Tuesday, May 24, 2011

( ၀ိညာဉ်ဇာတ်လမ်း ) မိုးသည်းထဲက ကောင်မလေး

ခင်ချောစုယဉ် ဆိုသော အမည်တွင် ....နောက်ဆုံး စာလုံးပေါင်းနှစ်ခုမှာ
စုယဉ်လား၊ ဆုယဉ်လား၊ စုရင်လား၊ ဆုရင်လား ဟူသော အမည်မှန်ကို မမှတ်မိတော့ပါ။
ဒီဇာတ်လမ်းဟာ လွန်ခဲ့သော နှစ်(၂၅) ကျော် အချိန်ခန့်က မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သော အသံလွှင့် ဇာတ်လမ်းလား၊
ဝတ္တုတစ်ပုဒ်လား၊ ရုပ်ရှင်ရော ရှိသေးလား၊ ဒဏ္ဍာရီ ဆန်ဆန် ယုံတမ်းစကား တစ်ခုလား မပြောတတ်ပါ။
လူအများစုရဲ့ နူတ်ဖျားမှာ စွဲပြီးကျန်ရစ်ခဲ့ပါတယ်။


မှတ်မိသလောက် ဒီဇာတ်လမ်းထဲမှာ ….
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ ညနေခင်းတစ်ခု။
ဆရာဝန်တစ်ဦးဟာ အလုပ်ကိစ္စတစ်ခုကနေ သူ့ကိုယ်ပိုင်ကားကို မောင်းနှင်ပြီး အိမ်ကိုအပြန်။
ရန်ကုန် ကန်တော်ကြီးစောင်း ပန်ကန်လုံးကျွန်း ထိပ်ဝရဲ့ ကားလမ်းနံဘေးကို ရောက်တော့
မိုးရေထဲမှာ ထီးမပါဘဲ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ မိန်းကလေးတစ်ဦးကို တွေ့ရပါတယ်။
အဲဒါနဲ့ ဆရာဝန်ဖြစ်သူလည်း သူ့ကားကို မိန်းကလေးနံဘေး ထိုးရပ်ပြီး အိမ်အထိ လိုက်ပို့ပေးမယ်လို့ ကမ်းလှမ်းပါတယ်။
ဒီလိုနဲ့ အဲဒီ မိန်းကလေး ကားပေါ်ရောက်လာတော့ ချမ်းလွန်းလို့ တုန်နေဆဲပါ။

ဆရာဝန်ဖြစ်သူက သူ့ဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို ချွတ်ပြီး ချမ်းနေရှာတဲ့ မိန်းကလေးဝတ်ဖို့ ပေးပါတယ်။
ကားပေါ်မှာ အနီးကပ်ကြည့်လိုက်တော့ မိန်းကလေးငယ်ဟာ ချောချောမောမော သန့်သန့်ပြန့်ပြန့်လေးပါ။
ဆရာဝန်ဖြစ်သူက သူမ နေထိုင်ရာ ခြံဝအထိ လိုက်ပို့ခဲ့ပါတယ်။
ကားပေါ်က ဆင်းခါနီး သူ့နာမည် ခင်ချောစုယဉ် ဖြစ်ကြောင်း၊ လမ်းကြုံရင် အလည်လာဖို့နဲ့ ကျေးဇူးများစွာတင်ကြောင်း ပြောသွားပါတယ်။

ဆရာဝန်လည်း သူ့ကူညီမှုအတွက် ပီတိဖြစ်စွာနဲ့ အဲဒီခြံဝကနေ ပြန်လာခဲ့တယ်။
အိမ်မရောက်ခင် မီးပွိုင့်တစ်ခုမှာ မီးနီမိတော့ မိုးရေထဲ ဖြတ်သွားသူတွေကို လျှောက်ကြည့်မိပါတယ်။
ရုတ်တရက် သူ သတိရလိုက်တာက သူ့ရဲ့ ဂ်ာကင္အက်ႌပါ။
အဲဒီအက်ႌ အတွင်းအိတ်ထဲမှာ သူ့ရဲ့ ဆရာဝန်ကဒ်ပြားတချို့ ထည့်ထားနေကြပါ။
သို့ပေမဲ့ ဂျာကင် ပြန်ယူဖို့ ကားကို နောက်ပြန် မလှည့်ခဲ့ပါဘူး။
နောက်နေ့ကျမှ သွားယူလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

နောက်တနေ့ ညနေစောင်းမှာ အဲဒီခြံဆီ သူ ရောက်ခဲ့ပါတယ်။
ခြံထိပ်ဝ က လူခေါ်ခေါင်းလောင်းနှိပ်အပြီး လူတစ်ယောက် ထွက်လာပါတယ်။
“မခင်ချောစုယဉ် ရှိပါသလား၊ ကျနော် သူနဲ့ တွေ့ချင်လို့ပါ” လို့ မေးလိုက်တော့ ခြံထဲက ထွက်လာသူက …
“ခင်ဗျား စိတ်ရော ကောင်းသေးရဲ့လား” လို့ပြောပြီး သူ့ကို စိုက်ကြည့်နေပါတယ်။
မနေ့က အဖြစ်အပျက်တွေကို ပြောပြတော့ ခြံထဲက အိမ်ဆီ ခေါ်ဆောင်သွားပါတယ်။
ခြံပိုင်ရှင် လင်မယားကို မနေ့က ဒီခြံအ၀အထိ မိန်းကလေးတစ်ဦးကို သူ လိုက်ပို့ခဲ့ကြောင်း၊
အဲဒီမိန်းကလေးကို ကန်တော်ကြီးစောင်း မိုးရေထဲမှာ စ’တွေ့ခဲ့ကြောင်း၊
သူမဟာ ချမ်းလို့ တုန်နေတာကြောင့် သူ့ဂျာကင် အင်္ကျီချွတ်ပြီး ၀တ်ဖို့ပေးခဲ့ကြောင်း၊
အဲဒီဂျာကင်ထဲမှာ သူ့စာရွက်စာတမ်းများ ပါသွားကြောင်း ပြောပြလိုက်ပါတယ်။

သူ့စကားတွေ အဆုံးမှာ ခြံပိုင်ရှင်အမျိုးသမီးကြီးဟာ ရှိုက်ကြီးတငင်ငင် ငိုကြွေးပါတော့တယ်။
ဆရာဝန်က ….
“ကျနော် ပြောတဲ့အထဲမှာ ဘာများ အမှားပါလို့လဲ ခင်ဗျာ …” လို့ ပြောလိုက်တော့ ခြံပိုင်ရှင် အမျိုးသားကြီးက …
“မောင်ရင် အခုပြောနေတဲ့ ခင်ချောစုယဉ်ဆိုတာ လွန်ခဲ့တဲ့ (၁၀)နှစ်က ဆုံးသွားပြီ၊ မနေ့က သမီးလေးဆုံးတာ (၁၀)နှစ်ပြည့်ပေါ့၊
  ကန်တော်ကြီးစောင်းနံဘေးမှာ မိုးရေထဲ လမ်းဖြတ်ကူးတုန်း ကားတိုက်ခံရတာ …”

(ဆရာဝန်) ကျနော်ကိုယ်တိုင် သေသေချာချာ ဒီခြံဝအထိ လိုက်ပို့ခဲ့တာပါ အန်ကယ်၊ တကယ်ပြောတာပါ …။

(ခြံပိုင်ရှင် အမျိုးသားကြီး) မောင်ရင်ကို ဆုံးသွားတဲ့ ဦးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး ဓါတ်ပုံပြမယ် ….။

ဓါတ်ပုံထဲက ခင်ချောစုယဉ်ဆိုတဲ့ မိန်းကလေးဟာ မနေ့က သူကိုယ်တိုင် ဒီခြံအ၀အထိ လိုက်ပို့ခဲ့သော မိန်းကလေးပါ။
ဓါတ်ပုံကို ကြိမ်ဖန်များစွာ ကြည့်ပြီးတဲ့ အချိန်အထိ ဆရာဝန်ဟာ ဒီအဖြစ်အပျက်ကို လွှဲချော်မှုတစ်ခုလို့ ထင်နေဆဲပါ။
သူတို့ပြောပြတာကို ငြင်းဆန်နေတဲ့ ဆရာဝန်ဖြစ်သူအား ခြံပိုင်ရှင် လင်မယားက
ခြံထဲမှာ တစ်ခုခုလိုက်ပြမယ်ဆိုပြီး ခြံရဲ့ နောက်ဖက်တစ်နေရာဆီ ခေါ်ဆောင်သွားပါတယ်။

ခြံကြီးရဲ့ နောက်ဖက်မှာ အုတ်ဂူပုံသဏ္ဌာန် တစ်ခုကို လှမ်းမြင်နေရပါတယ်။
ခြံပိုင်ရှင် အမျိုးသားကြီးက …
“ဦးတို့က သမီးလေးကို ချစ်လွန်းလို့ သူ့အလောင်းကို ဒီခြံထဲမှာပဲ ဂူသွင်းထားတာ ….”
အုတ်ဂူနံဘေးကို ခြံပိုင်ရှင် လင်မယားနဲ့ ဧည့်သည် ဆရာဝန်တို့ရောက်ရှိသွားချိန်မှာ အုတ်ဂူပေါ်တွင် ပစ္စည်းတစ်ခုကို တွေ့လိုက်ရပါတယ်။
ရုတ်တရက် ဆရာဝန်က …

“အဲဒါ … အဲဒါ … ကျနော့် ဂျာကင် …”

ဆရာဝန်နဲ့ ခင်ချောစုယဉ်ရဲ့ မိဘနှစ်ပါး ဘာစကားမှ ဆက်မပြောနိုင်တော့ပါ …။
…… ….. ….. …

ဒီဇာတ်လမ်းအကြောင်းကို ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ နေထိုင်တဲ့ လေးဘီးအဌားကားမောင်းသူ တစ်ဦးက မယုံကြည်ခဲ့ပါ …။

“လူတွေ အားအားယားယား ပေါက်ကရ လျှောက်ပြောတာ၊ ငါ လုံးဝ မယုံဘူး ” လို့ လေးဘီး အဌားကားမောင်းတဲ့ ကိုမြင့်လွင်က ပြောလေ့ရှိပါတယ်။
ကိုမြင့်လွင်ဟာ သူ့အဌားကားပေါ် အမျိုးသမီးများသာ ဦးစားပေးပြီး တင်ဆောင်လေ့ရှိပါတယ်။
တနေ့တော့ ကိုမြင့်လွင်တစ်ယောက် ခရီးသည်တစ်ဦးကို ကုက္ကိုင်းရေကူးကန်လမ်းထဲသို့ လိုက်ပို့ခဲ့ပါတယ်။
လမ်းထဲကနေ ပြန်ထွက်ဖို့ ကားကွေ့နေစဉ် ရှေ့ခပ်လှမ်းလှမ်းမှာ မိန်းကလေးငယ်တစ်ဦးက လက်ပြပြီး ကားဌားဖို့ စောင့်နေပါတယ်။

(ကိုမြင့်လွင်) ညီမလေး၊ ဘယ်သွားမလို့လဲ …။

(ကားဌားသူ) ကန်တော်ကြီး၊ ပန်ကန်လုံးကျွန်းကို သွားချင်လို့ အကို …။

ကားခေါင်းခန်း တံခါးကို ဖွင့်ပေးပြီး မောင်းနှင်းထွက်ခွာလာပါတယ်။
ကုက္ကိုင်း ရေကူးကန်လမ်းထိပ်အရောက် ဆရာစံလမ်းမပေါ်သို့ မောင်းနှင်း ရန်အတွက် ယာဉ်အသွားအလာကို ရှင်း မရှင်းကို ကြည့်နေပါတယ်။
အဲဒီအချိန်မှာ သူ့ရပ်ကွက်ထဲက ကလေးငယ် တစ်အုပ်စုကို တွေ့လိုက်ရလို့ …
“ဟေ့ကောင်တွေ၊ ဘယ်က ပြန်လာလဲ၊ မင်းတို့ ဒီဖက်အထိ လာဆော့ရသလား၊ တော်တော်ဆိုးတဲ့ ကောင်တွေ …”

(ကလေးငယ်များ) ကိုမြင့်လွင်၊ ဘယ်သွားမလို့လဲ၊ နေ့တွက်ကိုက်ရင် မုန့်ဝယ်ကျွေးအုံး …။

(ကိုမြင့်လွင်) ဒီမှာ ခရီးသည်နဲ့ကွ၊ လမ်းထိပ်က စောင့်နေ၊ ငါ ပြန်လာရင် မုန့်ဝယ်ကျွေးမယ် …။

(ကလေးငယ်များ) ခင်ဗျားကလည်း ကားပေါ်မှာ ဘယ်သူမှ မရှိပဲနဲ့ လျှောက်ရွှီးနေတယ် ….။

ကလေးတွေ ပြောစကားကို ရယ်မောပြီး သူ့နံဘေးမှ ခရီးသည်ကို ကိုမြင့်လွင် လှည့်ကြည့်လိုက်ပါတယ်။
သူ့နံဘေးမှာ ဘယ်သူမှ မရှိတော့ပါ။
ကားတံခါးကို ဇွတ်အတင်းဖွင့်ပြီး ဆင်းပြေးသွားသော ကိုမြင့်လွင်အား ကလေးငယ်များက …
“ကိုမြင့်လွင်၊ ကားကို လမ်းပေါ်မှာထားပြီး ဘာဖြစ်လို့ ဆင်းပြေးတာလဲ”
“ဒီလူကြီး ဂေါက်များ ဂေါက်သွားပြီလား မသိဘူး …”

အဲဒီနေ့မှစ၍ လေးဘီး အဌားကားမောင်းသူ ကိုမြင့်လွင်တစ်ယောက် ကုက္ကိုင်းရေကူးကန်လမ်းထဲသို့ ခရီးသည်ပို့ဆောင်မှု မလုပ်ရဲတော့ပါ။

(ပြီးပါပြီ။)

ချောကလက်မြို့ တော်မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...