Saturday, May 21, 2011

ကြိုဆိုရမည့် နော်ဝေ မြန်မာဆက်ဆံရေး


  ၂၀၁၁ ခုနှစ် မေလ ၁၂ ရက် ကြာသာပတေးနေ့က နော်ဝေနိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Espen Barth Eide သည် မြန်မာနိုင်ငံကို ရောက်ရှိသွားကြောင်း သတင်းကောင်းကို ဘီဘီစီအသံမှ ကြားသိလိုက်ရပါသည်၊ နှစ်ပေါင်းများစွာ အဆက်ပြတ်သလိုလိုရှိနေရာက အခုလို တရားဝင်ဆက်ဆံမှုနှင့်အတူ လူသိရှင်ကြားကြေငြာသံကို ကြားလိုက်ရတော့ လှိုက်လှဲစွာကြိုဆိုမိပါသည်။
         တကယ်တော့ နော်ဝေနိုင်ငံ၏ ဒီမိုကရေစီစံနစ်ကျင့်သုံးမှုသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံးထဲတွင် ပါရှိနေပါသည်၊ ဤသည်ပင်လျှင် ဂုဏ်ယူစရာ စံနမူနာပြ နိုင်ငံတခုဟုပင် ဆိုနိုင်နေပါသည်၊ နော်ဝေနိုင်ငံသည် စတုရန်းကီလိုမီတာ ၃၂၃,၉၀၀ ကျယ်ဝန်းပြီး၊ လူဦးရေ လေးသန်းခွဲကျော် နေထိုင်ကြပါသည်၊ တိုင်းရင်းသားမျိုးနွယ်ခွဲ ဟူ၍ ဆာမိလူမျိုးအနည်းငယ်သာ ရှိပါသည်၊ ကမ္ဘာ့မြောက်ခြမ်းမှ အအေးပိုင်းနိုင်ငံလေးတခုပါ၊ ရုရှား၊ ဆွီဒင်၊ ဒိန်းမတ် နိုင်ငံတို့နှင့် နယ်ချင်းကပ်လျှက် ရှိနေပါသည်။

         သီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာအလွန်နည်းပါးပြီး ထင်းရှူးပင်များ ပေါက်သည့် မြေ၊ ကျောက်တောင်ကြီးများဖြင့် မြေပြန့်လည်း နည်းလှပါသည်၊ ရှည်လျားသည့်ပင်လယ်ကမ်းရိုးတန်းရှိပြီး မုန်တိုင်းနှင့် ငလျင်ဘေးဒဏ်များ မရှိပါ၊ ရေနံထွက်ရှိမှုနှင့် ငါးဖမ်းလုပ်ငန်းဖြင့် ကြွယ်ဝသော နိုင်ငံလေးတခုပါပေ၊ နိုင်ဘယ်ဆုပေးရာ မိခင်နိုင်ငံအဖြစ် ထင်ရှား လှပါသည်။
           ချစ်စရာကောင်းသည်မှနော်ဝေလူမျိုးများပင်ဖြစ်ပါသည်၊ နော်ဝေလူမျိုးစစ်စစ်တို့၏ မျက်နှာပေါ်တွင် လောဘရိပ်၊ ဒေါသရိပ်တို့ ကင်းစင်ပြီး ပကတိအေးဆေးတည်ငြိမ်လှပါသည်၊ ပုထုဇဉ်တို့၏ သဘာဝအရ အပူအပင် မကင်း ကြသည်မှန်သော်လည်း နော်ဝေလူမျိုးတို့၏ မျက်နှာမှာ အပူရုပ်ကိုတွေ့ရခဲလှပါသည်၊ လူလူချင်း ဆက်ဆံရာ တွင်လည်း မည်သူ့ကိုမှ အနှောက်အယှက်မပေးပါ၊ မကူညီချင်လျှင် မကူညီပေမင့် အနှောက်အယှက်ကတော့ လုံးဝမပေး ကြပါ၊ သို့သော် နော်ဝေလူမျိုးတို့၏ စရိုက်နှင့် နော်ဝေနိုင်ငံ၏ နိုင်ငံရေးစံနစ်သည် လူလူချင်း ကူညီပြီးသားဖြစ်နေပါသည်၊ လူမှု့ထောက်ပံ့ရေးအဆင့် အမြင့်ဆုံး နိုင်ငံများထဲတွင် နော်ဝေနိုင်ငံသည် ထိပ်ပိုင်းကပင် ပါဝင်နေပါသည်။
           အဆိုးဘက်မှ ကြည့်လျှင် နော်ဝေလူမျိုးတို့သည် အေးတိအေးစက်နှင့် ဖော်ရွေမှု မရှိဟုထင်ရပါသည်၊ ဒါက သူတို့စရိုက်မှို့ အပြစ်မဟုတ်ပါ၊ အရေးအကြီးဆုံးနှင့် ကြိုက်စရာ အကောင်းဆုံးကတော့ လူလူချင်းခွဲခြား ဆက်ဆံမှု မရှိခြင်းနှင့် ကြွားဝါမှု မရှိခြင်းတို့ပင် ဖြစ်ပါတော့သည်၊ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ရာထူးဂုဏ်၊ စည်းစိမ်ဂုဏ်၊ ရုပ်ရည်ဂုဏ်၊ ဓနဂုဏ်၊ ပညာဂုဏ် စသည်တို့ဖြင့် မော်ကြွားခြင်း မရှိသည့်ပြင်၊ ဝန်ကြီးချုပ်နှင့် ဒလဝန် ခြံစောင့်သည်ပင် တန်းတူဆက်ဆံရေး ရှိနေပါသည်။
            နော်ဝေနိုင်ငံသို့ နိုင်ငံတကာမှ ရောက်ရှိလာကြသည့် ဒုက္ခသည်များသည်လည်း နော်ဝေလူမျိုးတို့၏ တန်းတူဆက်ဆံ ခံရမှုကြောင့် လူပီသသည့် အဖြစ်ကို ရယူလိုက်ကြရပြီဟု ခံစားကြရပါတော့သည်၊ ဤကဲ့သို့ ဖြစ်လာရသည်မှာ နော်ဝေလူမျိုးတို့၏ ပင်ကိုယ်စရိုက်နှင့် ဒီမိုကရေစီ ကျင့်သုံးမှု့အဆင့် မြင့်မားနေမှုကြောင့်ဟု ဆိုရပါမည်၊ ကမ္ဘာ့နိုင်ငံများသည် မည်သို့ပင် ချမ်းသာပါစေ၊ မည်သို့ပင် ဆင်းရဲပါစေ ဒီမိုကရေစီစံနစ် ကျင့်သုံးမှုအဆင့် အနည်းအများ အပေါ်မူတည်၍ နိုင်ငံသားတို့၏ စိတ်လွတ်လပ်မှု၊ စိတ်ချမ်းသာမှု အဆင့်များ ကွာခြားကြမည်သာ ဖြစ်ပါသည်၊ နော်ဝေနိုင်ငံသားတို့သည်  စိတ်လွတ်လပ်မှု အရှိဆုံးဟုပင် ပြောရပါမည်၊ လာဘ်ပေး လာဘ်ယူမှု လုံးဝနီးပါး မရှိခြင်းသည် အဓိက အချက်ဖြစ်သလို၊ ဝန်ကြီးချုပ် ရာထူးမှအစ အောက်ခြေသန့်ရှင်းရေးလုပ်သားအဆုံး မည်သူ့ကိုမျှ အားကိုး လာဘ်ထိုးစရာမလိုဘဲ သူ့အရည်အချင်းနှင့်သူ ဖြစ်ကြရပါသည်၊ အဆိုတော် ရုပ်ရှင်မင်းသား၊ မင်းသမီး၊ အနုပညာသည်များ၊ အားကစားသမားများနှင့် အခြားဘာသာရပ်ပေါင်းစုံမှာ ပါဝင်ပြီး ထင်ပေါ်ကျော်ကြား အောင်မြင်မှု များမှာလည်း မည်သည့်အရှိန်အဝါ၊ မည်သည့်ဝိတ်နှင့် မည်သည့်မျက်နှာများကြောင့်မှ မဟုတ်ဘဲ သူတို့ပင်ကိုယ် အရည်အချင်းအရ တရားသဖြင့် ယှဉ်ပြိုင်မှုနှင့်အတူ အကဲဖြတ်ပညာရှင်များနှင့် လူထု၏ အမှတ်ပေး မှုဖြင့်သာ ထင်ပေါ်၍ စင်တော်သို့ ရောက်ကြရသည်သာ ဖြစ်ပါသည်။
          ကဲ ဒါလောက်ဆိုရင်တော့ မြန်မာပြည်နှင့် ဘယ်လောက်ကွာနေပြီလဲဆိုတာ သိနိုင်လောက်ကြပါပြီ၊ မည်မျှပင် ကွာစေကာမူ ရွှေပင်နားတော့ ရွှေကျေးဆိုသည့်အတိုင်း သူတော်ကောင်းနှင့်ပေါင်းလျှင် ယဉ်ကျေးလာမည်ကတော့ အမှန်ဖြစ်ပါသည်၊ ယခုနော်ဝေနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို မည်သည့်အကြောင်းဖြင့် ဖြစ်စေ သွားရောက်လည်ပတ်မှုကတော့ ကြိုဆိုစရာပါ။ အနိမ့်ဆုံးအဆင့်အားဖြင့် နော်ဝေဒီမိုကရေစီဆိုတာကို မြန်မာ အစိုးရ အရာရှိများ သိနားလည်ခွင့်ရသည်ဆိုရင်ပဲ အမြတ်ထွက်နေပါပြီ၊ စီးပွားရေးဆက်ဆံမှုသည်လည်း ဖြစ်လာရမည်ဟု ယူဆနိုင်ပါ သည်။  မြန်မာနိုင်ငံသားများအဖို့မှာလည်း နော်ဝေဒီမိုကရေစီ၊ ဆွီဒင်၊ ဒိန်းမတ် စတဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံများက ကျင့်သုံးတဲ့ ဒီမိုကရေစီ၊ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ် စတဲ့ အနောက်နိုင်ငံကြီးတို့မှာ ကျင့်သုံးတဲ့ ဒီမိုကရေစီ၊ အာစီယံ နိုင်ငံများနှင့် အာရပ်နိုင်ငံများ၊ အာဖရိကနိုင်ငံများမှာ ကျင့်သုံးကြတဲ့ ဒီမိုကရေစီ စတာတွေကို အခြေခံ လောက်ပင်ဖြစ်စေ သိရှိနည်းလည်ခွင့်ရကြဖို့ လိုအပ်နေပါသည်။ ဒီလို နားလည်ကြမှလည်း နှိုင်းယှဉ်သုံးသပ်ပြီး မိမိတို့ နိုင်ငံမှာလည်း ဘယ်နိုင်ငံက ပုံစံမျိုး ဒီမိုကရေစီနဲ့ လိုက်ဖက်မည်၊ နောင်မှာ ဘယ်နိုင်ငံမျိုးမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီ ပုံစံမျိုးဖြစ်အောင် ကြိုးစားမယ်လို့ ရည်ရွယ်မျှော်မှန်း နိုင်ကြပါလိမ့်မည်။ မြင်းစီးပြီး အထီးမှန်း အမမှန်း မသိဆိုသလို ဒီမိုကရေစီသာ တောင်းနေကြသည် ဘယ်လိုဒီမိုကရေစီမျိုးမှန်း မသိကြရင်တော့ နိုင်ငံရေးသမား အချို့ရဲ့ လှည့်စားမှု ဝဲဂယက်မှ လွှဲထွက်နိုင်ကြမည် မဟုတ်ပါ။
           အခု နော်ဝေဝန်ကြီးရောက်လာသည့် ကိစ္စသည် အတော်အခြေအနေကောင်းလာသည်ဟု ဆိုရပါမည်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံမှာ ဒီမိုကရေစီနှင့် ကိုက်ညီအောင် ကျင့်သုံးနိုင်သည့် နည်းနမူနာများလည်း ဝန်ကြီးနှင့်အတူ ကပ်လျှက်ပါနေသည်မို့ မြန်မာတို့ ယူတတ်လျှင် ရနိုင်မည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့သည်လည်း အတွေးအခေါ်အရ၊ အသိပညာအရ အဆင့်အတန်းမြင့်ကြပါသည်၊ ယဉ်ကျေးမှုနှင့် ဘာသာရေးမှာလည်း ကမ္ဘာ့ အမြင့်ဆုံးဟုပင် ဆိုနိုင်ပါသည်။ ဒါကြောင့် အနောက်ဥရောပနှင့် အမေရိကန်နိုင်ငံတို့ကိုလည်း အလွန်အမင်း အားကိုး အထင်ကြီးစရာတော့ မဟုတ်မှန်းသိကြပါသည်။ သို့သော် သူ့အားသာချက်၊ အားနည်းချက်၊ ကိုယ့်အားသာချက်၊ အားနည်းချက်တို့နှင့် နှိုင်းယှဉ်ပြီး သူ့အားသာချက်များကို ရယူပြီး ကိုယ့်အားနည်းချက်ကို ဖြည့်ဆည်းရန်သာ ဖြစ်ပါသည်။ ဒီမိုကရေစီဖြစ်ထွန်းမှုအရာမှာတော့ အနောက်နိုင်ငံကြီးများနှင့် ဥရောပနိုင်ငံ အချို့ကို နည်းနမူနာ ယူရမည် အမှန်ပင်ဖြစ်ပါသည်။
             နော်ဝေနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရသစ်လက်ထက်မှာ တိုးတက်မှု့အချို့ ရှိလာပြီး အပြောင်းအလဲတွေဘက်ကို ဦးတည်နေပြီဟု ထင်မြင်ပါကြောင်း ပြောဆိုပြီး သူ၏ အတွေ့အကြုံနှင့် ထင်မြင်ယူဆ ချက်တို့ကိုလည်း ဥရောပအသိုင်းအဝိုင်းကို ပြန်လည်တင်ပြသွားဖို့ ရည်ရွယ်ပါကြောင်း ပြောဆိုလိုက်ပါသည်။ မြန်မာ သမတသစ်ဦးသိန်းစိန်၏ မိန့်ခွန်းသည် အားထက်စရာတွေ တွေ့ရပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ကတော့ အလှမ်းဝေးနေသေးကြောင်း သူ၏တွေ့ရှိထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ နော်ဝေဝန်ကြီးက မြန်မာ ဝန်ကြီးသစ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီ လူကြီးများ၊ အခြားသော ပါတီများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
               မြန်မာအစိုးရသစ်သည် အာဏာကို တနေရာတည်းမှာ စုမထားတော့ဘဲ ဖြန့်ခွဲထားပေးဖို့ ကြိုးစားနေပါကြောင်း၊ အသစ်ပေါ်လာတဲ့နေရာတွေမှာ အင်အားစုအသစ်များကလည်း ဝင်ရောက်နေရာယူ နိုင်ဖို့အခြေအနေတွေ ဖြစ်ပေါ်လာ နိုင်ပါကြောင်း၊
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရင်ဖြင့် သိပ်ကောင်းတဲ့ လက္ခဏာဖြစ်လိမ့်မည်ဖြစ်ကြောင်း နော်ဝေဝန်ကြီးက ပြောဆိုပြီး တဆက်တည်းမှာ နော်ဝေနိုင်ငံသားတွေ မြန်မာပြည်ကိုအလည်မသွားဖို့ တိုက်တွန်းချက်ကို ပြန်လည်ရုတ်သိမ်းနိုင်ရန် ရှိနေပါကြောင်း သတင်းကောင်းကိုလည်း ကြားရပါသည်။
             ပြည်တွင်းရော၊ ပြည်ပမှာပါ မြန်မာ့အတိုက်အခံအချို့သည် မြန်မာအစိုးရသစ်နှင့် အနောက်ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး နီးကပ်မှုကို မလိုလားမှုနှင့် အမြင်မကြည်လင်မှုများလည်း ရှိနိုင်ပါသည်။ မည်သို့ဖြစ်စေ နော်ဝေ မြန်မာ ဆက်ဆံရေး နွေးထွေးလာမှုကိုတော့ ကြိုဆိုရမည်ဟု ယူဆပါသည်၊ “ ဥစ္စရင်လို ဥစ္စာရင်းခဲ ” ဆိုသလို ဒီမိုကရေစီလိုချင်လျှင် ဒီမိုကရေစီရှိပြီး နိုင်ငံများနှင့်သာ ပေါင်းသင်းဆက်ဆံကြရမည် မဟုတ်ပါလား။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထင်ရာ ကိုယ်လုပ်ခဲ့ကြလို့ “ မျက်နှာမရ ခြေထောက်ရ” အဖြစ်မျိုးမှ လွတ်ကင်းအောင် အပေါင်းအသင်း ကောင်းတွေရှာပြီး ဝိုင်းလိုက်ကြရင် ဒီမိုကရေစီသည် မဝေးလှပါဟု ပြောလိုပါကြောင်း။         ။

                                                                                                           ဝင်းနေ
                                                                                                       လီလီဟားမား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...