Thursday, May 26, 2011

လူမှုဆက်ဆံရေး အနုပညာ

by Han Thit Nyeim on Thursday, May 26, 2011 at 6:16am
 အနုပညာကို ချစ်သောစိတ် အရင်းခံထားပြီး ရင်ထဲမှ စကားတို့ကို ရိုးသားစွာ ဆိုပါမည်။

ယခု တင်ပြမည့် အကြောင်းအရာသည် အနုပညာသဘောတရားထက် လူမှုဆက်ဆံရေး သဘော တရားများ ပိုမိုပါဝင်မည်ဟု ထင်ပါသည်။ အနုပညာသည် သဲပြင်ပေါ်သွန်ချလိုက်သော ရေတစ်ခွက် မဟုတ်ပါ။ သဲထဲရေသွန် သဘောထက် ပိုလွန်သောဖြစ်စဉ်များ အနုပညာတွင် ကိန်းအောင်းနေသည်ဟု ကျွန်တော်ထင်သည်။ တိတ်ဆိတ်သော ညဥ့်နက်သန်းခေါင်ဝယ် ကြွေကြမ်းခင်းပေါ် လွတ်ကျသွားသည့် ဝိုင်ဖန်ခွက်သည် အနုပညာဖြစ် သည်။ အနုပညာ၏ နောက်ဆက်တွဲ ဂယက်ရိုက်မှုသည် ရေထဲ ခဲတစ်လုံး ပလုံကနဲ ကျသွားသည်ထက် ပိုသည်။ အနုပညာကို နျူးကလီးယား ဗုံးတစ်လုံးနှင့် တင်စားမည်ဆိုလျှင် ကျွန်တော်ငြင်းမည် မဟုတ်ပါ။


“ဓားသွားထက် ကလောင်သွားထက်သည်” ဆိုသောစကားသည် အနုပညာ၏ ကြီးမားသော သက်ရောက်မှုတို့ကို သိသာစေလိုရင်း ဖြစ်သည်။ ဆရာအော်ပီကျယ်၏ ကားတွန်းတစ်ခုထဲကလို ကလောင်သွား တစ်ထောင်ကို အရည်ကျိုလုပ်ထားသော ဓားသွားဆိုလျှင်တော့ ဘာဖြစ်မည် မသိပါ။ ဤနေရာတွင် ကလောင်ကို အနုပညာဟု ယူဆလျှင် ထိုဓားကို အနုပညာမြောက်သော၊ အနုပညာရည် ပြည့်ဝနေသော ဓားတစ်လက်ဟု မှတ်ယူရပေတော့မည်။ မည်သို့ပင်ဆိုစေ... ကလောင်သွားကို ဓားသွားဖြင့် နှိုင်းဆထောက်ချင့်ခြင်းဖြင့် အနုပညာသည် ခုတ်ဖြတ်နိုင်သော၊ တိုက်ခိုက်နိုင်သော သဘောများပါဝင်နေသည်ကို မမေ့အပ်ချေ။


အနုပညာဖြစ်စဉ်

အနုပညာရှင်နှင့် အနုပညာဖန်တီးမှုဖြစ်စဉ်ကို 3M သဘောတရားဖြင့် သုံးသပ်ကြည့်ပါမည်။ 3M ဆိုသည်မှာ... Message (အကြောင်းအရာ)၊ Media (ကြားခံကိရိယာ)၊ Method (နည်းစနစ်) တို့ ဖြစ်သည်။



Message ဆိုသည်မှာ အနုပညာရှင် ပေးလိုသော အကြောင်းအရာ (တနည်း) အနုပညာရှင်၏ အတ္တပုံရိပ်အချို့ ဖြစ်သည်။

Media ဆိုသည်မှာ အနုပညာရှင် ထုတ်ဖော်ပြလိုသော ကြားခံနယ် ဖြစ်သည်။ ပန်းချီ၊ ပန်းပု၊ ကျောက်စာ၊ ပေစာ၊ သီချင်းခွေ၊ ဝတ္ထုစာအုပ်၊ ကျောက်သင်ပုန်း၊ ဗလာစာရွက် စသည်တို့မှသည် ယနေ့ခတ် ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ်၊ ဝီကီ စသည်တို့ အထိပင် မီဒီယာသည် ကျယ်ပြန့်စွာ အကျုံးဝင်ပါ သည်။

Method ဆိုသည်မှာ အနုပညာရှင်၏ ခံစားချက်၊ ခံယူချက်အပေါ်တွင် အခြေခံသော အရာဖြစ်သည်။ ထိုခေါင်းစဉ်အောက်တွင် အနုပညာသီအိုရီ၊ သဘောတရား၊ စိတ်ကူးစိတ်သန်းတို့ ပါဝင်ပေမည်။ ဤသို့သော ဖန်တီးမှု ဖြစ်စဉ်တို့ဖြင့် အနုပညာရှင်နှင့် အနုပညာသည် အသက်ဝင် လှုပ်ရှားလာခဲ့ပေသည်။

လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလတုန်းက သူငယ်ချင်းတစ်ယောက်နှင့် အနုပညာပြခန်းတစ်ခုသို့ သွားခဲ့ဖူးတာလေး ပြန်သတိရသည်။ အဲဒီမှာတင်ဆက်ထားတဲ့ အနုပညာတစ်ခုက အပြာရင့်ရောင် ပန်းချီဘုတ်ပြား တစ်ခုပေါ်မှာ ဗလာစာရွက် အလွတ်တစ်ရွက်ကို ခပ်စောင်းစောင်းလေး ကပ်ထားသည်။ နောက်ထပ် ဘာမှမရှိ။

သူငယ်ချင်း။ ။  “စာရွက်ပေါ်မှာ ဘာမှလည်းရေးမထား၊ ဆွဲမထားဘူး။ ဒါဟာ အနုပညာမှ မဟုတ်ပဲ”

ကျွန်တော်။ ။ “အဲဒီ စာရွက်ဟာ သူပေးတဲ့ Message ပေါ့”

သူငယ်ချင်း။ ။ “ဒါဆိုရင် ဒါကို နင်က အနုပညာလို့ သတ်မှတ်တာပေါ့”

ကျွန်တော်။ ။ “အင်း၊ ဒါပေမဲ့ သတ်မှတ်ချက်ဆိုတာ သတ်မှတ်သူအပေါ်ပဲ မူတည်တာပါလေ”


အနုပညာ၊ အနုပညာဖန်တီးသူနှင့် ခံစားသူ

ဆက်လက်ပြီး အနုပညာ၊ ဖန်တီးသူနှင့် ခံစားသူပရိသတ်တို့ကို 3A သဘောတရားဖြင့် ချဉ်းကပ် စဉ်းစားကြည့်ပါဦးမည်။ 3A မှာ... Artist (အနုပညာရှင်)၊ Art (အနုပညာ)၊ Audience (ပရိသတ်) တို့ဖြစ်သည်။


ဖန်တီးသူအနုပညာရှင် (Artist) နှင့် အနုပညာ (Art) ဆက်သွယ်မှုတွင် Creation ဟူသော ဖန်တီးမှုနှင့် အနုပညာက တုံ့ပြန်သော Response ရှိသည်။ ထိုဖြစ်စဉ်တို့သည် အပြန်အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောသက်ရောက်မည်ဟု ထင်သည်။ တချို့သော အနုပညာသမားတို့သည် ဖန်တီးမှု သက်သက်နှင့်ပင် ကျေနပ်ကြသူများဖြစ်သည်။ အနုပညာ၏ တုံ့ပြန်မှုကို စိုးစဉ်းမျှပင် လက်ခံခြင်း မရှိသောကြောင့် ထိုသူတို့ကို တစ်လမ်းမောင်း အနုပညာသမားများဟု ခေါ်ဆိုရမည်။

အနုပညာ (Art) နှင့် ခံစားသူပရိသတ် (Audience) ကြားတွင် Reception ဟူသော လက်ခံရရှိမှုနှင့် ခံစားသူက အနုပညာကို တုံ့ပြန်သော Response ရှိသည်။ ထိုဖြစ်စဉ်တို့သည်လည်း အပြန်အလှန် ရှဥ့်လည်းစွဲသာ ပျားလည်းလျှောက်သာ သဘောဖြင့် ရှိသည်ဟု ထင်သည်။ အနုပညာကို မှီဝဲသူပရိသတ်သည် မိမိကိုယ်ပိုင် အတ္တအလွှာပြင်တချို့ကို ခွာချပြီး အနုပညာလက်ရာအပေါ် သုံးသပ်ခံစားသည်။ ပြီးနောက် တုံ့ပြန်မှု (Response) တို့ ဖြစ်တည်လာပြီး အနုပညာနှင့် စီးချင်းထိုးသည်။ အနုပညာကို ပြန်လည်မတုံ့ပြန်သော ခံစားသူဟူ၍ မရှိသလောက် ရှားသည်။ ထို့ကြောင့် အနုပညာနှင့် ခံစားသူကြားတွင် တစ်လမ်းမောင်း ဖြစ်စဉ်မရှိဟု ဆိုရပေမည်။

အနုပညာကို နှစ်သက်စီးမျောခြင်းသည်လည်း တုံ့ပြန်မှု တစ်ခု ဖြစ်သလို၊ မနှစ်မြို့အော်ဂလီဆန်ခြင်း သည်လည်း တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။ စာတစ်အုပ်ကို နှစ်မျက်နှာလောက် ဖတ်ပြီးသည်နှင့် အဆုံးထိ ဖတ်ချင်လာသည်။ သီချင်းတစ်ပုဒ်ကို အစပိုင်း နားထောင်ရုံဖြင့် နောက်တစ်ပုဒ်ကို ကျော်ပစ်သည်။ ထိုအရာ မှန်သမျှသည် အနုပညာ၏ သက်ရောက်မှုအပေါ် တုံ့ပြန်ခြင်းများ ဖြစ်သည်။

ဆက်လက်ပြီး ပြောလိုသည်က ခံစားသူထံမှ တုံ့ပြန်မှုလုံးဝမရှိသော အခြေအနေဖြစ်သည်။ ထိုသို့ ခံစားသူက မတုံ့ပြန်နိုင်သော ဖြစ်စဉ်မျိုး ရှိသည်ဆိုလျှင် ထိုအခြေအနေတွင် ခံစားသူမှာ သိစိတ်ကင်းကွာနေ ခြင်းကြောင့် လည်းကောင်း၊ နှလုံးသွင်း ဆင်ခြင်မှု မရှိခြင်းကြောင့် လည်းကောင်း၊ အနုပညာက အလဲထိုး သွားခြင်းကြောင့် လည်းကောင်း ဖြစ်နိုင်ပေသည်။

သိစိတ်ဟူသော Consciousness မရှိသူသည် ပြင်ပအာရုံများ၏ ရိုက်ခတ် ထိတွေ့မှုကို ရရှိမည်မဟုတ်ချေ။ ထို့အတူ နှလုံးသွင်းဆင်ခြင်မှု မရှိသူအတွက်လည်း အနုပညာ၏ အကျိုးသက်ရောက်မှု မရှိနိုင်။ လက်ခံမှု မရှိသူသည် တုံ့ပြန်မှုတို့ကိုလည်း တစိုးတစိမျှ ပြုမည်မဟုတ်ချေ။ သေခြင်းဟူသော ဖြစ်စဉ်နှင့် ကြုံတွေ့သူသည် ထိုဖြစ်စဉ်ကို ခံစားခွင့်သာရပြီး တုံ့ပြန်ခွင့် ရရှိမည်မဟုတ်ဟု ထင်ပါသည်။ ထို့ကြောင့် သေခြင်း တရားကို အနုပညာဟု တင်စားကြည့်မည်ဆိုလျှင် အနုပညာက အလဲထိုးသွားသော ဖြစ်စဉ်ကို ရိပ်စားမိမည်ဟု ဆိုချင်ပါသည်။

ဖန်တီးသူ အနုပညာရှင် (Artist) နှင့် ခံစားသူ ပရိသတ် (Audience) ကြားတွင်တော့ တုံ့ပြန်မှု Response တို့ဖြင့်သာ အပြန်အလှန်ဆက်နွှယ်မှု ရှိပါသည်။ ခံစားသူတစ်ဘက်တည်းကသာ တုံ့ပြန်မှု ရှိမည်ဆိုလျှင် ထိုအရာသည် ဝေဖန်မှု၊ အကြံပြု သုံးသပ်မှု တစ်ခုသာ ဖြစ်ပါမည်။ အနုပညာရှင်နှင့် ခံစားသူ အပြန်အလှန်ဖြစ်တည်မှု မှာတော့ အပြုသဘောဆွေးနွေးမှုမှသည် ခိုက်ရန်ဖြစ်ပွားသည်အထိ ဖြစ်စဉ်များစွာ တည်ရှိနိုင်ပေသည်။ ခံစားသူပရိသတ်နှင့် ထိတွေ့ ဆက်ဆံမှု မရှိသော အနုပညာရှင်များကိုတော့ တံခါးပိတ် အနုပညာသမားများ ဟု ခေါ်ဆိုရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ... 3A ဆက်နွှယ်မှုအရ အနုပညာနှင့် အနုပညာရှင်၏ တည်ရှိမှုဖြစ်စဉ်တွင် ခံစားသူ ပရိသတ်ကို ချန်လှပ်ထား၍ မရနိုင်ကြောင်း သတိပြုသင့်လှပါသည်။


ဆက်ရန်...

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

“အနုပညာအကြောင်း အနုပညာ” အီးဘွတ်ခ်တွင် ဖော်ပြပြီး ဖြစ်ပါသည်။ အီးဘွတ်ခ်အလိုရှိလျှင်...
http://www.mediafire.com/file/5nf7tqlk85mezzg/The%20Art%20On%20The%20Art%20%28Jpeg%29.pdf%EF%BB%BF

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...