Tuesday, May 31, 2011

မြန်မာနိုင်ငံ ပညာရေးကဏ္ဍ တိုးတက်အောင် ဘာတွေ လုပ်နိုင်မလဲ

May 29th, 2011 | Author: Myat Shu Team

ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၄ (မေလ ၂၆ ရက်၊ ၂၀၁၁ ခုနှစ်) ထုတ် ဂျာနယ်မှ အထက်ပါ ခေါင်းစဉ်ဖြင့် ပညာရေး၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အမြင်ကို စုစည်းတင်ပြထားသည့် ကဏ္ဍမှ ကောက်နှုတ် ထားပါသည်။
မျက်ရှု စာစုအဖွဲ့


(၁) “ ဟိုနားနည်းနည်း ဒီနားနည်းနည်း ပြင်လို့မရဘူး”
ဒေါက်တာ မြင့်မြင့်ခင်

ပညာရေးစနစ်ဆိုတာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတွေအတွက် သူတို့ရဲ့ဘ၀မှာ နေထိုင်ဖို့ ပြင်ဆင်မှုတစ်ခုပဲ ဖြစ်တယ်။ ဒီပညာရေးစနစ်က ထွက်သွားတဲ့သူဟာ ဘ၀မှာ ကြုံတွေ့လာတာတွေကို ရင်ဆိုင်တတ်ပြီး အလုပ်ကိုလည်း အဆင်ပြေချောမွေ့စွာ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ဆိုတဲ့ အခြေအနေမျိုး ရှိဖို့ ကောင်းတယ်။
အခုတော့ ဒီပညာရေးက ဒီလို မဟုတ်ဘူး။ Skill ဆိုတဲ့ အရည်အသွေးပိုင်းကို ဘာမှ လုံးဝ မပေးထားဘူး။ ဒါကြောင့် ဘေးက ပံ့ပိုးမှု program တွေ လိုတယ်ဆိုတာကို အဓိက ပြောချင်တယ်။ ကျောင်းသားတွေရဲ့ character ကလည်း မျိုးစုံ ရှိတဲ့အတွက်ကြောင့် သူတို့ အားလုံးရဲ့ လိုအပ်ချက်ကိုလည်း ပြန်ပြီး ရှုမြင်ပေးရမယ်။ ဥပမာ ပြေုာရရင် enrichment program မှာ ဧ၀ရတ်တောင်သည် ဘယ်လောက်လောက် မြင့်ပါသည်။ ဧရာဝတီမြစ်သည် ဘယ်လောက်ရှည်ပါသည် ဆိုတာနဲ့တော့ ဘာမှ ဖြစ်မလာဘူး။ Enrichment program ဆိုတာက Knowledge ကို မူတည်ပြီး ဘ၀မှာ ကြုံတွေ့ရမယ့် အတွေ့အကြုံကို  (critical thinking), (decision making), (problem solving) ဒါတွေကိုပါ သင်ပေးရမယ်။ ဒါကြောင့် teaching learning method က အရေးကြီးတယ်လို့ ကိုယ်ပြောတာ။ နံပါတ် (၁) ဟာ Teaching learning method ပဲ။ နောက်တစ်ခုက စာစစ်နည်း evaluaton က အရေးကြီးတယ်။ အခုက စာမေးပွဲ စစ်တဲ့အခါ စာတွေ ပြန်အန်ချ အမှတ်တွေက ၈၀၊ ၉၀ တွေရ၊ ဂုဏ်ထူးတွေ ၅ ခု ၆ ခု ရကြဆိုတော့ သူတို့က ဒါကိုပဲ လုပ်ကြတော့တယ်။ ဒီလိုမဖြစ်ထိုက်ဘူးဆိုတာကို message ပေးချင်တယ်။ နောက်တစ်ခု ပြောချင်တာ ပညာရေးမှာ ကွာဟမှု ဖြစ်ပေါ်နေတယ်။

တတ်နိုင်တဲ့သူက ဒီလိုလုပ်တယ်။ သူ့ထက် တတ်နိုင်တဲ့သူက ပိုကောင်းအောင် လုပ်တယ်။ ဘာမှ မတတ်နိုင်တဲ့သူက state school ကို သွားတယ်။ ပညာရေးနဲ့ ပတ်သက်ရင် အရှိကို အရှိအတိုင်း မြင်ပါလို့ ပြောချင်တယ်။ အဖြစ်ကို အဖြစ်တိုင်း သိပြီး ခံယူလိုက်ပါ။ ဒါမှသာ စစ်မှန်သော solution ရမယ်။ အဲဒါကို မလုပ်ရင် မရဘူး။ နှစ်နဲ့ နှစ်ပေါင်းရင် လေးဆိုတာကို လက်ခံလိုက်ပါ။ ကျန်တာ ဘာမှ အဆင်မပြေစရာ မရှိဘူး။ အရှိကို အရှိအတိုင်း လက်ခံ၊ အဖြစ်ကို အဖြစ်အတိုင်း လက်ခံလိုက်တာ အကောင်းဆုံးပဲ။ ကိုယ်ကတော့ အဲဒါကို သိပ်ယုံကြည်တယ်။ I’m scientist. ကိုယ်က စာရေးဆရာမဟုတ်ဘူး။ ဆရာဝန်ဆိုတော့ scientist ဖြစ်ရမယ်။ ဒါကြောင့် ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ရမလဲဆို ဟိုနားနည်းနည်း ဒီနား နည်းနည်း ပြင်လို့ မရဘူး။


(၂) “ပညာရေးနဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့ လွှတ်တော်မှာ တင်ခဲ့သလို ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ လိုအပ်တာပေါ့”
ဦးငွေသိန်း (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဥက္ကဌ)

ပြောရရင် ပညာရေးမှာ အားရစရာအကြောင်း မရှိဘူး။ အစိုးရကျောင်းမှာပဲ မြို့ကျောင်းကို ထားလိုက်၊ တောရွာမှာဆိုရင် ၄၆ ရာခိုင်နှုန်းလောက်သော မူလတန်းကျောင်းတွေမှာ ဆရာ ၂ ယောက်ပဲ ရှိတယ်။ တစ်ခါတလေ တစ်ယောက် မလာနိုင်လို့ ဆရာမ တစ်ယောက်ပဲ ရှိတဲ့ ကျောင်းတွေလည်း ရှိတယ်။ အဲ့တော့ ဒီလို အခြေအနေနဲ့ ပညာရေး သင်ကြားမှု ဘယ်လို ထိရောက်မလဲ။ အဲ့ဒီ အခြေအနေကတော့ ဟိုအရင်တုန်းကနေ အခုအချိန် အထိပဲ။ အထူးသဖြင့် ဗမာစကား မတတ်တဲ့ ဒေသတွေက တော်တော် သနားဖို့ကောင်းတယ်။ မြို့ပေါ်ကျတော့လည်း ဆရာ၊ ဆရာမများပေမယ့် အခန်းက မလောက်ဘူး။ တစ်ခန်းကို ကျောင်းသား ၅၀၊ ၆၀၊ ၇၀ ပေါင်းထည့်ပြီး သင်ရတယ်။ ကချင်ပြည်နယ်မှာ အရင်တုန်းက ပညာရေးမှူး လုပ်ခဲ့ဖူးတော့ အဲ့ဒီက အခြေအနေကိုလည်း သိတယ်။ အဲ့ဒီမှာ ဗမာစကား မတတ်တဲ့ နေရာတွေအပြင် ဗမာကို လုံးဝ မမြင်ဖူးတဲ့ နေရာတွေ အများကြီးရှိတယ်။ အဲ့ဒီနေရာတွေက ပညာရေး အခြေအနေကို တွေးကြည့်ရင် သိသာပါတယ်။ အဲဒီကလေးတွေက မူလတန်း အဆင့်မှာ ၂ တန်းလောက်တောင် အောင်နိုင်တဲ့ အနေအထား မရှိဘူး။ အဲ့တော့ ဒီဒေသက ကလေးတွေရဲ့ အတွေးအခေါ်က ဘယ်လို အတွေးအခေါ်တွေ ရှိမလဲဆိုတာ ၀မ်းနည်းဖို့တောင် ကောင်းတယ်။ ကျောင်းဆရာအနေဲ့ ပြောရင် မျက်ရည်တောင် ကျချင်တယ်ဆိုတဲ့ အနေအထားပဲ။ ထိုင်းနိုင်ငံကျောင်းတွေက အတန်းတစ်တန်းမှာ အနည်းဆုံး ဆရာ၊ ဆရာမက သုံးယောက် အမြဲတမ်း ရှိတယ်။ ကလေးတွေ တစ်ယောက်ချင်းစီကို ပညာတတ်ဖို့အတွက် သူတို့ အာရုံစိုက်နေတယ်။

အဲဒါတွေကို မြင်တော့ ကိုယ့်နိုင်ငံက  ပညာရေးနဲ့ စဉ်းစားမယ်ဆိုရင် တော်တော် ကွာခြားတယ်။ ဘဘတို့ဆီမှာဆိုရင် အခန်း ၅ ခန်းမှာ ဆရာ ဆရာမ ၂ ယောက်ရှိတယ်။ တစ်ခါတလေ တစ်ယောက်ပဲ ရှိတယ်။ အဲ့လို ပုံစံနဲ့ ဘယ်လိုလုပ်ပြီး စာသင်မလဲဆိုတာ အများကြီး စဉ်းစားဖို့ လိုတယ်။ မြန်မာနိုင်ငံ ပညာရေးက စာတော့သင်တယ်။ စာမေးပွဲလည်း အောင်ကြတယ်။ ဒါပေမယ့် တွေးခေါ်မှု၊ ဖန်တီးပြီး တွေးခေါ်မှု၊ နောက် ဝေဖန်ပိုင်းခြားမှုနဲ့ ပတ်သက်တဲ့ တွေးခေါ်မှု မရှိတော့ဘူး။ ဆရာက ဒါတွေ စာမေးပွဲမှာ ပါမယ်။ ဒါကျက် ဒါဖြေဆိုပြီး ဆရာတွေ သင်တဲ့အတိုင်းပဲ မှတ်ကြတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ exam center ပေါ့။ စာမေးပွဲမှာ ဘာပါမလဲဆိုတာပဲ ဆရာ ဘာပြောမလဲဆိုတာပဲ မှတ်ထားတယ်။ ဒီလောက်ပဲ။ ကျန်တဲ့ concept နဲ့ ပတ်သက်တဲ့ တွေးခေါ်မှု၊ စဉ်းစားမှု၊ အမြင်တွေ ကလေးတွေမှာ မရှိတော့ဘူး။ အထူးသဖြင့် စာသင်ခန်းတွေမှာ ဒီမိုကရက်တစ် teaching မရှိဘူး။ အတန်းထဲမှာ လက်ပိုက်ထားစမ်း၊ သေသွားမယ်၊ ငါ့အကြောင်း သိတယ်မှတ်လား၊ စာမရရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး သင်နေတော့ ကလေးတွေက သနားဖို့ ကောင်းပါတယ်။ ဆရာ ဆရာမတွေ အခု သင်ကြားနေတဲ့ ပုံစံက teacher center, exam center ဖြစ်နေတယ်။ ကျူရှင် မတက်ရင်လည်း မအောင်ဘူးဆိုတဲ့ အနေအထားရှိတယ်။ ဒါက ဆရာ ဆရာမတွေရတဲ့ လစာနည်းမှုနဲ့လည်း ပတ်သက်တယ်။ ပြင်မယ်ဆိုရင် တော်တော်လေး ပြင်ရမယ်။ မြန်မာပြည်မှာ ဆရာ ဆရာမဦးရေ လေးသိန်းကျော်ရှိတယ်။ တက္ကသိုလ်ပါ ပေါင်းလိုက်မယ်ဆိုရင် လေးသိန်းကျော် ငါးသိန်းနီးပါးပဲ။ ပညာရေးအတွက် ပေးတဲ့ ဘတ်ဂျက်ကိုလည်း နည်းနည်း ပြန်စဉ်းစားဖို့ လိုမယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့တုန်းကဆိုရင် နိုင်ငံခြားက ပညာတော်သင် လာကြတယ်။ အခု ဘယ်သူမှ မလာကြတော့ဘူး။ ကျွန်တော်တို့ ခေတ်တုန်းက တက္ကသိုလ်မှာ အင်္ဂလိပ်လို သင်တဲ့ ဘာသာကို အင်္ဂလိုပဲ သင်ရမယ်။ မြန်မာလို မသင်ရဘူး။ မြန်မာလို သင်တဲ့လူည်း မရှိဘူး။ အခုကျတော့ မြန်မာလို သင်ပြီး အင်္ဂလိပ်လို ဖြေခိုင်းတော့ သီအိုရီ အရဆိုရင် ပညာရေးမှာ တော်တော်လေး ညှဉ်းဆဲတယ်လို့ ပြောရမယ်။

ဒီကိုးတန်း ဆယ်တန်း သင်တဲ့အခါမှာလည်း မြန်မာလိုသင်ပြီး ကလေးတွေကို အင်္ဂလိပ်လို ဖြေခိုင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပေါ့လေ။ ဒါကို ပြင်ရမယ်။ ပြီးတော့ နိုင်ငံတော်က သင်တန်းတွေ ပေးမယ်ဆိုရင် ကောင်းတယ်။ ဥပမာ – သူငယ်တန်းကတည်းက အင်္ဂလိပ်စာကို အင်္ဂလိပ်လို ပြောပြီးသင်ရင် ဒီကလေးတွေက ကိုးတန်း ဆယ်တန်းဆိုရင် ဘာမှ မလိုတော့ဘူး။ speaking class တို့ ဘာတို့ တက်စရာ မလိုတော့ဘဲ အင်္ဂလိပ်စကား ပြောတတ်ပြီးသား တစ်ခါတည်း ဖြစ်နေမယ်လေ။ ဆရာ ဆရာမတွေလည်း တကယ်တော့ မညံ့ပါဘူး။ ဒါပေမယ့် သူတို့ကို အကုန်အကျခံပြီး သင်တန်းတွေ ဘာတွေ မပေးနိုင်လို့ ဆရာ ဆရာမတွေရဲ့ အခြေအနေ၊ ကလေးတွေရဲ့ ပညာရေး အခြေအနေ ဒီလိုတွေ ဖြစ်နေတယ်လို့ မြင်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ တိုင်းရင်းသားတွေ စုပေါင်းပြီး ဆွေးနွေးဖို့ ရှိတယ်။ အထူးသဖြင့် ဗမာစကား လုံးဝ မတတ်တဲ့ ကလေးတွေ ဘယ်လို သင်ရမလဲဆိုတာ စဉ်းစားရမယ်။ ဥပမာ – ကလေးတစ်ယောက်က ဗမာစကား လုံးဝ မတတ်ဘူးဆိုရင် သူ့ဘာသာ စကားနဲ့ပဲ သင်လိုက်ပါ။ ဒါပေမယ့် ဗမာစာလည်း သင်ရမယ်။ ကျွန်တော် ကချင်မှာ နေတုန်းက မူလတန်း လာတက်တဲ့ ကလေးတွေ အသက်အရွယ်အားဖြင့် ၁၃ နှစ်လောက် ရှိပြီ။ ၁၃ နှစ်က ဗမာစကား လုံးဝ မတတ်ဘူး။ အဲ့တော့ သူငယ်တန်း ကျသေးတယ်။ သူငယ်တန်းတောင် ကျပြီဆိုတော့ နောက်ထပ် တက်ဖို့ မရှိတော့ဘူး။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ယောက်ျားယူဖို့ပဲ ရှိတော့တယ်။ အဲ့ဒါတွေကျတော့ နည်းနည်း စဉ်းစားဖို့လိုတယ်။ ဗမာစကားလည်း သင်ရမယ်။ သူ့ဘာသာစကားနဲ့လည်း ဘာသာရပ်တွေကို သင်ပေးလိုက်မယ်ဆိုရင် သူ့အနေနဲ့ အတွေးအခေါ်ပိုင်း ဘာညာလည်း သိသွားမယ်။ ပြီးတော့ ၄ တန်းောက်ဆိုရင် ဗမာစကားလည်း သူတို့ ပြောတတ်သွားမယ်။ ရေးတတ်မယ်။ ဖတ်တတ်မယ်။ အဲ့တော့ သင်ရိုးပိုင်းကနေစပြီး ပြင်ရမယ်။ လွှတ်တော်မှာ တင်ခဲ့သလို ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ လိုအပ်တာပေါ့။
http://www.myatshu.com/?p=1092&sms_ss=facebook&at_xt=4de21c8e79761316%2C0

(က) လွန်ခဲ့တဲ့ဆယ်နှစ်က ဆွေမျိုးရှိရာ အမေရိကားကို သားလေးနဲ့အတူ ကျွန်မအလည်အပတ် ရောက်ခဲ့တယ်။ မိတ်ဆွေက ကျွန်မတို့ အမေရိကားမှာ ရှိနေတဲ့အတောအတွင်း သုံးဖို့ဆိုပြီး ကလေးပုခက် တစ်ခုပေးပါတယ်။   “ဒီမှာက ကားမောင်းရင် ကလေးကိုပုခက်ထဲ ထည့်ထားရတယ်။ ဒါကလေးသုံးဖို့... အတတ်...နိုင်ဆုံး မပျက်၊ မညစ်ပတ်စေနဲ့နော် အစ်မ.... ကျွန်မ သူများဆီက ငှါးလာတာ”   နှစ်ပတ်နေပြီး ကျွန်မတို့ ပြန်ခါနီးမှာ မိတ်ဆွေက သူငှားလာတယ်ဆိုတဲ့ မသစ်မဟောင်းတော့တဲ့ ကလေးပုခက်ကို ဆိုင်သွားပြီးပြန်အပ်ခဲ့တယ်။ ဆိုင်ရှင်က ဘာမှမပြောတဲ့အပြင် တန်ဖိုးငွေကို အကုန်ပြန်ပေးခဲ့တယ်။ မိတ်ဆွေက “ဒီကဆိုင်တွေမှာ လက်ခံဖြတ်ပိုင်းရှိရင် နှစ်ပတ်အတွင်း ဝယ်ထားတဲ့ပစ္စည်းကို မကြိုက်ခဲ့ရင် ပြန်လှဲ၊ ပြန်အပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် လိုတဲ့ပစ္စည်းတွေကို ကျွန်မဒီမှာ အမြဲလာ “ငှား” တယ်။ တချို့လူတွေက တီဗွီတောင် “ငှား”သေးတယ်။ အမေရိကားတွေ သိပ်တုံးတာပဲနော်။ ဒီလိုဝယ်ပြီး ပြန်အပ်တဲ့ ယိုပေါက် တော်တော်ကြီးတယ်ဆိုတာတောင် မသိကြဘူး” လို့ဆိုပါတယ်။   (ခ) နောက်နှစ်မှာ ဂျပန်နိုင်ငံကို ကျွန်မရောက်ခဲ့ပြန်တယ်။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းအိမ်မှာ ကျွန်မတည်းခဲ့တယ်။ သူငယ်ချင်းက ကျွန်မသွားချင်တဲ့နေရာကို ကားမောင်းပြီး လိုက်ပို့ခဲ့တယ်။   “လူတွေဒီလောက်များပြီး ကျပ်သိပ်နေတဲ့တိုကျိုမှာ ကားရပ်ရတာ မခက်ဘူးလား” လို့ သူငယ်ချင်းကို ကျွန်မမေးတော့ “အဲဒီလောက် မခက်ပါဘူး။ ဒီက အစိုးရက ကားရပ်ဖို့နေရာရှိမှ ကားဝယ်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါကြောင့် ကိုယ်ပိုင်ကားတွေက နင်ထင်သလောက် မများပါဘူး”   “ဟာ .. ဒါဆို နင့်မှာ ကားရပ်ဖို့နေရာရှိတယ်ပေါ့။ ဈေးကြီးမှာပဲနော်”   “နင်လည်း ဂျပန်တွေလောက် တုံးတာပဲ.. ကားရပ်ဖို့နေရာ တစ်နေရာ အရင်ငှားပြီး ကားဝယ်လိုက်... ကားနံပါတ်ချိတ်ပြီဆိုရင် ငှားထားတဲ့နေရာကို ပြန်အပ်လိုက်ရင် ပြီးသွားတာပဲ”   နောက်ရက်တွေမှာ ဂျပန်လူမျိုး သူငယ်ချင်းတစ်ဦးက ကျွန်မကိုဧည့်ခံပါတယ်။ သူနဲ့သွားတဲ့နေရာတိုင်း ကျွန်မတို့ရဲ့စီးတော်ယာဉ်ကတော့ ဘတ်စ်ကားနဲ့ မြေအောက်ရထားပဲဖြစ်တယ်။ သူက ကျွန်မကို အားနာစွာနဲ့ “တိုကျိုမှာ ကားရှိဖို့ဆိုတာ လွယ်ပေမယ့် ကားရပ်ဖို့နေရာက ဈေးကြီးတယ်။ ဒါကြောင့် ငါတို့ဘတ်စ်ကားနဲ့ ရထားပဲ တိုးကြစို့နော်” လို့ ပြောတော့ ကျွန်မက သူ့ကို အရင်သူငယ်ချင်းရဲ့အကြံကို ပေးလိုက်မိတယ်။   ကျွန်မရဲ့ အကြံကိုကြားတော့ သူကဝမ်းမသာတဲ့ အပြင် “ယိုပေါက်ထဲဝင်ချင်ရင် နေရာတကာမှာ ယိုပေါက်တွေရှိပါတယ်။ ဥပမာ- ငါ့အိမ်ထောင်စုကို ရွာမှာနေတဲ့ ငါ့မိဘတွေစီ ခဏပြောင်းထည့်လိုက်တာနဲ့ ငါကားဝယ်လို့ရပြီ။ ဒါပေမယ့် ငါက တိုကျိုမှာပဲနေပြီး ကားရပ်ဖို့နေရာ မရှိဘဲ ကားဝယ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်က လူတွေ ငါ့ကိုဘယ်လိုမြင်ကြမလဲ! အလုပ်သွားရင် ကားမောင်းသွားတဲ့ငါ့ကို လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုထင်မလဲ? သူတို့တတွေ ဒီလို မလုပ်တတ်ကြဘူး”လို့ ပြောပါတယ်။   အမေရိကားက ဝယ်ပြီးပစ္စည်း ပြန်လဲလှယ်ခွင့်နဲ့ ဂျပန်ကယိုပေါက်တွေဟာ “ယုံကြည်မှု” အပေါ် အခြေခံထားခြင်းပဲဖြစ်တယ်။ “ယုံကြည်မှု” ကို အလွဲသုံးစားလုပ်ပြီး ကြာလာတော့ လူတွေက အကျင့်တွေပျက်လာခဲ့တော့တယ်။ ကျွန်မနေတဲ့ တိုင်းပြည်မှာရော... အကျင့်ပျက်တွေက များလာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာခဲ့တော့တယ်။ လူတွေက “အကျင့်ပျက်”ဆိုတဲ့ နေရာမှာပဲ တဝဲဝဲလည်နေခဲ့ကြတော့တယ်။   (ဂ) ရောမကို ကျွန်မရောက်ခဲ့စဉ်က ရထားစီးတော့ ရထားလက်မှတ်ဝယ်တဲ့စက်ပဲရှိပြီး လက်မှတ်စစ်တဲ့စက် မတွေ့မိတော့ စိတ်ထဲမှာ အလိုလိုနေရင်း လူတွေ လက်မှတ်ဝယ်ကြပါ့မလားလို့ သံသယဖြစ်မိသေးတယ်။ လက်မှတ်မဝယ်ကြရင် သူတို့မြတ်ပါ့မလားလို့ တွေးပူနေမိသေးတယ်။ ဒါက ကျွန်မတို့ရဲ့စိတ်နဲ့ နိုင်းပြီး တွေးလိုက်တာဖြစ်ပေမယ့် အီတလီလူမျိုးတွေက ကျွန်မတို့ ဒီလိုတွေးမိတယ်ဆိုတာကို အံ့သြနေကြဦးမယ်။ သူတို့ရဲ့အတွေးက “ရထားစီးရင် လက်မှတ်ဝယ်ရမယ်။ လက်မှတ်မဝယ်ရင် ရထားမစီးဘူး။ ရထားစီးပြီး ဘာလို့လက်မှတ် မဝယ်တာလဲ” ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တယ်။   တကယ်လို့ လက်မှတ်မဝယ်ဘဲ ရထားစီးလို့ရလားလို့ မေးလာခဲ့ရင် စီးလို့ရပါတယ်။ ဒါပေမယ့် အကျင့်မပျက်တဲ့ အီတလီတွေကို မသိစေ၊ မမြင်စေနဲ့... တကယ်လို့ သိခဲ့ရင် သင့်ကိုပြစ်ဒဏ်ပေးဖို့ သူတို့က အရင်ဆုံး လက်မြှောက်လိမ့်မယ်။ ပြစ်ဒဏ်က လက်မှတ်ဖိုးထက် အဆများစွာကြီးသလို တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ ဂုဏ်ကိုတောင် ထိခိုက်နိုင်ပါတယ်။   (ဃ) တစ်ခါက နယူးယောက်နာမည်ကြီး ပြတိုက်တစ်ခုကို ကျွန်မတို့ သွားလည်ခဲ့တယ်။ အဝင်လက်မှတ်ဝယ်ရပြီး လက်မှတ်က မှုးစေ့လောက်ရှိတဲ့ ရွှေရောင်အပြားလေးဖြစ်တယ်။ မိတ်ဆွေက ပြတိုက်ထဲကိုမဝင်ခင် “ပြတိုက်ထဲဝင်ပြီး အပြင်ပြန်ထွက်ချင်တဲ့လူတွေ လက်မှတ်ကိုပြန်မအပ်နဲ့ဦး... အထဲကို နောက်ထပ်ပြန်ဝင်ချင်ရင် အဲဒီလက်မှတ် ပြန်ပြလိုက်ရုံပဲ။ တကယ်လို့ ထွက်ပြီး ပြန်မဝင်ချင်တော့ဘူးဆိုရင် လက်မှတ်ကို တံခါးဝက မှန်သေတ္တာထဲ ထည့်လိုက်ရုံပဲ” လို့ မှာပါတယ်။ ကျွန်မက သိချင်တာနဲ့ “ ဒီလက်မှတ်ရဲ့အရောင်နဲ့ သဏ္ဍာန်က နေ့တိုင်းပြောင်းနေလား” လို့ မေးလိုက်တော့ မပြောင်းတဲ့အကြောင်း မိတ်ဆွေက ပြောပါတယ်။   “ဒါဆိုရင် တချို့က လက်မှတ်ကို ပြန်မထားခဲ့ဘဲ ယူသွားပြီး နောက်ရက်မှာ ပြန်လာလို့ရတာပဲ။ ဒါမှမဟုတ် ၁ဝယောက်စာကို လက်မှတ်၅စောင်ပဲ ဝယ်ပြီး ကျန်၅စောင်ကို ဝင်သွားတဲ့လူက ပြန်ယူထွက်လာလို့ရတာပဲ” ကိုယ့်အတွေးနဲ့ကိုယ် ပြောမိတဲ့ကျွန်မစကားကို မိတ်ဆွေက ရယ်ပါတယ်။   “နင်တို့ပဲ ဒီလိုတွေးကြမယ်.. ဒီကလူတွေ ဒီလိုတွေးကြမှာ မဟုတ်ဘူး။ ဝင်ရင် လက်မှတ်ဝယ်မယ်။ လည်ပတ်ပြီးလို့ ထပ်မဝင်တော့ဘူးဆိုရင် လက်မှတ်ကို အပ်ခဲ့မယ်။ သူတို့ရဲ့အတွေးက ရှင်းရှင်းလေး”   အမေရိကားတွေက လူတိုင်းဟာ စည်းကမ်းလိုက်နာကြတဲ့ လူတွေလို့ ယုံကြည်ထားကြတယ်။ ဒါကြောင့် တံခါးဝမှာ အစောင့်တောင် မထားကြပါဘူး။ ကျွန်မရဲ့အတွေးနဲ့ ကျွန်မကိုယ်ကျွန်မ ရှက်မိပါတယ်။ ကျွန်မရဲ့အတွေးနဲ့ ကျွန်မတို့ရဲ့လုပ်ရပ်တွေက ကျွန်မတို့တိုင်းပြည်မှာ ယဉ်ကျေးမှုတစ်ခု ဖြစ်လို့နေခဲ့ပါပြီ။   (င) ကျွန်မ သင်တန်းသွားပေးတဲ့ ကုမ္ပဏီက စားသောက်ခန်းတွေဟာ သပ်ရပ်ပြီး သန့်ရှင်းပါတယ်။ အစားအစာတွေကို ကိုယ်တိုင်ခပ်ယူ စားသောက်ရအောင် စီစဉ်ထားပေးတယ်။ ကိုယ်ကြိုက်တာ ကိုယ်ယူစားရုံပါပဲ။ သစ်သီးထားတဲ့ စင်ဖက်မှာတော့ “တစ်ဦးကို တစ်ထုပ်သာ ယူရန်” ဆိုတဲ့ စာရွက်လေးကပ်ထားပါတယ်။ အသီးတွေက ဆေးပြီးသား လှီးပြီးသားတွေပါ။ တံခါးဝမှာလည်း အစောင့် မရှိပါဘူး။ သုံးဆောင်မယ့်လူတွေက ကိုယ့်ဝန်ထမ်းကဒ်နဲ့ စက်ထဲထည့်လိုက်ရုံပါပဲ။ ကျသင့်ငွေကို လကုန်ရင် လစာထဲကနေ နုတ်ယူပါတယ်။   ကုမ္ပဏီ အကြီးအကဲတစ်ဦးက ကျွန်မကို “ဝန်ထမ်းတစ်ဦးက ထမင်းစားပြီး စက်ထဲကဒ်မထည့်လို့ မိသွားတယ်။ ပထမတစ်ကြိမ် သတိပေးတယ်။ ဒုတိယအကြိမ်မှာ အလုပ်ထုတ်ပစ်လိုက်တယ်” လို့ပြောပြပါတယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ရာ မလွယ်ကူသလို တန်ဖိုးလည်း ကြီးမားပါတယ်။   တစ်ဦးကိုတစ်ဦး ယုံကြည်မှုမြင့်လေ ကြီးကြပ်မှုက နည်းလေဖြစ်တယ်။ ယုံကြည်မှုရှိလေ နှစ်ဦးနှစ်ဖက်အဆင်ပြေလေ၊ အလုပ်လုပ်ရာမှာ လွယ်ကူ မြန်ဆန်ပြီး စိတ်ချမ်းသာလေဖြစ်တယ်။ လျှောက်ဖို့လမ်းက ရွေးတာမှန်သွားပြီဆိုရင် ခရီးဝေးမှာကို မကြောက်ရတော့ပါဘူး။   အင်တာနက်ပေါ် ဖတ်မိတာလေး ဘာသာပြန်ထားတာပါပဲ.. ကြာခဲ့ပါပြီ...ဒါပေမဲ့ ခံစားလို့ကောင်းနေတုန်းပဲ...   နိုင်းနိုင်းစနေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...