Saturday, May 21, 2011

တြိဂံ သုံးနားမှာ နောက်ဆုံးတစ်နား ပြိုပြီ


          မြန်မာစာပေလောကတွင် သုံးနားညီတြိဂံဟူသော ပညတ်အမည်သည် ထင်ထင်ရှားရှားရှိ၏။ ၄င်း “သုံးနားညီတြိဂံ” ကို ကိုယ်စားပြုသောသူများမှာ ဆရာမောင်နေ၀င်း၊ ဆရာမင်းကျော်နှင့် ဆရာနတ်နွယ် တို့ဖြစ်၏။
          ထို “သုံးနားညီတြိဂံ” အတွင်းစည်းထဲသို့ ကျနော်ရောက်ရှိသွားခြင်းမှာ ကဗျာရေးသမား တစ်ဦး အဖြစ်ထက် အယ်ဒီတာတစ်ဦးအဖြစ်ကြောင့်ဟု ပြောရမည်။ 


          ဆရာနတ်နွယ်၏ ခေါင်းဆောင်မှု ( အယ်ဒီတာပညာလက်သင် ဘ၀) ဖြင့် မိုးဝေမဂ္ဂဇင်းတွင် တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ရသောအခါ ထိုသုံးနားညီတြိဂံ ကိုပင် ဗဟိုပြုထောက်တိုင်ထူ၍ တည်ဆောက်ထားသော မိုးဝေမဂ္ဂဇင်း၏ အတွင်းရေး အတော်များများကို သိခွင့်ကြုံခဲ့ရသည်။ ထိုမျှမက ထိုသုံးနားညီတြိဂံ တို့၏ ပူးတွဲသုံးနားညီပုံ၊ ညှိပုံ (၀ါ) ဆရာမောင်နေ၀င်း၊ ဆရာမင်းကျော်၊ ဆရာနတ်နွယ် တို့၏ စိတ်နေသဘောထား၊ အယူအဆ အတိမ်အနက်ကိုပါ သဘောပေါက်နားလည်ခဲ့ရသည်။
          ထိုဆရာသုံးဦး၏ စရိုက်လက္ခာဏာများ၊ အယူအဆများ ထပ်တူထပ်မျှ မညီမျှသော်ငြား ပြင်းထန်သော ပဋိပက္ခ၊ ပေါက်ကွဲမှုမျိုး မရှိခဲ့ကြဘဲ ညှိနှိုင်း၍သော်လည်းကောင်း လက်တွဲဖြုတ် ကျောခိုင်းခြင်း အမှုကို မပြုကြဘဲ “သုံးနားညီ တြိဂံ” အဖြစ် ရေရှည်လက်တွဲပြီး ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင် သွားကြသည်မှာ ကာလအတော်ကြာသည်။ အတိအကျ ပြောရသော် ဆရာမောင်နေ၀င်း ကွယ်လွန်သည်အထိ။ “သုံးနားညီတြိဂံ” ဖွဲ့စည်းမှုတွင် “နှစ်နား” ပြုတ်၍ “တစ်နား” တည်းဖြင့် စာပေလောကတည်းတွင် နှစ်ပေါင်း ၂၀ ကျော်မျှ ကြံ့ကြံ့ခံ ရပ်တည် လှုပ်ရှားသွားသူမှာ ဆရာ နတ်နွယ် ဖြစ်သည်။
          ယခု၊ ယနေ့ (မေ၊ ၁၁၊ ဗုဒ္ဓဟူးနေ့) တွင် ဆရာနတ်နွယ် ဆုံးရှာပြီ။ ဆရာ နတ်နွယ်၏ စာပေ ဖြတ်သန်းမှုသည် သတင်းစာ (အချိန်ပိုင်း) အယ်ဒီတာမှ စသည်။ သတင်းများ ဘာသာပြန်သည်။ ဟံသာဝတီ သတင်းစာ၌ “ကျောင်းသူမ” ကဗျာကို အစပြုရေးသော်လည်း ယခု သေဆုံးချိန်အထိ မည့်သည့် ကဗျာ အမျိုးအစား ကိုမှ ရေးဖွဲ့သည်ကို မကြားသိ၊ မတွေ့ခဲ့ဖူး။
          ဆရာနတ်နွယ်သည် ဆရာမိုးဝေနှင့် ဆုံစည်းပြီး စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာဘ၀ကို ပန္နက် ရိုက်သည်။ ထိုအယ်ဒီတာ ပန္နက်သည် သမနိသက်ရှည်ကြာလွန်းလှသည်။
          “စုံထောက်မဂ္ဂဇင်း” တစ်ဖြစ်လဲ မိုးဝေစာပေ မဂ္ဂဇင်းကို ဆရာနတ်နွယ် စတင်ထူထောင်သောအခါ မြန်မာ မဂ္ဂဇင်းလောက၌ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အထူးသဖြင့် မိုးဝေမဂ္ဂဇင်း ခေါင်းကြီးများ (၄င်းခေါင်းကြီးများကို ပေါင်းစု၍ “မနေ့ တစ်နေ့က ရွာတဲ့မိုး” အမည်ဖြင့် စာအုပ် ၂ ကြိမ် ထုတ်ဝေဖူးသည်) မိုးဝေကဗျာများ။
          ထိုစဉ်ကာလက မိုးဝေမဂ္ဂဇင်းကို တိုက်ခိုက်သော စာပေပုဂ္ဂိုလ်များရှိသည်။ မဂ္ဂဇင်းတစ်စောင်နှင့် စာမျက်နှာများပေါ်မှ အပြန်အလှန် ထိုတိုက်ပွဲကာလ၌ ဆရာနတ်နွယ်သည် စစ်ဦးစီးအသွင်ဆောင်၏။ ရှေ့တန်းမှနေ၍ အတည်အငြိမ် အရဲအ၀ံ့ တိုက်ပွဲဝင်၏။ နှုတ်နည်းသော ဆရာနတ်နွယ်သည် ယင်းသို့သော စာပေတိုက်ပွဲများ၊ အပြန်အလှန် ချေပ ထိုးနှက်ပွဲများ၌မှု လက်သံပြောင်မြောက်လွန်း၏။ တိုက်ပွဲဦးစီး ဆရာနတ်နွယ်၏ နောက်တွင် ဆရာကျော်အောင် ရှိ၏။ ဆရာညွန့်ကြူးရှိ၏။ ဆရာမင်းကျော်၊ ဆရာမောင်နေ၀င်းတို့ ရှိနေ၏။
          အချို့စာပေတိုက်ပွဲ များတွင် ဆရာနတ်နွယ်၏ စစ်ဦးကျွံမှုများ ရှိခဲ့သည်ကို ထိုဆရာသမားများ ဟန့်တားသော်ငြား ဆရာနတ်နွယ်သည်ကား မတုံ့၊ မရပ်၊ ရှေ့ဆက်ချီတက်၊ တိုက်မြဲ။
          တော်လှန်စာပေ၊ တော်လှန်ကဗျာ၊ မိုးဝေကဗျာ အယူအဆများနှင့် ပတ်သက်၍ မားမားမတ်မတ် ရပ်တည် ခုခံ တွန်းလှန်ချေပ သွားပုံမှာလည်း မကြောက်မရွံ့ နောက်မတွန့်။
          စာရေးခြင်းဖြင့် ဂုဏ်သိက္ခာဝင့်ထည်သူ၊
          အယ်ဒီတာတစ်ယောက်အဖြစ် သြဇာ ပြည့်ဝသူ၊
          စာရေးခြင်းဆိုရာ၌ ပင်ကိုရေး၊ ဘာသာပြန်နှစ်မျိုးနှစ်စား စလုံး၌ သမိုင်းမှတ်တိုင် ထူခဲ့သူ၊
          အယ်ဒီတာဆိုရာ၌ စာပေ၌ စာပေမဂ္ဂဇင်း(မိုးဝေမဂ္ဂဇင်း) နှင့် နိုင်ငံတကာ (နွယ်နီမဂ္ဂဇင်း) အကြောင်းအရာ နှစ်ရပ်စလုံး၌ ကျွမ်းကျင်နှံ့စပ်စွာ ကမ္ပည်းထိုးခဲ့သူ။      
          ထိုသူ ဆရာနတ်နွယ် ကွယ်လွန်အနိစ္စ ရောက်ခြင်းသည် မြန်မာစာပေလောက၊ မြန်မာ့ မဂ္ဂဇင်းလောက အတွက် ပြန်လည် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သည်။
(စားကြွင်း)
ကျွန်တော်ကဗျာရေးဖွဲ့ရာ၌ လည်းကောင်း၊ အယ်ဒီတာ အဖြစ် ဆောင်ရွက်ရာ၌ လည်းကောင်း၊ ဆရာနတ်နွယ်၏ သွန်သင်ပေးခဲ့မှု အတတ်ပညာ ကျေးဇူးတရားကို အစဉ်အမြဲ ဦးထိပ်ပန်ဆင် သွားမည် ဖြစ်ပါတယ်။
          “တစ်ကွေ့တော့
              တွေ့ကြဦးမည်…ဆရာ”


တပည့်
မောင်သွေးသစ်
မေ၊ ၁၁၊ ၂၀၁၁  ညနေ ၂နာရီ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...