Wednesday, May 25, 2011

“ဘာသာတရားနှစ်ခု ဆုံခြင်း” ပါရဂူ အပိုင်း(၂)

by အား မာန် on Wednesday, May 25, 2011 at 10:49pm
သူကတော့ ဘိုးတော်လိုလို ပုဂ္ဂိုလ်တစ်ဦး။....
         သူ့ကို ကျွန်တော်သိသည်။ သူ့ကို ရန်ကုန်တွင် မတွေ့ရသည်မှာ ကြာပြီ။ နယ်တွင်သွားပြီး ဘုရားတည် နေသလိုလို ကြားရသည်။ ဗန်းမော်တင်အောင်ဆုံးသောအခါ ကြား ရာနေရာမှ ဈာပနအမီ ရန်ကုန် ပြန်လာဟန် တူသည်။ အသုဘချသည့်နေ့က သူ့ကို ဘိုး တော်အဆောင်အယောင်နှင့် တွေ့လိုက်ရသည်။
          သူက မုတ်ဆိတ်နှင့် မူဆလင်တစ်ဦး။....
          သူ့ကိုမူ စာသမားများသိကြသည်။ သူ၏ အမည်မှာ ကာစင်ခေါ် မောင်စိန်ဖြစ်သည်။ ၂၉ လမ်းထိပ်က စာအုပ်အဟောင်းအရောင်းသမား။
                    “ဟေ့ မောင်စိန်၊ ဗန်းမော်တင်အောင် အသုဘလာပို့တာလား”


          ထူးထူးဆန်းဆန်း ကာစင်ကို သုဿန်တွင် တွေ့ရ၍ ကျွန်တော်က မေးလိုက်သည်။
                     “ဟုတ်တယ် ဆရာ။ ဆရာဗန်းမော်တင်အောင်က ဆရာသိတဲ့အတိုင်း ကျွန်တော့်
                       ဖောက်သည်တစ်ယောက် မဟုတ်လား။ ဒါပေမယ့် ဖောက်သည်မို့ လိုက်ပို့တာ မဟုတ်ပါဘူး။  
                       ကျွန်တော် ဆရာဗန်းမော်တင်အောင်ကို သိပ် လေးစားကြည်ညိုတာပဲ”
           ဗန်းမောင်တင်အောင် အသုဘချသည့်နေ့က ဖြစ်သည်။......
           စမ်းချောင်းရှိ အမျိုးသမီးအလောင်ရှင် တစ်ဦး၏ အိမ်သို့ ဦးပဉ္စင်းတစ်ပါး ဆွမ်းခံကြွလာသည်။ ဦးပဉ္စင်း က ခရီးရောက်မဆိုက် ဆွမ်းဒကာမ အမျိုးသမီးအား မေးလိုက်လေ၏။
                        “ဒကာမကြီး ဒီကနေ့ ဗန်းမော်တင်အောင် အသုဘလိုက်ပို့ဦးမလား။”
                        “လိုက်ပို့ရမှာပေါ့။ ဦးပဉ္စင်းက ဘာဖြစ်လို့မေးတာလဲ”
                        “ဦးပဉ္စင်းတို့လည်း လိုက်ပို့ချင်လို့။ ဦးပဉ္စင်းတို့ကို ပင့်လို့ လိုက်ပို့တဲ့အနေမျိုး မဟုတ်ပါဘူး။
                          သက်သက် သူ့ကို ကြည်ညိုလို့ လိုက်ပို့ချင်တာပါ။”
               ဗန်းမော်တင်အောင်၏ အသုဘယာဉ်သည် သုဿန်နယ်မြေထဲ ၀င်လာသည်။...
               အသုဘလိုက်ပို့သူများထဲတွင် သူတောင်းစားများနှင့် အသိအကျွမ်းဖြစ်သူ တစ်ဦး ပါလာသည်။ သူတောင်းစားတစ်ဦးသည် ထိုင်ရာမထ ထိုသူ့ကို လှမ်းမေးလိုက်၏။
                        “ဒီမှာ ခင်ဗျာ။ ဒီအသုဘဟာ ဘယ်သူ့ အသုဘလဲ။ တယ်လူစည်ပါလား။”
                        “ဗန်းမော်တင်အောင်လေ။ မင်းတို့ မသိဘူးလား။”
             ထိုသူတောင်းစားသည် ဘာမှ ဆက်မပြောတော့ဘဲ ချက်ချင်းလူးလဲထ၏။ အင်္ကျီကို ပြင်ဝတ်၏။ ပုဆိုး ကို ပြင်ဆီး၏။ ထို့နောက် ဗန်းမော်တင်အောင် ရုပ်ကလာပ်ရှိရာသို့ အပြေးကလေး သွားသည်။ အများနည်းတူ ဗန်းမော်တင်အောင်၏ ရုပ်ကလာပ်ကို နောက်ဆုံးကြည့်ခြင်းမျိုးနှင့် ကြည့်နေရှာသည်။
          ပန်းရံသမားနှင့် နိဗ္ဗာန်ယာဉ်သမားများသည် ဗန်းမော်တင်အောင်၏ ပရိသတ်များ ဖြစ်နေကြသည်။
          ဗန်းမော်တင်အောင် ကိစ္စကို သွားပြောသည့်အခါ စေတနာနှင့် အကူအညီပေးကြသည်။ သူတို့ ဗန်းမော်တင်အောင်၏ ပရိသတ်ပါဟုလည်း ထုတ်ဖေါ်ပြောကြသည်။

         ထိုနေ့က ပို့ကြသည့် လွမ်းသူ့ပန်းခွေများကို အပြည့်အစုံမမှတ်မိတော့။သတိပြုမိသည်မှာ ကင်ဆာလူနာ ဆောင်က သူနာပြုဆရာမများ၏ လွမ်းသူ့ပန်းခွေနှင့် မျက်လှည့် ဆရာအသင်း၏ လွမ်းသူ့ပန်းခွေဖြစ်သည်။အချို့ လွမ်းသူ့ပန်းခွေများကို ပန်းခွေချသူများ ပြန်ယူသွားကြ၏။ လွမ်းသူ့ပန်းခွေကို ပြန်ယူသွားသည့် ဈာပနမျိုး ကျွန်တော့်တစ်သက်တွင် ဤတစ်ကြိမ်သာ တွေ့ဖူးသည်။ ပြန်မယူသည့် လွမ်းသူ့ပန်းခွေများမှာ ပန်းများလည်း ပြောင်သလောက်ဖြစ်သွးသည်။
          ထိုနေ့က သုဿန်ထဲတွင် လက်ထပ်မင်္ဂလာ အခမ်းအနားကျင်းပသလားဟု အောက်မေ့ရသည်။ ဈာပန လိုက်ပို့ကြသူ တော်တော်များများသည် ပန်းခွေများမှ ပန်းကို ဖြုတ်ယူပြိး ရင်ဘတ်တွင်တပ်ထားကြသည်။ ဘယ်သူ့ ရင်ဘတ်ကို ကြည့်လိုက် ကြည့်လိုက် နီးမြန်းသော နှင်းဆီပွင့် ကိုယ်စီနှင့် ယင်းအဖြစ်မျိုးလည်း တစ်သက်တွင် တစ်ခါမှ မတွေ့ဖူးခဲ့။

          ဗန်းမော်တင်အောင်က သူသေလျှင် မီးသဂြိုလ်ပစ်လိုက်ဟု သူသားကို မှာသွားခဲ့ကြောင်း သိရသည်။ ကွယ်လွန်သူ၏ အမှတ်တရ အုတ်ဂူတို့၊ ဘာတို့လုပ်သည်ကို နှစ်မြို့ဟန်မတူ။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ၀တ္ထု တစ်ပုဒ်ပင် ရေးဖူးသည်။ မှန်သည်။ သူ၏ စာများသည် အုတ်ဂူထက်ပင် အမှတ်တရဖြစ်နေ ပေလိမ့်ဦးမည်။ ရှင်မဟာရဠသာရ၊ ရှင်မဟာသီလ၀ံသတို့၏ အုတ်ဂူကို ယခု ဘယ်မှာရှာမည်နည်း။ သို့သော် သူတို့၏ စာများ သည် မြန်မာစာပေလောက၌ ယခုထက်တိုင်ပင် အသက်ရှင်နေကြသည်။ နောင်လည်း အသက်ရှင်နေပေလိမ့် ဦးမည်။ ပြည်သူ့ဘက်က ရပ်ပြီး ပြည်သူ့အကျိုးပြုစာများ ရေးသားပြုစုသွားခဲ့သူတစ်ဦးအတွက် အုတ်ဂူမလို။ သူ့ စာများသည် ပြည်သူ၏ နှလုံးအိမ်တွင် အုတ်ဂူအဖြစ် တည်ရှိနေပေလိမ့်မည်။
        သို့သော် ဗန်းမော်တင်အောင်ကို ကြည်ညိုလေးစားသူများက အထိန်းအမှတ်တစ်ခု အနေဖြင့် အုတ်ဂူလုပ် လိုကြသည်။ ထိုပုဂ္ဂိုလ်များ၏ ဆန္ဒကို လိုက်လျောသည့်အနေဖြင့် အုတ်ဂူလုပ်သည်။ ဈာပန လုပ်ပြီးမှ ပြာကျ သည့် အရိုးကို အုတ်ဂူထဲတွင် မြှပ်နှံသည်။

        ထိုနေ့က မီးသင်္ဂြီုလ်သည့်အချိန်နှင့် အုတ်ဂူထဲသွင်းသည့်အချိန်အကြားတွင် တစ်နာရီခွဲလောက်ကြာ သည်။ အုတ်ဂူထဲ သွင်းဖို့ရန်အတွက်မီးသင်္ဂြိုလ်သည်ကို တစ်နာရီခွဲလောက် စောင့်နေရ၏။ လူသုံးလေးရာ လောက်မှာ အသုဘချပြီးသော်လည်း မပြန်ကြ။ ဂူသွင်းပြီးသည့် အချိန်အထိ စောင့်နေကြသည်။ သုဿန်မြေရှိ အရွယ်အစားစား ဂူများမှာ ကုလားထိုင်များ၊ ခုံတန်းလျားများဖြစ်နေသည်။ ဂူများပေါ်၌ အသီးသီး ထိုင်စောင့်နေ ကြသည်။ ကုက္ကိုလ်ပင်၏ အရိပ်က သူတို့အပေါ် ဖြန့်မိုးထားသည်။ ဗန်းမော်တင်အောင်၏ ဂူသည်အုတ်တစ်ထပ် ပြီး တစ်ထပ်တက်နေသည်။ သာယာငြိမ့်ညောင်းသော ခရစ်ယာန် အမျိုးသမီးကလေးများ၏ ဓမ္မတေးသံသည် သုဿန်နယ်မြေကို အသက်သွင်းပေးနေသည်။
        အရိုးပြာအိုးကို ယူလာပြီ။
        ထိုင်နေသည့်လူများ ချက်ချင်း တန်းစီလိုက်ကြ၏။ တန်းစီနေသည့် လူထုက အရိုးအိုးကို လက်ဆင့်ကမ်း ပြီး ပို့ပေးသည်။ အရိုးကို အုတ်ဂူထဲထည့်လိုက်ပြီ။ လူထုပရိသတ်၏ မျက်လုံး အစုံတို့သည် ဂူရှိရာသို့ စိုက်ကြည့် နေကြသည်။ ကုက္ကိုလ်ပင်၏ ထူထဲသိပ်သည်းသော အရိပ်သည် ပရိသတ်၏ တိတ်ဆိတ်ငြိမ် သက်နေခြင်းကို ပိုပြီး လေးနက်အောင် ဖန်တီးနေသည်။

        ခရစ်ယာန် အမျိုးသမီးကလေးများ၏ ဓမ္မတေးသံပေါ်လာပြန်လေသည်။ ယင်းဓမ္မတေးသံကား ထို့နေ့ နံနက် ဗန်းမော်တင်အောင်၏ အိမ်တွင် သရဏဂုံတင်သည့် ဘုန်းကြီးရဟန်းများ ရွက်ဆိုသောပရိတ်သံ၏ ပဲ့တင်သံပမာဖြစ်နေသည်။ ဗန်းမော်တင်အောင်၏ ဈာပနာတွင် ခရစ်ယာန်ဓမ္မတေးသံနှင့် ဗုဒ္ဓဘာသာ ပရိတ် ရွက်သံတို့ လာဆုံကြသည်။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ လာပေါင်းနေကြသည်။ ယင်း အခြေအနေ ကား ဗန်းမော်တင်အောင်၏ အမျိုးသားညီညွတ်ရေး၊ အမျိုးသားစည်းလုံးရေးစိတ်ဓါတ် တစ် စိတ်တစ်ဒေသကို ထင်ဟပ်ဖေါ်ပြနေသကဲ့သိုပင် ထင်နေရသည်။
        ဂျစ်ကားအဖြူကလေး တစ်စီးသည် သုဿန်နယ်မြေမှ ထွက်လာပြီး ဥက္ကလာပသို့ ပြေးနေသည်။ ထို ဂျစ်ကားရှေ့ပိုင်းတွင် ကျွန်တော်နှင့် ဒဂုန်တာရာပါလာသည်။ နောက်ပိုင်း တွင်ကား ဗန်းမော်တင်အောင်၏ ဇနီး ဒေါ်ခင်ဦးနှင့် အခြား ပုဂ္ဂိုလ်အချို့ပါလာ၏။

                  “ကျွန်မ သူ့ကို စောစောပိုင်းက အတော်ကလေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့်လင်းလင်း  
                    ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့ နိုင်ငံရေး၊ သူ့စာပေ  
                    ရေးနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီးပွားရေးတို့ ဘာတို့ဆိုတာကို လုံးဝ ထည့်မတွက်ဘူး။ ကျွန်မတို့
                    ကတော့ ငတ်တလှည့် ပြတ်တလှည့်ပဲ။ ကျွန်မ သူ့အပေါ်အတော် မကျေမနပ်ဖြစ်မိခဲ့တယ်။ အခု
                    တော့ ကျွန်မမှားမှန်းသိပါပြီ။ သူ့ကို အခုလို ပြည်သူလူထုက လေးစားကြည်ညိုမှန်းသိရတော့
                    ကျွန်မ ကြက်သီးထမိတယ်။ ဒီလို ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကို ကျွန်မ အရင်က      
                    အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့ စီးပွားရေးနဲ့ ၀ယ်လို့မရဘူးဆိုတာ ကျွန်မ အခု သဘောပေါက်ပါပြီ။
                   သူ့အပေါ်လည်း အမြင်မှန်ရပါပြီ”

         ဒေါ်ခင်ဦး၏ မျက်လုံးအိမ်ထဲမှ မျက်ရည်တစ်ပေါက် စီးကျလာ၏။ နှလုံးသားထဲမှ ထိုး ထွက်လာသည့် သူ၏ အသံသည် ဂျစ်ကားအရှိန်ကြောင့် ရုတ်ခြည်းပင် ဝေ့ခနဲ ပျံ့လွင့်သွားသည်။
        တရားစောင့်သူကို တရားက ပြန်စောင့်သည်။
        ပြည်သူကိုချစ်သူအား ပြည်သူက ပြန်ချစ်သည်။
        လူကို လေးစားသူအား လူက ပြန်လေးစားသည်။
        ဤကား အလွန်ရိုးစင်းသော ဒဿနတစ်ရပ်ပင်ဖြစ်သည်။
  
ပါရဂူ (မိုးဝေ မဂ္ဂဇင်း)
ဗန်းမော်တင်အောင်
တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ

ဗန်းမော်တင်အောင် ကွယ်လွန်တဲ့အနှစ် (၂၀)ပြည့် အလေးအမြတ်ပြု ထုတ်ဝေလိုက်သော စာအုပ်တွင်းမှ ရိုက်နှိပ်ထားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...