Monday, September 5, 2011

ံWhat's happiness? ပျော်ရွှင်မှုအစစ်သည်ကိုယ်တွင်း၌သာ

by Tagore Htet Zaw on Wednesday, May 18, 2011 at 12:04am

By: Remez Sasson
ပျော်ရွှင်မှုဆိုတာဘာလဲ၊ ပျော်ရွှင်မှုနောက်ကွယ်မှာဘာတွေရှိသလဲ။ ပျော်ရွှင်တယ်ဆိုတာဘယ်အရာကိုဆိုလိုသနည်း။
ပျော်ရွှင်ခြင်း(Happiness)နဲ့ကျေနပ်ခြင်း(Pleasure)အကြားခြားနားချက်တွေကဘာတွေလဲ။

နေပူပြင်းတဲ့နေ့တစ်နေ့မှာသင်ရေငတ်နေပေလိမ့်မည်။ သင်အားမိတ်ဆွေတစ်ဦးက သံပုရာရည်အေးအေးတစ်ခွက်တိုက်မည်။ ရေငတ်နေတဲ့သင်ဟာ သံပုရာရည်ခွက်ကိုတွေ့လျှင် ဘယ်လိုခံစားမှုဖြစ်မလဲ၊ သောက်လိုက်လျှင်ကော အဘယ်ပုံခံစားမှုဖြစ်ပေါ်မလဲ။
သံပုရာရည်သောက်လိုက်ရလို့ပျော်ရွှင်သွားတယ်ဆိုမလား၊ ကျေနပ်သွားတယ်ပြောမလား။ သင်ကျေနပ်သွားတယ်ဖြေမယ်လို့ယုံကြည်ပါတယ်။

ဒီခံစားမှုနှစ်ခုကြားမှာဆက်သွယ်မှုတစ်ခုခုတော့ရှိနေတယ်။ တစ်ခါတစ်ရံမှာ ခံစားမှုတစ်ခုကတစ်ခုကိုဖြစ်စေတာပါ။ သို့သော်ယင်းနှစ်ခုက လုံးဝကွဲပြားတဲ့အဓိပ္ပါယ်ရှိနေတယ်။
ကျေနပ်ခြင်းကအာရုံ ၅ ပါးအပေါ်မူတည်နေပြီးပျော်ရွှင်းခြင်းက သူ့တစ်ဘာသာသီးခြားရပ်တည်နိုင်ခြင်းပဲ။
အစားကောင်းစားရလို့၊ ရုပ်ရှင်ကားကောင်းလေးကြည့်ရလို့၊ အေးချမ်းတဲ့ဆောင်းရာသီမှာ နေရောင်ခြည်အနွေးဓာတ်လေးရလို့၊ ပါတီပွဲကောင်းကောင်းလေး တက်လိုက်ရလို့ စသည်ဖြင့် ကျေနပ်တဲ့ခံစားမှုဖြစ်ပေါ်တယ်။ ဒီကျေနပ်မှုက အာရုံ ၅ ပါးနဲ့ပေါင်းစပ်ပြီး ခံစားပျော်ရွှင်တာ။ အခြေအနေတွေ၊ အရာဝတ္တုတွေ၊ လူတွေ အပေါ်မှီခိုပြီးဖြစ်တယ်။
သင်သာပျော်ရွှင်နေမည်ဆိုလျှင် အသေးအမွှား မကျေနပ်ဖွယ်အရာတွေကအနှောင့်အယှက်မဖြစ်နိုင်။ မပျော်ရွှင်းဘူးဆိုလျှင်တော့ အရာအားလုံးကို သင့်စိတ်တိုင်းမကျဖြစ်နေမည်။  စိတ်ကိုအပြောင်းလဲဖြစ်အောင်ချောကလပ်၊သကြားလုံးစသည်ဖြင့်အစားစားခြင်းဖြင့်ဖြေသော် ကျေနပ်မှုသာတစ်ခဏရမည်။ သင်စိတ်ကပျော်ရွှင်နေမည်တော့မဟုတ်။

စိတ်ကိုကျေနပ်စေလို့ဆေးလိပ်သောက်သည်။သို့သော် ပျော်ရွှင်မှုမပေါ်လာပေ။ အကယ်၍ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပေသည် လို့ စိတ်ထဲသိနေလျှင် ပို၍ပင်မပျော်ရွှင်နိုင်တော့ပေ။
ဒီနေရာမှာ ပျော်ရွှင်မှုကိုရပြီး မကြာခင်မှာပျက်ပြယ်သွားမယ် ပျောက်ကွယ်သွားမယ်ဆိုတာကို စိုးရိမ်တဲ့လူတွေလဲ  ရှိနေတယ်။ ပျော်ရွှင်ခြင်းဟာ တစ်ခဏပဲလို့သဘောထားပြီး တွေ့ကြုံခံစားဖို့စိုးရွံ့နေတာကြောင့် နောက်ဆုံးမှာဆုံးရှုးလိုက်ရတယ်။ ဒီနည်းဖြင့် ပျော်ရွှင်မှုပျောက်ကွယ်ချိန်ခံစားရမည့်နာကျင်ခြင်းများကို ရှောင်ရှားကြတယ်။ပျော်ရွှင်မှုရဲ့နောက်ကွယ်မှာ မပျော်ရွှင်စေတဲ့အကြောင်းတွေရှိနေတယ်ဆိုတာ သူတို့ယုံကြည်ထားတယ်။ 
တစ်ချို့လူတွေက အပျော်အပါးတွေကိုရှောင်ရှားဖွေဖို့အလွန်အကြူးကြိုးစားကြတယ်။ အဖိုးမတန်ဘူး မမြဲဘူးဆိုပြီး။ ရှောင်လွှဲဖို့ပဲ လုံးပန်းနေလေရဲ့။ မရောင်ရာကိုဆီလူးတဲ့လူစားမျိုးတွေပေါ့။

ရုပ်ဝတ္တုလောကကြီးက အချိန်တိုင်းပြောင်းလဲမှုတွေနဲ့။ တစ်ခဏတိုင်းမှာ အသစ်အသစ်တွေ ဖန်တီးတယ်၊လက်ခံတယ်၊ပြောင်းနေတယ်၊ပုံစံအသွင်သစ်ပြောင်းအောင်လုပ်တယ်၊ ပျက်စီးပျောက်ကွယ်သွားတယ်။ ဒီအရာသည် လောကအမှန်တရားပဲ။ ဘယ်တန်ခိုးရှင်မှ ပြောင်းလဲအောင်လုပ်လို့မရ။ ဒီအခြေအနေတစ်ရပ်ရပ်မှာ အမြစ်တွယ်ကပ် ခုံမင်တပ်မက်နေသူတွေအတွက် စိတ်ဆင်းရဲစရာတွေက လက်တစ်ကမ်းမှာ။ ဘယ်အရာ၊ ဘယ်အခြေအနေမှ မတည်မြဲ။ ဒါဟာ သဘာဝအမှန်တရားပဲ။ အခြေနေ အချိန်အခါပြောင်းလဲခြင်းတွေ စိတ်တိုင်းကျမဖြစ်တဲ့အခါ မပျော်ရွှင်ကြဘူး။ တစ်ဘက်မှာ ဒါတွေကို အစွဲအလန်းမထားတတ်တဲ့အလေ့အကျင့်ကလေးရှိနေ
မယ်ဆိုလျှင် ဘယ်အရာမှ ကျွန်ုပ်တို့ရဲ့စိတ်ခံစားမှုတွေကို မလွှမ်းမိုးနိုင်တော့ပေ။ ဒါဆိုရင် အပြင်ပိုင်း အဖြစ်သနစ်တွေက မိမိတို့စိတ်ရဲ့ အတွင်းပိုင်း ပျော်ရွှင်ခြင်း စိတ်အေးချမ်းသာယာခြင်းတွေနဲ့မည်သို့မျှမပတ်သတ်နိုင်တော့ပေ။
မွေးဖွားကတည်းက ပျော်ရွှင်မှုကိုတောင့်တကြတယ်။ လောက ကလည်း ဒါဟာကောင်းတယ်လို့လက်ခံကြတယ်။ ကျွန်ုပ်တို့ရဲ့ပြုမူဆောင်ရွက်မှုတွေကို သုံးသပ်ကြည့်မယ်ဆိုလျှင်လည်း တစ်နည်းမဟုတ်တစ်နည်း နဲ့ပျော်ရွှင်မှုနောက်လိုက်နေတာတွေ့ရတယ်။ လူတိုင်းပျော်ရွှင်ချင်တယ်။ စိတ်ကျေနပ်ချင်တယ်။ အဖြစ်သနစ်၊ အခြေနေ  ပြောင်းလဲ ခြင်းများကကျွန်ုပ်တို့စိတ်တိုင်းကျဖြစ်ခဲ့လျှင် ပျော်ရွှင်တယ်၊ သို့မဟုတ်လျှင် စိတ်ပျက်တယ်။စိတ်ဆင်းရဲကြတယ်။
ဒီစိတ်တွေဘယ်လိုအခါမှာဖြစ်ပေါ်သလဲ။ ပြဿနာတစ်ခုခုဖြေရှင်းပြီးသွားတဲ့အခါ၊ ၀န်လေးနေတဲ့အရာ ဖယ်ရှားပြီးတဲ့အခါ၊ ဒါမှမဟုတ်ကြောက်ရွံ့စိုးရိမ်မှုမရှိတော့တဲ့အခါ ဒီခံစားမှုတွေဖြစ်ပေါ်လာတယ်။ အလိုဆန္ဒပြည့်တဲ့အခါ၊ ရည်မှန်းချက်အထမြောက်တဲ့အခါလည်း ဒီခံစားမှုဖြစ်ပေါ်တယ်။ ကျွန်ုပ်တို့ဘ၀မှာ အင်မတန်မှ တောင်းတမျှော်လင့်တဲ့အရာရခဲ့လျှင်လည်း တွေ့ကြုံနိုင်တယ်။ ကိုယ်မြတ်နိုးတဲ့သူရဲ့ အကြင်နာတွေရတဲ့အခါ၊ ထီပေါက်တဲ့အခါ၊ ကျောင်းမှာ အဆင့်ကောင်းကောင်းရတဲ့အခါတွေမှာ လည်းပျော်ရွှင်မှုတွေ ဖြစ်တယ်။
ဒီအခါမှာဘာဖြစ်သလဲ။ ကျွန်ုပ်တို့ အစဉ်တစ်စိုက်လိုက်လုပ်နေ၊ စောင့်စားနေ၊မျှော်လင့်နေတဲ့ သို့အလိုဆန္ဒတွေရဲ့နောက်က ပူပန်စိုးရိမ်စရာတွေ ပြေပျောက်သွားတယ်။ ထိုအရာတွေနောက်တစ်ကောက်ကောက်ထပ်လိုက်နေစရာမလိုအပ်တော့ပေ။ စိုးရိမ်မှုအကြောက်တရားမှလွန်မြောက်လာပေမည်။ ဖိအားတစ်ချို့၊ စိုးရိမ်တရား သို့ ၀န်ထုပ်ဝန်ပိုးတွေဖြေရှင်းနိုင်ခဲ့မယ်။ ဒီအခါ ပျော်ရွှင်မှုဖြစ်ပေါ်တယ်။ ထိုခံစားမှုသည် ကျွန်ုပ်တို့စိတ်ရဲ့ အတွင်းကျကျနေရာက ဖြစ်ပေါ်လာခြင်းပဲ။
ရှာဖွေမှုတစ်ခု၊ စိုးရိမ်နေတဲ့အရာတစ်ခု၊ အကြောက်တရားနဲ့ အခြားခြားသောအရာတွေကို အဖြေရှာထုတ်နိုင်ခဲ့မယ်လှလှပပ အဆုံးသပ်နိုင်မယ် ဆိုလျှင် ကျွန်ုပ်တို့စိတ် တည်ငြိမ်သွားတယ်။ ဒီအခါမှာ အဖြစ်သနစ် သို့မဟုတ် အချိန်အခါ၊အရာဝတ္တုတွေအပေါ် စွဲလန်းတန်းတ စိုးရိမ်မှုတွေအကြောင်း နောင် စဉ်စားနေစရာမလိုတော့ပေ။ ထိုအခါစိတ်အနားရခြင်း စိတ်အေးချမ်းခြင်းမျိုးဖြစ်သည်။ ပျော်ရွှင်မှုက အလိုအလျောက်ရသွားတယ်။
စိတ်ဆိုတဲ့ခန်းမကြီးက လိုချင်ဆန္ဒတွေ၊ စိုးရိမ်တရားနဲ့ အကြောက်တရားတို့နဲ့ပြည့်နှက်နေတယ်။ ယခုအခါ ဒီအခန်းထဲမှာ ရှင်းလင်းနေတယ်၊ဟိုဟိုဒီဒီ စဉ်းစားမနေတော့ဘူး။ အဲဒီအခါ စိတ်လွတ်မြောက်ခြင်းဖြစ်ပေါ်တယ်။ သက်သောင့်သက်သာစိတ်အေးလက်အေးဖြစ်တယ်။ စိတ်အတွင်းပိုင်းက လှိုက်ပြီး ပျော်ရွှင်အေးချမ်းနေတယ်။

နောင့်စိတ်ပျော်ရွှင်မှုခံစားရတဲ့အခါ  သင့်ရဲ့စိတ်ကိုစောင့်ကြည့်ပါ။ ဘာတွေဖြစ်ပေါ်နေသလဲဆိုတာ။ စိတ်ကအေးချမ်းပြီးခပ်မဆိတ်သုဉ်းနေပေမည်။ ပြေးလွှားခုန်ပေါက်နေတတ်တဲ့စိတ်က တစ်ခဏလောက်ရပ်နားသွားမယ်။ ဒီအခါပျော်ရွှင်ခြင်းအစစ်က အတွင်းကလာတယ်ဆို သင်ခံစားရပေမည်။


ပျော်ရွှင်ခြင်းအစစ်က ကိုယ်တွင်းကဖြစ်ပြီး ကြိုးစားရယူလို့ ရတဲ့အရာဖြစ်သည်

တိမ်ထူထပ်တဲ့ နေ့တစ်နေ့က နေမင်းကိုဖုန်းအုပ်ကွယ်ဖျောက်ထားတယ်။ ဒါပေမယ့် နေမင်းက သူ့နေရာမှဘယ်ကိုမှ ရွေ့မသွားပါ။ ဒီလိုပဲ စိတ်ရဲ့အတွေးတိမ်တိုက်တွေ၊ စိုးရိမ်ကြောင့်ကြတရားတွေနဲ့အလိုရမက်တွေက ပျော်ရွှင်မှုကို ဖုံးဖိကွယ်ဖျောက်ကြတယ်။ ဒါတွေကိုဖယ်ရှားသုတ်သင်တတ်ပါမှ ပျော်ရွှင်မှုကို ထိတွေ့ခံစားနိုင်မယ်။ သို့မှသာ ကျွန်ုပ်တို့ စိတ်ဝိဥာည်ဝယ် ပျော်ရွှင်ခြင်းကို အမွေအဖြစ်ထိန်းထားနိုင်ပြီး ရှေ့သို့အစဉ်လင်းလက်တောက်ပနေပေလိမ့်မယ်။

ပျော်ရွှင်မှုဆိုတာ ရယူလို့ရနိုင်တဲ့အရာ၊မိမိတို့နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့အရာသာဖြစ်တယ်။ ပျော်ရွှင်မှုသည် မည်သည့်အချိန်အခါ၊ အရာဝတ္တု နဲ့ အကြောင်းကြောင်းတွေပေါ်မှ မမှီခိုပါ။ ပျော်ရွှင်မှုသည် ကျွန်ုပ်တို့ အသိစိတ်နယ်ပယ်နဲ့ ခွဲခြားလို့မရတဲ့အရာဖြစ်တယ်။ သို့သော် တစ်ခါတစ်လေ ကျွန်ုပ်တို့ရဲ့ အမြင်အာရုံ၊ အတွေးအကြံ၊ အလိုဆန္ဒများ နဲ့ စိုးရိမ်ကြောင့်ကြတရားတွေကြောင့်လည်း ဖုံးကွယ်ပျောက်ရှနေသည်။

ဆန်းပြားတာကပျော်ရွှင်းခြင်းဟာကျွန်ုပ်တို့စိတ်ဝိဥာဉ်အတွင်း၌ဘ၀တစ်လျှောက်ကိန်းအောင်းနေတယ်။ ဒါဟာ နောက်ထပ်ပေါ်လာမည့်ခံစားမှုအသစ်မဟုတ်ပါ။ လိုနေတာက ဒီပျော်ရွှင်မှုကို ဘယ်လိုဖေါ်ထုတ်ရမလဲဆိုတာပဲ။
ခုန်ပေါက်ပြေးလွှားတတ်တဲ့ ဒီစိတ်ကို တခဏ ငြိမ်သတ်နိုင်တာနဲ့ ပျော်ရွှင်ချမ်းမြေ့မှုအရသာကိုထိတွေ့လို့ရတယ်။
အတွေးများရပ်လို့ငြိမ်သတ်သွားခြင်းက စိတ်အေးချမ်းသာယာမှုနဲ့ လုံးဝဆက်နွယ်မှုရှိနေသည်။ ဒါဆိုလျှင်
ပျော်ရွှင်မှုအစစ်ကိုရဖို့ ကျွန်ုပ်တို့ရဲ့စိတ်ကိုတိုးတိတ်ငြိမ်သတ်ထားနိုင်ရမယ်။အေးချမ်းအောင်နေတတ်ရမယ်။

ရိုဂကျင့်စဉ်၊ ဒဏ္ဍာရီခရီးသွားများနဲ့မြင့်မြတ်တဲ့အကျင့်ကျင့်သုဉ်းသူတွေ ဘ၀တစ်လျှောက်ဘယ်အရာတွေကိုရှာဖွေသလဲ။
သူတို့က ဆေးလိပ်သောက်လိုက်ရလို့ကျေနပ်သွားခြင်းကိုရှာဖွေနေတာမဟုတ်။ မည်သူတစ်စုံတစ်ယောက်၊မည်သည့်အကြောင်းတရားတို့မှ အချိန်အခါမရွေး လုယူလို့မရနိုင်တဲ့ပျော်ရွှင်မှုအစစ်ကို
ရှာဖွေနေခြင်းပဲ။ ပျော်ရွှင်မှုစစ်စစ်က အပြင်ပိုင်းဘယ်အရာကိုမှ မှီတွယ်မနေပါ။
ကျွန်ုပ်ဆိုလိုချင်သောပျော်ရွှင်မှုဆိုသောအရာသည် တည်မြဲတယ်၊လောကနယ်ပယ်အပြင်က အဆုံးအစမရှိဖြစ်သည်။
ကျွန်ုပ်တို့ရဲ့အတွေ့ကြုံတွေအပေါ် မှာပဲမူတည်ပြီးတွေးတောတတ်တာ ကျွန်ုပ်တို့ရဲ့သဘာဝပဲ။ အတွေးများအားလုံးမောင်းနှင်
ထုတ်နိုင်လျှင်သင်ပျော်နေမည်။
လှိုင်းထပြီး နောက်ကျည့်နေတယ်ရေကန်အောက်မှာရတနာတွေရှိပေမယ့် သင်မြင်နိုင်မှာမဟုတ်ပါ။ ရေကိုငြိမ်သတ်စေပြီး ရွှံ့နှစ်ရေနောက်တွေ အနည်ထိုင်သွားအောင်လုပ်နိုင်လျှင်တော့ ရတနာတွေမြင်ရမယ်။ သင်မြင်မြင် မမြင်မြင် ရတနာတွေက ထိုရေကန်ထဲမှာ ရှိနေပြီးသားပါ။ ပျော်ရွှင်ခြင်းအစစ်က ဒီရတနာတွေလိုပဲ။ ကျွန်ုပ်တို့အနီးအပါးမှာပဲ။ ဖုန်းကွယ်ခံရခြင်း၊ အရံအတားများကြောင့် မမြင်နိုင်ပဲဖြစ်နေတာပါ။
ကဲခုလောက်ဆို တစ်စုံတစ်ယောက်သည်ပျော်ရွှင်ခြင်းအစစ်ကို ရဖို့ဘယ်လိုလုပ်ရမလဲလို့ သင်မေးချင်နေမှာပေါ့။
အကောင်းဆုံးနည်းလမ်းတစ်ခုက မတွယ်တာမတပ်မတ်ခြင်းပဲ။ တပ်မက်ခြင်းတဏှာမှလွတ်မြောက်အောင်ကြိုးစားပါ။ သင့်ခံစားမှုတွေကို တပ်မက်တွယ်တာမှုရဲ့လေနုအေးအေးတစ်ချက်မျှတောင် မတိုးတိုက်စေပါနဲ့။ အခြေနေတိုင်းကိုစိတ်အေးလက်အေး၊ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ပြီဆိုလျှင် ဒါဟာ ပျော်ရွှင်မှုပန်းတိုင်ဆီသို့ ပထမဦးဆုံးခြေလှမ်းပါ။
သမာဓိထူထောင်ပြီးစိတ်ကို ထိန်းထားနိုင်ခြင်း၊ ကိုယ်ကျင့်တရားနဲ့စိတ်စွမ်းအားမြင့်တတ်အောင်ကြိုးစားခြင်း၊တရားဘာဝနာ
စီးဖြန်းခြင်းနဲ့ ဓမ္မစာပေတွေဖတ်ခြင်းများက စိတ်ချမ်းသာပျော်ရွှင်ခြင်းကို ဖြစ်စေတယ်။ ထိုအရာတွေက စိတ်ကိုငြိမ်းအေးစေတယ်။
အရှေ့တိုင်းကလူတွေကတော့  ဆရာကောင်းကိုမှီဝဲဆည်းကပ်မယ်ဆိုရင် ဆရာသမားရဲ့ သွင်သင်ပြသပေးမှုနဲ့မိမိတို့
စိတ်တွေ မထွေပြားစေပဲ ငြိမ်းချမ်းခြင်းတရားနဲ့ ထူးခြားတဲ့စိတ်စွမ်းအားတွေ တွေ့ထိခံစားနိုင်မယ်လို့ဆိုကြသည်။ ထိုဆရာကောင်း၏စိတ်အတွင်းမှာလည်း လုံးဝအေးချမ်းပြီ်းအတွေးအကြံတွေရဲ့အမှောက်ပရောဂမှလွန်မြောက်နေ
ပေလိမ့်မည်။ ဆရာရဲ့စိတ်စွမ်းအင်တွေသည် အလွန်အစွမ်းထက်နေပြီး
သူ့ပတ်ဝန်းကျင်တွင်ကျင့်ကြံကြိုးကုပ်သူတွေအားလုံးရဲ့စိတ်တွေကိုလည်းမိမိကဲ့သို့ခံစားသိမြင်လာအောင်နည်းပေးလမ်းပြတယ်။ အာရုံဖမ်းစားမှုနည်းဖြင့် လိုက်နာကျင့်သုံးသူတွေရဲ့စိတ်တွေကို လွှမ်းမိုးထားတယ်။ စိတ်တည်ငြိမ်အေးချမ်းတဲ့အခါ
ပျော်ရွှင်ချမ်းမြေ့ခြင်း၏အနှောင့်အယှက်ပရောဂတွေကိုရပ်းသွားအောင်လုပ်နိုင်တယ်။
ပျော်ရွှင်ခြင်းအစစ်သည် အနီးအနားမှာ၊ မိမိကိုယ်တွင်းမှာပဲဖြစ်တယ်။ စိတ်ကိုသာအေးချမ်းအောင်နေလိုက်ပါ။သင်ရှာတွေ့လိမ့်မည်။ စောင့်စားနေစရာမလို။ အပြင်ပိုင်းအချိန်အခါအခွင့်အလမ်းတွေ၊ အဖြစ်သနစ်တွေကယူဆောင်လာဖို့မလိုပေ။ တည်ငြိမ်အေးချမ်းပြီးအနှောင်အဖွဲ့ကင်းတဲ့စိတ်ကသာ ပျော်ရွှင်မှုစစ်စစ်ရဲ့ တံခါးဂိတ်ဝဖြစ်တယ်။ ပျော်ရွှင်ခြင်းအစစ်ကိုရွေးချယ်ဖို့ဆိုတာ သင့်ဆုံးဖြတ်ချက်နဲ့သာဆိုင်တော့တယ်။

 Translated by:JB

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...