Saturday, May 14, 2011

ကျွန်တော် ကျောင်းဆရာ – 1 & 2

 (ဆရာ အောင်သင်း)

by Cho April on Monday, February 14, 2011 at 12:03am

ကျွန်တော် စာပေဟောပြောပွဲတွင် ပြောခဲ့သည်များကို စာအဖြစ် ပြန်ပြီး ရေးခဲလှပါသည်။ ကျွန်တော်၏ ဟောပြောချက်များကို အသံသွင်းခွေမှတစ်ဆင့် (ထုတ်ဝေသူများက) ကူးယူထုတ်ဝေသော စာအုပ်များတော့ ရှိခဲ့ဖူးပါသည်။ ထို့အတူ စာသင်ခန်းတွင် ကျောင်းသားတပည့်ငယ်များအား သင်ကြားပို့ချမိသည်တို့ကိုလည်း စာအဖြစ်ပြန်ပြီး ရေးခဲလှပါသည်။ ပြောခဲ့ရသည်မှာလည်း ကြိမ်ဖန်များလွန်းသောကြောင့် ကျွန်တော့်စိတ်တွင် ရိုးအီလာသည်ဖြစ်၍ စာအဖြစ်ချရေးချင်စိတ် ခေါင်းပါးသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ ရေးနေရင်း ဆရာဇော်ဂျီက ကျွန်တော့အကြောင်းကို ကျွန်တော့်သူငယ်ချင်းများအား ပြောပြသည်ကိုလည်း သတိရမိပြန်ပါသည်။ ကိုအောင်သင်းက သူပြောချင်တာတွေကို ရွာရိုးကိုးပေါက် လျှောက်ပြောနေလေတော့ ရေးချင်စိတ် ခန်းသွားတာမျိုး ဖြစ်နေတာကွဲ့။ ဒါကြောင့် စာရေးတာနည်းနေတာ တဲ့။

ယခု တစ်ပတ်တော့ဖြင့် ကျွန်တော့်တပည့်တွေကို စာသင်ခန်းတွင် ပြောမိလေ့ရှိသည့် အကြောင်းရှိပင် စာအဖြစ် ရေးလိုက်ရပါဦးမည်။
ကျွန်တော်က သူတို့ကို မေးပါသည်။
“လူနဲ့တိရစ္ဆာန် ဘယ်သူက သာသလဲ “
အားလုံး တညီတည်း “လူက သာပါတယ်”ဟု ဖြေလေ့ရှိပါသည်။
“နေရာတကာမှာ သာသလား”ဟု ဆက်မေးလိုက်သောအခါ တစ်တန်းလုံး ငြိမ်ကျသွားလေ့ရှိပါသည်။ သူတို့အားလုံး ငိုင်သွားလေ့ရှိပါသည်။ ကျွန်တော်က ဆက်ပါသည်။
“လူက ဆင်လောက် အားကောင်းသလား”
“မကောင်းပါဘူး”
“မြင်းလောက် အပြေးသန်သလား”

“မသန်ပါဘူး”
“ငါးလောက် ရေကူးတတ်သလား”
“မကူးတတ်ဘူး”
“ကျားသစ်လောက် သတ္တိကောင်းသလား”
“မကောင်းဘူး”
“ပျားတွေ ပုရွက်ဆိတ်တွေလောက် စည်းလုံးမှုကောင်းသလား”
“မကောင်းဘူး”
“ဒါဖြင့် တိရစ္ဆာန်အားလုံးထက် ဘယ်နေရာတွေမှာ သာသလဲ၊ စဉ်းစားကြစမ်း”
ထိုမေးခွန်းကို မေးလိုက်သောအခါတွင်တော့ဖြင့် အားလုံး ငြိမ်ကျသွားပြီး တစ်ယောက်တစ်ပေါက် အသိဥာဏ်၊ ပညာ၊ စသည်ဖြင့် သူတို့ ထင်ရာမြင်ရာတွေကို ပြေကြပါတော့သည်။ သူတို့အပြစ် မဟုတ်ပါ။ အလွန်လေးနက်သော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း တကယ်ဆိုတော့ ရေရေရာရာ သိခဲ့သည် မဟုတ်ပါ။ ခပ်ငယ်ငယ်က ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ဖူးသည်ကို သတိရနေသောကြောင့် ပြောလိုက်နိုင်ခြင်း ဖြစ်ပါသည်။ ထိုဆောင်းပါးရှင်ကိုပင် သတိမရတော့ သောကြောင့် မဖေါ်ပြလိုက်နိုင်သည်ကို စိတ်မကောင်းပါ။ မှတ်မိသလောက်မှာ ဘာသာပြန် ဆောင်းပါးဖြစ်ပါသည်။ ပညာရှင်ကြီးတွေက ရေးထားသည့် ဆောင်းပါးကို ဘာသာပြန်ထားခြင်း ဖြစ်ပေမည်ပေါ့။
ဘယ်တိရစ္ဆာန်ထက်မဆို လူကသာသည်မှာ သုံးမျိုးသာရှိပါသည်တဲ့။
ထိုအချက်တွေက-
(၁)     ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးခြင်း
(၂)     ကိုယ်ကျင့်တရားရှိခြင်
(၃)     အလှအပကို ခံစားဖန်တီးတတ်ခြင်း
ထိုသုံးချက်မှာတော့ဖြင့် ဘယ်တိရစ္ဆာန်မျှ လူကို မမီနိုင်တော့ပြီ။

ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးခြင်း
တိရစ္ဆာန်များမှလည်း ကျိုးကြောင်းဆင်ခြင်ဥာဏ်တော့ဖြင့် ထိုက်သင့်သလောက် ရှိသည်။ ခွေးတွေကို ဆပ်ကပ်သွင်းနိုင်သည်ကိုထောက်လျှင် ထိုအချက်မှာ ထင်ရှားသည်။ ထို့ပြင် အိမ်တွင် ဖြစ်သလို မွေးထားသော ခွေများပင် သူ ဘယ်နေရာမှာသာ နေရမည်၊ ဘယ်နေရာထိအောင် မသွားရဆိုတာတွေကို သိနေကြသည်။ ထို့ကြောင့် ကျိုးကြောင်းဆင်ခြင်ဥာဏ်ရှိသည်ဟု ဆိုနိုင်ခြင်း ဖြစ်ပါသည်။
စကားစပ်မိလာလိုက်ပြန်သောကြောင့် သတိရတာလေးတစ်ခုကို ကောက်ထည့်ရေးလိုက်ရပါဦးမည်။ ကျွန်တော် လူပျိုပေါက် ငယ်ဘ၀က ပျဉ်းမနားမြို့နယ် ကျေးလက်ပိုင်းတွင် ကြားခဲ့ရဖူးသော ဆင်တစ်ကောင် အကြောင်း ဖြစ်ပါသည်။ ဆင်ရိုင်း မဟုတ်ပါ။ သစ်ဆွဲ ဆင်ယဉ်ဖြစ်ပါသည်။ သူက ညဥ့်ဘက်လွှတ်လိုက်လျှင် တောထဲတောင်ထဲသွားပြီး ၀ါးပင်သစ်ညွှန့် တွေကို ရှာမစား။ လူတွေ စိုက်ပျိုးလုပ်ကိုင်ထားသော ယာခင်း လယ်ကွက်က သီးနှံကို လာလာပြီး စားလေ့ရှိသည်။ ယာရှင် လယ်ရှင်က အော်ကာဟစ်ကာ မောင်းထုတ်ရသည်။ သည်လိုကျပြန်တော့လည်း လူကို ရန်မူခြင်း မပြု။ သို့သော် တစ်ချိန်လုံး ဘယ်မှာ စောင့်နေနိုင်ပါမည်နည်း။ သူတို့အိပ်ချိန်လောက်တွင် အသာလာပြီး စားတတ်ပြန်သည်။ သည်တော့ ဆင်ပိုင်ရှင် နှင့် ဆင်ဦးစီးကို တိုင်ကြတောကြရပြန်သည်ပေါ့။
နောက်တော့ ဆင်ဦးစီးက ဒေါင်ဒေါင်ဒင်ဒင် အသံစွာစွာမြည်သော သံခေါင်းလောင်းတစ်လုံးကို လည်ပင်းတွင် ဆွဲထားပေးလိုက်သည်။ ဒီတော့ တိုးတိုးတိတ်တိတ် သွားလို့မရတော့ပြီ။  သွားလိုက်လျှင် လယ်ရှင် ယာရှင်က နိုးလာပြီး အော်လားဟစ်လား ခြောက်နိုင်လှန့်နိုင်သည်ပေါ့။ သည်အကောင်အတော်လေး အခက်ကြုံလာပြီပေါ့။
သို့သော် တစ်ပတ် ဆယ်ရက်လောက်ရှိတော့ ခေါင်းလောင်းသံ တစ်စက်မှမကြားဘဲ သူဝင်စားသွားသည့် ခြေရာလက်ရာတွေကို တွေ့လာရပြန်သည်။ ဒီတော့ ဆင်ပိုင်နှင့်ဆင်ဦးစီးကို တိုင်ကြပြန်သည်။ သူတို့လည်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။ နောက်တော့ သူ့အကြောင်းကို သိနေသည့် ဆင်ဦးစီးက မသင်္ကာသောကြောင့် သူ့လည်ပင်းက သံခေါင်းလောင်းကို သေချာစစ်ဆေးကြည့်သည်။ လားလား ဒီတော့မှ ခေါင်းလောင်းထဲတွင် ရွှံ့ခြောက်အစအနတွေကို သွားတွေ့သည်။ ငနဲက ခေါင်းလောင်းထဲတွင် ရွှံ့တွေဆို့ပြီး လှုပ်ရှားနေသည်ကိုး။ ပြီးတော့မှ ခေါင်းလောင်းထဲက ရွှံ့ကို နှာမောင်းဖြင့် ရေမှုတ်ဆေးပစ်သည်။ သို့သော် လည်ပင်းအောက်က ခေါင်းလောင်းကို မမြင်ရလေတော့ ရွှံ့ခြောက်တွေက ကပ်ကျန်နေရစ်သည်ပေါ့။ နောက်ပိုင်းတော့ဖြင့် ဘယ်လိုစီမံကြသည်ကို ကျွန်တော် မမှတ်မိတော့။ ကျွန်တော်ကတော့ လူငယ်ဘ၀ ခေါင်းလောင်းထဲ ရွှံ့ပိတ်သည်ကို ကြားရသည်နှင့်ပင် အလွန်နှစ်ခြိုက်စွာ ရယ်မောခဲ့မိသည်ကို သတိရနေပါသေးသည်။
ထိုသို့သော တိရစ္ဆာန်တို့၏ အသိဥာဏ်ကို ပညာရှင်များက (Animal Wisdom) တိရစ္ဆာန်လိမ္မာမှု ဟု ခေါ်တတ်ကြပါသည်။ ထိုသို့သော ဖြစ်ရပ်ကလေးတွေ အတော်များများကို ကျွန်တော် ဖတ်ရှုမှတ်သားဖူးပါသည်။ သို့သော် ဆောင်းပါး ရှည်လျားလွန်းမည်စိုးသောကြောင့် မရေးလိုက်တော့ပါ။
မရေးတော့ပါဟု ဆိုရင်းကပင် မရေးဘဲ မနေနိုင်အောင်မြင်လာသောကြောင့် တိရစ္ဆာန်တို့၏ အသိဥာဏ် (animal intelligence) အကြောင်းကို ရေးလိုက်ချင်ပါသေးသည်။ ကျွန်တော်ခပ်ငယ်ငယ် (လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်လောက်က) မဂ္ဂဇင်းတစ်စောင်တွင် ဖတ်ခဲ့ရသော သစ်တောဘက် အရာရှိတစ်ဦးရေးသည့် ဆောင်းပါးကို ယခုတိုင် မှတ်မိနေပါသည်။
သစ်ထုတ်လုပ်ရေးတွင် ဆင်တို့၏ အရေးပါပုံကို တင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ တောင်ပေါ်တောစွယ်တွင် ကျွန်းပင်ကြီးများကို ခုတ်လှဲကြရသည်။ လမ်းမရှိ ပန်းမရှိတောင်စွယ်တွင် သင်းသတ်ခုတ်လှဲထားသည့် သစ်လုံးတွေကို ယမားချောင်းကျယ်ကြီးများရှိရာသို့ ဆင်နှင့်ဆွဲကြရသည်။ မိုးကျလာလို့ ချောင်းရေကြီးလာမှ သစ်တွေကို ချောင်းရေတွင် မျှော ကြရသည်။ ထိုအခါတွင်လည်း ချောင်းရေစီးတွင် အလိုက်သင့်မျောပါအောင် ဆင်များကိုပင် အသုံးပြုကြရသည်။
ချောင်းရေနှင့်မျောလာသော သစ်လုံးများကို ချောင်းအောက်ဘက် ရေစီးသာသော ဆိပ်ကမ်းကောင်းသည့် သစ်ဆိပ်ရောက်မှ ဆင်များနှင့် ဖမ်းယူကမ်းတင်ရသည်။ ထိုသစ်ဆိပ်ကမှ ဆင်နှင့်ဆွဲ၊ ကျွဲနှင့်ရုန်း စသည်အားဖြင့် သစ်တိုက်ကားပေါ်တင်၊ ရထားလမ်းရှိရာ၊ ဖောင်ဖွဲ့ရန် မြစ်ဆိပ်ရှိရာ စသည်တို့သို့ သစ်လုံးများကို ပို့ပေးကြရသည်။
ကျွန်တော် ပြောချင်သည်က “ရေလိုက်ကောင်းသော ဆင်”များအကြောင်း ဖြစ်ပါသည်။ မိုးမကျမီ (ချောင်းရေမကျလာမီ) သဲပြင်တွင် ချထားသော သစ်လုံးများမှာ ချောင်းရေနှင့်အလိုက်သင့် မျောပါသွားရမည်ဖြစ်ပါသည်။ ဆင်များကိုပဲ အသုံးပြုကြရသည်။
သို့သော် တစ်ခါတစ်ရံတွင် သစ်လုံးကြီးများ တစ်လုံးနှင့်တစ်လုံး တိုးဝှေ့ယှက်တင်ပြီး ဒိုက်ပုံ ဖြစ်သွားတတ်သည်။ ဒိုက်ပုံ ဖြစ်သွားလျှင်တော့ ရေစီးတွင် မမျောတော့ပါ။ မိုးပြတ်လို့ ချောင်း မရှိတော့လျှင် သစ်လုံးဒိုက်ပုံကြီးကို ဖြိုလို့ မရနိုင်တော့ပြီ။ ထို့ကြောင့် ချောင်းရေစီးသန်ခိုက်မှာပင် သစ်လုံးဒိုက်ပုံကို ဖြိုချရသည်။ ဒီအခါတွင်မှ ရေလိုက်ကောင်းသော ဆင် ၏ စွမ်းရည်နှင့် အသုံးဝင်ပုံက ထင်ရှားလာသည်။
တဟဲဟဲစီးဆင်းနေသော ချောင်းတွင်းသို့ ဆင်းကာ ဒိုက်ပုံကို ဖြိုရတော့မည့် အန္တရာယ်ကြီးလှသောကြောင့် ဆင်ဦးစီး သည်ပင်လျှင် ဆင်ဦးမှာ မစီးဝံ့တော့ဘဲ ကမ်းပေါ်ကလှမ်းပြီး အောက်ကာဟစ်ကာ အမိန့်ပေးနေရသည်။
ဒိုက်ပုံကို ဖြိုရသည်မှာ အန္တရာယ်ကြီးလှသောကြောင့် ဆင်ကလည်း ကောင်းကောင်းသိသည်။ ထို့ကြောင့် ရေစီးတဟဲဟဲတွင် ကြံ့ကြံ့ခံနေသည်၊ သစ်လုံးဒိုက်ပုံအနီးသို့ နှာမောင်းဖြင့် သေချာစမ်းသပ်သည်။ မည်သည့်သစ်လုံးက အခရာနည်း။ မည်သည့်နေရာက သော့ချက်ဖြစ်သနည်း။ ထိုသစ်လုံးကို ဆွဲချရမည်လား၊ တွန်းထိုးရမည်လား၊ ဆွဲမရမည်လား၊ ဖိနှိပ်ရမည်လား စူးစမ်းရသည်။
တွေ့ပြီဆိုတော့မှ ထိုသစ်လုံးကို နှာမောင်းနှင့်မ၊ အစွယ်နှင့်နှိပ် စသည်ကို ပြုလုပ်ရမည်။ ဒိုက်ပုံပြိုတော့မည့် လက္ခဏာ ပြလာလျှင် ပိုပြီး သတိထားရသည်။ ဧရာမသစ်လုံးကြီးများ ပြိုကျလာလျှင် ဆင်လည်း သစ်လုံးတွေကြားထဲ ညပ်ပြီး မကူးသာ မခတ်သာ ချောင်းရေစီးတွင် မျောပါသွားနိုင်သည်။
ထို့ကြောင့် ဒိုက်ပုံပြိုတော့မှာ သေချာသည်နှင့် တစ်ပြိုင်နက် ဆင်က ကမ်းဘက်သို့ ပြန်ပြေးတော့သည်။ ဒိုက်ပုံထဲက တစ်လုံးပြိုဆင်းသည်။ ထို့နောက် တစ်လုံး၊ နောက်တစ်လုံး၊ ဤသို့နှင့် ဒိုက်ပုံဖြိုယူရသည်။
ထိုဆင်ကို ရေလိုက်ကောင်းသော ဆင် ဟုခေါ်ကြသည်။ ဆင်၏အမြင့်ကို ပေတိုင်းပြီး အဖိုးသားနား သတ်မှတ်လေ့ ရှိကြရာ သာမန်အားဖြင့် ဆင်၏ အမြင့် ၁ပေကို တစ်သိန်းဆိုကြပါစို့၊ ရေလိုက်ကောင်းသော ဆင်မှာ တစ်ပေကို တစ်သိန်းခွဲစသည်ဖြင့်  တန်ဖိုးပိုမြင့်သည်ဟု ဆောင်းပါးရှင်က ရေးသားတင်ပြထားပါသည်။
ထိုဆောင်းပါး၏ တင်ပြချက်များကို ထောက်ကြည့်လိုက်လျှင် ရေလိုက်ကောင်းသော ဆင်၏ ကျိုးကြောင်းရှာဖွေ စူးစမ်းတတ်မှုမှာ အံ့သြလောက်အောင်ပင် ထက်မြက်ကြောင်း သိသာနေပါသည်။
ကျွန်တော်ဆိုလိုသည်က တိရစ္ဆာန်များမှာလည်း ကျိုးကြောင်းဆင်ခြင်ဥာဏ် ထိုက်သင့်သလောက် တော့ရှိသည်ဟု တင်ပြလိုခြင်းမျှသာဖြစ်ပါသည်။

ကိုယ်ကျင့်တရားရှိခြင်း
ကိုယ်ကျင့်တရား ဆိုသည်ကတော့ တိရစ္ဆာန်တွင် မရှိကြတော့ပါ။ အထူးသဖြင့် တောရိုင်းတိစ္ဆာန်တို့တွင် ဘာကိုယ်ကျင့်တရားမျှ မရှိပါ။ တောရိုင်းတိရစ္ဆာန်ကို မပြောနှင့်ဦး၊ ရှေ့တွင် ပြောခဲ့သည့် ဆင်ယဉ်ပင်လျှင် ယာခင်းလယ်ကွက်ကို ခိုးစားနေခဲ့သည် မဟုတ်လား။
ငါးအသေးလေးတစ်ကောင်ကိုတွေ့လျှင် ငါးကြီးက စားလိုက်မည်သာ ဖြစ်သည်။ ကျားက သမင်တစ်ကောင်ကို တွေ့လျှင် ကိုက်စားလိုက်မည်သာ ဖြစ်သည်။ ထိုသမင်မမှာ သားငယ်သမီးငယ်တွေ ရှိနေသေးသလား။ ဒါသူ့အလုပ် မဟုတ်။ ကိုယ်ချင်းစာနာစိတ်၊ ထောက်ထားညှာတာစိတ် သူ့မှာ ပေါ်မလာနိုင်။ ကိုယ်ကျင့်တရားဆိုတာ သူတို့မှာ မရှိနိုင်။
ကျွန်တော်တို့ လူတွေမှာတော့ဖြင့် တစ်ဘက်သားအား ကိုယ်ချင်းစာနာစိတ်၊ ထောက်ထားစာနာစိတ်၊ ညှာတာစိတ် ဆိုတာတွေ ရှိကြရသည်။ ထိုထိုသောစိတ်မျိုး ကင်းမဲ့သည့် လူသားများကော မရှိဘူးလားဟု စာဖတ်သူက မေးစရာရှိပါသည်။ ရှိနိုင်ပါသည်။ လူသည် တိရစ္ဆာန်စိတ်နှင့် ဆင်ခြင်ဥာဏ်တွဲနေသော သတ္တ၀ါဖြစ်သည် ဟု ဒဿနပညာရှင်များက  ဆိုမိန့်သည်ကို ကျွန်တော်မှတ်သားရဖူးပါသည်။ တိရစ္ဆာန်စိတ်များနေသော သူများတွင် ထိုကဲ့သို့ ဖြစ်လာနိုင်ကြောင်း၊ ဖြစ်လာတတ်ကြောင်း ကျွန်တော်တို့က သိနေရမည် ဖြစ်ပါသည်။



ဆက်ချင်ပါသေးသည်။

From  : http://aungthin.com/2011/02/09/%E1%80%80%E1%81%BD%E1%82%8A%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%9B%E1%80%AC-1/

ကျွန်တော် ကျောင်းဆရာ – 2

Posted on February 10, 2011 by အောင်သင်း
<!-- .entry-meta -->ကျွန်တော် ကျောင်းဆရာ ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော်၏ တပည့်ကျောင်းသားငယ်များအား ကျွန်တော် သင်ကြားခဲ့သည်များကို ပြန်လှန်ရေးသားနေမိပါသည်။ စာဖတ်သူက ကျွန်တော့အား “အောင်သင်းက ငါတို့ စာဖတ်သူတွေကို လာပြီး ဆရာလုပ်နေတာလား”ဟု အပြစ်တင်လျှင်လည်း ခံရပါတော့မည်။ ခွင့်လွှတ်သည်းခံကြရန် တောင်းပန်ပါသည်။ သို့သော် ဖတ်လာရင်း ကျွန်တော်၏ စေတနာကို သိလာကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။
ယခင်တစ်ပတ်က ကျောင်းသားငယ်များနှင့် ဆွေးနွေးပြောဆိုကြရာတွင် လူနှင့် တိရစ္ဆာန် နှိုင်းယှဉ်ကြည့်လိုက်လျှင် တိရစ္ဆာန်များက လူထက်သာသော အချက်များစွာ ရှိကြောင်း၊ မည်သည့်တိရစ္ဆာန်ထက်မဆို လူကသာသော အချက်မှာ သုံးချက်သာ ရှိကြောင်း၊ ထိုအချက်များမှာ (၁) ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးခြင်း၊ (၂) ကိုယ်ကျင့်တရားရှိခြင်း၊ (၃) အလှအပကို ခံစားဖန်တီးတတ်ခြင်း တို့ဖြစ်ကြောင်းကို ရေးခဲ့ပါသည်။ ယခင်တစ်ပတ်က တိရစ္ဆာန်များမှာ ကိုယ်ကျင့်တရားဟူ၍ မည်မည်ရရ မရှိကြောင်းကို ရေးခဲ့ပါသည်။ ယခုတစ်ပတ်မှာတော့ဖြင့် အလှအပ ခံစားဖန်တီးမှု အကြောင်းကို ပြန်လည်တင်ပြပါမည်။
(ကျောင်းသားငယ်များအား သင်ကြားရာတွင် သူတို့အား မေးခွန်းများမေး၍ သူတို့ကိုယ်တိုင် စဉ်းစားစေပြီးမှ ကျွန်တော်က ရှင်းလင်းပြောဆိုလေ့ရှိပါသည်။)
“တိရစ္ဆာန်တွေဟာ အလှအပကို ခံစားတတ်သလား၊ ဖန်တီးနိုင်စွမ်းရှိသလား”
“မခံစားတတ်ဘူး၊ ခံစားတတ်တာပေါ့၊ ငှက်တွေဟာ သာသာယာယာမြည်တတ်တယ်၊ ဒေါင်းတွေလဲ ကတာပဲ”
ဤသို့လျှင် တစ်ယောက်တစ်ပေါက်ဆိုသလို ပြောကြ၊ ငြင်းကြနှင့် ပျော်စရာကောင်းပါသည်။ ကျွန်တော်ကလည်း သူတို့ ပြောကြဆိုကြသည်ကို အသာနားထောင်နေမိပါသည်။ ပြီးမှ ကျွန်တော်က-
“အေးကွ-ငါလဲ ကောင်းကောင်းမသိပါဘူး။ တောထဲမှာ မြွေမှုတ်သံတို့ ဘာတို့ကြားရင် ငှက်တွေက နားစိုက်ထောင်တတ်တယ်လို့တော့ ပြောကြတယ်။ ဒါပေမဲ့ ပြွေသံရဲ့ သာယာပုံကို အရသာခံတာလား၊ ထူးထူးဆန်းဆန်း အသံမို့ နားစွင့်တာလားဆိုတာကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။ ငါ ခပ်ငယ်ငယ်က ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရဖူးတာကို သတိရလို့ ပြောလိုက်ရဦးမယ်။ ပန်းမန်သီးနှံဥယျာဉ်တွေထဲမှာ သာယာနာပျော်ဖွယ် ငြိမ့်ညောင်းတဲ့ ဂီတသံကို တီးမှုတ်ပေးရင် သီးနှံပန်းမန်တွေ ပိုပြီးဖွံ့ဖြိုးတယ်ဆိုပဲ။ ဆိုလိုတာက သက်မဲ့ဖြစ်တဲ့ သစ်ပင်ပန်းပင်များတောင် ဂီတအရသာကို ခံနိုင်စွမ်းရှိတယ်ပေါ့။ ဘယ်လောက်မှန်သလဲတော့ ငါလဲ မသိဘူး။ မင်းတို့ကတော့ မြင်ဖူးမှာ မဟုတ်ူး။ ငါတို့ အညာဘက်မှာ စာဘူးတောင်းလို့ခေါ်တဲ့ စာကလေးတွေ ရှိတယ်။ သူတို့က မြက်ပင်တွေကို ရက်ပြီး အသိုက်လုပ်လေ့ရှိတယ်။ မင်းတို့နားလည်အောင်ပြောရရင် အဲဒီမြက်သိုက်က စစ်သားသိုးမွေးခြေအိတ်လို ပုံသဏ္ဍန်ဆိုပါတော့ကွယ်။ အဲဒါကို သစ်ပင်ကြီးတွေရဲ့ ကိုင်းမှာ တွဲလဲချိတ်ထားတတ်တယ်။ အံသြစရာကောင်းတာက သူတို့ဟာ တစ်ခါတစ်ရံမှာ ပိုးစုန်းကြူးတွေကို ဖမ်းပြီး သူတို့အသိုက်မှာ ရွှံ့နဲ့ကပ်ထားတတ်တတယ်။ ပိုးစုန်းကြူးကလဲ မှိတ်တုတ်မှိတ်တုတ် လင်းနေတာပေါ့။ ငါတို့က ခပ်ငယ်ငယ်ဆိုတော့ အသိုက်မှ မီးထွန်းထားတယ်လို့ ပြောကြတာပေါ့။ အဲဒါဟာ အလှကို ခံစားတာလား၊ ထူးထူးဆန်းဆန်း သတ္တ၀ါမို့ ကပ်ထားတာလား မပြောနိုင်ဘူး။
“နောက်ပြီး ဒေါင်းဖိုတွေက ဒေါင်းမကို လူပျိုလှည့်တဲ့အနေနဲ့ အမြီးကို ဖြန့်ကာယးပြီး ကပြတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကမ္ဘာကျော် ဒဿနပညာရှင်ကြီး ဘာထရမ်းရပ်ဆယ် က ကျုပ်လဲ ဒေါင်းမရှေ့မှာ ဒေါင်းဖိုက အမြီးဖြန့် ကပြနေတာကို သတိထားကြည့်မိဖူးပါတယ်။ ဒေါင်းမက တငေးတမော ကြည့်နေတာ မဟုတ်ပါဘူး။ အမှတ်မထင်ပါပဲ။ ဘာမှ မထူးခြားလှပါဘူး လို့ပြောဖူးတယ်။ ကျီးကန်းတွေ အတောင်အလက်တေါကို သပ်ရပ်အောင် နှုတ်သီးနဲ့ သင်နေတာကိုလဲ တွေ့ဖူးမှာပေါ့။ အဲဒါကလဲ မင်းတို့ ခေါင်းဖြီးသလို လှအောင်ပအောင် လုပ်နေတာ မဟုတ်ဘူး။ အတောင်ခတ်တဲ့အခါမှာ လေမပေါက်အောင် လုပ်နေကြရတာ။ ဒီတော့ တိရစ္ဆာန်တွေဟာ အလှအပကို ခံစားနိုင်သလား၊ မခံစားနိုင်ဘူးလားဆိုတာဟာ ပုံသေမပြောနိုင်ပါဘူး။
“ထားလိုက်ပါတော့ကွယ်၊ ကဲ-တိရစ္ဆာန်နဲ့လူ ဘယ်သူက ပိုပြီး အလှအပကို ခံစားနိုင်ပါသလဲ”
“လူ ၊ လူ”
ဤမေးခွန်းကိုတော့ဖြင့် တညီတညွှတ်တည်း ပြိုင်တူဖြေကြပါသည်။
ကျွန်တော်စဉ်းစားကြည့်မိသည်။ မြေပြင်ပေါ်ရှိ သတ္တ၀ါများအနက် လူသတ္တ၀ါတစ်မျိုးသည်သာလျှင် အလှအပကို ခံစားတတ်သည်၊ ဖန်တီးလိုစိတ်လည်း ရှိသည်။ ဖန်တီးခြင်းလည်း ရှိသည်။ ထိုစွမ်းရည်ပင်လျှင် လူတို့ကို ဒုက္ခအပေးဆုံးလည်း ဖြစ်သည်ဟု ထင်နေမိပြန်သည်။ လူသတ္တ၀ါသည် မိမိသုံးစွဲကိုင်ဆောင်သော ပစ္စည်းကို ဖန်တီးနိုင်စွမ်းရှိသည့်အချိန်မှစ၍ လှစေရန် ဟူသော စေတနာကပ်ပါလာခဲ့သည်ဟု ပညာရှင်များက ဆိုကြပါသည်။
တွေးလိုက်တိုင်း ထိုစကားကို ကျွန်တော် သဘောတူမိသည်။ ကမ္ဘာဦးလူသားတို့သည် အသွင်စုံရောင်စုံလှပသော ပန်းပွင့်များကို နှစ်သက်ကြမည်မှာ အမှန်ဖြစ်သည်။ ယနေ့ထက်တိုင် ကမ္ဘာပေါ်တွင် လူမျိုးဘာသာ ဓလေ့ထုံးစံအရ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အခြားနေရာများတွင် မတူညီ ကွဲပြားကောင်း ကွဲပြားနိုင်သော်လည်း လူမျိုးဘာသာမရွေး မြတ်နိုးနှစ်သက်ကြသည်မှာ ပန်းအလှဖြစ်သည်။ မြတ်နိုးသည့် ပန်းအမျိုးအစား ကွဲပြားကောင်း ကွဲပြားမည် ဖြစ်သော်လည်း မိမိတို့ အမြတ်နိုးဆုံးဖြစ်သည့် ကိုးကွယ်ရာ ဘုရား၊ နတ် စသည်တို့ကို ပန်းနှင့် ပူဇော်ကြသည်။ လူအချင်းချင်းလည်း ပန်းစည်းဆက်သည်၊ ပန်းကုံးစွပ်သည်။ ပန်းခြင်းပို့သည်။ ပန်းခွေချသည်။
ကမ္ဘာဦးခေတ်တွင် ကျောက်လက်နက်ကို အသုံးပြုခဲ့ကြသောကြောင့် ကျောက်ခေတ်ဟုခေါ်သည်။ ထိုကျောက် လက်နက်ကိုပင် အရောင်အသွေး လှပသော ကျောက်ကို ရွေးကြလိမ့်ဦးမည်မှာ အမှန်ဖြစ်သည်။
အလှအပကို ခံစားနိုင်သော၊ ဖန်တီးနိုင်သော စွမ်းရည်ပင်လျှင် လူတို့ကို ဒုက္ခအပေးဆုံးထင်သည်ဟု အထက်တွင် ဆိုခဲ့ပါသည်။ ကျွန်တော်ဆိုခဲ့သော စကား သင့်မသင့် ဆင်ခြင်ရန် တင်ပြလိုပါသည်။ အမြင်သာဆုံးကို ပြောလိုက်ရလျှင် အ၀တ်အစားဆင်ယင်မှုပင် ဖြစ်ပါသည်။ ခြေဖျားက ခေါင်းဖျားအထိ၊ ဖိနပ်မှ ဆံထိုးအထိ အလှအပ မွမ်းမံနိုင်ရန် ကြိုးစားနေကြရသည်မျာ အမောတကော ဖြစ်နေပါတော့သည်။ ထိုစိတ်ကို နှိုးဆွပေးနိုင်ရန် အထျည်စက်ရုံတွေကလည်း အရောင်အသွေးအမျိုးမျိုး၊ အဆင်အမျိုးမျိုးကို ကြိုးပမ်းထုတ်လုပ်ရ၀သည်မှာလည်း အမောတကော ဖြစ်နေရပြန်သည်။ ကျွန်တော်တို့ (အထူးသဖြင့် အမျိုးသမီးတွေ) အ၀တ်သစ်အစားသစ် ၀ယ်သည်မှာ ရှိပြီးသား အ၀တ်အစားကို ဟောင်းနွမ်းစုတ်ပြတ်သောကြောင့်မဟုတ်။ ပို၍ လှပဆန်းသစ်သော အ၀တ်အဆင်ကို မက်မောသောကြောင့် ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် သေသွားသည့်အခါမှာပင် မီးသင်္ဂြီုဟ်တော့မည့် အလောင်းကိုပင် လှအောင်ပအောင် ပြင်ဆင်တတ်ကြသည်။
အ၀တ်အဆင်ကိုသာ အလှအပ မွမ်းမံသည် မဟုတ်၊ အစားအသောက်ကိုလည်း အလှအပ မွမ်းမံကြပြန်သည်။ ထမင်းဟင်းချက်ပြုတ်သည်မှာ စားရန်ဖြစ်သည်။ လျှာအရသာတွေ့ရန် ဖြစ်သည်။ သို့သော် မျက်စိက အရသာခံချင်ပြန်သေးသည် ။ အရောင်အသွေးကလေး ၀င်းဝင်းဝါ၀ါ၊ နီနီရဲရဲ စသည်ဖြင့် လှအောင် ဖန်တီးကြပြန်သည်။ ထိုမျှမက စားပွဲလှအောင် ပြင်လိုက်ဆင်ရသည်မှာလည်း အမောတကော ဖြစ်နေပါတော့သည်။
စကားပြော ချိုသည်သည်မဆိုခြင်းမှာ အသံ၏ အလှ၊ စကားအသုံးအနှုန်း၏ အလှကို ဆိုလိုခြင်းဖြစ်သည်ဟု ကျွန်တော် နားလည်မိပါသည်။ အတွင်းစိတ် သဘောစေတနာကကောင်းလို့ဟု ဆင်ခြေပေးလျှင် ကျွန်တော်အပြည့်အ၀ သဘောမတူနိုင်ပါ။ နှုတ်မှာ ပျားသကာ၊ နှလုံးမှာ မြားပမာ ဆိုတာမျိုး ရှီနေနိုင်သည် မဟုတ်ပါလား။
နောက်တစ်ဆင့် တက်လိုက်တော့ ဆို၊ က၊ ရေး၊ တီး စသော ဂီတ အနုပညာ၊ ပန်းချီ ပန်းပုပညာဆိုတာတွေထိအောင် ရောက်သွားပါလေတော့သည်။ အားလုံး အလှအပ ခံစားမှု၊ အလှအပ ဖန်တီးမှုတွေသာ ဖြစ်သည်ဟု ဆိုလိုက်ချင်ပါသည်။
ယခုအခါတွင် အလှပြင်ဆိုင်များမှာ တောကျေးလက်များတိုင်အောင် ခရီးပေါက်နေပါပြီ။ အမျိုးသမီး ကြီး-ငယ်-ရွယ် တို့နျင့် သက်ဆိုင်ပါသည်ဟု ဆိုလျှင် ကျွန်တော် မငြင်းပါ။ သို့သော်-
စာဖတ်သူလက်တွင် ကိုင်ထားသည့် စာစောင်ကို ကြည့်လိုက်စမ်းပါ။ မျက်နှာဖုံးကအစ ကြည့်လိုက်စမ်းပါ။ အဆင်အပြင် အားလုံးကို ကြည့်လိုက်စမ်းပါ။ ကြော်ငြာတွေကို ကြည့်လိုက်စမ်းပါ။ အားလုံးကို ပန်းချီဆရာ၊ ဒီဇိုင်းဆရာ စသည့် စာစောင်အလှပြင်ဆိုင်တွေက လုပ်နေတာပဲ ဖြစ်ပါသည်။
ထိုထိုသော အကြောင်းတွေကြောင့် အလှအပ ခံစားနိုင်သော၊ ဖန်တီးနိုင်သော စွမ်းရည်က လူတွေကို ဒုက္ခအလွန်ပေးသည်ဟု ကျွန်တော်ဆိုခဲ့မိခြင်း ဖြစ်ပါသည်။
စာသင်ခန်းတွင် ကျွန်တော်က ကျွန်တော်၏ ဆံပင်ကလေးကို လက်နှင့်သပ်ပြလိုက်၊ ကျောင်းသူကလေးများ၏ ဆံပင်ပုံစံအမျိုးမျိုးကု လက်ညှိးညွှန်ပြလိုက် လုပ်ပြီး-
ဘယ်တိရစ္ဘာန်မှ ကိုယ့်အမွေးနဲ့ပတ်သက်ပြီး ငါတို့လောက် အလုပ်ရှုပ်မခံဘူးကွ ဟု ပြောလိုက်သောအခါ သူတို့တစ်တွေ တ၀ါးဝါးနှင့် အားရပါးရ ရယ်မောလေ့ရှိကြပါသည်။

From : http://aungthin.com/2011/02/10/%E1%80%80%E1%81%BD%E1%80%BC%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%9B%E1%80%AC-2/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...