Friday, September 30, 2011

01.10.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, October 1, 2011 at 4:32am
 
 

မြစ်ဆုံ ဘာ့ကြောင့် ရပ်လိုက်သလဲ
သမ္မတ ဦးသိန်းစိန်ကနေ လွှတ်တော်နှစ်ရပ်ဆီကို ပေးပို့တဲ့ သဝဏ် လွှာမှာ ဖော်ပြတာကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထု အတွင်း စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အတွက်လို့ ဒါကို ရပ်ဆိုင်းဖို့ ကြေငြာ ရတာလို့ ဆိုပါတယ်။
ဘယ်လို စိုးရိမ် ပူပန်မှုတွေလည်းဆိုတာကို ပြောရာ မှာတော့ အချက် ငါးချက်ကို ပြောထားတာ တွေ့ရပါတယ်။

သမ္မတ ရဲ့ သဝဏ်လွှာကို အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်တို့ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးခင်အောင်မြင့် ဖတ်ကြားရာမှာ ကချင် အတွက်သာမက မြန်မာ တနိုင်ငံလုံး အတွက် ထိခိုက်နိုင်တာ ကြောင့် ၊ ဆည်အထက်ပိုင်းက ရွာတွေ ရေမြုပ်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဆုံးရှုံးပျက်စီးဖို့ ရှိတယ်၊ ပုဂ္ဂလိပိုင်းက အရင်းအနှီးများများထည့်ဝင်ပြီး စိုက်ထားတဲ့ ရာဘာနဲ့ ကျွန်းစိုက်ခင်းတွေ ပျက်ဖို့ရှိတယ်၊ နောက် မြန်မာပြည် မြောက်ဖျား ပိုင်းအရပ်က ရေခဲတောင်တွေ အရည်ပျော်လို့ပဲ ဖြစ်ဖြစ်၊ မိုးများလို့ပဲ ဖြစ်ဖြစ်၊ ငလျင်လှုပ်လို့ပဲ ဖြစ်ဖြစ် မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်က မြို့ရွာတွေ လူတွေ သေကြေ ပျက်စီးနိုင်တယ်၊ ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်တယ် ဆိုတဲ့ အချက် ငါးချက်ကြောင့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ ကြေငြာ လိုက်တယ်လို့ ဆိုပါတယ်။
တကယ်တော့ မြစ်ဆုံစီမံကိန်း မစခင်ကတည်းက ပညာရှင်တွေရဲ့ စီမံကိန်း အကျိုးအပြစ် လေ့လာမှုစစ်တမ်းတွေထဲမှာလည်း ဒီလို အချက်အလက်တွေ ဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စီမံကိန်း ပြန်သုံးသပ်ဖို့ ကြေငြာချက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလဆန်းပိုင်းကထိ အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီးရဲ့ ပြောစကားအရ ဘယ်လို ကန့်ကွက်မှုတွေ ရှိရှိ ဆက်လုပ် မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် လူတွေရဲ့ မကျေနပ်မှု အသံတွေက ပိုကျယ်လောင် လာပြီးနောက် သမ္မတက ဒီနေ့ ရပ်ဆိုင်းပြီဆိုပြီး ကြေငြာရတဲ့ အဆင့်ထိ ရောက်ခဲ့ တာပါ။
ဒါပေမယ့် သမ္မတရဲ့ သဝဏ်လွှာမှာ ပြောတာက ကျန်တဲ့ ရေအားလျှပ်စစ် စီမံကိန်း တွေကိုတော့ စနစ်တကျ လေ့လာပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ အရင်းအနှီးတည်ဆောက်တဲ့ ရေအားလျှပ်စစ် စီမံကိန်း အများအပြားထဲ့ က တစ်ခု ဖြစ်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်းကနေ တရုတ်နိုင်ငံကို လျှပ်စစ် ရောင်းချဖို့ ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မှာပါ။ ဒါကြောင့် တရုတ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို မိတ်မပျက်အောင် ပြန်လည် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့လည်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒီနေ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတရဲ့ အခုကြေငြာချက်ကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
မြစ်ဆုံအရေး ဧရာဝတီ အရေး ဆောင်ရွက် လှုပ်ရှားခဲ့သူ ကာတွန်းဆရာ အော်ပီကျယ်ကတော့ မြစ်ဆုံအရေး အခုလို ရပ်ဆိုင်းပေးတာဟာ ပြည်သူ့ အသံကို နားထောင်လာတာဖြစ်တဲ့ အတွက် ကောင်းတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အဆင့်ကို ရောက်ပြီလားဆိုတာတော့ ပြောဖို့ စော သေးတယ်လို့ ဆိုပါတယ်။
စာမေးပွဲ တခုနဲ့ ဥပမာပေးရရင် အစိုးရဟာ မြစ်ဆုံဘာသာကို ဖြေဆို အောင်မြင်ခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားဘာသာရပ် အပါအဝင် တခြားဘာသာတွေကို ဖြေဆို အောင်မြင်ဖို့ လိုသေးတယ်လို့ သူကမှတ်ချက်ချ ပြောဆိုပါတယ်။

Tiangong One တရုတ် လွှတ်တင်မြန်မာ အစိုးရတပ် ကချင် ဒေသခံ တွေကို ပေါ်တာဆွဲ
တိုက်ပွဲ ဖြစ်တဲ့ ဒေသတွေ ကနေ ကချင် ဒုက္ခသည်တွေ ထွက်ပြေး နေရ
ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) ကို မြန်မာ အစိုးရက ဆက်လက် ထိုးစစ် ဆင်နေ ရာမှာ အစိုးရတပ် တွေက ဝိုင်းမော် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ် ရေးမှူး တွေကို ဆင့်ခေါ်ပြီး ပေါ်တာ အထမ်းသမား ၅၀ ရှာပေးဖို့ တောင်းဆိုခဲ့ကြောင်း မြို့ခံ တွေက ဘီဘီစီကို ပြောပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေး မှူးတွေက စစ်တပ်ကို ကိုယ့်အစီအစဉ် နဲ့ကိုယ် ရှာဖို့ အကြောင်းပြန် ခဲ့ကြတယ် လို့ ဆိုပါတယ်။
အနီးပတ်ဝန်းကျင် က ရွာတွေမှာတော့ ပေါ်တာဆွဲတာ တွေရှိနေတယ်လို့ တရုတ်မြန်မာ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တိုက်ပွဲ တွေကြောင့် ဒေသခံတွေ ထွက်ပြေးရတာ တွေလည်း နောက်ထပ် ဆက်ပြီး ရှိနေပါတယ်။
ကြာသပတေးနေ့တုန်းက မြန်မာ အစိုးရနဲ့ ကေအိုင်အေတပ်ဖွဲ့တွေကြား ဂျာအိန်ယန် ရွာ အနီးမှာ တိုက်ပွဲ တခု ဖြစ်ခဲ့သလို အောင်ဂျာယန် ရွာအနီးမှာလည်း နောက်ထပ် တိုက်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ထိခိုက် ကျဆုံးမှု အခြေအနေ ကိုတော့ မသိရသေးပါဘူး။

အာကာသစခန်း ဆောက်ဖို့ တရုတ် ရည်မှန်းချက် ကြီးမား
တရုတ်နိုင်ငံဟာ ဂြိုလ်ပတ်လမ်းထဲမှာ အာကာသ စခန်း တည်ဆောက်ဖို့ ကြိုးစားနေပြီး ပထမ ခြေလှမ်း အဖြစ် အာကာသယာဉ် ဆိုင်ရာ အစိတ်အပိုင်း တခု တင်ဆောင်ထားတဲ့ ဂြိုလ်ထု တလုံးကို လွှတ်တင် ခဲ့ပါတယ်။
လူလိုက်ပါမသွားတဲ့ ဒီဂြိုလ်ထုကို Tiangong One (ကောင်းကင် နန်းတော်)လို့ အမည်ပေးထားပြီး တရုတ်နိုင်ငံ အနောက်ပိုင်း Gobi Desert ဂိုဘီ သဲကန္တာရ ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအစိတ်အပိုင်းကို ယာဉ်ချင်း ချိတ်ဆက်ရာမှာ သုံးမှာ ဖြစ်ပြီး တရုတ်ဟာ အာကာသ ဆိုင်ရာ စမ်းသပ် လေ့လာခန်း ဆောက်ဖို့ နည်းပညာတွေ ရှာဖွေ ဖန်တီးနိုင်တော့မှာပါ။
နောက်ပိုင်းမှာတော့ အာကာသ စခန်း တခု အပြည့်အဝ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
နောက်လကျရင် လူမပါတဲ့ အာကာသယာဉ် တစင်းလွှတ်တင်ပြီး လှုပ်ရှား ဆောင်ရွက်မှုတွေ စတင်တော့မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ လပေါ်ကို လူလွှတ်ဖို့ အပါအဝင် အာကာသ ဆိုင်ရာ စီမံကိန်းတွေကို ရည်မှန်းချက် အပြည့် ချမှတ်ထားတာ ဖြစ်ပါတယ်။

ပင်လယ်ဓါးပြတွေဟာ ရေကြောင်း သွားလာမှုမှာ ပြဿနာတရပ်ဖြစ်
ပင်လယ် ဓါးပြတွေရဲ့ ဖမ်းဆီး ပြန်ပေးဆွဲ ခြိမ်းခြောက် ခံရသူတွေနဲ့ ဆွေမျိုး မိသားစုတွေ အရေအတွက် တိုးလာနေပြီး သူတို့ ရင်ဆိုင်ရတဲ့ တုန်လှုပ်ဖွယ် ဖြစ်ရပ်အပေါ် စိတ်ဒဏ်ရာ ခံစားရမှုတွေ ပျောက်ကင်း သက်သာအောင် အကူအညီ ပေးမယ့် နိုင်ငံတကာ အဖွဲ့တဖွဲ့ကို ပင်လယ်ဓါးပြ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေက လန်ဒန်မှာ ဖွဲ့စည်းလိုက်ပါပြီ။
ဆိုမာလီ နိုင်ငံ တခုတည်းမှာတင် ဖမ်းဆီး ပြန်ပေးဆွဲ ၊ ငွေတောင်းမှုတွေ ၃ဝဝ ကျော်လောက် ရှိပြီး ပြန်ပေးဆွဲ ခံရသူတွေဟာ နှိပ်စက်ခံရတာ အပါအဝင် စိတ်ရော ကိုယ်ပါ ညှင်းပမ်း ခံရတာ တိုးလာနေတယ်လို့ အဖွဲ့ စီစဉ် ကြီးကြပ်သူတွေက ပြောပါတယ်။
မနှစ်တုန်းက အိန္ဒိယ ပင်လယ်ကနေ တောင်တရုတ် ပင်လယ်ပြင် အတွင်း ပင်လယ် ဓါးပြတိုက်ခံရ မှုတွေကြောင့် ခန့်မှန်းချေ ဒေါ်လာ ဆယ့်နှစ် ဘီလီယံလောက် ဆုံးရှုံးခဲ့ပြီး ဒါဟာ ပင်လယ် ရေကြောင်း သွားလာရေး လုပ်ငန်းမှာ တကမ္ဘာလုံး ဆိုင်ရာ ပြဿနာကြီး တရပ် ဖြစ်နေတယ်လို့ သူတို့က ဆိုပါတယ်။

သံအမတ် တိုက်ခိုက်ခံရလို့ အမေရိကန် အပြင်းအထန် ရှုတ်ချ
ဆီးရီးယား နိုင်ငံမှာ အမေရိကန် သံအမတ်ကို ခရမ်းချဉ်သီးတွေ ကျောက်တုံး တွေနဲ့ ပစ်ပေါက် တိုက်ခိုက် ခဲ့တဲ့ အတွက် ဒါကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ရှုတ်ချ လိုက်ပါတယ်။
နိုင်ငံခြား သံတမန်တွေကို အကြမ်းဖက်ပြီး ခြိမ်းခြောက်တာဟာ လုံးဝ တရားမျှတမှု မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စက် ကလင်တန်က ဆိုပါတယ်။
ဒီမလိုလားအပ်တဲ့ တိုက်ခိုက်မှုအတွက် ကျွန်မတို့ အပြင်းထန်ဆုံး ရှုတ်ချပြီး သံအမတ်ကြီး ဖို့ဒ်နဲ့ သူ့လက်ထောက်တွေဟာ သံရုံးရဲ့ပုံမှန် လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ခဲ့ တာပါ၊ အခုလို ခြိမ်းခြောက်ဖို့ ကြိုးစားတာဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်လို့ ပြောသွားတာပါ။
ဆီးရီးယားက ထိပ်တန်း အတိုက်အခံ ခေါင်းဆောင်တဦးနဲ့ ဆွေးနွေးဖို့ အမေရိကန် သံအမတ် ရောဘတ် ဖို့ဒ်နဲ့ တခြား သံအရာရှိတွေ ရောက်လာချိန်မှာ အစိုးရ ဘက်တော်သား ဆန္ဒပြ သူလူတစုက တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အနေနဲ့ ဒမားစကတ်မြို့မှာ ပြီးခဲ့တဲ့ ဇန္နဝါရီလ ကမှ စတင် တာဝန်ချ ထားခဲ့တဲ့ သံအမတ်ကြီးကို ပြန်ခေါ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ပြောပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် အဆင့်မြင့် အရာရှိတွေ တွေ့ဆုံ
မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အမေရိကန် အဆင့်မြင့် အရာရှိတွေနဲ့ ဝါရှင်တန်မြို့မှာ ရှားရှားပါးပါး တွေ့ဆုံဆွေးနွေးမှု တခုပြုလုပ်ခဲ့တယ်လို့ အမေရိကန် အစိုးရက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့ ရောက်နေတဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှု တွေလုပ်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှု အဖြစ် အခုလို အစည်းအဝေး ကျင်းပခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Mark Toner ကဆိုပါတယ်။
အခု အတောအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရကြား တွေ့ဆုံ ဆွေးနွေးမှု လိုမျိုး ဖြစ်ပေါ်တိုးတက်မှုတွေကို အမေရိကန်က ကြိုဆိုပေမယ့် နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေး အပါအဝင် အရေးပါတဲ့ ကိစ္စရပ်တွေမှာ တိုးတက်မှု ရှိတာကို မြင်လိုတယ်လို့ သူကပြောပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ အသင်း မပါဝင် နိုင်တော့
မြန်မာ ဘောလုံးအသင်း ခေါင်းဆောင် လိုက် တောင်းပန် ပေမဲ့ ပရိဿတ် ကို မထိန်း နိုင်ခဲ့
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ် ပွဲ မှာ မြန်မာ ဘောလုံး အသင်း ကို ဝင်ပြိုင်ခွင့် မပေးဘူး လို့ ကမ္ဘာ့ဖလား ဘောလုံး အဖွဲ့ချုပ် ဖီဖာ က ဆုံးဖြတ် လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း က အိုမန် အသင်းနဲ့ မြန်မာအသင်း တို့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား အတွက် သုဝဏ္ဏ ကွင်း မှာ ခြေစစ်ပွဲ ကစား နေစဉ် မြန်မာ ပရိဿတ် က ၂ ဂိုးအသာ နဲ့ ဦးဆောင် ကစား နေတဲ့ အိုမန် အသင်း ကို ဖိနပ်တွေ၊ ရေသန့် ဘူးတွေ နဲ့ ပစ်ပေါက်ခဲ့ ကြပါတယ်။
မြန်မာ ဘောလုံး အသင်းခေါင်းဆောင် က ပရိဿတ် ကို လိုက်လံတောင်းပန် ပေမဲ့လည်း ပွဲ မထိန်း နိုင် သလို၊ မြန်မာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် လိုက်ထိန်း ပေမယ့် လည်း ပရိဿတ် က မနာခံခဲ့ပါဘူး။
ဒီလို ပရိဿတ် ရဲ့ ပြုမူမှု ကို မြန်မာ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ မထိန်းသိမ်း နိုင်တဲ့ အတွက် ၂၀၁၈ ခုနှစ် ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကို ဝင်ပြိုင်ခွင့် မပြု နိုင်တာ လို့ ဖီဖာ က ပြော ပါတယ်။
ဒီ ကိစ္စ နဲ့ပတ်သက်လို့ ဖီဖာ က ဒေါ်လာ ၂၈၀၀၀ လောက် နဲ့ ညီမျှ တဲ့ ဆွစ် ဖရန့်ငွေ ၂၅၀၀၀ ကို ဒဏ်ကြေးငွေ အဖြစ် ပေးဖို့ မြန်မာ အပေါ် ဒဏ် တပ်ခဲ့ ဘူး ပါတယ်။

အယ်လ်ခိုင်းဒါး ခေါင်းဆောင်တယောက် အသတ်ခံရ
အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ က ထိပ်တန်း ခေါင်းဆောင် တဦး ဖြစ်တဲ့ အမေရိကန် နိုင်ငံဘွား အစ္စလာမ် ဘာသာရေး ခေါင်းဆောင် အန်ဝါ အယ် အော်လကီ ကို သတ်ဖြတ် နှိမ်နှင်း နိုင်ပြီ လို့ ယီမင်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန က ပြောပါတယ်။
အဲဒီလို သတ်ဖြတ်နှိမ်နင်းခဲ့ကြောင်း ယီမင်အစိုးရကနေ ခပ်ကျဉ်းကျဉ်းပဲ ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် အယ်လ်ခိုက်ဒီးယား အဖွဲ့အနေနဲ့တော့ အိုစမာဘင်လာဒင် အသတ်ခံရ ပြီးတဲ့နောက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုလို့ ဆိုရမှာပါ။ အန်နဝါ အယ်လ် အော်လကီဟာ ဒီအဖွဲ့ရဲ့ အရှေ့အလယ်ပိုင်း လှုပ်ရှားမှုတွေမှာ သြဇာအကြီးဆုံး တရားဟောဆရာ တစ်ဦး၊ သူတို့ရဲ့ အယူဝါဒကို ဉီးဆောင် ချပြနိုင်သူတစ်ဦး ဖြစ်ပါတယ်။ သူကို အမေရိကန်နဲ့ ယီမင် အစိုးရတို့ရဲ့ ပူးတွဲ စစ်ဆင်ရေးတစ်ခုမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရသလို သူနဲ့အတူ သူ့ရဲ့ အပေါင်းပါ တချို့လည်း သေဆုံးခဲ့ပါတယ်။
အမေရိကန် နိုင်ငံသားတစ်ဦးဖြစ်တဲ့ အယ်လ် အော်လကီကို လိုက်လံရှာဖွေ သတ်ဖြတ်ဖို့ ပြီးခဲ့တဲ့နှစ်က အမေရိကန် သမ္မတ အိုဘားမားရဲ့ အငြင်းပွားစရာ အမိန့် ထွက်လာပြီးနောက် အခု စစ်ဆင်ရေး စခဲ့တာလည်း ဖြစ်ပါတယ်။ အယ်လ် အော်လကီဟာ အမေရိကန်နဲ့ ပတ်သက်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ အင်တာနက် မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Inspire က တဆင့် သူ့နောက်လိုက်တွေကို အားပေးလှုံ့ဆော်ခဲ့ပါတယ်။
အမေရိကန် စစ်တပ် ဗိုလ်မှူး နီဒါး ဟာ့ဆန်က သူ့လက်အောက်ငယ်သား စစ်သားတွေကို သတ်ဖြတ်ခဲ့မှု၊ နောက် အီရတ်စစ်ပွဲကို ထောက်ခံခဲ့တဲ့ ဗြိတိန်က အမတ် စတီဖင် တင်မ်စ်ကို ဗြိတိန်အမျိုးသမီး ရိုရှိုနာရာ ချောင်ဒရီက ဓားနဲ့ ထိုးခဲ့မှုတွေမှာ အယ်လ် အယ်လ်ဝါကီ နောက်က ကြိုးကိုင်ခဲ့ တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ အယ်လ် အယ်လ်ဝါကီဟာ အင်္ဂလိပ် စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောနိုင်ပြီး သူ့အဖွဲ့အတွင်းမှာ အားကိုး လေးစားမှု ခံရတဲ့သူမို့ အယ်လ်ခိုင်းဒါး အဖွဲ့အတွင်း သူ့နေရာကို အစားထိုးလို့ ရနိုင်မယ့်သူတောင် သိပ်မရှိဘူးလို့ ယူဆနေကြပါတယ်။

နိုင်ငံခြား အိမ်ဖော် အလုပ်သမားတွေ အတွက် အောင်ပွဲ
ဟောင်ကောင် မှာ အိမ်ဖော် အလုပ်လာလုပ် နေတဲ့ ဖိလစ်ပိုင် အမျိုးသမီး တဦး ရဲ့ အမှု ဟောင်ကောင် တရားရုံး တခု မှာ အနိုင်ရ ခဲ့ပြီးတဲ့ နောက် အဲဒီ အကျိုးဆက် အရ ဟောင်ကောင် မှာ နိုင်ငံခြား ကနေ အိမ်ဖော် အဖြစ် လာရောက် အလုပ်လုပ်ကိုင် နေပြီး အရေအတွက် အားဖြင့် သိန်းနဲ့ချီ အရေအတွက် ရှိတဲ့ အိမ်ဖော် အလုပ်သမ တွေ အကျိုးကျေးဇူး ခံစား ရဘွယ် ရှိနေ ပါတယ်။
နိုင်ငံခြားက အိမ်ဖော် လာလုပ်တဲ့ အလုပ်သမား တွေ ဟောင်ကောင်မှာ အမြဲတမ်း နေထိုင် ခွင့် လျှောက်ထားခွင့် ပိတ်ပင် ထားတာဟာ အခြေခံ ဥပဒေ နဲ့ မညီ ဘူးလို့ ဟောင်ကောင် တရားရုံး တခု က ဆုံးဖြတ် ခဲ့ ပါတယ်။
ဟောင်ကောင်မှာ နိုင်ငံခြား က လာပြီး အလုပ်လုပ်နေတဲ့ အိမ်ဖော် အလုပ်သမ ၃ သိန်း နီးပါး ရှိပြီး အများစု က ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား နိုင်ငံ တွေက ဖြစ်ပါတယ်။
အဲဒီမှာ လက်ရှိစည်းမျဉ်းတွေအရ နိုင်ငံခြားသား တဦး ဟာ ဟောင်ကောင်မှာ ၇ နှစ်ကြာ နေထိုင် ပြီးရင် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားနိုင်ခွင့်ရှိပြီး အိမ်ဖော် အလုပ် သမ တွေကို အဲဒီလို လျှောက်ခွင့် မရှိအောင် ကန့်သတ် ထားပါတယ်။

ဒေါ်စု နဲ့ ဝန်ကြီး ဦးအောင်ကြည် ဆွေးနွေးပွဲ ခေါင်းစဉ်တွေ
နိုင်ငံနဲ့ပြည်သူ အကျိုးရှိတဲ့ အတိုင်းအတာ အထိ ပူးပေါင်း ဆောင်ရွက်သွားမယ် လို့ ဆို
မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် တို့ သောကြာနေ့ နေ့လည် ပိုင်း က ရန်ကုန် စိမ်းလဲ့ ကန်သာ ရိပ်သာ မှာ တွေ့ဆုံ ခဲ့ ပြီး သူတို့ ဆွေးနွေး နေကြတဲ့ အကြောင်းအရာ ခေါင်းစဉ် ၃ ခု ကို ဆွေးနွေးပွဲ အပြီး ထုတ်ဖော် ပြောကြား ခဲ့ ပါတယ်။
အဲဒီ ဆွေးနွေးမှု ခေါင်းစဉ် ၃ ခု ကတော့ နိုင်ငံတော် သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးရေး ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းဆောင်ရွက်ရေး ကိစ္စ၊ ဥပဒေ ပြင်ပ တွင် လက်နက် ကိုင်ဆောင် ဆန့်ကျင် နေသူများ ကို ဥပဒေ အတွင်း ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ကိစ္စ တွေ ဖြစ်တဲ့ အကြောင်း ဝန်ကြီး ဦးအောင်ကြည် က သတင်းထောက် တွေ ကိုပြော ပါတယ်။
အခုလို ဆွေးနွေးပွဲ ကို ဆက်လက် လုပ်ဆောင်သွားမယ် လို့ ဝန်ကြီး က ပြောကြားခဲ့ပြီး နောက်ဆွေးနွေးပွဲ ကို ဘယ်တော့လုပ်မလဲ ဆိုတာ ကတော့ ပြောကြား သွားခြင်း မရှိ ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကလည်း နိုင်ငံ အတွက် ပြည်သူ တွေ အတွက် အကျိုးရှိ မယ့် အတိုင်း အတာ အထိ ပါဝင် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သတင်းထောက်တွေ ကို ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နေအိမ် အကျယ်ချုပ် ကျခံ နေရာ ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း ဝန်ကြီး ဦးအောင်ကြည် နဲ့ တွေ့ဆုံဆွေးနွေး မှု ဟာ ၃ ကြိမ် မြောက်ရှိလာပါပြီ။
ပြီးခဲ့တဲ့ အခေါက် သူတို့ တွေ့ဆုံ ပွဲ မှာ နိုင်ငံ တည်ငြိမ်ရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အကြား ပူးပေါင်း ဆောင်ရွက် ကြဖို့ သဘောတူ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲ နောက်ပိုင်း သြဂုတ်လ အတွင်း မှာ လည်း ဒေါ်အောင်ဆန်း စုကြည် ဟာ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ လည်း တွေ့ဆုံနိုင် ခဲ့ ပါတယ်။
ဒီဖြစ်ရပ် တွေ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ မှာ အပြောင်းအလဲ တွေ ဖြစ်လာနိုင်တဲ့ လက္ခဏာ တွေ ကို တွေ့နေရတယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။

အိန္ဒိယ လာဘ်စားမှု တိုက်ဖျက်ရေးလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်
2011-09-29
အိန္ဒိယနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် နှစ်ကြိမ်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အင်နာ ဟဇာရီ ဆိုတဲ့ အသက် (၇၄) နှစ်အရွယ် လူမှုပြုပြင်ရေးသမားကြီး တစ်ယောက်က သူရဲ့တိုက်ပွဲကို ထောက်ခံ အားပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အထူး ကျေးဇူးတင်ရှိပါကြောင်း သူ့ရဲ့ အင်တာနက် ဘလော့ စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
နိုင်ငံအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ ကြီးမြတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် မိမိရဲ့လုပ်ဖေါ်ကိုင်ဘက်တွေ ကိုယ်စား မိမိအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောဆိုချင်ပါတယ်လို့ အင်နာ ဟဇာရီ က ရေးသားထားပါတယ်။ဟဇာရီဟာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် နှစ်ကြိမ်တိုင် အစာငတ်ခံဆန္ဒပြခဲ့ရာမှာ အိန္ဒိယ တပြည်လုံးက ပြည်သူတွေ တခဲနက် ထောက်ခံ အားပေးခဲ့ကြပြီး မြို့ကြီးပေါင်း ( ၄၅၀) ကျော်မှာ ဆန္ဒပြပွဲတွေ ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။အိန္ဒိယ အစိုးရက အင်နာ ဟဇာရီ နဲ့ စေ့စပ် ညှိနှိုင်းပြီး ဟဇာရီ ရဲ့တောင်းဆိုချက်တွေကို လိုက်လျောခဲ့ပါတယ်။

တက္ကသိုလ် ကျောင်းဆောင်တွေ ပြန်ဖွင့်ပေးဖို့ အစီအစဉ်မရှိ
2011-09-29
မြန်မာနိုင်ငံမှာ ပိတ်ထားဆဲဖြစ်တဲ့ တက္ကသိုလ် ကျောင်းဆောင်တွေကို ဖွင့်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ပညာရေးဝန်ကြီးက အမျိုးသား လွှတ်တော်မှာ မနေ့က ပြောကြားခဲ့တယ်လို့သိရပါတယ်။
အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမတ်ဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုး က တက္ကသိုလ် ကျောင်းဆောင်တွေကို ပိတ်ထားမယ့် အစား အကျိုးရှိအောင် ကျောင်းသားတွေကို ပြန်လည် နေထိုင်ခွင့်ပေးဖို့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ပညာရေးဝန်ကြီးက ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုခဲ့ကြောင်း၊ သူ ကျောင်းသားဘ၀က အဆောင်တွေကို ကွန်မြူနစ်တွေ လာစည်းရုံးပြီး ကျောင်းသားတွေ ဆူပူအောင် လုပ်ကြောင်း၊ လုံခြုံရေးက လာတော့ ကျောင်းသားတွေသာ ခံရပြီး ကွန်မြူနစ်တွေ မရှိတော့ကြောင်း၊ အခုလည်း ကျောင်းဆောင်တွေထားရင် သူတို့အတွက် အသင့်ဖြစ်သွားမှာ ဖြစ်လို့ အဆောင်တွေ ပိတ်ထားတာ အကောင်းဆုံးလို့ ပြောသွားတဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီသစ်ပါတီ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ဒါ့အပြင် ပညာရေး ၀န်ကြီးက တချို့ တက္ကသိုလ်တွေမှာ အဆောင်ထားပေးပြီး၊ တချို့ကို မပေးနိုင်ရင် မမျှတရာရောက်မှာ ဖြစ်ကြောင်း၊ မဟာသိပ္ပံနဲ့ မဟာဝိဇ္ဖာတန်း ဘာသာရပ်တွေနဲ့ တက္ကသိုလ်ဆရာတွေ အတွက်ပဲ ကျောင်းဆောင်တွေ ထားပေးနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ အဆောင်ထားတဲ့ စနစ်မရှိဘူးလို့ ပညာရေးဝန်ကြီးက ဖြေဆိုသွားတဲ့အကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အလုပ်သမား အဖွဲ့ အစည်း ဆိုင်ရာ ဥပဒေ အတည်ပြု
2011-09-29
ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးက အလုပ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ မူကြမ်းကို မနေ့က အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
အစိုးရအသစ် လက်ထက်မှာ ပထမဆုံးအကြိမ် အလုပ်သမားအဖွဲ့အစည်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်ချက် အနည်းငယ်နဲ့ လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပေးခဲ့ကြောင်း၊ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသကဲ့သို့ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် အမတ် တစ်ဦးဖြစ်သူ ဒေါက်တာ အေးမောင်က ပြောပါတယ်။အာအက်ဖ်အေက ဖတ်ရှုခွင့်ရတဲ့ အလုပ်သမား အဖွဲ့ အစည်း ဆိုင်ရာ ဥပဒေမူကြမ်းမှာ တွေ့ ရှိရတဲ့ အချက်တစ်ချို့ ကတော့ အခြေခံ အလုပ်သမားအဖွဲ့ အစည်းတွေကို အလုပ်သမား ဦးရေ ၃၀ ထက်မနည်းရှိတဲ့ အရေအတွက်နဲ့ ဖွဲ့ စည်းရမယ်လို့ ပါရှိပါတယ်။ တကယ်လို့  ၃၀ မပြည့်ဘူးဆိုရင် တခြားလုပ်ငန်းတူ လုပ်ငန်းတွေက အလုပ်သမားတွေနဲ့ ပူးပေါင်းဖွဲ့ စည်းနိုင်တယ်လို့ ဆိုပါတယ်။ အခြေခံ အလုပ်သမားအဖွဲ့ အစည်း အပြင် မြို့ နယ် နဲ့ ပြည်နယ် တိုင်းဒေသကြီး ဆိုင်ရာ အလုပ်သမား အဖွဲ့ တွေလည်း ရှိမယ်လို့ ဆိုပါတယ်။အလုပ်သမားအဖွဲ့ အစည်းတွေဟာ မြို့ နယ် မှတ်ပုံတင်ခြင်း ဆိုင်ရာ အရာရှိ ကနေ တဆင့် မှတ်ပုံတင် အရာရှိချုပ်ထံ ဆက်လက် တင်ပြပြီး မှတ်ပုံတင်ကြရမယ်လို့  ဆိုပါတယ်။ဒါ့အပြင် အလုပ်ခွင် ပဋိပက္ခတွေနဲ့  ပတ်သက်ပြီး သပိတ်မှောက်ခွင့်လည်း ထည့်သွင်း ဖေါ်ပြထား ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ထံ ကြိုတင် အကြောင်းကြားရမှာ ဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင် တွေထံ သပိတ်မှောက်မည် ဖြစ်ကြောင်း နှစ်ပတ် ကြိုတင်အကြောင်း ကြားရမယ်လို့ ပါရှိပါတယ်။ဒါ့အပြင် နိုင်ငံတကာ အလုပ်သမား အဖွဲ့ တွေနဲ့ လည်း ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ခွင့်တွေလည်း ဖေါ်ပြထားသလို အလုပ်ရှင်က အလုပ်သမား တစ်ဦးကို မတရား အလုပ်ထုတ်ခဲ့ရင် အလုပ်သမား အဖွဲ့ အစည်းက အကာအကွယ် ပေးခွင့်တွေလည်း ရှိတယ်လို့  ဥပဒေ မူကြမ်းမှာ ဖေါ်ပြထားပါတယ်။မနေ့က အတည်ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့ အစည်းဆိုင်ရာ ဥပဒေ နဲ့ ပတ်သက်ပြီး ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ် FTUB က ကြိုဆိုလိုက်ပါတယ်။FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု အမေရိကန်ကြိုဆို
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီ ရပ်ဆိုင်းထားဖို့ မြန်မာသမတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့၊ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီ ရပ်ဆိုင်းထားဖို့ မြန်မာသမတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့၊ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီမြစ်မကြီးရဲ့ ဂေဟစနစ်နဲ့၊ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်မှုရှိစေလိမ့်မယ်ဆိုပြီး ပြည်တွင်းက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ စာပေ အနုပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။ ဒါပေမယ့် မြန်မာအာဏာပိုင်အချို့က ဒီစီမံကိန်းကို ဆက်လုပ်သွားမယ်ဆိုခဲ့ကြတဲ့အတွက်၊ အဲဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ အစိုးရအဖွဲ့သစ်အပေါ် ပြည်တွင်းရော ပြည်ပက ဖိအားတွေ တိုးလာခဲ့ပါတယ်။
မနေ့ကတော့ မြန်မာသမတ ဦးသိန်းစိန်က လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာထဲမှာတော့ ဒီ စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားမယ်လို့ ဖော်ပြလိုက်တာကြောင့်၊ ဒီအရေးအတွက် ဆောင်ရွက်နေကြတဲ့ လှုပ်ရှားတတ်ကြွသူတွေရော ပညာရှင်တွေရော အနုပညာရှင်တွေကပါ ၀မ်းသာ ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ မြန်မာလူထု အကျိုးစီးပွားကို ကြည့်ပြီး ပြောင်းလဲမှုအတွက် နောက်ထပ်ခြေလှမ်းတွေ လှမ်းဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အခုလို ဆုံးဖြတ်ချက်ကို အပြုသဘောခြေလှမ်းတရပ်အဖြစ် သတ်မှတ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က ၀ါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆို်င်းထားဖို့ မြန်မာသမတ ဦးသိန်းစိန်ရဲ့ ကြေညာချက်အပေါ်မှာ ကြိုဆိုပါတယ်။ ဒီစီမံကိန်းဟာ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ မကိုက်ညီဘူးလို့လည်း သူ့ကြေညာချက်မှာ ဖော်ပြတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာလူထုရဲ့စိုးရိမ်ချက်အပေါ် တုန့်ပြန်ပြီး အနိမ့်ဆုံးတော့ အမျိုးသားသင့်မြတ်ရေးဖြစ်လာစေမယ့် မြန်မာအစိုးရရဲ့ ဒီကြိုးပမ်းမှုဟာ သိသာမြင်သာပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက တွက်ဆပါတယ်။”
အခု မြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာပြည်မှာ တင်းမာနေတဲ့ ပြဿနာတခုဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရသူက ပြောပါတယ်။ ဒါကြောင့်လည်းပဲ တိုင်းရင်းသားလူနည်းစုတွေ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအပါအ၀င် မြန်မာလူထုအကျိုးစီးပွားအတွက် နောက်ထပ် အပြုသဘောဆောင် တိုးတက်တဲ့ခြေလှမ်းတဲ့ လှမ်းသွားဖို့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု အနုပညာရှင်များ သတိနဲ့ ကြိုဆို
By သင်းသီရိ
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းဖို့ ကြေညာလိုက်တဲ့အတွက် ဒီအစီအစဉ်ကို ကန့်ကွက်နေကြတဲ့ စာပေနဲ့ အနုပညာရှင်အသိုင်းအ၀ိုင်းက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြပါတယ်။ အစိုးရကောင်းတရပ်ရဲ့ လုပ်ရပ်အဖြစ်နဲ့ နိုင်ငံတော်သမတရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။ စာပေ အနုပညာရှင်အချို့ရဲ့ တုန့်ပြန်သံတွေကို မသင်းသီရိက စုစည်း တင်ပြထားပါတယ်။
ဧရာဝတီမြစ်ကြောင်းကြီးပေါ်မှာ ကြုံလာရတဲ့ အန္တရာယ်တွေ၊ တခါ ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ စိုးရိမ်သံ တောင်းဆိုသံတွေနဲ့အတူ ဆန္ဒဖော်ထုတ်ကြတဲ့ လှုပ်ရှားမှုတွေ အမျိုးမျိုးအကြား ပြည်သူ့အသံကို နားထောင်ကာ ပြည်သူ့အသံကို လိုက်လျောတဲ့အစိုးရမို့ အံသြမှုတွေနဲ့အတူ နိုင်ငံအတွက်ကောင်းတဲ့လက္ခဏာတရပ်လို့ စာရေးဆရာကြီး ဒဂုန်တာရာက မှတ်ချက်ပေးပါတယ်။
“ကျနော်ဝမ်းသာတယ်၊ အဲလိုဟာမျိုး တခါမှ မကြုံဖူးဘူး ကျနော့်တသက်မှာလေ။ အများပြောလို့ မြစ်ဆုံစီမံကိန်းကို ဖျက်ပစ်တာဟာ ကျနော်ကတော့ ဆန်းတယ်လို့ ယူဆတယ်။ အဲလို ပြည်သူရဲ့အသံတိုင်းလုပ်မယ်ဆိုရင် ဒါ ကောင်းတဲ့ အလားအလာ၊ ဒီမိုကရေစီစနစ်ပြောင်းတယ်ဆိုတဲ့အထဲမှာ အဲဒါတွေဟာ ၀မ်းသာစရာ အချက်အဖြစ် ကျနော်ပြောချင်တာ။”
ဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြစ်ဆုံစီမံကိန်းကို သူ့အနေနဲ့ လေးနက်စွာကန့်ကွက်ကြောင်းဆိုတာနဲ့အတူ၊ ချစ်သောဧရာဝတီမြစ်ကြီး မပျက်စီးစေလို၍ ဆက် စီးစေလို၍ အသက်သီးစေလို၍ဆိုတဲ့ ကဗျာတပုဒ်ကိုပါ ရေးသားခဲ့ပြီးတော့ သူ့ဆန္ဒကို ဖော်ထုတ်တောင်းဆိုခဲ့ပါတယ်။ ပြည်သူနဲ့အစိုးရအကြား နှစ်ပေါင်းများစွာ မပြေမလည်ဖြစ်ခဲ့တဲ့အခြေအနေတွေရှိပေမယ့်၊
အခုမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အတိတ်က ပဋိပက္ခတွေကို ချေဖျက်နိုင်မယ့် ကြီးမားတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်းက ပြောပါတယ်။
“အခုလို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်တဲ့အတွက် ပြည်သူတရပ်လုံးကလည်း ၀မ်းသာအားရဖြစ်နေကြပြီ။ ဒီလုပ်ရပ်ဟာ သေးသေးလေး မဟုတ်ဘူး။ နှစ်ပေါင်း ၅၀လုံးလုံး ပြည်သူနဲ့ အစိုးရအဆက်ဆက်အကြား ရှိနေတဲ့ ပဋိပက္ခတွေ၊ ခြားထားတဲ့ တံတိုင်းကြီးကို ဖြိုချပစ်လိုက်နိုင်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ပိုပြီးတော့ ၀မ်းသာကြိုဆိုပါတယ်။ ပြည်သူ့ဆန္ဒကို လေးစားတယ် လိုက်နာတယ်ဆိုတဲ့ ဒီလုပ်ရပ်မျိုး တခါမှ မတွေ့ရဘူး။ နိုင်ငံတော်သမတနဲ့တကွ အစိုးရအပေါ်မှာ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။”
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မြစ်ဆုံစီမံကိန်းနဲ့ ဧရာဝတီမြစ်အရေးအတွက် မြစ်တစင်းရဲ့ခေါင်းစဉ်နဲ့ ပန်းချီ ဓါတ်ပုံ ကာတွန်းပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ပန်းချီဒီဇိုင်းဆရာ ကိုစိုးဝင်းငြိမ်းကတော့ -
“မနက်က ဒီသတင်းကြားလိုက်တော့ တကယ်ပါ ကျနော် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ကျနော်တို့က အနုပညာအမြင်နဲ့ပဲ တင်ပြခဲ့ကြတာပါ။ အဲလို အနုပညာအမြင်နဲ့ တင်ပြခဲ့တဲ့အပေါ်မှာ နိုင်ငံတော်သမတအနေနဲ့ အသိအမှတ်ပြုတယ်လို့ ကျနော်ယူဆပါတယ်။”
မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တယ်ဆိုပေမယ့် တရုတ်နဲ့မြန်မာ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စမို့ တရုတ်နိုင်ငံကို မြန်မာလူထုရဲ့ဆန္ဒနဲ့၊ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်နေသလဲဆိုတာ ပြနိုင်ဖို့ ရှေ့ဆက်လုပ်စရာတွေ ရှိပါသေးတယ်လို့ ကာတွန်းဆရာ အော်ပီကျယ်က ထောက်ပြပါတယ်။
“ဘာသာရပ်အများကြီးရှိတဲ့ ဖြေရတဲ့ စာမေးပွဲတခုမှာ တဘာသာ အောင်မှတ်ရရုံနဲ့တော့ စာမေးပွဲအောင်ပြီလို့ ပြောလို့မရဘူးပေါ့လေ။ ဒီအစိုးရလက်ထက်မှာ ခေတ္တရပ်ထားပေမယ့် တရုတ်လို နိုင်ငံကြီးနဲ့ အရင်အစိုးရလက်ထက်က သဘောတူထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် ဒီဟာကို ရပ်မယ်ဆိုလည်း တဖက်က ငွေအများကြီး စိုက်ထုတ်ထားတဲ့ ကျေနပ်လောက်သော စနစ်ကျသော အဖြေတခုကို ပေးနိုင်ဖို့လိုပါတယ်။ ခေတ္တရပ်ထားတဲ့ အချိန်မှာပဲ ဆန်းစစ်မှုတွေကို အမြန်လုပ်ပြီးတော့ ဒါတွေကို တင်ပြပြီးတော့ တဖက်အစိုးရကလည်း နားလည် လက်ခံနိုင်တဲ့အထိ လုပ်နိုင်ရင်ကောင်းပါတယ်။”
စစ်အစိုးရလက်ထက်ကနေ အရပ်သားအစိုးရလက်ထက်ပြောင်းပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုပြီး ပြောနေတော့ အခု မြစ်ဆုံစီမံချက်နဲ့ပတ်သက်လို့ သမတရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီစနစ်ကို ဦးတည်နေတဲ့ အစိုးရကောင်းတရပ်ရဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့ နာရေးကူညီမှုအသင်းကို ဦးဆောင်နေတဲ့ ဦးကျော်သူက ပြောပါတယ်။
“ ဒီလောက်အထိ လုပ်ပေးမယ်ဆိုတာ ကျနော် မမျှော်လင့်ဘူး။ ဒါမှ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ငါတို့ အစိုးရကွလို့ ဒီလိုပဲ ကျနော် ပြောချင်ပါတယ်။ ရှေ့ဆက် ကျနော်တို့ တောင်းဆိုရမယ့် ဟာလေးတွေလည်း ရှိပါသေးတယ်။”
နာရေးကူညီမှုအသင်း ဦးဆောင်သူ ဦးကျော်သူရဲ့ အမြင်ဖြစ်ပါတယ်။

ဂျပန်အမျိုးသမီးကို သတ်သည်ဟုစွပ်စွဲခံရသူအား ရုံးတင်စစ်ဆေးတော့မည်
ဧရာဝတီ FRIDAY, 30 SEPTEMBER 2011 11:52
ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံ - ညောင်ဦး ဒေသသို့ လာရောက် လာပတ်ရင်း ဗုဒ္ဓဟူးနေ့က ကျောက်ပန်းတောင်းမြို့တွင် အသတ်ခံခဲ့ရသော ဂျပန်နိုင်ငံမှ Ms.Shiramatsu Chiharu ၏ အမှုအခင်းတွင် တရားခံဟု ယူဆရသူ ကျောက်ပန်းတောင်း နယ်သား ကိုမင်းသိုက်အား မုဒိမ်းမှု၊ လူသတ်မှုများဖြင့် လာမည့် အောက်တိုဘာလဆန်းတွင် တရားရုံးတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...