Friday, May 27, 2011

အယ်ဂျာဇီးယားဖိုရမ်မှာ ခဏတာ

 အယ်ဂျာဇီးယားဖိုရမ်မှာ ခဏတာ - အပိုင်း ၁
မောင်ရစ်

မေလ ၁၆၊ ၁၇ မှာ ၀ါရှင်တန်ဒီစီက သတင်းပြတိုက် (Newseum) မှာ အယ်ဂျာဇီးယားဖိုရမ် ဆွေးနွေးပွဲ ကျင်းပတယ်။ ၁၆ ရက်က ညစာစားပွဲ၊ ၁၇ ရက်က ဆွေးနွေးပွဲ။ ညနေခင်း နိဂုံးချူပ်မှာ အယ်ဂျာဇီးယားရဲ့ အမေရိကန်ပိုင်းအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်တဲ့ Stream မှာ မြန်မာ့အင်တာနက်အရေးကို မြန်မာပြည်က အဖိနှိပ်ခံ ကိုယ်ထူကိုယ်ထ သတင်းစာနယ်ဇင်းသမားများ ကိုယ်စား၊ ဘလော့ဂါများကိုယ်စား တက်ရောက် ဆွေးနွေးခွင့်ရပါတယ်။
မြန်မာပြည်က အဖိနှိပ်ခံ၊ အဖမ်းဆီးခံ သတင်းသမားတွေ၊ ဘလော့ဂါတွေကို လက်လှမ်းမမီတဲ့ အတွက် အမေရိကန်ပြည်ရောက် မိုးမခမီဒီယာသတင်းနဲ့ ဘလော့ နွားကျောင်းသားတဦးအဖြစ် မောင်ရစ် ဆိုတဲ့ အကောင် တက်ရောက်ခွင့်ရတဲ့အတွက် မြန်မာပြည်အတွက် ဂုဏ်ယူမိသော်လည်း မြန်မာပြည်ကြီးကတော့ ဒီလိုပွဲမျူိးမှာ တောက်တိုမယ်ရ ယောင်ခြောက်ဆယ် မောင်ရစ် ပွဲတက်လာ တာကိုတော့ ဂုဏ်ယူကြမယ် မထင်ပါဘူး။ ဆိုတော့လည်း "အားနာခဲ့ကြောင်း ပြောပါလေ" ဆိုပြီးပဲ မြန်မာပြည်သူများကို မောင်ရစ် တောင်းပန်လိုက်ပါတယ်။


အဓိက သည်ဆောင်းပါးကို ရေးရတာက မြန်မာပြည်က အဖိနှိပ်ခံ သတင်းသမားတွေ၊ ဘလော့ဂါတွေ ကိုယ်စား ပွဲတက်တဲ့သူဆိုတော့ ပွဲကပြန်လာတဲ့အခါမှာ ကိုယ်စားပြုသူ ပရိသတ်ကို အဖိနှိပ်ခံ သတင်းသမားတွေကို ပြန်ပြီး သတင်းပို့ တင်ပြဖို့ ကျနော့်မှာ တာဝန်ရှိတာပေါ့ခင်ဗျာ။ ဘယ်နှယ့် ငါတို့ကိုယ်စား ပွဲသွားတက်ပြီးတော့ ဘာမှလဲ ပြန်မပြောပြဘူး ဆိုရင် ကျနော် မောင်ရစ် တာဝန်မကျေရာ ကြတာပေါ့။ ဒါကြောင့် အစီရင်ခံစာကို ပရိတ်သတ်ထံ မြန်မာပြည်ကြီးထံ ပြန်လည် တင်ပြပြီး ရေးလိုက်ရတာ ဖြစ်ပါတယ် ခင်ဗျား။
ကြီးကျယ်သော (လေတပ်) ရေဒီယိုသတင်းဌာနကြီးများ၊ အမေရိကန်ပြည်ကြီးရဲ့ ဒီမိုကရေစီ ရေး ရှေ့တန်းစစ်မျက်နှာ ၀ါရှင်တန်ဒီစီ ဆိုတာကို ၂ ခါလား ရောက်ဖူးသူ အမေရိကန်ပြည် အနောက်ခြမ်း ပစိဖိတ်ပင်လယ်၊ ဆန်ဖရန်ဘေးဧရိယာက ဘေးရောက်နေသူ ခြေသလုံးအိမ်တိုင် မိုးမခမီဒီယာက လေလွင့်သူ မောင်ရစ်အတွက်ကတော့ မျက်စိသူငယ် နားသူငယ်ပါပဲ။ မြန်မာပြည် အရေးကို အကျယ်လောင်ဆုံး ဟစ်ကြွေးပြီး အမေရိကန်တွေကြား သွေးလေ ခြောက်ခြားအောင် ထိုးဖောက်မွှေနောက်ပစ်လိုက်မဟဲ့လို့ မောင်းတင်သူ မောင်ရစ်ဟာ ၀ါရှုင်တန်ဒီစီက လေစိမ်းတွေကြား မှာ ချောင်းတဟွတ်ဟွတ်နဲ့ မျက်နှာမွဲ အသံပြာ တောသားတဦးမျှသာ ဖြစ်ပါတယ်။ သို့သော်လည်း မောင်ရစ် တတ်သမျှ မှတ်သမျှနဲ့ လေ့လာကြည့်ရှု မှတ်သားမိသမျှ အယ်လဂျာဇီးယား ဖိုရမ်မှာ တခဏ တာကို ပြန်လည် အစီရင်ခံသွားမှာ ဖြစ်ပါတယ်။

အယ်ဂျာဇီးယားသတင်းဌာနဟာ ၂၀၁၁ မှာ လေအကျယ်ဆုံး၊ သြဇာအထက်ဆုံး အရှေ့အလယ်ပိုင်း သတင်းဌာန ဖြစ်လာတယ်။ ကာတာနိုင်ငံမှာ အခြေချပြီး အာရပ်သူကြွယ်တွေရဲ့ ဓနနဲ့ စာနယ်ဇင်း ရုပ်သံမျက်နှာစာအပေါ် တင်လာသူ အာရပ်သတင်းဌာနဟာ အရှေ့ အနောက်က ဒေါင်ဒေါင်မြည် သတင်းသမားတွေ၊ ပညာရှင်တွေကို ၀ယ်ယူ၊ ငှားယမ်း ခန့်ထားပြီးတော့ အယ်ဂျာဇီးယားအင်္ဂလိပ်ပိုင်းကို ၂၁ ရာစု နိုင်း အီလဲဗင်းအလွန်မှာမှ အထူး စိုက်ထုတ် မတည် ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အဲသည်က ကာတာနိုင်ငံက ထူထောင်သူ ဒါရိုက်တာချုပ် ၀ါဒါခန်ဖာ ဟာ အနောက်စာစောင်များအဆိုအရ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးသူ ဖြစ်တယ်တဲ့။ သူတို့ရဲ့ စာနယ်ဇင်းသြဇာကြောင့် ကမ္ဘာကြီးက လည်နေရသလိုတောင် ဖြစ်နေပြီလို့ ပြောပါတယ်။

ဘာကြောင့်ဆိုရသလဲဆိုတော့ အခု ၂၀၁၁ အာရပ်နွေဦး လှုပ်ရှားမှုလို့ ဆိုရမယ့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက ပြည်သူတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေဟာ တူနီးရှားကနေစတင်ပြီး အခု ဆီရီးယားအထိက ထကြွလှုပ်ရှား အရှိန်ရနေပြီ။ အီဂျစ်တို့ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီးနောက် ဘာရိမ်း၊ လစ်ဗျား၊ ယီမင် နဲ့ ဆီရီးယားတို့မှာ ပြည်သူတွေက လွတ်လပ်ရေးတေးကို ဟစ်ကြွေးနေကြပြီ။ အဲသည်နိုင်ငံတွေမှာ အစိုးရသတင်းဌာနတွေ၊ အနောက်သတင်းဌာနတွေထက် ကျော်လွန်ပြီးတော့ အယ်ဂျာဇီးယားသတင်းဌာနက ပြည်သူတွေရဲ့ အသံနဲ့ လှုပ်ရှားမှုတွေကို မပြတ်သတင်းပို့နေနိုင်ပြီ ဖြစ်ပါတယ်။ အင်တာနက်သူပုန်တွေနဲ့ ပြည်သူ့စာနယ်ဇင်းသမားတွေကလည်း အယ်ဂျာဇီးယားကို အားကိုးပြီးတော့ သတင်းတွေကို ကမ္ဘာအနှံ့ တင်ပို့နေနိုင်တာကြောင့် အယ်ဂျာဇီးယားတို့ ကျယ်မယ် ဆိုလည်း ကျယ်သင့်၊ ကျယ်လောက်ကြောင်းပါ။
(မြန်မာပြည်တွင်းမှာလည်း သူတို့လက် သူတို့ခြေနဲ့ သတင်းတွေ၊ အရုပ်တွေ၊ ဓာတ်ပုံတွေကို ရယူ တင်ဆက် သတင်းပို့နိုင်ခဲ့တာကလည်း အခုထိ သက်သေရှိတယ်။ ၂၀၀၇ ရွှေဝါရောင် ကတည်းက သက်သေရှိပါတယ်နော်။ စကားချပ်)
ယခု အာရပ်နွေဦး လှုပ်ရှားမှုမှာ ပြည်သူတွေရဲ့ ဒီမိုကရေစီတော်လှန်ရေးကို အပြတ်ဘက်လိုက်ပြီး သတင်းတင်ပြသူ၊ အာရပ်နဲ့ အာဖရိကတိုင်းပြည်များက အာဏာရှင်များကို အပြတ်ကျောခိုင်းလိုက်ပြီး ဝေဖန်ပြစ်တင်သူ အယ်ဂျာဇီးယားသတင်းဌာနဟာ ဒီနှစ် ၂၀၁၁ မေလ ၁၆။၁၇ ဖိုရမ်ကို ရည်ရွယ်ချက် ရှိရှိ၊ နည်းဗျူဟာမျိုးစုံ ခင်းပြီး ကျင်းပလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်မှာ သြဇာရှိသော သတင်းသမားများ၊ နိုင်ငံရေးသမားများ၊ အာဏာလက်ရှိများကို ဖိတ်ခေါ်ပြီးတော့ ဖိုရမ်ကို ကျင်းပပြီး သူတို့ရဲ့ အာဘော်တွေကို ရွှေနားတော်သွင်း၊ စည်းရုံးခြင်းကို လုပ်တာ ဖြစ်ပါတယ်။
ဒါဟာ ဘာကို တိုက်ဆိုင်ပြီး လုပ်တာလဲ ဆိုတော့ ဒီနေ့ မေ ၁၉၊ ကြာသာပတေးနေ့မှာ အမေရိကန်သမ္မတကြီး အိုဘားမားက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ပေါ်လစီမိန့်ခွန်း မပြောကြားခင် ကြိုတင်ပြီး ဒီဖိုရမ်ကနေ သူတို့ရဲ့ ပေါ်လစီမူဝါဒတွေကို ထုတ်ပြန် မိတ်ဆက် မျက်စပစ်ကြတာ ဖြစ်ပါတယ်။
မေလ ၁၆ ရက် ညစာစားပွဲမှာ ၀ါရှင်တန်ဒီစီက စာနယ်ဇင်း ဘိုးအေများ၊ ဘုစုခရုများ၊ ဆပ်ကော့လပ်ကော့များ အစုံ တက်ကြပါတယ်။ ကာတာက လာတဲ့ ဒါရိုက်တာကြီး ၀ါဒါခမ်ဖာကို အမေရိကန်အယ်ဂျာဇီးယားက ဒါရိုက်တာက မိတ်ဆက်ပေးပါတယ်။ ထူးထူးခြားခြား တက်ရောက်သူ ၂ ဦးကတော့ အမေရိကန်နိုင်ငံရေးပြိုင်ဖက် ပါတီ ၂ ခုက ထိပ်သီးတွေ ဖြစ်ပါတယ်။ အောက်လွှတ်တော်လူနည်းစု ခေါင်းဆောင် နန်စီပလိုစီ (ဒီမိုကရက်) နဲ့ အထက်လွှတ်တော်အမတ်မင်း ဂျွန်မက်ကိန်း (ရစ်ပတ်ဘလီကင်) တို့ ဖြစ်ကြပါတယ်။
အယ်ဂျာဇီးယားက အမေရိကန်ပြည်ရဲ့ နှစ်ဖက်သော နိုင်ငံရေးခေါင်းဆောင် ၂ ဦးကို ပင့်ဖိတ်ပြီး သူတို့ အမေရိကန်ဖိုရမ်ကို မိတ်ဆက်ညစာစားပွဲနဲ့ ဖွင့်လှစ်ကြရာမှာ နှစ်ဖက်သော ပြိုင်ဖက်နိုင်ငံရေးသြဇာရှိသူတွေကို တင်သွင်းတဲ့ အဆိုက ရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။
အယ်ဂျာဇီးယားသည် အားနည်းသူပြည်သူတွေဖက်က လူသားဆန်စွာ ရပ်တည်တဲ့ သတင်းစာအလုပ်ကို လုပ်တဲ့ဌာန ဖြစ်တယ်။ မှားတဲ့ဘက်၊ အကြမ်းဖက်တဲ့ ဘက်၊ မတရားတဲ့ဘက်ကို မလိုက်ခဲ့ဘူး။ ယခု အာရပ်နွေဦး ဆိုတဲ့ အာရပ်နဲ့ အာဖရိကပြည်သူတွေရဲ့ အကြမ်းမဖက်သော ဒီမိုကရေစီအရေးတော်ပုံမှာ အစွမ်းကုန် လူထုနဲ့ အတူ ရပ်တည် သတင်းပေးပို့ခဲ့တာ သက်သေပဲ။ အယ်ဂျာဇီးယားသည် အာရပ်၊ အာဖရိကပြည်သူတွေနဲ့ ထပ်တူ အမေရိကန်ရဲ့ မိတ်ဆွေတွေ ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အယ်ဂျာဇီးယားကို မိတ်ဆွေအဖြစ် အမေရိကန်နိုင်ငံရေးသမားတွေက လက်ခံသင့်ပြီ ဆိုတာကို ပြောလိုက်တာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကတော့ အယ်ဂျာဇီးယားရဲ့ ရပ်တည်ချက် သမိုင်းအပေါ် အနောက်အုပ်စုက ရှုမြင်ပုံဖြစ်ပါတယ်။ ဒါရိုက်တာ ၀ါဒါက ဒါကို ဗြောင်ထုတ်ပြောပါတယ်။ ပထမ ခေတ်ဦးပိုင်းက ငါတို့ကို မင်းတို့က မွတ်ဆလင် ဘာသာရေးဝါဒဖြန့်တွေလို့ သဘောထားတယ်။ နောက် ဒုတိယပိုင်းကျတော့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေလို့ တံဆိပ်ကပ်တယ်။ နိုင်းအီလဲဗင်းကျော်တော့ ငါတို့တွေကို အိုစာမာနဲ့ အယ်ကိုင်ဒါလက်ကိုင်တုတ်တွေအဖြစ် သတ်မှတ်ခဲ့ပြန်တယ်။ အခု မျက်မှောက်ခေတ် အာရပ်နွေဦးလှုပ်ရှားမှုမှာ ငါတို့ကို မင်းတို့က ပြောလာပြန်တယ်။ အာရပ်နဲ့ အာဖရိကပြည်သူတွေနဲ့ ပြင်ပကမ္ဘာအတွက် ဒီမိုကရေစီရေးလှုပ်ရှားမှု သတင်းတွေ အမြန်ဆုံး အမှန်ဆုံး ပေးပို့ဆောင်ရွက်နေသူ … တဲ့။ အဲသည်အချိန် တပြိုင်နက်တည်းမှာပဲ အာရပ်နဲ့ အာဖရိက အာဏာရှင်တွေကတော့ အယ်ဂျာဇီးယားကို အပုတ်ချလိုက်ကြပြီ။ အမေရိကန်ရဲ့ သူလျူို၊ သစ္စာဖောက် သတင်းဌာနဖြစ်သွားပြီ … တဲ့။
သူက ဆက်ပြောပါတယ်။ သူတို့သတင်းဌာနနဲ့ အာရပ်၊ အာဖရိကပြည်သူတွေဟာ သူတို့ ဆန္ဒတွေ သဘောထားတွေကို တလျောက်လုံး ထုတ်ဖော်ခဲ့တာ ဖြစ်တယ်။ သူတို့ပြည်သူတွေကို အကြမ်းဖက်သမားတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ အသေခံဗုံးခွဲသူတွေ၊ စစ်မက်လိုလားသူတွေလို့ ကမ္ဘာကြီးက သတ်မှတ်ခြင်းကို ခံခဲ့ရတယ်။ သို့သော် အာရပ်နွေဦး ဒီမိုကရေစီအရေးတော်ပုံမှာ အာရပ်နဲ့ အာဖရိကအာဏာရှင်တွေကို တော်လှန်တဲ့ ပြည်သူတွေဟာ ဘယ်လိုမျိုး တော်လှန်ခဲ့သလဲ ပြန်ကြည့်လိုက်ပါဦး … တဲ့။ လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒပြကန့်ကွက်ပွဲတွေနဲ့ အစိုးရတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့ကြတာပါ တဲ့။ အာရပ်ပြည်သူ အာဖရိပြည်သူတွေဟာ အကြမ်းဖက်နည်းတွေနဲ့ အာဏာရှင်တွေကို လက်တုန့်မပြန်ခဲ့တာကို သေချာ မြင်အောင် ကြည့်ကြပါ … တဲ့။
ဒါကြောင့် ယခင်လွန်ခဲ့တဲ့ အနှစ် ၅၀၊ ၆၀ က အဲသည် အာဏာရှင်မျိုးဆက်တွေကို အနောက်အုပ်စုကပဲ ကိုယ်ကျိုးကြည့် ပေါ်လစီတွေနဲ့ အာရပ်၊ အာဖရိကပြည်တွေမှာ အသက်သွင်းခဲ့တယ်။ အဲသည် အာဏာရှင်တွေက ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်ချိန်မှာလည်း ကိုယ်ကျိုးကြည့်ပေါ်လစီနဲ့ လူထုကို ကျောခိုင်းခဲ့ကြတယ်။ အခု ပြည်သူတွေက လမ်းပေါ်ထွက်ပြီး အာဏာရှင်တွေကို လူထုနည်းနဲ့ ဖြုတ်ချနေချိန်ရောက်နေချိန်မှာ အမေရိကန်နဲ့ အနောက်အုပ်စုတွေက တကမ္ဘာလုံးက ပြည်သူတွေ တခဲနက်တောင်းဆို ဟစ်ကြွေးနေတဲ့ ငြိမ်းချမ်းရေး၊ အကြမ်းမဖက် ဒီမိုကရေစီတော်လှန်ရေး တေးသံတွေကို နားပင်းချင်ယောင်ဆောင်ပြီး မိတ်ဆွေဟောင်း အာဏာရှင်မျူိုးဆက်တွေကို ဖက်တွယ်နေကြဦးမှာလားလို့ အယ်ဂျာဇီးယားက မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

ဒီတခါလည်း မင်းတို့တတွေက လက်နက်မဲ့တဲ့ အကြမ်းမဖက်တဲ့ အာရပ်နဲ့ အာဖရိကပြည်သူတွေရဲ့ မျက်နှာကို မကြည့်ဘဲ မျက်နှာလွှဲ ခဲပစ် လုပ်ကြဦးမယ် ဆိုရင်တော့ သူတို့ပထ၀ီဒေသမှာ ဒီမိုကရေစီလင်းရောင်ခြည် ဒီတခါလည်း ထွန်းလင်းတောက်ပခွင့် ဆုံးရှုံးကြရလိမ့်မယ်လို့ သူက ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီတချိန်တော်လှန်ရေးမှာ အမေရိကန်တို့ သွေးကြောင်၊ သဘောထားအမြင်မှောင်နေကြမယ်သာ ဆိုရင် အာရပ်နဲ့ အာဖရိကပြည်သူတွေဆီမှာ အာဏာရှင် အမှောင်တိုက်၊ အကြမ်းဖက်အစွန်းရောက်တို့ရဲ့ အမှောင်တိုက်ကြီး ပြန်လည် ကျရောက်ပြီး ငြိမ်းချမ်းရေး ဆိပ်သုဉ်းမှုဟာ နောင် အနှစ် ၅၀ - ၁၀၀ ကျော် ပြန်လှည့်လာပါတော့မယ် တဲ့။
အယ်ဂျာဇီးယားက အခု သည်ဖိုရမ်ကနေပြီး ပေးလိုက်တဲ့ မက်ဆိခ်ျကတော့ ငါတို့ဟာ ဒီမိုကရေစီမိတ်ဆွေတွေဖြစ်တယ်။ အာရပ်နဲ့ အာဖရိကပြည်သူတွေသည် ဒီမိုကရေစီလိုလားသူ မိတ်ဆွေတွေဖြစ်တယ်။ ဒါကို သမိုင်းမှာ သက်သေပြနေပြီ ဖြစ်တယ်။ အသင် အမေရိကန်သမ္မတကြီး အိုဘားမားနဲ့တကွ နှစ်ဖက်သော ပြိုင်ဖက်နိုင်ငံရေးပါတီများ သင့်တော်မှန်ကန်သော လမ်းကို ရွေးချယ်ရပ်တည်ပြီး မိတ်ဆွေ ဖွဲ့ကြပါ။ အမေရိကန်ပြည်နှင့်တကွ ကမ္ဘာကြီး ငြိမ်းချမ်းမယ် လို့ ဆိုလိုက်တာဖြစ်ပါတယ်။
ခုကဲ့သို့ အကြောင်းကြောင်းသော အကြောင်းများကြောင့် ယမန်နေ့ မေ ၁၉ အိမ်ဖြူတော်က အိုဘားမား မိန့်ခွန်းမှာ အရှေ့အလယ်ပိုင်း နိုင်ငံခြားရေး ပေါ်လစီကို ကြေညာချက် ထုတ်ရာမှာ အာရပ်နဲ့ အာဖရိကပြည်က အာဏာရှင်တွေ အာဏာရှင်အစိုးရတွေ ဒီမိုကရေစီကို ဖော်ဆောင်ကြဖို့၊ လမ်းမဖော်နိုင်ရင် လမ်းဘေးကို ဆင်းပေးကြဖို့ ထင်ထင်ရှားရှားကြီး ပြောလိုက်တာ ဖြစ်ပါတယ် ခင်ဗျား။
ကဲ … စာရှည်သွားပြီ။ နောက်နေ့မှ ဆက်ရေးဦးမည်။ အယ်ဂျာဇီးယားရဲ့ အမေရိကန်ပြည်အပေါ် ကျနေတဲ့ မျက်စိနဲ့ ခြေလှမ်းများအကြောင်း၊ ပလိုစီနဲ့ မက်ကိန်းတို့ရဲ့ တုန့်ပြန်ချက်တွေအပေါ် မောင်ရစ်၏ နှစ်ပြား တပဲ အမြင်ကလေးတွေပေါ့။          ။
(သည်စာမူကို အခန်းဆက်ရေးပြီး စာအုပ်တွေ ဘာတွေ ထုတ်မှာ မဟုတ်ပါ။ ၂ရက်လောက် တွေ့ရတာကို ရေးတာဆိုတော့ နောက်တပုဒ်ဆို ပြီးပါပြီ ခင်ဗျား။)

အယ်ဂျာဇီးယားဖိုရမ်မှာ ခဏတာ - အပိုင်း ၂
ပထမပိုင်းရေးပြီးတော့ ချက်ခြင်းတက်လာတဲ့မေးခွန်းက မောင်ရစ်ကို ဘယ်သူက ညွှန်းလိုက်လို့ သူတို့က ဖိတ်တာလဲ ဆိုတာဖြစ်ပါတယ်။ ယူအက်စ်ကင်ပိန်းဖော်ဘားမားက ဦးဆောင်သူ မိတ်ဆွေကိုအောင်ဒင်က ညွှန်းလိုက်လို့ပါ။ ဒါကြောင့် သူစိတ်မကောင်းဖြစ်သွားမှာစိုးလို့ မောင်ရစ်လည်း အိုက်တင်တွေ မခံတော့ဘဲ လက်ခံလိုက်တာဖြစ်ပါတယ်။ (အဟိ)
 နောက်ပြီးတော့ ၀ါရှင်တန်ဒီစီမှာ လေစိမ်းတွေ တိုက်ရအောင် နင်လာတာ မိတ်ဆွေတွေကိုကော ပြောပြလို့လားလို့ မေးကြပါတယ်။ ၂ ရက်နဲ့ တည လာတဲ့ ခရီးကို ဘယ်သူမှ မပြောခဲ့သော်လည်း အနားကပ်မှသိလို့ မိတ်ဆွေတွေထဲက အမစမ်းစမ်းတင်၊ ကိုနေလင်းမိသားစု၊ ကိုနေရိန်ကျော်မိသားစု၊ ကိုဇာဝါရီမိသားစု တို့နဲ့ တွေ့ဆုံ ဂါရ၀ပြုခွင့်ရခဲ့ပါတယ် ခင်ဗျ။
ကဲ ထားပါတော့ အယ်ဂျာဇီးယားဖိုရမ်ကို ပြန်သွားကြပါစို့။
အယ်ဂျာဇီးယားက အမေရိကန်အစိုးရနဲ့ စာနယ်ဇင်းသမားတွေကို ပေးတဲ့ သဘောထားက သူတို့ကို ဒီမိုကရေစီမိတ်ဆွေတွေအဖြစ် သတ်မှတ်ဖို့၊ အာရပ်နဲ့ အာဖရိကပြည်သူတွေကို ဒီမိုကရေစီဘက်တော်သားအဖြစ် ရေရှည်အကျိုး ငြိမ်းချမ်းရေးအကျိုး ကြည့်ပြီး လက်တွဲဖို့၊ အရင်က တသက်လုံး ကိုယ်ကျိုးစီးပွား၊ စီးပွားရေး၊ လုံခြုံရေး အကျိုးတွေကြည့်ပြီးတော့ ဒေသခံအာဏာရှင်အစိုးရတွေကို မျက်စိမှိတ်ပေါင်းသင်းနေတာတွေ ရပ်တန့်ကြဖို့ကို တင်ပြ စည်းရုံးတာက ပထမအချက်တခု ဖြစ်ပါတယ်။
နောက်တချက်ကတော့ အာရပ်စာနယ်ဇင်းသတင်းဌာန အယ်ဂျာဇီးယားဟာ အင်္ဂလိပ်ပိုင်းအစီအစဉ် စတင်ချိန်ကတည်းက အမေရိကန်ပြည်ရဲ့ တီဗီ ရုပ်သံလေလှိုင်းမှာ ၀င်ရောက် ချည်းနင်းခွင့် မရရှိခဲ့ပါဘူး။ ကေဘယ်ချယ်နယ်တခု ပိုင်ပိုင်နိုင်နိုင် မရအောင် အမေရိကန်တွေက ပိတ်ဆို့ ငြင်းဆန်ခဲ့ကြပြီး ဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ နယ်မြေတခုတည်းမှာပဲ ဒေသတွင်း ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတခုသာ လွှင့်ခွင့်ရပါသေးတယ်။ အယ်ဂျာဇီးယားအင်္ဂလိပ်ပိုင်းအစီအစဉ်ကို အခြားနိုင်ငံ ပထ၀ီဒေသတွေမှာ၊ ဂြိုလ်တုလိုင်းတွေ၊ ကေဘယ်တွေမှာ လွတ်လပ်စွာ ထုတ်လွှင့်နိုင်ခဲ့ပေမယ့် အမေရိကန်မှာတော့ဖြင့် အင်တာနက်ကတဆင့်ပဲ ပရိသတ်က ရှုစားနိုင်ကြပါသေးတယ်။
ဒါကြောင့် ဒုတိယအနေနဲ့ စည်းရုံးမှုကတော့ အယ်ဂျာဇီးယားရုပ်မြင်သတင်းဌာနကို အမေရိကန် ရုပ်သံလှိုင်းများမှာ ခွင့်ပြုလိုက်ဖို့ပဲ ဖြစ်ပါတယ်။ အာရပ်နွေဦးနဲ့ အာရှ အာဖရိကပြည်သူတွေရဲ့ ဒီမိုကရေစီလှိုင်းတွေကို နိုင်ငံတကာသတင်းစာမျက်နှာမှာ အမှန်အတိုင်း အရှိအတိုင်း တင်ဆက် ရပ်တည်ခဲ့သူ သတင်းဌာနတခုကို အနောက်အုပ်စုရဲ့ မိတ်ဆွေ ဘက်တော်သားအဖြစ် အသိအမှတ်ပြုပြီး အမေရိကန်စာနယ်ဇင်းလောကထဲမှာ သတင်းပို့ခွင့်၊ ရပ်တည်ခွင့်၊ အမေရိကန်ဖြစ်ခွင့် တောင်းလိုက်တာ ဖြစ်ပါတယ်။
ဟယ်လရီကလင်တန်က အယ်ဂျာဇီးယားသက်ရောက်မှု (Effect) လို့ အသိအမှတ်ပြုခဲ့တယ်။ အမေရိကန်စာနယ်ဇင်းတွေက ၂၀၀၈ က စတင်ပြီး ဂုဏ်ထူးတွေပေး ချီးမွန်း ခဲ့ကြတယ်။ သမ္မတကြီး အိုဘားမားကိုယ်တိုင်က အယ်ဂျာဇီးယားကို ကြည့်ရှု နားစွင့်နေရတယ်လို့ ထင်ရှားတဲ့ အပြင်လူစာနယ်ဇင်းဌာနက ၂၀၁၁ ဖိုရမ်မှာ ဒါကို ထုတ်ဖော် စည်းရုံးမှုလုပ်လိုက်တာဟာ အချိန်ကိုက် လှုပ်ရှားမှုလို့ ဆိုနိုင်ပါတယ်။
တတိယစည်းရုံးရေးကတော့ အမေရိကန်ပြည်ထောင်စုကိုယ်တိုင်မှာလည်းပဲ သတင်းဌာနတွေလွတ်နေတဲ့ သတင်းတွေ၊ မျက်စိမှောက်နေတဲ့ အဖြစ်အပျက်တွေ ရှိနေသေးတယ် ဆိုတဲ့ အချက်ကို အယ်ဂျာဇီးယားက ထောက်ပြလိုတာ ဖြစ်ပါတယ်။ အဲသည်လိုအပ်ချက်ကို အယ်ဂျာဇီးယားက ဖြည့်စွမ်းနိုင်တယ်လို့ ဖိုရမ်ကနေ သရုပ်ဖော်ပြသလိုက်ပါတယ်။ Voice of the Voiceless လို့ သူတို့က ပြောပါတယ်။ အာရပ်မှာ အာဖရိကမှာ အခြား ပထ၀ီဒေသအသီးသီးမှာ အားနည်းသူတွေအတွက် အသံပြုသူ အယ်ဂျာဇီးယားဟာ အမေရိကန်မှာလည်း အသံမကျယ်နိုင်သော မိသားစုများ၊ ကွန်မြူနီတီများ၊ အဖြစ်အပျက်များကို လိုက်လံ စုံစမ်းသတင်းထောက်လှမ်းပြီး အများပြည်သူတို့ သိရှိ ရင်းနှီး နားလည်နိုင်အောင် လုပ်နိုင်မယ့် စာနယ်ဇင်းဖြစ်ကြောင်း လျောက်လှဲချက် ပေးလိုက်တာပဲ ဖြစ်ပါတော့တယ်။
အဲသည်အတွက် အမေရိကန်ပြည်က People Production House ဆိုတဲ့ non profit ကိုယ်ထူကိုယ်ထ သတင်းထုတ်ပြန် သင်ကြားရေး အဖွဲ့တခုအကြောင်းကို ဖိုရမ်မှာ ပွဲထုတ် ပြသလိုက်သလို၊ အာရှက အင်တာနက်ဖိနှိပ် ချုပ်ချယ်မှု ခံစားနေတဲ့ အာဏာရှင်လက်ခုတ်ထဲက မြန်မာပြည်ကိုလည်း တဖက်က မီးမောင်းထိုး နှိုင်းယှဉ်တဲ့ သဘောအဖြစ် အဲသည်က သတင်းတွေ၊ စာတွေ ထုတ်လုပ်တင်ဆက်နေသူ စေတနာ့ဝန်ထမ်းသတင်းဌာန မိုးမခကိုပါ တနွယ်ငင် တစင်ပါအောင် ထည့်သွင်း တင်ဆက်ပြလိုက်တာ ဖြစ်ပါတယ်။
ဟုတ်ပါပြီနော်။ မောင်ရစ်တို့လို မြန်မာပြည်ကလွဲလို့ အခြားအရေးကိစ္စတွေကို ဥာဏ်မမီသူ ကမ္ဘာလုံးသူတဦးမှာ ဒီလို ကမ္ဘာပြားချုက်ကြီးကို မနည်း အမီလိုက်ပြီး မှတ်စုတွေ ထုတ်ပြီး အခုလို ပြန်အစီရင်ခံနေရတာပေါ့ ခင်ဗျာ။ ဘယ့်နှယ် ပဲခူးမှာ ရေကြီးတာနဲ့ စံပါနဂိုက နမကြီး ပေါင်ကျိုးတာ ဘာဆိုင်လို့တုန်း ဆိုပြီး ဒုံးဝေးသူ မောင်ရစ်ဆိုတာ ငယ်လိုက်တဲ့ မျက်စိနဲ့ ဝေးလိုက်တဲ့ နား လို့သာ ပြောချင်တော့တာပါပဲ။
အရှေ့အလယ်ပိုင်းဒေသရဲ့ စာနယ်ဇင်းထိပ်သီးဟာ ဒီလောက်နဲ့ ဖိုရမ်ကို ရပ်တဲ့သူတော့ မဟုတ်ပါဘူး။ ၂၀ ရာစုရဲ့ ရာဇ၀င်ကြွေးဖြစ်တဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးအရေးအခင်းကိုလည်း ၀င်ပြီးတော့ သဘောထားတွေ ထုတ်ပေးခဲ့ပါသေးတယ်။ ပါလက်စတိုင်းတွေ အစ္စရေးတွေရဲ့ မျိုးဆက်သစ်တွေဟာ ငြိမ်းချမ်းရေးနဲ့ အတူတကွ သာတူညီမျှ ယှဉ်တွဲနေထိုင်ရေးကို အဆင်သင့်ရှိနေပြီ ဖြစ်တဲ့အကြောင်း၊ သမိုင်းအဆက်ဆက်က သင်ခန်းစာတွေကို ယူပြီး ပြင်ဆင်ကြမယ် ဆိုရင်ဖြင့် သည်အချိန်ဟာ ငြိမ်းချမ်းရေးပန်းတိုင် မဝေးပါကြောင်းကိုပါ အယ်ဂျာဇီးယားတို့က လျှောက်လဲချက် ပေးခဲ့ပါသေးတယ်။
ဒါကြောင့်လည်းပဲ အင်္ဂါနေ့ ဖိုရမ်အပြီး ကြာသာပတေးနေ့ အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မိန့်ခွန်း ပြောဆိုချက်မှာ ပါလက်စတိုင်းနဲ့ အစ္စရေး အတူယှဉ်တွဲ ငြိမ်းချမ်းရေးအတွက်ကိုပါ အိုဘားမားက ပြတ်သားတဲ့ သဘောထားတခုကို ထုတ်ပြန်လိုက်တာကို တွေ့ရတော့ မောင်ရစ်ရဲ့ ၂ ပြား တပဲ အမြင်အရ အင်း … သူတို့သဘောထားနဲ့ အမေရိကန်တို့ အမြင် နီးစပ်လှချည်ရဲ့လို့ ကောက်ချက်ချမိပါရဲ့။
၁၆ ရက်နေ့ ညစာစားပွဲမှာ ဒီမိုကရက်တို့ ခေါင်းဆောင် နန်စီပလိုစီကလည်း မိန့်ခွန်း ပြောပါတယ်။ အယ်ဂျာဇီးယားသတင်းဌာနဟာ အမေရိကန်တို့ရဲ့မိတ်ဆွေအဖြစ် ဒီမိုကရေစီရေးအတွက် ရပ်တည်ချက်တွေကို အသိအမှတ် ချီးကျူးလိုက်သော်ငြား အမေရိကန်ဆိုတဲ့ နိုင်ငံနဲ့ စနစ်ကြီးဟာ ကမ္ဘာကြီးရဲ့ ဦးဆောင်သူ မောင်းနှင်အား ဖြစ်တယ်ဆိုတာကို ထုတ်ဖော် သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်တွေ ထွင်ထားတဲ့ အင်တာနက်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲ စနစ်တွေကို အသုံးချပြီး အာရပ်ပြည်သူတွေ၊ အာဖရိကပြည်သူတွေ လွတ်လမ်းကို ရှာနိုင်ခဲ့တာ ဖြစ်သလို၊ အမေရိကန်ရဲ့ နိုင်ငံရေးဗျူဟာကျ လှုပ်ရှားမှုတွေကြောင့်၊ နိုင်ငံရေးရပ်တည်မှုတွေကြောင့် နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်မှုတွေက ပြည်သူတွေကို လွတ်လပ်ရေး ဆောင်ကျင်းပေးနိုင်တယ်ဆိုတာ မမေ့အပ်ပါဘူး လို့ ပြောလိုက်ပါတယ်။ အမေရိကန်ပြည်တွင်းမှာလည်း အင်တာနက်ကို အားလုံး တန်းတူညီမျှ ရယူနိုင်ကြရေးကို ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ မီးမောင်းထိုးပြပါတယ်။ ပြီးတော့ အာရှက တရုပ်ပြည်ကြီးကိုယ်တိုင်ကလည်း အာရပ်နွေဦးကို သင်ခန်းစာယူပြီင်္း ပြည်သူတွေနဲ့ အတူ ပြုပြင်ပြောင်းလဲဖို့ လွတ်လပ်မှုတွေ ဖော်ဆောင်ဖို့ အချိန်ရောက်နေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သူမနဲ့ နိုင်ငံရေးပါတီပြိုင်ဖက် မက်ကိန်းကလည်း အယ်ဂျာဇီးယားရဲ့ အခမ်းကဏ္ဍကို အသိအမှတ်ပြု ချီးကျူးကြောင်း ပြောသော်လည်း အယ်ဂျာဇီးယားကိုယ်တိုင်ကလည်း အာရပ်ပြည်သူတွေ ဒီမိုကရေစီကို လိုချင်နေတာ၊ တောင်းဆိုနေတာကို ကြိုတင်သိရှိ ဟောကိန်းထုတ်နီုင်ခြင်း မရှိဘူး၊ အခုမှ ၀င်ပြီး အမှတ်ယူနေတာ ဖြစ်တယ်လို့ ရယ်သွမ်းသွေးသွားပါတယ်။ အီဂျစ်မှာ ပြည်သူတွေလက်ထဲ တိုင်းပြည်အာဏာရသွားတော့ ဘယ်သူတွေကို ကျေးဇူးတင်သလဲ … ငါတို့ အမေရိကန်တွေကိုပဲ သူတို့တတွေက ကျေးဇူးတင်ကြတယ် လို့လဲ နိုင်ငံရေးသမားပီပီ အကင်းပါး လိမ္မာစွာ ဆူပါပါဝါရဲ့ သြဇာကြီးမှုကို ထောက်ပြသွားလိုက်ပါသေးတယ်။ လစ်ဗျားမှာ အားနည်းသူုပြည်သူတွေကို ကာကွယ်ဖို့ အမေရိကန်မှ ၀င်မပါရင် ဘယ်သူမှ မလာနိုင်ကြဘူး ဆိုတာကို မီးမောင်းထိုးပြသလို လစ်ဗျား၊ တူနီးရှား၊ အီဂျစ်မှာ ဒီမိုကရေစီတော့ ရပြီ ဆိုပါတော့၊ သူတို့တွေ ဒါကို ဆက်လက်ထိန်းသိမ်းသွားနိုင်မှာလားက စိန်ခေါ်မှုဖြစ်တယ်လို့လည်း ထောက်ပြလိုက်ပါသေးတယ်။ ဗိုလိုကတော့ …
“They can now have Democracy but can they “keep” it?”
ကဲ … မဟုတ်ဘူးလားဗျာ။
တရုတ်ပြည်သာမက ရုရှားတွေ၊ မြောက်ကိုရီးယားတွေဟာ အာရပ်နွေဦးမှာ နှာစေး ချောင်းဆိုး ဖြစ်နေကြပြီ။ ဒါတွေကို အမေရိကန်နိုင်ငံရေးစနစ်က လိမ္မာစွာ ကိုင်တွယ်ရတော့မှာ ဖြစ်တယ် လို့ အကြိမ်ကြိမ် ပြောဆိုပြီးတော့ အယ်ဂျာဇီးယားလက်လှမ်းမမီသေးတဲ့ ပထ၀ီတွေကို ထောက်ပြသွားတာကလည်း သူတို့အမေရိကန်တွေရဲ့ သောက်မြင်ကပ်ချင်စရာ နိုင်ငံရေးလူပါးဝမှုတွေပဲ ဖြစ်ပါတယ်။
မောင်ရစ်အနေနဲ့ သူတို့ဖိုရမ်ကြီးရဲ့ အဓိက အန္တိမ ဗျူဟာတွေ ချည်းကပ်မှုတွေကို ရင်သပ်ရှုမောနေရင်းနဲ့ကပဲ မြန်မာ့အရေးကို ပြောခွင့်ရလို့ တတ်သမျှ မှတ်သမျှ ဒွတ်ဒက် ရွှတ်ရှက်တွေသုံးပြီး ပြောခဲ့ရပါသေးတယ်။ သူတို့တွေလောက် ကြီးကျယ်ခန်းနားအောင် မပြောနိုင်တာကြောင့် မြန်မာအင်တာနက်ကြီး ဈေးကြီးပြီး ထောင်ဒဏ်တွေ မြင့်သလောက် မြန်မာတွေကလည်း အခက်အခဲ စွန့်စားမှု မျိုးစုံကနေ သတင်းတွေ ပေးပို့နေပါကြောင်း၊ ပြည်ပသတင်းဌာနတွေကလည်း ထိုသတင်းတွေကို နားစွင့်နေပါကြောင်း၊ အင်တာနက်တွေ အရေးကြီးသလိုလူတိုင်းနားထောင်နိုင်တဲ့ ရေဒီယိုတွေလည်း အရေးပါသမို့ ပထ၀ီဒေသထဲမှာ အခြေစိုက်တဲ့ လွတ်လပ်သော ရေဒီယိုဌာနတွေ အယ်ဂျာဇီးယားလို ဌာနတွေ ရှိလာရင်ဖြင့် အာရှအတွက် မြန်မာအတွက် အားဖြစ်မည် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မီဒီယာသစ်တွေ မီဒီယာဟောင်းတွေ ပေါင်းစည်း ညီညာမှ ပြည်တော်သာကြလိမ့်မယ်လို့ အယ်ဂျာဇီးယား အယ်ဒီတာတဦးက ၀င်ရောက် နိဂုံးချုပ်ပေးတာကိုလည်း ကျေးဇူးတွေ တင်မိပါရဲ့ ခင်ဗျား။
တကယ်တမ်း ပြန်တွေးကြည့်လိုက်ရင်ဖြင့် အယ်ဂျာဇီးယားဖိုရမ်ဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း နိုင်ငံရေးပေါ်လစီကို တနည်းတဖုံနဲ့ သြဇာဝင်ပေးဖို့ ကြိုးစားတဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ သူတို့ မီးမောင်းထိုးပြတာကို အမေရိကန်အိမ်ဖြူတော်က တနည်းတလမ်းအားဖြင့် အပြုသဘောဆောင် လက်ခံလိုက်တာ၊ ပြန်လည် အသုံးချ ထုတ်ပြန်လိုက်တာကိုလည်း ရက်အနည်းငယ်အတွင်းမှာ တွေ့ရှိလိုက်ရပါတယ်။ အာရပ်ပြည်သူတွေ ပါလက်စတိုင်း ပြည်သူတွေကို အမေရိကန်က လူရာသွင်းလိုက်တဲ့အတွက် အစ္စရေးတွေအတွက်ကတော့ မျက်စောင်းတထိုးထိုး၊ အမျက်ဒေါသတွေ ထကြွစရာ ဖြစ်သွားတာကိုလည်း တွေ့လိုက်ရပါတယ်။
အဲသည်အချက်တွေအကြောင်း ဆရာဦးဝင်းတင်ကို တင်ပြမိတော့ ဆရာကတော့ အမေရိကန်ရဲ့ လက်ရှိထုတ်ပြန်လိုက်တဲ့ အရှေ့အလယ်ပိုင်းပေါ်လစီကို အားရကြောင်း၊ သဘောကျ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြည်သူတွေကြားထဲမှာ သိသာထင်ရှားတဲ့ ဒီမိုခေါင်းဆောင်တွေ၊ ဒီမိုစနစ်တွေ မရှိသေးတဲ့ အာရပ်နဲ့ အာဖရိကပြည်သူတွေဖက်ကတောင် အခုကတည်းက ရပ်တည်ရဲတဲ့  အမေရိကန်ပေါ်လစီကို ဆရာက အံသြကျေနပ်မှုရှိတယ်လို့ ဆိုလိုက်ပါတယ်။ အကျိုးစီးပွားတွေ ကြည့်ပြီးတော့ အမေရိကန်ဟာ အာဏာရှင်တွေ၊ အာဏာရ အစိုးရတွေကို ဦးစားပေးပေါင်းသင်းပြီးတော့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို ဥပက္ခာပြုလေ့ရှိသူဖြစ်ပါတယ်။
သို့သော်လည်း နောင်ကျလျင်  အနောက်အုပ်စုတွေဟာ ဒါတွေကို သင်ခန်းစာယူပြီးတော့ နောင် အာရှနိုင်ငံတွေ၊ တရုတ်ပြည်လိုမျိုး တိုင်းပြည်တွေကို ဆက်ဆံတဲ့ နေရာမှာ လူအခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို ဦးစားပေးပြီး ရင်ဆိုင်လာမယ် ဆိုရင် အလွန်ကို သည်ထက်ပိုပြီး ကျေနပ်ဖွယ်၊ ၀မ်းသာဖွယ်၊ မျှော်လင့်ချက် ရှိဖွယ် ဖြစ်တယ်လို့ ဆရာက မှတ်ချက်ပေးပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ ကြံ့ဖွံ့အစိုးရကိုလည်း ပြတ်ပြတ်သားသား ရင်ဆိုင် ဆွေးနွေးမယ်၊ ဆက်ဆံမယ်ဆိုရင် နိုင်ငံရေးမှာ တိုးတက်မှုတွေ ရလာမယ်လို့ မျှော်လင့်ကြောင်း ဆရာက မှတ်ချက်ပေးလိုက်ပါတယ်။ မြန်မာ့အရေးကို နောက်ကနေ မီးထိုးနေသူ မြန်မာစစ်အာဏာရှင်များရဲ့ ကျောထောက်နောက်ခံ တရုတ်ပြည်ကြီးရဲ့ မြန်မာပြည်အပေါ် ပေါ်လစီကို ပြောင်းလဲလာအောင် အမေရိကန်ကိုယ်တိုင်က တရုတ်နိုင်ငံရေးအင်အားစုတွေကို တိုက်ရိုက် ပြောဆို ကိုင်တွယ်သင့်တယ်လို့လဲ ဆရာက ထောက်ပြလိုက်ပါတယ်။ ဒါဆိုရင် အာရပ်နွေဦးအပြီး အာရှနွေဦးကို မြင်ရချေသေးရဲ့ ဗျာ။
ကဲ ပြောရင်းနဲ့ကပဲ ချောတောငေါ့ပြီး ကိုယ့် မြန်မာပြည်အရေးနဲ့ အမေရိကန်ပေါ်လစီဖက် ရောက်သွားတယ်။ ဆောဒီးပါပဲဗျာ။ မောင်ရစ်တို့ မိုးမခမီဒီယာဆိုတာက ကွန်မြူနီတီတွေ၊ အစိုးရတွေ အပေါ်ကို သြဇာတွေ ညောင်း လက်ခမောင်း တဖြောင်းဖြောင်း ခပ်ဖို့ နေနေသာသာ မြန်မာပြည်သူလူထုရဲ့ စိတ်ဓာတ် အဟာရ အညောင်းပြေအောင် နင်းနှိပ်ပေးနိုင်သူအဖြစ်တောင်မှ အဆင့်မရှိသော ခြေသလုံးအိမ်တိုင် လမ်းပေါ်က အင်တာနက်စာမျက်နှာကလေးသာ ဖြစ်တာကြောင့် မို့ သည်လောက် ဆယ်ပြားဖိုးလောက်ရှိတာ ဆောင်းပါးလေး တစောင်သာ ရေးပြီး မြန်မာစာဖတ်ပရိသတ်ကြီးကို ရွှေနားတော် သွင်းလိုက်ရကြောင်းပါ ခင်ဗျား။
နောက်တော့လည်း မိုးမခဖိုရမ်လေး ဘာလေးလုပ်တာပေါ့လေ။ မြန်မာပြည်ကကောဘယ်မှာ မိုးမခချယ်နယ်လေး ရလို ရငြား … အင်း ကြော်ငြာမရလို့ကတော့ နက်ဖြန်တောင် မိုးမခက သက်ဇိုးရှည်ဖို့တော့ မလွယ်ပေါင် …

မိုးမခ အင်တာနက်စာမျက်နှာမှ တဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

http://moemaka.com/index.php?option=com_content&task=view&id=8896&Itemid=1 

http://moemaka.com/index.php?option=com_content&task=view&id=8906&Itemid=1

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...