Saturday, May 28, 2011

လူမှုဆက်ဆံရေး အနုပညာ (၂)


by Han Thit Nyeim on Sunday, May 29, 2011 at 5:51am
 အနုပညာကို ချစ်သောစိတ် အရင်းခံထားပြီး ရင်ထဲမှ စကားတို့ကို ရိုးသားစွာ ဆိုပါမည်။

အပိုင်း (၁) ၏ အဆက်ဖြစ်ပါသည်။ မဖတ်ရသေးလျှင် ဒီမှာဖတ်ပါ။
https://www.facebook.com/note.php?note_id=10150263673410070

ကိုယ့်မြင်းကိုယ်စိုင်း အနုပညာ

 သရုပ်မှန်ခေတ်လွန် နောက်ပိုင်းအနုပညာ သဘောတရားစာအုပ်တစ်အုပ်ထဲမှ အကြောင်းအရာလေး တစ်ခုကို ကိုးကားချင်ပါသည်။

‘အကန်းတွေ မမြင်ပေမယ့် အလင်းရောင်ကတော့ အလင်းရောင်ပါပဲ’ ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်။ အပြောရက်စက်သလို ရှိပေမယ့် မှန်တော့လည်း မှန်တယ်။ “အနုပညာတွေ ဘာတွေ လာပြောမနေနဲ့ဗျာ၊ ကျုပ်တို့တော့ မခံစားတတ်ဘူး” ဆိုတဲ့ လူတွေနဲ့ ကြုံရတဲ့အခါတိုင်း အဲဒီစကားပုံလေးက ခေါင်းထဲ ရောက်လာ ပါတော့တယ်။ သူမခံစားနိုင်တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ သူမမြင်ပေမယ့် အနုပညာကတော့ ရှိနေပါတယ်။ ရသဟာ ရသမြောက်စွာ ရှိနေတာပါပဲ။ (တာရာမင်းဝေ၊ ပြိုင်မြင်းတို့ရဲ့ ခွာသံ)

မည်သည့်အနုပညာကိုမှ မခံစားနိုင်သောသူများကို ထိုစကားဖြင့် သုံးသပ်ပြခြင်းဖြစ်သည်။ သို့သော် တချို့ အနုပညာရှင်အမည်ခံ အနုပညာသမားများက သူတို့၏ (တသီးပုဂ္ဂလ) အနုပညာကို မခံစားနိုင်သူ ပရိသတ်အား ထိုစကားကို ထည်လဲသုံးပြီး စောတကတက်တတ်ကြသည်။ “ခင်ဗျားတို့ ဒီအနုပညာ ဘာသာစကားကို နားမလည်ပေမဲ့ ဒီဘာသာစကားက ရှိနေတယ်” လို့ သူတို့က ဆိုကြသည်။ ဆိုတော့ ထိုသူတို့နှင့် အနည်းငယ် ငြင်းခုန်ရန် လိုအပ်လာပြီဟု ထင်ပါသည်။

ဦးစွာ... “အကန်းတွေ မမြင်ပေမဲ့ အလင်းရောင်ကတော့ အလင်းရောင်ပါပဲ” ဆိုတဲ့ စကားလေးကို ခွဲခြမ်းစိတ်ပိုင်း ကြည့်ပါမည်။ ထိုအခါ... “အကန်း၊ မြင်ခြင်း၊ အလင်းရောင်” ဆိုပြီး အဓိကစကားလုံး ၃ ခုရပါသည်။ အကန်းဆိုသည်မှာ နားလည်မပေးနိုင်သော ခံစားသူများ၊ မြင်ခြင်းဆိုတာဟာ ခံစားမှု၊ အလင်းရောင် ဆိုသည် ကတော့ အနုပညာလို့ တင်စားထားသည် ဆိုပါတော့။

ဒီစကားကို ဆရာတာရာကပဲ ပြောခဲ့ခြင်းလား။ သို့မှမဟုတ် မည်သူပြောခဲ့သလဲတော့ ကျွန်တော် မသိပါ။ ပြောသူက မည်သို့ရည်ရွယ်ချက်ဖြင့် ပြောခဲ့မှန်းလည်း သေချာမသိပါ။ အထက်မှာပြောခဲ့သလို သူသည် ခံစားသူပရိသတ်ကို အဆက်အဆံ မလုပ်ချင်သော တံခါးပိတ်အနုပညာသမားလား။ အနုပညာကို အလင်းရောင်နှင့် တင်စားလို့ လုံလောက်ပါမည်လား။ ရေဒီယိုလှိုင်းက လွှင့်နေသော သီချင်းသံက အလင်းရောင်လား။ ခုကိစ္စမှာတော့ သူဆိုလို ချင်သကဲ့သို... “အလင်းရောင် = အနုပညာ” ဟု ယူဆလိုက်မည်ဆိုကြပါစို့။ ခုသူက “အကန်းတွေ မမြင်ပေမယ့်”ဟု ဆိုလိုက်ပါသည်။ ဆိုတော့ သူ့အနုပညာကို နားမလည်သည့် သူတင်စားထားသည့် အကန်းတွေကို မြင်စေချင်လို့ ထိုစကားပြောခဲ့ခြင်းလား။

ဗိသုကာကျောင်းသားဘဝက မျက်မမြင်ကျောင်းကို လေ့လာဖို့ ကျွန်တော်ရောက်ခဲ့ဖူးပါသည်။ ထိုအခါ ကန်းနေသောသူများသည် အလင်းရောင်ကို မမြင်ရသော်လည်း ခံစားနိုင်မှန်း သိခဲ့ရပါသည်။ နေရောင်ကို သူတို့ မမြင်သော်လည်း နေရောင်ထွက်ပြူလာရာ အရပ်ကို ပြောပြနိုင်သော မျက်မမြင်များကို တွေ့ဖူးပါသည်။ အခန်းထဲမှာ ထွန်းထားသော လျှပ်စစ်မီးချောင်းရှိရာကို သူတို့ညွှန်ပြနိုင်ကြသည်။ ဆိုတော့ကာ အထက်ပါစကားကို ကျွန်တော် နည်းနည်း ပြင်ချင်ပါသည်။

“အလင်းရောင်သာ အမှန်တကယ်ရှိနေရင် အကန်းတွေ ခံစားနိုင်ပါတယ်”

အနုပညာရှင် (Artist) က ပေးသော Message ကို ပရိသတ် (Audience) က အမြဲတမ်း တိုက်ရိုက်ရသွားသော ဖြစ်စဉ်မျိုးကို သရုပ်မှန်နောက်ပိုင်း အနုပညာတွေမှာ သိပ်မတွေ့ရတော့။ အနုပညာရှင် ချပြသော အနုပညာလက်ရာတစ်ခုကို ခံစားသူက ရလိုက်သည်မှန်သော်လည်း ပေးသော Message နှင့် ရသော Message အမြဲတမ်း မတူညီတော့ချေ။ အနုပညာသည် တစ်ထပ်တည်း ကူးယူတင်ပြခြင်း ဟူသော ပလေတို၏ ကြေးမုံသီအိုရီကို ရိုက်ချိုးလိုက်ခြင်းပင်။

အနုပညာရှင် ချပြသော အနုပညာကို ခံစားသူတွေက သူတို့၏ ခံစားချက်၊ ခံယူချက်၊ အတွေ့အကြုံတို့နှင့် တိုင်းတာပြီးမှ လက်ခံသည်။ ဒါကြောင့် အနုပညာအလင်းရောင်ကို အကန်းရော၊  မကန်းတဲ့သူတွေပါ မတူညီသော ရှုထောင့်၊ မတူညီသော သုံးသပ်ချက် အမြင်တို့ဖြင့် ရရှိခံစားရမည် ဖြစ်တော့သည်။ ထပ်တူတင်ပြခြင်းတို့ လွန်မြောက်သွားသော အနုပညာသတ်မှတ်ချက်အရဆိုလျှင် အကန်းတွေ မြင်ဖို့မမြင်ဖို့က အရေးမပါတော့ချေ။ ကြေးမုံသီအိုရီကို လိုက်နာချင်မှ လိုက်နာသာ အနုပညာခေတ်မှာ ခံစားသူ နားလည်မှုရအောင် တစ်ထပ်တည်းကျသော အနုပညာပုံဆောင်ခဲတွေဖြစ်တည်လာဖို့ဆိုခြင်းသည်လည်း အရေးမပါတော့။ ဤသို့ဖြင့် “ပေးတိုင်းရ၊ ပြတိုင်းမြင်၊ တင်ဆက်တိုင်း ခံစား” ဆိုသည့် သဘောတရားများ ကျဆုံးသွားလေတော့သည်။

မည်သို့ပင်ဆိုစေ... တစုံတယောက်သော အနုပညာရှင်၏ တစုံတခုသော အနုပညာလက်ရာကို ခံစားနိုင်သော၊ သဘောကျ လက်ခံသော တစုံတရာသော ပရိသတ်များရှိကြပါသည်။ မတူညီသော လောကကြီး ထဲမှ တူညီသော ဖြစ်စဉ်များအရ၊ အနုပညာရှင် (Artist) အတွက် သတ်သတ်မှတ်မှတ် ပရိသတ် (Targeted Audience) များ တည်ရှိပါသည်။ အနုပညာ၏ အဓမ္မမဆန်၊ အတင်းအကျပ် မဟုတ်သော စည်းနှောင်မှုတို့ဖြင့် ဖန်တီးသူနှင့် ခံစားသူတို့ အညမညသဘောဖြင့် တည်မှီနေပါတော့သည်။ ထိုသို့သောအခါ “မပေးလျှင်မရ၊ မပြလျှင် မမြင်” ဆိုသော သရုပ်မှန်ခေတ်က သဘောတရားပေတံကြီးသည် အတိုင်းအတာ တစ်ခုအထိ အသုံးဝင် လာ ပြန်ပါတော့သည်။ (အတိုင်းအတာ တစ်ခုထိသာဖြစ်ပါသည်။ ပေးတိုင်းရ၊ ပြတိုင်းမြင်၊ တင်ဆက်တိုင်း ခံစားနိုင်ဖို့ဆိုသော တရားသေ ဖြစ်စဉ်မျိုးဖြင့်လည်း အနုပညာကို သတ်မှတ်လို့မရနိုင်ချေ။)

သို့သော် အထက်မှာ ပြောသွားခဲ့သော 3M သဘောတရား ဖြစ်စဉ်အရ ပေးချင်သောအနုပညာ (Message) နှင့် ပေးချင်သော ခံယူချက် (Method) က အနုပညာရှင် ဆိုလိုချင်သည့်အတိုင်း မှန်နေဖို့ လိုပါသေးသည်။ မျက်ကန်းတစ်ယောက်ကို ဓာတ်ပြားတစ်ချပ်ဖွင့်ပြပြီး “ခင်ဗျား ဒီဓာတ်ပြားရဲ့ ဝိုင်းစက်မှု ညီညာမှုနဲ့ တောက်ပနေတဲ့ အပြင်အဆင်ကို မခံစားနိုင်ဘူးလား” ဟု သွားမေး၍ မရသလိုပင်ဖြစ်သည်။ ထို့ကြောင့် အနုပညာ၏ အနုပညာဆန်မှုကို အနုပညာရှင်က အနုပညာမြောက်စွာ ဖော်ကျူးနိုင်ခြင်း ရှိဖို့လိုပါသည်။

အနုပညာရှင်က အလင်းရောင်၏ တည်ရှိမှုကို အနုပညာမြောက်စွာ ဖန်တီးပြီးပြီဆိုလျှင် ခံစားသူ ပရိသတ်က နားလည်ခြင်းရှိမရှိ၊ လက်ခံတုံ့ပြန်နိုင်မှု ရှိမရှိ စသည်တို့က အရေးပါလာပေမည်။ (Art) အနုပညာနှင့် (Artist) အနုပညာရှင်အပေါ် (Audience) ပရိသတ်၏ တုံ့ပြန်မှု ဆုံးဖြတ်မှုတို့သည် အနုပညာဖြစ်စဉ်တွင် အတိုင်းအတာ တစ်ခုအထိ အရေးပါလာမည် ဖြစ်သည်။

အနုပညာရှင်သည် ခံစားချက်၊ ခံယူချက် စသည်များနှင့် အနုပညာကို ဖန်တီးရမည် ဖြစ်ပါသည်။ ဖန်တီးပြီးမှ အနုပညာကို ခံယူချက် ခံစားချက် တံဆိပ်ခတ်ရတာမျိုး မဟုတ်ချေ။ တံဆိပ်ခတ်ခြင်းကို အနုပညာခံစားသူ ပရိသတ် (Audience) က သူတို့ နားလည်သလို သတ်မှတ်အဆုံးဖြတ်ပေးခြင်းသာ ရှိသင့်သည်ဟု ထင်ပါသည်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်၏ လက်ဖျံမှာ အိမ်မြောင်ရုပ်ကို ဆေးမင်ထိုးထားတာ တွေ့တော့ ပီယအဆောင်များလားဟု ကျွန်တော် မေးဖူးသည်။ သူက “ဟင့်အင်း၊ အဲဒါ အိမ်မြောင် ဟုတ်ဘူးဗျ။ ကျုပ်က ကျားရုပ်ဆွဲခိုင်းတာ၊ ထိုးတဲ့လူက အသုံးမကျတော့ ခုလို အိမ်မြောင်ဖြစ် သွားလေရော” ဟုပြောပါသည်။

ပန်းချီအနုပညာရှင် ပီကာဆိုသည် ကြေးပြားပေါ်တွင် စပိန်ရိုးရာ နွားရိုင်းသတ်သမား ပုံကို ရေးဆွဲသည်။ ကြေးပြားမှာ ထွင်းပြီးမှ သူ့အမှားကို သွားမြင်သည်။ နွားရိုင်းသတ်သမား ကိုင်သည့် လှံချွန်က ညာဘက်မှာ မဟုတ်။ မူလက သူဆွဲချင်သည်နှင့် ပြောင်းပြန်ဖြစ်သွားပြီး ဘယ်လက်ဖြင့် ကိုင်သည့်ပုံ ဖြစ်နေသည်။ ထိုပုံကို ပီကာဆိုက “El Zurdo - ဘယ်ကျော်” ဟု နာမည်ပေးခဲ့လေသည်။ ဒါသည်ပင် ပီကာဆို၏ ပထမဆုံး ကြေးထွင်း ပန်းချီလက်ရာ ဖြစ်သွားတော့သည်။ ဒီတော့ အနုပညာတစ်ခု အနုပညာမြောက်ခြင်းနှင့် တံဆိပ်ခတ်ခြင်းကို ကွဲပြားစွာ မြင်တတ်ဖို့ လိုမည်ဟုထင်ပါသည်။

 “ပြချင်ရင် အရင်ရှိအောင်လုပ်” ဆိုသော စကားရပ်အတိုင်း ခံစားသူကို ရသတစ်ခု ပေးစွမ်းနိုင်ဖို့ အနုပညာသည် ရသမြောက်စွာ ရှိနေရပါမည်။ ဤနေရာတွင် ပြခြင်းနှင့် ရှိခြင်းကို အနည်းငယ် ဆွေးနွေးချင်ပါသည်။ ပြချင်ရင် အရင်ရှိဖို့ လိုအပ်သော်လည်း၊ ရှိခြင်းတစ်ခုသည် အနုပညာရသမြောက်စွာ ရှိနေလျှင် ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ရှိနေသည်သာ ဖြစ်သည်။ “အလင်းရောင်ကတော့ အလင်းရောင်ပါပဲ” ဆိုသည့်သဘော လည်း ဖြစ်ပါသည်။

ဆက်လက်ပြီး အနုပညာရှင်၏ လုပ်ချင်ရာလုပ်ခြင်းနှင့် ပရိသတ်ကြိုက်ခြင်းကို တွဲစပ်ကြည့်ပါမည်။

  • လုပ်ချင်ရာလုပ်ခြင်းကို ပရိသတ်ကြိုက်ခြင်း
  • ပရိသတ်အကြိုက်လိုက်ပြီး လုပ်ချင်ရာလုပ်ခြင်း
  • လုပ်ချင်ရာလုပ်သဖြင့် ပရိသတ်မကြိုက်ခြင်း
  • ပရိသတ်မကြိုက်သဖြင့် လုပ်ချင်ရာလုပ်ခြင်း

    ကျွန်တော်တို့ မည်သည့်အမျိုးအစားထဲမှာ ပါသလဲဆိုတာ စဉ်းစားကြည့်သင့်ပါသည်။ ဒီလေးခုထဲ ဘယ်ထဲမှ မပါချင်ဘူး ခေါင်းစဉ်မတပ်ပါနဲ့ ဆိုလျှင်ပရိသတ်ကို ရှောင်ပြေးတဲ့ တံခါးပိတ်အနုပညာသမား စာရင်းသွင်းရပါမည်။ ထိုအခါ ကျွန်တော်တို့ဖန်တီးသော အလင်းရောင်ကို ပရိသတ်အကန်းတွေ မြင်ဖို့၊ မမြင်ဖို့ ငြင်းခုန်နေခြင်းသည် အဓိပ္ပာယ် မရှိတော့ချေ။ ထပ်ပြောချင်ပါသည်...

“အကန်းတွေကို တကယ်ခံစားစေချင်တယ်ဆိုရင် အလင်းရောင်တကယ်ရှိဖို့လိုပါတယ်”

ကွန်ယက် အနုပညာ

ယနေ့ခေတ်တွင် အနုပညာကို ဖန်တီးတင်ဆက် ခင်းကျင်းပုံတို့ ပြောင်းလဲလာပါသည်။ ဖန်တီးမှုတို့ သည် စာအုပ်၊ ပိတ်ကား စသည်တို့ မဟုတ်တော့ဘဲ ဘလော့ဂ်၊ ဖိုရမ်၊ ဖေ့စ်ဘွတ် စသည့် Social Networking များအထိ ကျယ်ပြန့်လာပါတော့သည်။

မြန်မာစကားမှာ “ယိုသူမရှက်၊ မြင်သူရှက်” ဆိုတာ ရှိပါသည်။ လူနဲ့ သူ့ပတ်ဝန်းကျင် သဟဇာတ ဖြစ်အောင် နေထိုင်ဖို့ လမ်းညွှန်ထားတဲ့ စကားဖြစ်သည်။ အနုပညာနှင့် အနုပညာရှင်၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုက လမ်းမပေါ် ကိုယ်လုံးတီး ချွတ်သွားနေခြင်းထက် ဆိုးပါသည်။ ကလောင်သွားသည် ဓားသွားထက် ထက်ကြောင်း ပြောခဲ့ပြီးဖြစ်ပါသည်။

တချို့သော ဘလော့ဂ်ရေးသူများကတော့ သူတို့၏ အနုပညာများကို သူတို့ဘာသာ မှတ်တမ်း သဘောမျိုး Personal Diary သဘောမျိုး ပြုလုပ်လိုသောကြောင့်သာ ဘလော့ဂ်ထောင်ထားသည်ဟု ဆိုကြပါသည်။ အမှန်တော့ ဘလော့ဂ်သည်လည်း လူမူဆက်သွယ်ရေး ကွန်ယက်နှင့် ဆက်နွယ်နေသောအရာသာ ဖြစ်ပါသည်။ လက်တွေ့လောကမှ ဒိုင်ယာရီ စာအုပ်လို ရေးပြီး အံဆွဲထဲချောင်ထိုး၍ရသော အရာမဟုတ်ချေ။ Google မှ အလကားပေးသော blogspot ဆိုတာကို အလကားသွားယူလျှင်...

1) Blog is a personal diary
2) Publish your thoughts
3) Engage you friends

ဤသို့ ဘလော့ဂ်တစ်ခု၏ အကြမ်းဖျင်း ဖြစ်စဉ်ကို တွေ့ရမည်ဖြစ်ပါသည်။

နောက်တစ်ချက်မှာ ဖေ့စ်ဘွတ်ခ် (Facebook) စသော လူမှုရေးကွန်ယက် (Social Networking) များနှင့် အနုပညာကိစ္စ ဖြစ်ပါသည်။ “ကိုယ့် Wall မှာ ကိုယ့်ဘာသာရေးတာပဲ။ မကြိုက်ရင် လာမဖတ်ပါနဲ့။ ဘယ်သူက အတင်းဖတ်ခိုင်းလို့လဲ” ဟု ဆိုသူများကို ခဏခဏ တွေ့ကြုံနေရပါသည်။ ဖေ့စ်ဘွတ်မှာ ကိုယ်ပိုင် Wall အပြင် Home Page ဆိုတာရှိသည်။ ထိုအချက်ကို မေ့မထားအပ်ချေ။ ကိုယ့် Wall မှာ ကိုယ့်ဘာသာ ရေးချင်ရာရေးသော်လည်း Home Page မှာ ကိုယ်နှင့် မိတ်ဆွေဖြစ်နေသူ အားလုံးက မြင်တွေ့၊ ကြားသိနေရသည်ကို မမေ့အပ်ချေ။

“ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ ကိုယ်လုံးတီး နေတာပဲဗျာ၊ ဘယ်သူက လာကြည့်ခိုင်းနေလို့လဲ” ဆိုတာမျိုးကို ဖေ့စ်ဘွတ်ခ် စသည်တို့မှာ ပြောလို့မရ၊ မပြောသင့်ချေ။ ဖေ့စ်ဘွတ်ခ်စသော Community နေရာများသည် ကိုယ်ပိုင်အိမ် မဟုတ်ပါ။ ဓမ္မာရုံ၊ ဇရပ်စသည့်နေရာမျိုး ဖြစ်ပါသည်။ ထို့ကြောင့် မိမိဘာသာ လုပ်ချင်ရာ လုပ်လိုလျှင် ဦးစွာ မိမိ Add လုပ်ထားသော သူငယ်ချင်း မိတ်ဆွေများ အားလုံးကို အရင်ဆုံး Remove/ Block လုပ်ပါ ဟုသာ ဆိုချင်ပါသည်။

“ငါက အနုပညာသမားကွ” ဟု လုံးချ၊ သံယောင်လိုက်ပြီး လူ့ဘောင်၊ လူ့လောကထဲတွင် လုပ်ချင်ရာ လုပ်လို့ မရပါ။ အနုပညာသမားသည် လူဖြစ်သည်။ လူဖြစ်လျှင် လူ့ဘောင်၊ လူ့စည်းကမ်းကို နားလည်ရမည်။ “စည်းလွတ် ဝါးလွတ်နေခြင်းဟာ ကျုပ်အနုပညာ” လို့ ပြောလိုလျှင် တောကြိုတောင်ကြား ချောင်ကြိုချောင်ကြား ဆိတ်ကွယ်ရာမှာသာ သွားလုပ်ကြပါဟု ပြောချင်ပါသည်။ အနုပညာသည် အသုံးချခံ မဟုတ်ဟု ဆိုချင်ပါသည်။

တကယ်လက်တွေ့မှာ အနုပညာဟာ လှုမှုဘဝနဲ့ ကင်းကွာဖို့ အလွန်ကို မဖြစ်နိုင်တာပါ။ လူနှင့် အနုပညာဆိုပြီး နှစ်မျိုးရှိသည့်အထဲမှာ လူက အနုပညာကို ဖန်တီးတာဖြစ်ပြီး၊ အနုပညာက လူကို ဖန်တီးထားတာ မဟုတ်ချေ။ လူရဲ့အနုပညာပဲ ရှိပြီး အနုပညာရဲ့လူ ဆိုတာ မရှိနိုင်ဟု ထင်ပါသည်။ အနုပညာကြောင့် လူသည် အထိုက် အလျောက်တော့ ပြောင်းလဲချင် ပြောင်းလဲပါလိမ့်မည်။ အနုပညာကြောင့် လူဖြစ်နေခြင်းတော့ မဟုတ်ချေ။ ဆိုတော့ “လူရဲ့ အနုပညာ” ဖြစ်တည်ဖို့ “လူ” ရှိနေမှ ရပါမည်။ လူရှိနေသရွေ့ လူမှုဆက်ဆံရေး နယ်ပယ်ကနေ ရှောင်ပြေးဖို့ အလွန်ကို ခက်ပါလိမ့်မည်။

ဆက်ရန်...

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

“အနုပညာအကြောင်း အနုပညာ” အီးဘွတ်ခ်တွင် ဖော်ပြပြီး ဖြစ်ပါသည်။ အီးဘွတ်ခ်အလိုရှိလျှင်...
http://www.mediafire.com/file/5nf7tqlk85mezzg/The%20Art%20On%20The%20Art%20%28Jpeg%29.pdf%EF%BB%BF

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...