Monday, May 16, 2011

အရောင်ရင့်နေမှ ကြိုက်တော့တယ်။

by Nyan Lin on Monday, May 16, 2011 at 6:49pm
(ဆောင်းပါးရှင် - ပတ္တမြား)
အနောက်တိုင်းကို ရောက်လာတဲ့အခါ အရှေ့တိုင်းက သယ်လာသမျှ အယူအဆတွေ အားလုံးကို ခဝါချပြစ်ဖို့  ကြိုးစားရတော့တယ်။ ဘာကိုဝတ်သင့်တယ်၊ ဘယ်လိုစားရမယ်၊ ဘယ်လိုနေရမယ်၊ စသည်ဖြင့် အစစအရာရာကို ကာလံဒေသံအဂံ္ဂ ဆိုတဲ့ စကားနဲ့ ညီအောင် ပြောင်းလဲရတော့တယ်။
ဟော…ပြောင်းလဲရသမျှအရာတွေထဲမှာ အရေးအကြီးဆုံးကတော့ အစားအသောက်ပေါ့။ အနောက်တိုင်းရောက်လို့ အနောက်တိုင်းစာ စားရမယ်လို့ ပြောတာ မဟုတ်ဘူး။ အစား အသောက် နဲ့ ပါတ်သက်ပြီး အဟာရဓါတ်နဲ့ ညီညွတ်အောင် စားရတာကို ပြောတာပါ။ ကိုယ်က မစားချင်လဲ စားကိုစားရမဲ့ အခြေအနေမျိုး ရောက်အောင် နေရာတော်တော်များများမှာ ဖန်တီး ပေးထားပေသကိုး။



ဗေဂမ် (Vegan) သို့ မဟုတ် သက်သတ်လွတ် နိဗ္ဗန်ဆိုင်
မွန်ထရီရယ်က ကွန်ကောဒီးယတက္ကသိုလ်ကို ရောက်တော့ ဟောဆောင်တိုက်ပေါ်က ၆ထပ်မြောက်က အခန်းတစ်ခုရှေ့ မှာ လူတန်းကြီး တမျှော်တခေါ် ကြိတ်ကြိတ်တိုးနေတဲ့ ထမင်းဆိုင် တဆိုင်ကို တွေ့ရတယ်။ တခါမှတော့ ဝင်မစားဘူးသလို ဘာတွေရောင်းသလဲ ဆိုတာလဲ သွားမကြည့်မိဘူး။ တရက်တော့ အတန်းထဲက သူငယ်ချင်းကို မေးတယ်။ ဘာကိစ္စနဲ့ ဒီလောက်တောင် လူတွေ တိုးနေတာလဲပေါ့။ စားသောက်ဆိုင်တွေ တက္ကသိုလ်ထဲ မှိုလိုပေါက်နေတာ ဒီဆိုင်ကျမှ ဒီလောက်တောင်  လူတိုးရသလားပေါ့။ ဒီတော့မှ သူရှင်းပြလို့ သိတာ။ ဒီနေရာက အလကားကြွေးတဲ့နေရာဆိုပဲ။ ပိုပြီး မှတ်သားလောက်စရာ ကောင်းတာက ဒီဆိုင်က ကျွေးတဲ့အစားအသောက်ဟာ အလွန် ကျန်းမာရေးနဲ့ ညီညွတ်ရုံမက တရိစ္ဆာန်နဲ့ ဆက်နွယ်နေတာ ဘာမှ မပါဘူးဆိုပဲ။
ကိုယ်ကြားတာ နားကြားများ လွဲနေသလားလို့။ ဘာလို့ အလကား ကျွေးရသလဲ။ နောက်မှ သိရတာက ဒီလိုအလကားကြွေးတဲ့နေရာမျိုး ကနေဒါက တက္ကသိုလ်၊ ကောလိပ်တိုင်းမှာ ရှိဆိုပဲ။ ကောလိပ်ကျောင်းသားတိုင်းကတော့ မစားပါဘူး။ လာစားသူတိုင်းကလဲ ကျောင်းက မဟုတ်ကြပါဘူး။ အပြင်လူတွေ အများကြီးတွေ့မိပါတယ်။


Colorful vegetables and fruits

Fresh vegetables and fruits at a farmer's market
အရောင်ရင့်တဲ့ အစားအသောက်တွေ
ဒါနဲ့ပဲ  ကိုယ်လဲ ဗေဂမ်စာကို စမ်းသပ်ပြီး ဝင်စားကြည့်မိပါတယ်။ ဗေဂမ်ဆိုင်က အစားက လက်စသတ်တော့ လုံးတီးဆန် နဲ့ ပဲ၊ အရောင်စုံနေတဲ့ အသီးအရွက်တွေကို အသုတ်သုတ်တာ ယူမလား၊ ကြော်ချက်ချက်တာ ယူမလား၊ အဲဒီလိုပေါ့။ ပဲဆိုရင်လည်း အခွံချွတ်ထားတဲ့ ပဲ လုံးဝ မဟုတ်ဘူး။ အခွံညို်ညို်တွေနဲ့ ပဲကို ဟင်းအရည်ဖြစ်အောင်ချက်ရင် ချက်၊ မချက်ရင် ဗယာကြော်လို ဖြစ်အောင် ကြော်။ အာဟာရ ပြည့်အောင် သဘာဝအတိုင်း စီမံထားတာတော့ အမှန်ပဲ။
တပန်းကန်လောက် စားလိုက်တာနဲ့တင် အတော်ဝသွားသလိုပဲ။ ခါတိုင်း ထမင်းဖြူနဲ့ မတူဘူး။
အနောက်တိုင်းသားမှန်သမျှ အသားစားသတ္တဝါလို့ သတ်မှတ်ထားခဲ့မသမျှ ဗေဂမ်စာ စားပြီးတော့မှ စိတ်ထဲက ကြိတ်ပြီး တောင်းပန်မိတော့တယ်။ ငါတို့ အရှေ့တိုင်းသားထက် သူတို့က ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားနိုင်ပါလားပေါ့။


အရောင်ရင့်လေ ဈေးပိုကြီးလေ
အဲဒီက စပြီးတော့ ကိုယ်လဲ အရောင်ရင့်စားသောက်ကုန်များကို စတင်ရှာဖွေပါတော့တယ်။ အရောင်ရင့်ဆိုလို့  လွယ်တယ်မထင်လေနဲ့။ အရောင်ရင့်တဲ့ စားသောက်ကုန်တွေဟာ အရောင်နုတာ တွေထက် ဈေး၂ဆလောက်ကြီး နေလို့ပါ။
ဥပမာ သကြားအညိုရောင် ဝယ်တဲ့အခါ အညိုရောင်ကို (၃)စားလောက် တွေ့ရပါတယ်။ အညို တွေထဲမှာမှ မှောင်နေတဲ့ အညိုရောင်က ဈေးအကြီးဆုံးပါ။ ငယ်ငယ်တုန်းက ဈေးထဲမှာ  သကြားဖြူနဲ့ ရောင်းတဲ့ မုန့်လက်ဆောင်းက ထန်းလျှက်ရည်နဲ့ ရောင်းတဲ့ မုန်လက်ဆောင်း ထက် ဈေးပိုပေးရတာ သတိရ မိသေးတော့။ အခုတော့ ဟိုတုန်းကနဲ့ တလွဲတွေ ဖြစ်နေပါရော့လား။ ဆန်ဆိုရင်လည်း  စပါးခွံချွတ်ရုံ ချွတ်ထားတဲ့ လုံးတီးဆန်စစ်စစ် က အခြားသော ဆန်များထက် ဈေးပိုကြီးပါတယ်။ အညိုရောင်များ ဈေးပိုပေးရတာ ကိုယ်နားလည်သလို တွက်ဆရမယ်ဆိုရင်တော့ နည်းပညာကြောင့် ထုတ်ကုန်မျိုးစုံ ထုတ်လုပ်လာနိုင်တယ်လို့ပဲ ပြောရပါမယ်။ ဥပမာ ဆန်ကနေ ထုတ်ယူလို့ ရတဲ့ ဆီ ဆိုပါစို့။ ဆန်က ထုတ်တဲ့ဆီကို ထိုင်း၊ ဂျပန် နဲ့ တရုတ်နိုင်ငံများ မှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။ (အဲဒီဆီက ကျန်းမာရေးနဲ့ ပိုညီညွတ်ဆိုပဲ။ ဝိကီပေးဒီယမှာ ဖတ်လိုက်ရတယ်။)
လုံးတီးဆန်ကို ကြာကြာ ထားကြည့်ပါ။ ဆီချေးစော် နံလာပါတယ်။ လုံးတီးဆန်မှာ မူလသဘာဝအတိုင်း ဆီအပါအဝင် အခြားသော အာဟာရဓါတ်များ ရှိနေတာကို ပြောတာပါ။ ဆန်အဖြူများကတော့ ဆီအပါအဝင် အခြားသော စားသောက်ကုန်များကို နည်းပညာသုံးပြီး ထုတ်လုပ်ပြီးသွားလို့   ကစီဓါတ်က လွဲ လို့  ဘာမှ မကျန်တော့သလောက် ဖြစ်နေလို့ ဈေးပေါနေရတာပါ။ သကြားညိုကလဲ မိုလက်စ် လို့ ခေါ်တဲ့ သကာရည်မည်းမည်းတွေကို စားသုံးသူ သပ်သပ် ရှိနေတာမို့ သကြားဖြူချက်ရင် အောက်ဆုံးက ကျန်တဲ့ အမည်းရောင်က ပိုပြီး ဈေးကြီးနေရတာပါ။ သကာရည်မည်းမည်းထဲမှာ သံဓါတ်ပါတယ်ဆိုပြီး လူတွေက ပိုကြိုက်ကြပါသတဲ့။

ရင့်သထက် ရင့်ရမယ် ဆိုရင်
ပန်းဂေါ်ဖီထုတ်အဖြူဆိုရင် လူတွေက သိတ်မစားချင်သလို ဖြစ်နေတော့ ဘရိုကိုလီလို့ ခေါ်တဲ့ အစိမ်းရင့်နဲ့ အဖြူစွတ်စွတ်အကြား အစိမ်းရောင်ဖန့်ဖန့် ပန်းဂေါ်ဖီကို ဖန်တီးပြီး ရောင်းတာကို တွေ့ရပါတယ်။ အစိုးရကတော့ လူတွေကို မရှိမဖြစ် စားသင့်တဲ့ ဘရိုကိုလီ အစိမ်းရောင်နဲ့  မုန်လာဥနီ အဝါရောင် တို့ကို ရာသီမရွေး ဈေးသက်သာအောင် လုပ်ပေးရှာပါတယ်။

တကယ်တော့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုတာဟာ သဘာဝက ဖန်တီးထားတဲ့အတိုင်း နေထိုင် စားသောက်တတ်မယ် ဆိုရင် ဖြစ်တာပါပဲ။ သဘာဝက ပေးထားတာတွေကို ကိုယ့် သဘောနဲ့ ကိုယ် စီမံပြောင်းလဲပစ်တော့မှသာ အားလုံး ကမောက်ကမ ဖြစ်ကြရတာပါ။ စာဖတ်သူများ ကျန်းမာရေးနဲ့ ညီညွတ် အောင် သဘာဝအတိုင်း စီမံဖန်တီးစားသောက်တတ်ပါစေ။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...