Sunday, May 1, 2011

"ရည်မှန်းချက်များနှင့် ဘ၀ "

ထီးရှိတဲ့လူက ဒီနေ့မိုးရွာလိမ့်မယ်လို့ ပြောသလို အောင်မြင်ပြီးသားသူတွေကတော့ ဘဝ ဆိုတာ ရည်မှန်းချက်ရှိရမယ်လို့ ပြောတတ်ကြတာပဲ။ သူတို့ ကံကောင်းတာက မိုးဥတုမကုန်သေးတာပဲ။ တစ်ခုခက်တာက ကျွန်တော့်ရည်မှန်းချက် တွေက လေဒီဂါဂါရဲ့ ဖက်ရှင်တွေလို တစ်ခုပြီးတစ်ခု ခပ်မြန်မြန် ပြောင်းလဲနေတာပဲ။ သုံးနှစ်သားလောက် က၊ စူပါမင်းရုပ်ပြတွေကြည့်ပြီး မိုးပေါ်ပျံချင်တယ်။ ဒါနဲ့ အဖေ့ပုဆိုးတစ်ထည်ကိုလည်ပင်းမှာ သိုင်းချီပြီး ထမင်း စားပွဲပေါ်တက် ခုန်ချလိုက်တာ ခြေသပွတ်တိုင်လည် သွားတယ်။ နည်းနည်းကြီးတော့ တာဇံကိုအားကျပြီး သစ်ပင်ပေါ်တက် နွယ်ကြိုးလွှဲတယ်။ ကြိုးပြတ်ကျလို့ (၇)ရက်လောက် အိပ်ရာထဲလှဲနေခဲ့ရတယ်။


ခုနစ်တန်းရောက်တော့ အဆူအရိုက်ကြမ်း တဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကြုံပြီး၊ သူ့ယောကျာ်း ဖြစ်ချင်ပြန်ရော။  (ကျောင်းအုပ်ဆရာမကြီးဟာ၊ သူ့ယောကျာ်းကို တော်တော်ကြောက်ရတယ်ဆိုတဲ့ သတင်းကြောင့်ပါ။) နောက်တော့... ဂျိမ်းစ်ဒင်းကို အား ကျလို့ ငါးပြားတန် စီးကရက်နှုတ်ခမ်းထောင့်မှာ ခဲထား တုန်း၊ အဖေက တွေ့သွားပြီး အရွယ်မရောက်သေးပဲ ဆေးလိပ်သောက်လို့ အရိုက်ခံခဲ့ရတယ်။ အဲဒီကတည်း က ရည်မှန်းချက်ဆိုတာ ကြိမ်လုံး၊ ကျောင်းအုပ်ဆရာမကြီး ယောကျာ်း၊ ခြေသပွတ်တိုင် လည်ခြင်းတို့နဲ့ တစ်ခါတစ်ရံ ဆက်စပ်နေတတ်ပါလားလို့ သဘောပေါက်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော်က ရည်မှန်းချက်ကို စွန့်လွှတ်ဖို့ စိတ်ကူးမရှိပါဘူး။ အတန်းထဲက ခပ်လှလှ ကောင်မလေးသုံးယောက်နဲ့ ရည်စားဖြစ်ဖို့ ရည်မှန်းချက် ထားခဲ့ပေမယ့် (သူတို့ရည်မှန်းချက်ထဲမှာ ကျွန်တော်ပါ ပုံမရလို့) မအောင်မြင်ခဲ့ပါဘူး။ အတန်းဖော် (ကျွန်တော့် သူငယ်ချင်းကတော့  ရည်မှန်းချက်တော်တော်ကြီး တယ်)။ သူက တင် ၃၆၊ ရင် ၃၂ မပြည့်ရင် ဘယ်မိန်း ကလေးနဲ့မှ အရောတဝင်မနေဘူး။ ရတော့ မီးယပ်ပိန် ကလေးနဲ့ ရသွားတယ်။  ရည်မှန်းချက်ဆိုတာ တစ်ခါတလေတော့လည်း လွဲတတ်တာပါပဲ။
တစ်ခါက ကျွန်တော်စတိုးဆိုင် တစ်ဆိုင်ထဲဝင်သွားတယ်။ အရောင်းစာရေး ကောင်မလေးရဲ့အလှကို မျက်စိအရသာခံရင်း ဈေးပေါပေါပစ္စည်း တစ်ခုလောက်ဟန်လုပ် ဝယ်မယ်ဆိုတဲ့ ရည်မှန်းချက် နဲ့ပေါ့။ ကောင်မလေး ကောင်တာရှေ့မှာရပ်မိလို့ ကောင်မလေးက ဘာလိုချင်လို့လဲမေးတော့ ကျွန်တော်က ငုံ့မကြည့်ဘဲ မှန်ဘီရိုထဲကို လက်ညှိုးထိုးပြလိုက်တယ်။ ကျွန်တော် လက်ညှိုးထိုးပြတဲ့အရာကို ကောင်မလေးက ထုတ်ပေးတော့ အဲဒါက ကွန်ဒုံးတစ်ခုဖြစ်နေတယ်။ ကောင်မလေးက ပြောလိုက်သေးတယ်။ ပျော်တတ်ရင် အဖော်ဆောင်ထားတာ ကောင်းတယ်တဲ့။ ကျွန်တော် လည်း ရှက်ရှက်နဲ့ လှည့်ထွက်လာခဲ့တာ၊ မှန်တံခါးကြီး တစ်ချပ်လုံးကို ထွက်ပေါက်ထင်ပြီး ဝင်တိုးမိတော့တာ ပဲ။ အဲဒီမှန်တံခါးကြီးကို နေရာပြောင်းတပ်ဖို့ ရည်မှန်း ချက် ရှိမရှိ၊ ဆိုင်ရှင်ကို မေးမြန်းကြည့်ဖို့ကောင်းပေမယ့် ကျွန်တော်လည်း အဲဒီဆိုင်ကို နောက်တစ်ခေါက် ပြန် မရောက်တော့ပါဘူး။
တစ်ခါတလေ တွေးမိတာရှိတယ်။ ရည်မှန်း ချက်ဆိုတာကို မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုတဲ့ စကားက လှောင်ပြောင်နေသလိုပဲ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်က ကျွန်တော်တို့လမ်းထဲက ကိုခွေးဟာ ရည်မှန်းချက်မရှိဘဲ မြို့နယ်တရားသူကြီးဖြစ်ခဲ့တယ်။ သူက ပါတီမှာ ယူနစ်ကော်မတီဝင်လို့ ပြောကြတယ်။ တရားသူကြီးမဖြစ်ခင်က ဆိုက္ကားနင်းတာပေါ့။ အရုပ်ဆိုးဆိုး ဆင်းဆင်းရဲရဲ ကျွန်တော့်သူငယ်ချင်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွန်မြူနစ်ဖြစ်သွားတယ်။ သူကြိုက် နေတဲ့ သူဌေးသမီးက သူ့ကိုပြန်မကြိုက်တာ၊ လူတန်း စားခွဲခြားတဲ့  စနစ်ဆိုးကြီးကြောင့်လို့  ပြောတာပဲ။  အရင်းရှင်စနစ်ကိုတိုက်ဖျက်ပစ်ဖို့ ပြင်ဆင်နေခိုက်၊ အရက်ပုန်းဆိုင်က  တစ်ဖဝါးမှ မခွာရသေးခင်မှာပဲ အသည်းရောဂါနဲ့ ကွယ်လွန်သွားရှာတယ်။
ကျွန်တော်လည်း စဉ်းစားတယ်။ ငါ့ဘဝရဲ့ ရည်မှန်းချက်ဟာ ဘာဖြစ်သင့်သလဲလို့ပေါ့။ အဲဒီတော့ ရည်မှန်းချက်ဆိုတာလည်း အကန့်အသတ်ရှိနေတာ တွေ့ရတယ်။ ဥပမာ အရပ် ငါးပေမပြည့်တဲ့ ကျွန်တော်က နိုင်ငံရဲ့ ဘတ်စကက်ဘောလက်ရွေးစင်ဖြစ်ဖို့တော့ ရည်မှန်းချက် မထားသင့်ဖူးပေါ့။ နောက်တစ်ချက်က ဘောလုံးဆိုတာ  လေးထောင့်မဟုတ်ဘူးဆိုတာ လောက်ပဲသိတဲ့ ကျွန်တော်က အားကစားနဲ့ အကျွမ်းတဝင်မရှိလှပါဘူး။ ကျွန်တော်က တွေးခေါ်ရတာတော့ နည်းနည်းဝါသနာပါတယ်။ စာသင်ခန်းထဲမှာ ဆရာက သင်္ချာပုစ္ဆာတစ်ပုဒ်လောက်ပေးလိုက်ရင် သူများတွေ ထက်ကြာမှ၊ ကျွန်တော်က အဖြေရလေ့ရှိတယ်။
ရိုဒင် ရဲ့ အတွေးသမားဆိုတဲ့ ကမ္ဘာကျော်ပန်းပုရုပ်ကိုကြည့်ပြီး ဘာကြောင့်အဝတ်ဝတ်မထားတာလဲလို့ တော်တော်ကြာအောင် တွေးတောခဲ့ရတယ်။ နောက်မှ ကျေနပ်လောက်တဲ့ အဖြေတစ်ခုရတယ်။ ရိုဒင်ဟာ အဝတ်အစားကို မထုတတ်လို့ ဖြစ်မှာပေါ့။ ဒါပေမယ့် ဘွဲ့ရတွေကို အလုပ်ခေါ်တဲ့ ကြော်ငြာတစ်ခုမှာ ဒဿနိကဘွဲ့ရ များလျှောက်ထားရန် မလို ဆိုတဲ့ မှတ်ချက်ကိုတွေ့ပြီး အတွေးအခေါ်လိုက်စားဖို့  ကိစ္စကိုစွန့်လွှတ်လိုက်တယ်။
တစ်ခါက သိပံ္ပဝတ္ထုရေးတဲ့ ကျွန်တော့်မိတ်ဆွေ ဌေးဦးကျော်နဲ့ တွေ့တယ်။ သူက ကျွန်တော် ဆေးလိပ်ဖြတ်တော့မယ်လို့ ပြောတယ်။ ဆေးလိပ်ကို လက်ကြားက မချတဲ့သူက ဘာကြောင့်ဖြတ်မှာလဲ မေး တော့၊ သူက သူ့ရည်မှန်းချက်ကို ပြောပြတယ်။ ဘောင်းဘီဝတ်ချင်လို့တဲ့။ ပလက်ဖောင်းပေါ်မှာ ပုံရောင်းနေ တာ၊ ဘောင်းဘီသုံးထည်မှ ငါးထောင်တဲ့။ တွက်ခြေကိုက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘောင်းဘီဝတ် တာနဲ့ ဆေးလိပ်ဖြတ်တာကိုတော့ ကျွန်တော်လည်း ဆက်စပ်လို့မရဘူး။ သူကရှင်းပြတယ်။ ဆေးလိပ်ဖြတ် တဲ့သူတွေဟာ ဝလာတတ်တယ်။ ဝလာရင် ဖင်ကြီး လာမယ်။ အဲဒါဆို ဘောင်းဘီဝတ်လိုရပြီတဲ့။ အခုတော့ သူက တော်တော်ပဲပိန်ရှာတယ်။  သူနဲ့တွေ့ ပြီးတော့ကျွန်တော်လည်းဘောင်းဘီဝတ်ချင်စိတ်ပေါက်လာတယ်။ အဲဒါနဲ့ မော်ဒန် ပန်းချီဆရာလုပ်ဖို့ စိတ်ကူးလိုက်တယ်။ မော်ဒန်ပန်းချီဆရာ တွေဟာ ဘောင်းဘီတော်တော်ဝတ်ကြတယ်။ ဝေချစ်ကို၊ ဖေစိုးအောင်၊ ငြိမ်းချမ်းဆု တို့ဆို ဘောင်းဘီမချွတ် တော့ဘူး။ အဲဒီရောဂါက ကိုကိုနိုင်တို့ လှထွဏ်းအောင် တို့ဆီတောင် ကူးစက်နေပြီ။ ကျွန်တော်ငယ်ငယ်က ဦးရှံစားတို့ ကြာဇံတို့လို ကာတွန်းဇာတ်ကောင်လေးတွေ ကို ကူးဆွဲခဲ့ဖူးတဲ့ပါရမီဓာတ်ခံကလည်း ရှိနေတာကိုး။ ဒါပေမယ့် လောကမှာ လိမ်ညာနေပေမယ့် အပြစ်ပေး မခံရပဲ၊ ပိုက်ဆံရနေတဲ့သူတွေဟာ မော်ဒန်ပန်းချီ ဆရာတွေပဲလို့  လူတစ်ယောက်က  မှတ်ချက်ချသံကြားတော့၊ ကိုယ့်ကိုစောင်းချိတ် ပြောတယ်ထင်ပြီး နောက် တွန့်သွားပါတယ်။
ဘာလုပ်ရရင် ကောင်းမလဲ။ အရွယ်ရောက်လာတဲ့ ယောကျာ်းတိုင်း လုပ်ချင်တဲ့အလုပ်တစ်ခုတော့ ရှိတယ်။ တလွဲမတွေးပါနဲ့။ ရုပ်ရှင်မင်းသား အလုပ်ကို ပြောတာပါ။ မိန်းမလှလှ ကလေးတွေကိုလည်း ဖက်ရ၊ ပိုက်ဆံလည်း အများကြီးရဆိုတော့ ဒီထက်ကောင်းတဲ့ အလုပ်ဟာ အာရပ်စော်ဘွား အလုပ်ပဲရှိတော့မယ် ထင်တယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းသားအလုပ် အတွက် လျှောက်လွှာတင်လိုက်တယ်။ လူတွေ့စစ်ဆေး တဲ့နေ့ရောက်တော့  ကုမ္ပဏီပိုင်ရှင်က  ကျွန်တော့် ရုပ်ရည်ကိုကြည့်ပြီး ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။ ကျွန်တော်တို့ သရဲကားရိုက်ဖို့ အစီအစဉ်မရှိသေးပါ ဘူးတဲ့။ ဒီလိုနဲ့ ကျွန်တော်လည်း ရည်မှန်းချက်ပျောက် ဆုံးတော့မလိုဖြစ်သွားတယ်။ လောကမှာ ဘာမှလုပ်စရာမရှိရင် ကဗျာဆရာလုပ်တဲ့။ အဒါနဲ့ပဲ ကျွန်တော် လည်း ကဗျာဆရာဖြစ်လာပါလေရော။

(မှတ်ချက်။ ။ ဖေဖေါ်ဝါရီ ၂၀၁၁ နှစ် ထုတ် Mandalay ICON Magazine မှ စာရေးဆရာ သစ္စာနီ ရဲ့ “ရည်မှန်းချက်များနှင့် ဘ၀” ကို ကူးယူဖော်ပြထားပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...