စစ်ပွဲများနှင့် အမှားအမှန်
ဂျူး
ဇွန်လဟာ စစ်နဲ့ဆက်နွယ် ပက်သက်နေတဲ့လလို့ ပြောရမလားမသိ။ စစ်ရေးစစ်ရာနဲ့ နိုင်ငံရေးကို ကျွန်မမသိ နားမလည်ပေမယ့် ကျွန်မသိသလောက်တော့ စစ်တော်တော်များများရဲ့ အစနဲ့ အဆုံးဟာ ဇွန်လမှာ ဖြစ်နေခဲ့တာ သတိထားမိပါတယ်။
ပထမကမ္ဘာစစ်ကို စစ်မီးမွှေးပေးခဲ့တဲ့ ဖာဒီနန်မင်းသား Franz Ferdinan ကို ဆာရာယေဗိုမှာ လုပ်ကြံသတ်ဖြတ်မှုဟာ ဇွန်လ ၂၈ ရက်နေ့ ၁၉၁၄ မှာဖြစ်ခဲ့တာပါ။ မင်းသားဖာဒီနန် ဆိုက်ဆိုက်မြိုက်မြိုက် ဇွန်လ ၂၈ ရက်နေ့မှာ ဘော့စနီးယားမြို့တော် ဆာရာယေဗိုကို ဘာဖြစ်လို့ လာလည်ရသလဲ။ ဒါကို ဆာ့ဘ်တွေကတော့ "ရည်ရွယ်ချက်နဲ့စော်ကားမှု" လို့ သတ်မှတ်တယ်။ ဇွန်လ ၂၈ရက်နေ့ဟာ အစဉ်အလာရှိတဲ့ ရက်ဖြစ်တယ်တဲ့။၁၃၈၉ခုနှစ် ဇွန်လ ၂၈ရက်တုန်းက ရှေးဟောင်း ဆာ့ဘ်နိုင်ငံတော်ဟာ တူရကီတွေရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရတာတဲ့။ နှစ်ပေါင်းများစွာ ကျွန်ပြုခံရပြီးတဲ့နောက် တူရကီတွေကို ပြန်လည်လက်စားချေတော်လှန်ပြီး အောင်ပွဲခံခဲ့တဲ့ ဒုတိယဘော်လ်ကန်စစ်ပွဲနေ့ဟာလည်း ဇွန်လ ၂၈ရက်ပဲတဲ့။ ဒီတော့ ဒီရက်မှာ လာလည်တဲ့ ဖိနှိပ်သူကိုယ်စားပြု ဖာဒီနန်မင်းသားကို သတ်ဖို့ ပိုပြီးဆုံးဖြတ်ချက် ခိုင်မာစေတယ်လို့ မှတ်တမ်းတခုမှာ ဖတ်ခဲ့ဘူးပါတယ်။
ပြင်သစ်က ဂျာမဏီကို လက်နက်ချ အညံ့ခံတဲ့ လက်မှတ်ရေးထိုးခဲ့တာလည်း ဇွန်လ ၂၁ရက် ၁၉၄၀၊ ဒုတိယကမ္ဘာစစ်အတွက် ဂျာမဏီက ရုရှားကို စစ်ကြေငြာတာ ဇွန်လ ၂၂ ရက်ပဲ၊ ၁၉၄၁ လို့သိရတယ်။ အဲဒီတုန်းက စစ်ကြေငြာပုံက စနစ်ကျတယ်။ ၁၉၄၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ ဂျာမန်သံအမတ်ကြီးက ဂျာမန်အစိုးရက စစ်ကြေငြာစာကို ရုရှားနိုင်ငံခြားရေးဝန်ကြီး မိုလိုတော့ကို ပေးအပ်ခဲ့ပါတယ်။ ပေးအပ်တဲ့သူရော လက်ခံတဲ့သူရော နှစ်ယောက်စလုံး စိတ်လှုပ်ရှားမှုကြောင့် ဖြူလျော့သွေးဆုတ်နေခဲ့ကြတယ်။ နိုင်ငံခြားရေးဝန်ကြီးက စစ်ကြေငြာစာကို စကားတခွန်းမှမပြောပဲ တိတ်တိတ်ဆိတ်ဆိတ် လက်ခံယူလိုက်ပြီး အဲဒီစာပေါ်ကို တံတွေးထွေးလိုက်သတဲ့။ ပြီးတော့မှ ဆုတ်ဗြဲပစ်လိုက်တယ်။ အဲဒီနောက် သူ့အတွင်းရေးမှုးကို ခေါင်းလောင်းတီးပြီးခေါ်လိုက်တယ်။ "ဒီကလူကြီးမင်းကို အပြင်ပြန်ပို့ဖို့ နောက်ဖေးပေါက်ရှိရာ ခေါ်သွားလိုက်ပါ" လို့ပြောလိုက်တယ်။ အဲဒီ တခဏကို ကျွန်မစိတ်နဲ့ ခံစားကြည့်မိတာ တော်တော်ကို အနေရကျပ်သွားပါတယ်။
နောက်ထပ်စစ်ပွဲတွေ စစ်ပွဲတွေ အစဉ်အလာ အဖြစ်အပျက်တွေ တော်တော်များများဟာ ဇွန်လမှာ ဖြစ်ခဲ့ပါသေးတယ်။ ဥပမာ- နော်မန်ဒီကမ်းခြေကို တက်တိုက်ခဲ့တဲ့ ဒီ-ဒေးလို့ခေါ်တဲ့ စစ်ပွဲဟာ ဇွန်လဆန်းမှာ ဖြစ်ခဲ့တာပါ။ ရေတပ်နဲ့ တက်ခဲ့တာက ဇွန်လ ၄ရက်၊ လေတပ်နဲ့ စစ်တပ်တက်ခဲ့တာက ဇွန်လ ၆ရက် စသည်ဖြင့်ပေါ့။
နောက်ပြီး ဘရစ်တိန်နဲ့ အာဂျင်တီးနားနိုင်ငံ နှစ်ခုကြားမှာ ဖောက်ကလန်ကျွန်းကိစ္စကြောင့် စစ်ဖြစ်ခဲ့ရတဲ့ ဖောက်ကလန်စစ်ပွဲ အဆုံးသတ်ခဲ့တာ ဇွန်လ ၁၄ ရက် (၁၉၈၂ ခုနှစ်) ပါ။
ှ
အခု ၂၀၀၂ ခုနှစ် ဇွန်လမှာလည်း တချို့နေရာတွေမှာ အရင်က စတင်ခဲ့တဲ့ စစ်မီးဆက်လက်လောင်ကျွမ်းနေခိုက် တချို့နေရာတွေမှာ စစ်မီးစပျိုး လောင်ကျွမ်းလာပြီဆိုတာ ကျွန်မခံစားနေရတယ်။
စစ်ဆိုတာ ကြောက်စရာပါ၊ စစ်မှန်သမျှ နှစ်ဘက်လုံးကို နာကျင်ထိခိုက် စေတာချည်းပါပဲ။ ဒါပေမယ့် မလွှဲမရှောင်သာတဲ့အခါ နိုင်ငံတွေဟာ စစ်ဖြစ်ကြရတယ်။ ယေဘုယျ လက်ခံထားကြတာတော့ စစ်နှစ်မျိုးရှိသတဲ့။ ကျူးကျော်စစ်နဲ့ ခုခံစစ်တဲ့။ ကျူးကျော်စစ်က အမှား၊ ခုခံစစ်က အမှန်ဆိုတဲ့ ဆိုရိုးစကားဟာ အမြဲတမ်း မှန်ကန်နေမှာလား။ ကျူးကျော်သူလို့ သတ်မှတ်တဲ့ ကိစ္စမှာ ပြီးခဲ့တဲ့ သမိုင်းအစဉ်အဆက် ဖြစ်ရပ်တွေကို ပြန်လှန်ကြည့်ဖို့ လိုသေးသလား။ ဥပမာ- ၁၉၁၈ ခုနှစ်တုန်းက ဂျာမဏီက ပြင်သစ်ကို စစ်ရှုံးအညံ့ခံခဲ့တဲ့ လက်မှတ်ကို ရေးထိုးခဲ့တဲ့ နေရာ အတိအကျမှာပဲ ၁၉၄၀ ပြည့်နှစ်ရောက်တော့ ပြင်သစ်က ဂျာမဏီကို စစ်ရေးအညံ့ခံတဲ့ လက်မှန်ရေးထိုးရပြန်တယ်။ အဲဒီနေ့က ဟစ်တလာရဲ့ မျက်နှာမှာ အောင်နိုင်သူရဲ့ မာန်နဲ့အတူ ခါးသီးတဲ့ အမုန်းတရားနဲ့ လက်စားချေခြင်းရဲ့ ကျေနပ်မှုပါ တွေ့ရတယ်လို့ လက်မှတ်ထိုးပွဲမှာ တက်ခဲ့တဲ့ မျက်မြင်သက်သေရဲ့ မှတ်တမ်းတခုမှာ ဖတ်ခဲ့ရပါတယ်။
အခုဖြစ်နေတဲ့ အာရပ်နဲ့ အစ္စရေးစစ်ပွဲဟာ ဘယ်သူက အမှား၊ ဘယ်သူက အမှန်လဲ။ အခုဖြစ်နေတဲ့ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ကက်ရှ်မီးယားပြသနာမှာ ဘယ်သူကအမှား၊ ဘယ်သူက အမှန်လဲ။ အမေရိကန်က အီရတ်ကို အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲအဖြစ် ၀င်တိုက်လာခဲ့ရင် ဘယ်သူကအမှား ဘယ်သူကအမှန် ဖြစ်မှာလဲ။ အမှားဆိုတာ ရှိရော ရှိသေးလို့လား။
လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသေကြေရတဲ့ ကြောက်ရွံ့ထိတ်လန့်စရာ စစ်ပွဲတွေရဲ့ အမှန်၊ အမှား ဘက်လိုက်မှုကိစ္စကို မဆိုထားနဲ့၊ အသေးအဖွဲလို့ဆိုရမယ့် ပြသနာအရေးအခင်းတွေမှာတောင် အမှန်နဲ့အမှားဟာ တော်တော်ရောထွေးနေခဲ့ပါပြီ။
တစ်လောတုန်းက ကျွန်မအက်ဆေးတပုဒ် ဖတ်လိုက်ရတယ်။ Meg Greenfield ဆိုတဲ့ အမေရိကန် စာရေးဆရာမ/သတင်းစာဆရာ/အယ်ဒီတာ ရေခဲ့တဲ့ Why nothing Is 'Wrong' Anymore ဆိုတဲ့ အက်ဆေးပါ။ သူတို့ဆီမှာ နောက်ပြီး တကမ္ဘာလုံးမှာ 'မှားလိုက်တာ' ဆိုတဲ့ ကောက်ချက်မရှိတော့ဘူးတဲ့။
ဒီခေတ်မှာ မကောင်းမှုအကြောင်း ပြစ်မှုအကြောင်း ရာဇ၀တ်မှုအကြောင်း ပြောကြဆိုတဲ့တဲ့အခါ 'မှားတယ်'ဆိုတဲ့ စကားလုံးကို သူ့နေနဲ့ မကြားရတော့ သလောက်ပဲတဲ့။ 'မှားတယ်' ဆိုတာ မရှိတော့ဘူးလား။
သူကတော့ လူတွေရဲ့ အပြုအမူနဲ့ အချက်အလက်နဲ့ မှတ်ချက်စကားတွေကို လေ့လာပြီး အက်ဆေးရေးတာမို့ စိတ်ဝင်စားစရာ ကောင်းတဲ့ အမြင်ပါပဲ။
အရင်ကဆိုရင် 'သူတပါးပစ္စည်းခိုးယူတာ မှားတယ်' လို့ ရဲရဲရင့်ရင့် ကောက်ချက်ချကြတယ်။ အခုတော့ အမှန်နဲ့ အမှားဆိုတဲ့ နှိုင်းယှဉ်မှုနေရာမှာ အမှန်နဲ့ အခြားတခုခုကို အစားထိုး နှိုင်းယှဉ်လာတာ တွေ့ရတယ်။ အဲဒါ 'အခြားတခုခု' ဟာ 'အမှား'ဆိုတဲ့ စကားလုံးကို ရှောင်ဖယ်ချင်လို့ အခြေအနေအရ သုံးလိုက်တာပါပဲ။
ဥပမာ (၁) အမှန်နဲ့ မိုက်မဲမှု
လူတယောက်ဟာ မကောင်းမှု တခုခုကို ကျူးလွန်လိုက်တယ်၊ အဲဒီလူက ကိုယ်သိတဲ့ ကိုယ်နဲ့ သဘောထားတူတဲ့လူ ဖြစ်နေတယ်။ ဒီအခါမှာ လူတွေက ဒီကောင်မှားလိုက်တာလို့ ကောက်ချက်မချပဲ၊ ဒီကောင်တော်တော်မိုက်တာပဲလို့ ကောက်ချက်ချတယ်။ ဒါမျိုးပေါ့။ "ငါဖြင့် ဒီကောင်လုပ်တာကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူး" ပေါ့။ ၀ါးတားဂိတ်အရေးအခင်းမှာ အဲဒီဖြစ်ရပ်တွေဖြစ်ခဲ့တယ်။ အပြစ်ရှိတယ်ဆိုတဲ့ စကားကို အကြောင်းကြောင်းနဲ့ လူတွေက ပြောမထွက်ကြဘူး။
ဥပမာ (၂) အမှန်နဲ့ ဥပဒေထဲမှာ မပါဝင်ခြင်းကိစ္စ
တယောက်ယောက် အပြစ်ရှိတယ် မှားတယ်လို့ လက်ညှိုးထိုး စွပ်စွဲဖို့ ကိစ္စမှာ ခေါင်းရှောင်ပြီးတော့ စီရင်ထုံးဥပဒေထဲမှာ၊ ဖွဲ့စည်းပုံဥပဒေထဲမှာ မပါတဲ့ ကိစ္စတခုကို လုပ်မိသွားတာလို့ ကောက်ချက်ချတာမျိုးပေါ့။
ဥပမာ (၃) အမှန်နဲ့ စိတ်မကျန်းမာမှု
စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်ချို့ယွင်းမှုကြောင့် တခုခုပြစ်မှုကို ကျူးလွန်လိုက်မိတာဆိုတဲ့ အမြင်မျိုးပါပဲ။ ဒီနေရာမှာ အမှန်နဲ့ အမှားလို့ သုံးနှုန်းလို့ မရသလိုဖြစ်နေတယ်။ သူနေမကောင်းလို့ လုပ်မိတာပေါ့၊ သနားညှာတာမှုလေး နည်းနည်း စွက်နေသလိုပဲ။
ဒါပေမယ့် တခုရှိတာက အပြစ်ရှိမှန်းမသိလို့ လုပ်မိတာဟာ အမှားမဟုတ်ဘူးဆိုရင် ရှစ်နှစ်အရွယ် ကလေးတယောက် အပြစ်ကျူးလွန်တာ အမှားမဟုတ်ဘူးလို့ ဆိုနိုင်သလား။ ဒါဖြင့် ရူးကြောင်မူးကြောင် လူတယောက် အများထိခိုက်စေအောင် ထင်ရာမြင်ရာ လျှောက်လုပ်ရင် မမှားဘူးလို့ ဆိုရမလား။ တော်တော် စဉ်းစားရခက်တဲ့ ပြသနာပါပဲ။
ဥပမာ (၄) အမှန်နဲ့ "အဲလိုဖြစ်လာစရာပဲကိုး" ဆိုတဲ့ အမြင်
ဒါကတော့ ပါးကိုက်လို့ နားကိုက်တယ်ဆိုတဲ့ အခြေခံ သဘောမျိုးပါပဲ။ လူတယောက်က တခြားတယောက်ကို သွားရန်စမိတယ်။ ဒုတိယလူက ပထမလူကို ပြန်လက်စားချေရင်း လက်လွန်သွားပေမယ့် ဒါကို အမှားလို့ ယူဆတဲ့သူ နည်းလိမ့်မယ်။ သွားရန်စတာကိုးလို့ မှတ်ချက်ချတဲ့သူက များမလားမသိပါဘူး။ ပြစ်မှုရဲ့ အတိမ်အနက်ကို မကြည့်ဘဲ စသူနဲ့ တုန့်ပြန်သူကိုပဲ ကြည့်တဲ့အခါမှာ 'အမှား'ဆိုတဲ့ စကားလုံးအစား 'ဒီလိုဖြစ်တာ အံ့သြစရာမဟုတ်ပါဘူး' ဆိုတဲ့ စကားပဲ သုံးကြတာပေါ့။ ဒီအဖြစ်မျိုးကို အစုလိုက် အပြုံလိုက် အပြန်အလှန် သတ်ဖြတ်မှုတွေမှာ တွေ့ရတယ်။ စစ်ပွဲတွေမှာ တွေ့ရတယ်။
ဥပမာ (၅) အမှန်နဲ့ ရှုပ်ထွေးမှု
ရှုပ်ထွေးတယ်ဆိုကတည်းက ကောက်ချက်ချလို့ မရအောင် ဆုံးဖြတ်ရခက်နေတယ်လို့ ယူဆလို့ သုံးနှုန်းတဲ့ စကားပေါ့။ ပြသနာတခုကို အစရှာမရတဲ့အခါ ဘယ်သူကမှားတယ်လို့ ထောက်ပြဖို့ ဘယ်သူမှ မရဲဝံ့ဘူး။ ဒီအခါမှာ 'ဒါကတော့ ငါတို့မမီအောင် ရှုပ်ထွေး လှပါတယ်' လို့ ပြောကြတာပါပဲ။
ဖြစ်နိုင်တာကတော့ ကမ္ဘာကြီးမှာရှိတဲ့ လူသားတွေရဲ့ အသံဟာ ပိုပိုတိုးတိမ်ပြီး ပိုပိုငြိမ်သက်လာခဲ့ပြီပဲ ထင်ပါရဲ့။
Ref;
-Why Nothing Is 'Wrong' Anymore by Meg Greenfield
-The Mammoth Book of How it Happened.
(Eleven News Vol:1/No:44, 26-62002)

0 comments:
Post a Comment