပေါက်ထဲ တည့်တည့်ကြီး ဝင်သွားတော့တယ်။ "ဂိုး" လို့လည်း အော်ရော ပွဲလည်း ပြီးရော။ တစ်ဂိုး ဂိန်းဂိုး။

     ကိုမှန်ကင်းက အဲ့သလို လူမျိုး။ မကြည်နဲ့ညားတော့ ကိုမှန်ကင်း ကျားမထိုး ဖြစ်တော့ဘူး၊ ဖဲမရိုက်ဖြစ်တော့ဘူး၊ ဘောလုံးလည်း မကန်ဖြစ်တော့ဘူး၊ ရသမျှ ပိုက်ဆံလေး ကျစ်ကျစ်စုတယ်။ အရက်ကလေးတော့ သောက်သေးတယ်။ ညနေဘက် ပြန်ရောက်ရင် အရက်ကလေး သောက်လိုက်၊ ပတ္တလားလေး တီးလိုက်၊ သီချင်းလေး ဆိုလိုက်နဲ့။

  (၃)
     
      မကြည် သူ့ဆီရောက်လို့ ခြောက်လလောက်နေတော့ ကိုမှန်ကင်း အိပ်ရာထဲလဲတယ်၊ အသည်းရောင် အသားဝါ ဖြစ်တာတဲ့။ ဝဝဖိုင့်ဖိုင့် ကိုယ်ခန္ဓာကြီးဆိုတော့ စိန်ခလုတ်နဲ့ တိုက်ချတဲ့ သဘောင်္သီးစိမ်းလို လုံးပါးပါးသွားလိုက်တာ အရိုးပေါ် အရေတင်ပဲ ကျန်တယ်။ စုဆောင်းထားတဲ့ ပိုက်ဆံလေးလည်း
ဆေးဝယ်သောက်ရတာနဲ့၊ ဆေးထိုးရတာနဲ့ တတိတိနဲ့ ပွန်းလှပြီ။ စုထားတဲ့ ငွေထုပ်ကလေးသည် လျှော့လိုက် လိုက်လာပြီ။ ဖြစ်ခါစ နှစ်ပတ်လောက်တော့ မကြည်က ပြုစုပါသေးတယ်။

     နောက်တော့ ဆရာကြီးက ငွေကုန်မှန်းသိတော့ ကိုတင်ဖေဆိုတဲ့ မျက်မမြင်တစ်ယောက်နဲ့ တွဲပေးလိုက်ရော။ မကြည် တစ်နေ့လုံး ရထားနဲ့လိုက်နေရတော့ အိမ်မှာ ကိုမှန်ကင်း တစ်ယောက်တည်း။ ဖိုးငိုလေး ပြန်ခေါ်ပြီး ခိုင်းချင်တာလေး ခိုင်းရတယ်။ မကြည်အတွက် ရလာတဲ့ ပိုက်ဆံလေးနဲ့ စားနေရတော့ ကိုမှန်ကင်းလည်း ကြာတော့ အားနားလာတယ်။ သက်သာတယ်၊ နာလန်ထတယ် ဆိုပေမဲ့ နောက်တစ်လလောက်တော့ နားရဦးမှာ သေချာတယ်။

      မကြည်ကလည်း တစ်နေကုန် ပင်ပန်းလို့တဲ့။ ပြန်လာတာနဲ့ ရေချိုး၊ ထမင်းစား၊ အလှလေးပြင်ပြီး ဘူတာမှာ သွားသွား ထိုင်နေတတ်တယ်။

       တစ်ညတော့ မိုးကြီးသာ ချုပ်ရော၊ မကြည်နဲ့ တင်ဖေက ပြန်မလာဘူး။ နောက်ဆုံး ရထား သူတို့ ဘူတာရုံကလေးက ထွက်သွားတဲ့ အသံသာ ပျောက်သွားတယ်။  မကြည်နဲ့ တင်ဖေပြန်မလာဘူး။
တော်တော်လေးမှောင်တော့မှ ဆရာကြီးက လူတွဲကလေးနဲ့ ကိုမှန်ကင်းဆီ ရောက်လာတယ်။ တင်ဖေက မိန်းမတော့ မရှိဘူး။ ဒါပေမဲ့ ကလေးတွေ ကျန်ရစ်ခဲ့တယ်။ တင်ဖေ့ သားသမီးတွေကလည်း မျက်စိသူငယ် နားသူငယ်နဲ့ ထိုင်နေကြတယ်။ 

     ကိုမှန်ကင်းရဲ့ ဘဝတူ သူငယ်ချင်းတွေကလည်း ဒေါသဖြစ်တဲ့လူကဖြစ်၊ မူးတဲ့လူကမူး။ ကိုမှန်ကင်းကတော့
ငေါင်စင်းစင်းကြီး၊ ပိုက်ဆံ တစ်ပြားမှ မကျန်တော့တဲ့ အိတ်ရှုံ့ကလေး ဘေးချပြီး ငေါင်စင်းစင်းကြီး ထိုင်လို့ ၊ ခဏ နေတော့မှ ဖိုးငိုကို အရက်တစ်လုံး သွားဝယ်စမ်းတဲ့၊ သူ့နာမည်ပြောခဲ့တဲ့။ အသည်းရောင် အသားဝါရောဂါနဲ့ နာလန်ထစလူက အရက်ပြင်းတွေ သောက်မယ်ဆိုတော့ ဖိုးငိုက ကလေးပေမဲ့ တားတယ်။ ကိုမှန်ကင်းကလည်း သွားသာဝယ်တဲ့၊ သေပေစေတဲ့။ ဖိုးငို ကတော့ ဝယ်မပေးဘူး ငြင်းတယ်။ ဆရာကြီးနဲ့ ကြားလူတွေကလည်း အတင်းတားတယ်။ ဆရာကြီးက ကိုမှန်ကင်းကိုပဲ အပြစ်တင်တယ်။

      "မှန်ကင်းရာ၊ မင်းမိန်းမ တင်ဖေနဲ့ တွဲပေးလိုက်တာ မင်း ငွေကုန်မှန်းသိလို့ပါကွာ။ စေတနာပါ။ ဘယ်က မိန်းမများ မင်းတွေ့လာတာလဲ ငါ့ကောင်ရာ။ မျက်စိမမြင်တဲ့ ယောက်ျားကို သေတစ်ပန် သက်တစ်ဆုံး ရှာကျွေးတဲ့ မိန်းမတွေ အများကြီးကွ။ ဆင်းရဲပေမဲ့ သစ္စာမပျက် ကြဘူး။ အချစ်မပျက်ကြဘူး။ ကလေးတွေ၊ မြေးတွေနဲ့ မင်းအတွေ့ပဲ။ တို့အထဲမှာ မင်းက အကင်းပါးဆုံး။ ဖဲရိုက်မလား၊ ကျားထိုးမလား၊ ဘောကန်မလား၊ မင်းကျမှ ခံရတယ်လို့ကွာ။ အေးလေ...ဘောလုံးက ခြူပါတာကိုးကွ၊ မိန်းမက ခြူမှ မပါတာ"

     ဆိုတော့ ကိုမှန်ကင်းက ဘာမှ မပြောဘူး။ အရက်လည်း မဝယ်ခိုင်းတော့ဘူး။ ခေါင်းရင်းထရံကို မှီရင်း ထိုင်နေလိုက်တာ လူတွေအားလုံး ပြန်ကြတဲ့ အထိပဲ၊ ညဉ့်တော်တော်နက်တဲ့ အထိပဲ။ တော်တော်လေး တိတ်ဆိတ်သွားပြီဆိုတော့မှ ကိုမှန်ကင်း ပတ္တလားဆီကို ဖင်ရွှေ့ပြီးသွားတယ်။ ပတ္တလား လက်ခတ်ကို ကိုင်ပြီး ထင်းခွဲခြမ်း ခွဲသလို တဖြောင်းဖြောင်းနဲ့ ရိုက်ရိုက်တီးတယ်။ နဂိုက အသံကြောင်နေတဲ့ ပတ္တလားက 
ကြောက်စရာ အသံတွေ ထွက်လာတော့မှ သူဆိုနေကျ ခပ်ရှရှ အစ်တစ်တစ် အသံမျိုးမဟုတ်ဘဲ အသံနက်ကြီးနဲ့.....

     "နင် အင်မတန် ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ ညည်း အင်မတန် ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ အားလုံး မှန်ကြတာပါပဲ"

လို့ ကျုံးအော်ရော။ ပထမတော့ တဲစုကလေးက မျက်မမြင်တွေရော၊ မိန်းမတွေရော၊ ကလေးတွေရော လန့်နိုးကုန်ကြတယ်။ နောက်တော့လည်း အမှောင်ကြီးထဲမှာ တဲစုကလေး ငြိမ်သက်သွားပြန်ရော။   ။ 

။..........................................................................................။

နေဝင်းမြင့်
(ရင်ခုန်ပွင့်၊၁၉၉၀)

သီဟရတနာ အုပ်၁၀၀ပြည့်အထူးထုတ် ၊ ၂၀ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀ မှ စာအုပ်မှ ဆရာနေဝင်းမြင့်ရဲ့ ဝတ္ထုတို ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...