Thursday, May 26, 2011

မြန်မာပြည်မှ လာသည်...

[By Rak Pay]

ခန်းမထဲကို လှမ်းဝင်လိုက်တော့ လူတွေ အတော်များနေလေပြီ..။ ဒါက ပါတီပွဲ..။ တနည်းအားဖြင့် နိုင်ငံခြားသား ကျောင်းသားများအား ကြိုဆိုပွဲ။  ဒီလို ပွဲတွေကို တက်ရတာ အသိမိတ်ဆွေ တိုးပွားသလို ဗဟုသုတလည်း တိုးပွားစေသည်။ အထူးသဖြင့် ကမ္ဘာလုံးချီသော လူမျိုးပေါင်းစုံ ပါဝင်သည့် ပွဲကို ကျွန်တော်ပိုပြီး စိတ်ဝင်စားသည်။ ဒီပွဲမှာတော့ မျက်နှာပေါင်းစုံကို မြင်လိုက်ရတော့ နည်းနည်းတော့ ကျေနပ်သွားသည်။ နာမည်ကို မှတ်တမ်းတင်လိုက်ပြီး နာမည်နှင့် နိုင်ငံကိုရေးကာ ရင်ဘတ်မှာ ကပ်ထားလိုက်သည်..။ ပြီးတော့ ခန်းမထဲ ကျွန်တော်လှမ်းဝင်ခဲ့ပါသည်။


`ဟေး.... နေ`

လှမ်းခေါ်လိုက်သံကြောင့် လှည့်ကြည့်လိုက်မိသည်။ တူရကီမှ သူငယ်ချင်း..။ သူတို့ဝိုင်းနားကို တိုးကပ်သွားရင်း အားလုံးကို ပြုံးပြလိုက်သည်။ ပြီးတော့ ၀ိုင်ခွက်ကို ငှဲ့ယူရင်း စကားစပြောမိသည်။ ပထမဆုံး မိတ်ဆက်မိသည့်သူက လက်တင်အမေရိကားမှ ဖြစ်သည်။

`ငါက မာဆဲလိုပါ..။ ပနားမားကပါ... တွေ့ရတာ ၀မ်းသာပါတယ်..``
 `ဟုတ်ကဲ့.. တွေ့ရတာ ၀မ်းသာပါတယ်..။ ငါ့နာမည်အတိုက နေ လို့ခေါ်ပါတယ်...။ ငါက မြန်မာကပါ.. `

မြန်မာလို့ပြောတော့ သူတစ်ချက်တွေသွားသည်..။ ကျွန်တော် ကြိုတင်တွက်ဆထားသလိုပါပဲ..။  ဒါနဲ့ပဲ.. ကျွန်တော်က
`ဘားမားကပါ... `
သူကတော့ တွေဝေနေဆဲ..။ နောက်တော့ ဘေးနားက လက်တင်အမေရိကားမှ သူငယ်ချင်းကပဲ ၀င်ထောက်ပေးသည်။ စပိန်ဘာသာနဲ့ ပြောလိုက်တော့မှ...
`အားးး.. ဘိုရုမာ.... `

အခုမှပဲ အသက်ရှူချောင်သွားတော့သည်။ ဒါပေမယ့် သူက မြန်မာကို စိမ်းသည်တော့မဟုတ်.။ အခေါ်သာ မသိသာဖြစ်သည်..။  ဒီလိုနဲ့ အားလုံးနဲ့ ရယ်ရယ်မောမော ပြောကြဆိုကြရင်း သောက်ကြစားကြပေါ့..။ အဲဒီနောက်တော့ ပါတီထုံးစံအတိုင်း ကျွန်တော်က တစ်နေရာကို ရွှေ့ပြီး မိတ်ဖွဲ့မိသည်။ ဒီတစ်ခါလည်း လက်တင်အမေရိကားကပါပဲ..။ ဘရာဇီးကတဲ့..။ ဘောလုံးမှာ သိပ်နာမည်ကြီးတော့ ကျွန်တော်လည်း စိတ်ဝင်စားသွားသည်..။ ဒါနဲ့ ကျွန်တော်က

`ငါက ဘားမားကပါ...`
လို့ မိတ်ဆက်ပေးလိုက်တော့.. သူတွေသွားပြန်သည်။ ငါတော့မှားပြီထင်တယ်... လို့ နှလုံးပြုမိရင်း..
`မြန်မာလို့လည်း အခုနောက်ပိုင်း ခေါ်ပါတယ်... `
လို့ ဆိုလိုက်တော့မှ ဘသားချောက နားလည်တော့သည်။ ကျွန်တော်လည်း အတော်ကြောင်သွားသည်။ လက်တင်အမေရိကားမှ လူနှစ်ယောက်က တစ်ယောက်တစ်မျိုးစီပါလား...။

ဒီလိုနဲ့ နောက်တစ်ဝိုင်းကို ပြောင်းတော့ ပြင်သစ်တစ်ယောက်နှင့် တွေ့၏..။ အတော် သဘောကောင်းပါသည်။
`ဘိုရှူး`
လို့ နှုတ်ဆက်လိုက်တော့ သူက အသံထွက် အတော်ကောင်းတယ်ဆိုတာနှင့် ကျေနပ်လိုက်မိသေးသည်။ ကြည့်ကောင်းအောင် ပြောတာလည်း ဖြစ်နိုင်ပါသည်။ ဟုတ်ပါသည်..။ ပြင်သစ်လို နှုတ်ဆက်တဲ့ အဆိုပါ စကားလုံးဟာ ပီသဖို့ သိပ်ခက်ပါသည်။ ဒီတစ်ခါတော့ ကျွန်တော်စဉ်းစားမိသည်။ ဘာနဲ့ မိတ်ဆက်ရင် ကောင်းမလဲပေါ့..။ ဘားမားလား.. မြန်မာလားပေါ့...။ ဒါနဲ့ပဲ

`ငါက မြန်မာကပါ.. `
လို့ပြောလိုက်ရင်း ရင်တထိတ်ထိတ်နဲ့ တုံ့ပြန်သံကို နားစွင့်မိသည်။ သူက ချက်ချင်းပဲ..

`အား.. မြန်မာကလား..။ ဟိုးအရင်က ဘားမားလို့ ခေါ်သေးတယ်နော်..။ ၁၉၈၉ ခုနှစ်ကထင်တယ်..။ မြန်မာလို့ ပြောင်းလိုက်တယ်နော်..။ ရန်ဂွန်းကြီး (Rangoon) ကော ဘယ်လိုနေသေးလဲ။ ကျွန်တော့်အဖေနဲ့ သူ့သူငယ်ချင်းတွေ အလည်ရောက်ဖူးပါတယ်..။ ကျွန်တော်လည်း အခွင့်ရှိရင် သွားချင်ပါသေးတယ်... `

လို့လည်း ပြောလိုက်ရော.. ကျွန်တော် ထိတ်ကနဲ ၀မ်းသာသွားမိသည်။ နိုင်ငံနာမည်ကို ချက်ချင်းသိသလို အသေးစိတ် အကြောင်းအရာတွေကိုလည်း သိသည့်အတွက် ၀မ်းသာမိပါသည်။ ဒီလိုနဲ့ ကျွန်တော်တို့ ပြင်သစ် ဘရန်းဒ်တွေ အကြောင်း အချိန်အတော်ကြာကြာ စကားပြောလိုက်မိကြသည်။ ဈေးသိပ်ကြီးပြီး သိပ်ကောင်းလွန်းသည့် ပြင်သစ်ဘရန်းဒ် ပစ္စည်းတွေကို သိပ်နှစ်ခြိုက်ပေမယ့် မ၀ယ်နိုင်တာက များတဲ့အကြောင်း ပြောတော့ သူက ရယ်ပါတော့သည်။  အဲဒီနောက် ခပ်ချောချော အနောက်တိုင်းသူက ကျွန်တော်တို့ စကားဝိုင်းထဲကို ၀င်လာတဲ့အတွက် နှုတ်ဆက်လိုက်မိပါသည်။ မက်စီဒိုးနီးယားက လို့ပြောတော့ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေ လည်ထွက်သွားသည်။ ဒီနိုင်ငံကို သမိုင်းမှာ သင်ဖူးပေမယ့် ကမ္ဘာ့မြေပုံဘယ်နားမှာလည်း မသိ..။  ငါတောင် သူ့နိုင်ငံ မသိတာ.. သူလည်း ငါ့သိမှာ မဟုတ်ပါဘူးလို့ တွေးမိလိုက်ပေမယ့် ထူးဆန်းစွာပဲ သူမက မြန်မာကို တကယ်သိနေခဲ့ပါသည်။ ကျွန်တော်တို့တွေ စကားတကယ်ပြောလို့ ကောင်းခဲ့ပါသည်။ ပြီးတော့ အချင်းချင်း ဖေ့စ်ဘွတ်တွေ ဖလှယ်ရင်းနဲ့ ရင်းနှီးသွားကြသည်။


အရှေ့တိုင်းသားတွေ အတော်များများက မြန်မာကို ကောင်းကောင်းသိပါသည်။ ဒါပေမယ့် တရုတ်တွေကတော့ အနည်းငယ် ထူးဆန်းပါ၏..။ မြန်မာလို့ ပြောရင် မသိကြ..။ တစ်ခါတည်း `မြန်တဲ့န်` လို့ တရုတ်လို ပြောလိုက်တော့မှ သဘောပေါက်ကြတော့သည်..။ ဒီလိုဒီလိုနဲ့ ပါတီတိုင်းလိုလိုမှာ ချာချာလည်ဖြစ်နေကြဆိုတော့ တစ်ခါတစ်ခါတော့လည်း ရိုးနေသလိုပင် ဖြစ်နေပြန်သည်။ ဘာပဲပြောပြော နိုင်ငံမတူ၊ ယဉ်ကျေးမှု မတူတဲ့ လူသားတွေနဲ့ တွေ့ဆုံခင်မင်ရခြင်းဟာ တကယ်ကို အဖိုးမဖြတ်နိုင်တာတော့ အမှန်ပါ..။  ပါတီပွဲလေး ပြီးသွားတော့ ဖေ့စ်ဘွတ်လို နေရာမျိုးမှာ ဆက်ပြီး ခင်မင်ကြတာပေါ့လေ..။

ဟိုးအရင်က လက်တင်အမေရိကား ပတ်ဝန်းကျင်ကို ကျွန်တော်အဲဒီလောက်မသိခဲ့ပါ..။  တစ်ခါက ဗြိတိသျှအင်ပါယာနှင့်အပြိုင် စပိန်အင်ပါယာကြီး ထွန်းကားခဲ့သည်ကို ကောင်းကောင်းကြီး မသိခဲ့ပါ..။ စပိန်ကိုလိုနီကြောင့် လက်တင်အမေရိကားတစ်ခုလုံးနီးပါး စပိန်ဘာသာ စကားပြောနိုင်ငံတွေ ဖြစ်ခဲ့တာကို အခုမှ သေချာသိတော့သည်။ ဘရာဇီးတစ်နိုင်ငံသာ ပေါ်တူကီစကားပြောဖြစ်သည်။ အီတလီကတော့ အီတာလျံဘာသာဖြစ်သည်။ သို့သော် စပိန်နှင့် ပေါ်တူကီစကားတွေကြား တချို့အခြေခံစကားလုံးတွေ တူတာကိုလည်း သိလိုက်ရသည်။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော အမေရိကန်တွင်ပင် အမေရိကန်ပြော စပိန်ဘာသာစကားဆိုတာ ရှိသေးသည်ကို အံ့သြဖွယ် သိလိုက်ရသည်။  တစ်ခါ ဟန်ဂေရီ၊ မော်ရိုကို၊ ယူကရိန်းတွေကို နာမည်ရင်းနှီးပေမယ့် ဘယ်နားမှာလဲဆိုလျှင် ကျွန်တော်တကယ်ကို မသိခဲ့ပါ..။ ညံ့တယ်ပြောလည်း ခံရမည်သာ..။ အခုတော့ ရုရှစကားကို ဆိုဗီယက်နိုင်ငံဟောင်း အားလုံးက ပြောနိုင်ခြင်း၊ တူရကီဘာသာစကားဟာ တူရကီနိုင်ငံထက် အဇာဘိုင်ကျန်တို့လိုနိုင်ငံမျိုးမှာ စစ်စစ်ကျန်ရစ်နေခဲ့ခြင်း၊ ပြင်သစ်နဲ့ ဂျာမန်စကားတွေဟာ ဥရောပဘာသာစကားတွေထဲ အလွန်ရောနှောသွားခြင်းတွေကို သိရှိခဲ့ရပြီ..။

အဲဒီလိုနဲ့ မိတ်ဆွေတွေ အတော်များများ ရရှိခဲ့သည်။ ပြီးတော့ ဖေ့စ်ဘွတ်အကောင့်တွေ ဖလှယ်ကြသည်။ နေ့တိုင်း ဖေ့စ်ဘွတ်မှာ မြန်မာလိုပဲ ကျွန်တော်ကရေးနေတာမို့ တခါတခါ သူတို့က မေးပါသည်။ မင်းတို့စာက ထူးဆန်းတယ်နော်တဲ့.. လေးထောင့်ကွက်ကြီးတွေတဲ့...။ အဲလို ဘာသာလည်း ရှိသလားတဲ့လေ..။ အောင့်သက်သက်နှင့် ဖြေရတာပေါ့လေ..။ ဘယ်လိုပြောရမှန်းတောင်မသိ..။ ၀င်းဒိုးတွေမှာ ဟိုးနိုင်ငံပိစိရဲ့ဘာသာစကားကအစ ပါနေပေမယ့် ဘာကြောင့် မြန်မာမပါတာပါလိမ့်..။ အရှေ့တောင်အာရှမှာဆိုလျှင် ကမ္ဗောဒီယားစာသာ မပါတာလို့ ထင်သည်။ လာအိုတောင် ထိုင်းကိုမှီရင်း ဒီအတိုင်းဖတ်နိုင် ရေးနိုင်ပါသည်။ နောက် မြန်မာစာလို ဖောင့်သွင်းမှ မြင်နိုင်ဖတ်နိုင်သော တခြားစာပေထဲမှာ ကျွန်တော်တစ်ခုမှ မတွေ့ဖူးသေးပါ..။ ဒါတောင် အခုနောက်ပိုင်း ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ဇော်ဂျီလိုမျိုးဖောင့်တွေလိုရှိလို့သာ အင်တာနက်မှာ ရေးနိုင် ဖတ်နိုင်နေခြင်းပင်..။  အိုင်ဖုန်းမှာဆိုလျှင်လည်း Applications တွေကို မြန်မာလိုရေးနိုင်ဖတ်နိုင်အောင် တင်ထားသဖြင့် တစ်မျိုး အဆင်ပြေသေးသည်..။ ဘာပဲပြောပြော အင်တာနက်မှာ မြန်မာစာဆိုတာ Supporter တစ်ခုရှိမှ မြင်နိုင်တဲ့ အခြေအနေဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်ထိခိုက်နေသလဲဆိုတာ ဘယ်သူမှ ငြင်းမရပါဘူးဗျာ..။

မြန်မာဆိုတာ ဘယ်မှာလဲ မသိသူတွေက ဒုနဲ့ဒေး..။ သိလာတော့လည်း မြန်မာစာဆိုတာ ဘယ်လိုလဲ ဆိုတာတောင် မပြနိုင်သေးတဲ့ အခြေအနေ..။ ဒီလိုနိုင်ငံမှာ လူဦးရေ သန်းငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါး နေထိုင်တယ်လို့ ကြားတော့ အားလုံး ရှော့ဖြစ်ကုန်သည်..။ ဒီလောက် လူဦးရေ မနည်းမနောနေထိုင်တဲ့ နိုင်ငံဟာ တိမ်မြုပ်နေရတဲ့ အကြောင်းကို သူတို့လည်း သိချင်နေဟန်ပင်..။ လူဦးရေ သုံးသန်းဝန်းကျင်သာရှိတဲ့ စင်္ကပူနဲ့ ပနားမားဟာ လူတိုင်းသိနေမယ့် သူ့ထက် အဆ ၂၀ ကျော်လူဦးရေရှိတဲ့ မြန်မာကတော့ ရွက်ပုန်းသီးလေးဖြစ်နေဆဲပါ..။

သြော်.. ဒီလိုနဲ့ ခင်မင်လာတာ ကြာတော့လည်း အားလုံးက ရင်းနှီးလာကြာတာပဲပေါ့..။ အားလပ်ချိန်တွေမှာ ကာရာအိုကေတွေသွားရင်းနဲ့ မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။ မြန်မာသီချင်းတွေကို နားထောင်ဖူးချင်တယ်တဲ့..။ ယူကျုမှာ ရှိပါတယ်..လို့ပြောလိုက်တော့ သူတို့တွေ ရှာဖွေလာကြပါသည်။ ဒါပေမယ့် အဲဒီသီချင်းတွေအားလုံး သူတို့သိနေပါသည်။ ဘာလို့လဲဆိုတော့ မြန်မာဂီတဟာ ကော်ပီချည်းနဲ့ပဲ နပန်းလုံးလာတာ နှစ်တွေမှ မနည်းတော့တာ..။ ကိုယ်ပိုင်သံစဉ် မြန်မာသီချင်းဆိုတာကို လက်ဆုပ်လက်ကိုင်ပြဖို့ အတော်ရှာယူရပါသည်။  ဒါဟာ အတော်ကို ရှက်ဖို့ကောင်းသည်။ ကော်ပီဆိုတာ တနည်း ခိုးယူခြင်းပင်ဖြစ်သည်။ သူများ ဦးဏှောက်ကို ဖောက်စားခြင်းပင်ဖြစ်သည်။  ပြီးတော့ ကိုယ်ပိုင် အရည်အချင်းမရှိဘူးလို့ ပြသနေရာလည်း ရောက်သည်။


နောက် ကျွန်တော်တက်နေတဲ့ တက္ကသိုလ်မှာ မြန်မာစာဌာနရှိပါသည်။ ကိုယ့်လူမျိုးတွေ ကို်ယ်တိုင်တောင် International Schools တွေမှာ မြန်မာစာထည့်မသင်တော့တာမျိုး၊ မြန်မာစာနဲ့ ဘာလုပ်စားလို့ရမှာလဲဆိုပြီး လုပ်စားလို့ရမယ့် ဘာသာတွေကို ထိုင်ကိုးကွယ်တဲ့ လူစားတွေရှိနေတာမျိုးမှာ သူတို့နိုင်ငံသားတွေက မြန်မာစာကို တသီးတသန့်ကျောင်းနဲ့ကို လေ့လာတာကို မြင်တော့ ကျွန်တော် တကယ်ပဲ ချီးကျူးမိသည်..။ ဒီနေ့ဒီအချိန်မှာ ဘာသာစကားသင်ယူသူအားလုံးက အီလက်ထရောနစ် အဘိဓါန်ကိုသာ လွယ်လွယ်သုံးနိုင်တဲ့ အချိန်မှာ မြန်မာစာကျောင်းသားတွေက ဈေးအကြီးဆုံး အဘိဓါန်စာအုပ် ထူထူလေးလေးကြီးကို နေ့စဉ်နဲ့အမျှ ကျောင်းကိုသယ်၊ အိမ်ပြန်သယ်နဲ့ ပညာသင်နေတာကို မြင်တော့ သူတို့လူမျိုးတွေရဲ့ ဇွဲကိုလည်း ချီးကျူးမိသည်..။

နောက်ပိုင်း အဲဒီကျောင်းသားတွေနဲ့ ကျွန်တော်နဲ့ ခင်လာတဲ့အခါ အင်တာနက်မှာ သူတို့ မြန်မာစာ ရိုက်ချင်တယ်တဲ့..။ ဘယ်လိုလုပ်ရမလဲ မေးတော့ ဇော်ဂျီတို့ ယူနီကုတ်တို့ကို ပြောပြမိပါသည်။ နောက် ကျွန်တော်စဉ်းစားမိတာက ဟိုးအရင်ကတည်းက သူတို့ခင်လာတဲ့ မြန်မာလူမျိုး ရှိတာပဲ...။ သူ့ကို မေးပြီး သွင်းလို့ရတာပဲပေါ့..။ အဲဒါနဲ့ မေးကြည့်တော့ ထိုမြန်မာလူမျိုးက မသိဘူးတဲ့လေ..။ ဟုတ်ပါသည်..။ အဲဒီ မြန်မာကို မြန်မာလို ဘယ်တော့မှ ရိုက်ပြီး ပြောလို့မရပါ..။ ကျွန်တော်လည်း အံ့သြဘနန်းကြီးစွာနဲ့ပဲ အားလုံးကို လုပ်ပေးမိပါသည်...။ ဒီလိုမျိုးလူတွေ ရှိနေမှတော့လည်း ဒီလိုအခြေအနေ ရောက်တာ အဆန်းမှ မဟုတ်ပဲလေ..။


ပြောရရင် ကျွန်တော်က ရှမ်းတစ်ဝက်ပါ..။ နေခဲ့တာကလည်း ရှမ်းပြည်ဆိုတော့ ရှမ်းစကားတော့ အတော်ပြောတတ်သည်။ အိမ်မှာလည်း ရှမ်းလို ပြောလေ့ရှိသည်။ နောက် စကားတတ်တော့ ရှမ်းစာကို မှန်းပြီး ဖတ်တတ်သည်။ သေချာတော့ မရေးတတ်၊ မဖတ်တတ်..။ ဒီလိုနဲ့ မနှစ်က သင်္ကြန်သွားရင်းနဲ့ သူတို့လူမျိုး ပါမောက္ခတစ်ယောက်နဲ့တွေ့တော့ သူက ရှမ်းလိုပဲပြောသည်..။ ကျွန်တော်တကယ်ကို အံ့သြမိသည်။ ပြောတာမှ မွတ်နေအောင်ကို ပြောသည်။ သီပေါမြို့မှာ ဘုန်းကြီးဝတ်ရင်း သုံးဝါ နေခဲ့သတဲ့..။ ပြီးတော့ ကျွန်တော့်နာမည်ကို ရှမ်းလိုရေးခိုင်းသည်။ ကျွန်တော်လည်း တကယ်ကို အိုးတိုးအန်းတန်းဖြစ်သွားသည်။ ရှမ်းလူမျိုးဖြစ်သည့် ကျွန်တော်က ရှမ်းစာမတတ်ဘူးဆိုတာ ဘယ်လောက် ရှက်စရာကောင်းပါသနည်း..။ သူကတော့ စာအုပ်ကို ထုတ်ပြရင်း ရှမ်းလိုရေးထားသည့် သူ့လက်ရေးတွေကို ပြပါသည်..။ ဒီနေရာမှ တစ်ခါက ဆွေမျိုးနီးစပ်ထဲမှ လူတစ်ယောက်ပြောခဲ့သည့် စကားကို သွားသတိရမိသည်..။ `ရှမ်းစာတတ်တော့ ဘယ်မှာ သွားသုံးမလဲတဲ့..။ တရုတ်စာ၊ အင်္ဂလိပ်စာတတ်တော့ သုံးလို့ရတာတဲ့..` ။ ဒီလို ခံယူချက်ရှိတဲ့ လူတွေ ဘယ်လောက်များနေပြီလဲ..။ လူမျိုးတစ်မျိုးမှာ စာပေပျောက်ဆုံးခဲ့ရင် လူမျိုးပါပျောက်တယ်ဆိုတာ သတိပြုသင့်တယ်လို့ ထင်တာပါပဲ..။ နောက် လူတစ်ဦးချင်းစီရဲ့ ခံယူချက်ဟာ နိုင်ငံကြီးတစ်ခုလုံးအပေါ်ကို သက်ရောက်နေပါလားလို့ တွေးမိရင်း သူတို့နိုင်ငံတွေ ဘာလို့ တိုးတက်တာလဲဆိုတဲ့ အဖြေကို ရှာစရာမလိုပဲ ရလိုက်မိသည်။


ဘာပဲပြောပြော..။ ဘယ်လိုမျိုးပဲ ဖြစ်နေဖြစ်နေ..။ ဘယ်သူနဲ့ပဲ တွေ့ရ တွေ့ရ..။ ကျွန်တော်ကတော့ မြန်မာပြည်က လာတာပါပဲ..။ ဟုတ်ကဲ့.. တွေ့ရတာ ၀မ်းသာပါတယ်..။ ကျွန်တော် မြန်မာပြည်က လာတာပါ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...