ရည်မှန်းချက်ချင်းတူကြရင် ဆုံမှတ်တစ်ခုတော့ ရှိတတ်ပါတယ်။
မောင်ထွန်းလွင် (မိုးလေ၀သ)
by Save Irrawaddy on Thursday, September 29, 2011 at 11:50pm
နေပြည်တော်မှာ
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဒုတိယအကြိမ်ဦးစီးကျင်းပခဲ့တဲ့
နိုင်ငံတော် စီးပွားရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ကျွန်တော်ဟာ
ကျွမ်းကျင်သူပညာရှင်အဖြစ် ဒုတိယအကြိမ် ဖိတ်ကြားခံရလို့
တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ပထမအကြိမ်တုံးကတော့
ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပဲ ဖြစ်ပါတယ်။
အခုဒုတိယအကြိမ်မှာတော့ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။
ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ နှစ်ဆယ်ရာစုနှစ်ကနေ နှစ်ဆယ့်တစ်ရာစုနှစ်ကို ကူးပြောင်းခဲ့ရာမှာ (၂၀)ရာစုနှစ်က (၂၁)ရာစုနှစ်ကို ၀န်ထုပ်ဝန်ပိုးကြီး နှစ်ရပ်ကို လက်ဆင့် ကမ်းလိုက် ကြတယ်လို့ ဆိုကြပါတယ်။ အဲဒီ ၀န်ထုပ်ဝန်ပိုးကြီးနှစ်ခုကတော့ ဆင်းရဲမွဲတေခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ဖြစ်ကြပါတယ်တဲ့။ ပြောတဲ့အတိုင်းပါပဲဗျာ။ ကျွန်တော်တို့ (၂၁)ရာစုနှစ်ရဲ့ ပထမဆယ်စုနှစ်(၂၀၀၀-၂၀၀၉) ရဲ့အဆုံး ၂၀၀၉ ခုနှစ်မှာပဲ ကမ္ဘာ့လူ့သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် ငတ်မွတ်ခေါင်းပါးသူပေါင်း တစ်ဘီလီယံ(သန်းတစ်ထောင်) ကျော်ခဲ့ပါတယ်။ လူ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တာနဲ့အညီ၊ စီးပွားရေးကပ်ဆိုက်မှုတွေ၊ ရာသီဥတုဖေါက်ပြန်မှုတွေ၊ သဘာဝ ဘေးဆိုးတွေ ထပ်တလဲလဲ ကြုံတွေ့နေရတာတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ကျဆုံးတာတွေ၊ မိုးခေါင် တာရော၊ ရေကြီးတာရော၊ မြေငလျင်လှုပ်တာရော၊ မုန်တိုင်းကျရောက်တာရော၊ ဆူနာမီဖြစ်တာရော ကမ္ဘာကြီးဟာ ဒီ (၂၁)ရာစုနှစ်ရဲ့ ပတမ ဆယ်စုနှစ်မှာပဲ ကြောက်ခမန်း လိလိလို့ဆိုရ မတတ်ပါပဲ။ ဒီအထဲ ၂၀၁၂ ပြဿနာက တစ်မှောင့် ဆိုပါတော့ဗျာ။
သဘာဝဘေးတွေကလည်းကြည့်ပါဦးလေ။ အိန္ဒိယသမုဒ္ဒယာဆူနာမီ(၂၀၀၄)၊ ဘင်္ဂလား ဟာရီကိန်း ကက်ထရီနာ နဲ့ ရီတာ (၂၀၀၆)၊ ပင်လယ်အော် ဆိုင်ကလုန်းမုန်တိုင်း နာဂစ် (၂၀၀၈) အသေအပျောက် အပျက်အစီးတွေကတော့ အားလုံး … အားလုံး.. သမိုင်းတစ်ခေတ် ချည့်ပါပဲဗျာ။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဖြစ်တော့ သေဆုံးသူကပဲ တစ်သိန်းခွဲကျော်ပါတယ်။ ထိခိုက်သူကတော့ (၁၁)သန်းကျော်ပါတယ်တဲ့။ ဆုံးရှုံးမှုကတော့ မြန်မာကျပ်ငွေ ဘီလီယံပေါင်း တစ်သောင်း တစ်ထောင် ကျော်ပါတယ်။ အဆိုးဆုံးကတော့ လူ(၁၀)သန်းကျော်လောက်ကို ဆင်းရဲတွင်းနက်သွားစေခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ လယ်သမားကပဲ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀% ရှိပါတယ်။ လယ်ယာလုပ်ငန်းနဲကဆက်နွယ်နေတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေပါ ထည့်စဉ်းစားရင်တော့ အာလုံး ၈၀% လောက်ဖြစ်သွားနိုင်ပါတယ်။ ဒီလူတွေအားလုံး ၂၀၀၈ နာဂစ်ကစပြီး စီးပွားရေး အကြပ်အတည်းဖြစ်ခဲ့ကြရပါတယ်။ အဓိကကတော့ ရာသီဥတုဖေါက်ပြန်မှုပဲဆိုပါတော့ဗျာ။
၂၀၀၈ ခုနှစ်မေလမှာ ဆိုင်ကလုန်းနာဂစ်နဲ့ကြုံတွေ့ခဲ့ကြရတယ်။ ၂၀၀၉ ခုနှစ်၊ ဇွန်လ လောက် ကစပြီး ၂၀၁၀ မေလအထိ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတု ဖြစ်ခဲ့တယ်။ တစ်ခါ ၂၀၁၀ ဇူလိုင်လကစပြီး အခု ၂၀၁၁ မေလအထိ လာနီညာရာသီဥတုဖြစ်ခဲ့တယ်။ အယ်လ်နီညို ဖြစ်တော့ ပူပြင်းလိုက်တာ။ သောက်သုံးရေတွေ ခမ်းခြောက်ပြတ်လပ်ကုန်တယ်။ အပူလှိုင်းတွေကြောင့် ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးသူတွေ အသက်ဆုံးရှုံးရတယ်။ စိုက်ပျိုးရေးအတွက် ရေအခက်အခဲတွေတွေ့ကြရတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ ကျဆုံးကုန်တယ်။ အထွက်တွေ လျော့တာနဲ့၊ မအောင်မြင်တာနဲ့။ အစုံပါပဲ။ ၂၀၁၁ လာနီညာဖြစ်တော့ အေးလိုက်တဲ့ဆောင်း၊ ရွာလိုက်တဲ့မိုး၊ ကြီးလိုက်တဲ့ရေ။ ပြောမယုံ ကြုံဖူးမှ သိရမယ့်ကိန်းပါပဲ။ စိုက်ခင်းတွေရေမြုပ် ပျက်စီးကုန်တယ်။ ဇွဲမလျှော့တဲ့ တောင်သူလယ်သမားတွေက ထပ်ပျိုးထောင်တော့၊ ရေတွေ ထပ်ကြီးတော့ ထပ်မြုပ်ကုန်ပြန်တယ်။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်အတွင်း ရေကြိးတဲ့ အကြိမ်ပေါင်းဟာ သြဂုတ်လကုန်တဲ့အထိ အကြိမ်ကြိမ် ဖြစ်နေလေတော့ တောင်သူတွေ ဘာလုပ်ရမှန်းမသိကို ဖြစ်လာရတော့တာပါပဲ။
ဒီကြားထဲ ဒီ ၂၀၁၁ ခုနှစ် မတ်လ(၁၄)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ မတ်လ နွေခေါင်ခေါင်ကြီးမှာ ဆောင်းတွင်းကြီးလို အေး၊ မိုးတွင်းကြီးလို မိုးတွေ ရွာလိုက်တာ နွေစပါးတွေရော၊ နွေပဲတွေရော မိုးမိပြီး ပွဲပျက်ပါလေရော။ ကနေ့တော့ လယ်သမားတွေ စကားတောင် ကျယ်ကျယ် မပြောနိုင်တော့လောက်အောင်ပါပဲ။ သာဓကကတော့ ပဲခူးတိုင်း အရှေ့ခြမ်းက လယ်သမားတွေ မိသားစုလိုက် လယ်ယာလုပ်ငန်းတွေ စွန့်ခွာကုန်ကြတောတဲ့ အထိပါပဲ။ အထူုးချေးငွေတွေ ဆိုတာလည်း ဘယ်ပြန်ဆပ်နိုင်ကြတော့မှာလဲ။ အစိုးရအနေနဲ့ရော၊ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ရော အားလုံး အရပ်ကူပါ၊ လူဝိုင်းပါ လို့ ပြောရလောက်အောင်ပါပဲ။
ဒီလိုအခြေအနေမှာ နိုင်ငံတော်အစိုးရက အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီး၊ ဒီပြဿနာကို မီးမောင်းထိုးပြပြီး အကူအညီတွေပေးနိုင်ဖို့ ကြိုးပမ်းလာတယ်။ ဒီနေရာမှာ ထူးခြားတာကတော့ မြန်မာနိုင်ငံမှာ ဘယ်တုံးကမှ မကျင့်သုံးခဲ့တဲ့ ချဉ်းကပ်နည်းတွေကို သုံးလာတယ်။ ပထမအကြိမ် ဆွေးနွေးပွဲမှာ သက်ဆိုင်ရာ ပညာရှင်တွေကို ဦးစားပေးလာတာပဲဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ အတွေ့အကြုံရှိကြတဲ့ ပညာရှင်တွေကို ဦးဆောင်စေပါတယ်။ အဖြေကို ၀ိုင်းရှာလာကြတယ်။ တာဝန်ရှိသူတွေကလည်း အားနည်းချက်၊ ချို့ယွင်းချက်တွေကို ဖွင့်ဟဆွေးနွေးလာကြတယ်။ နွေးထွေး ပွင့်လင်းတဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်လာခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ရင်းနဲ့ အနားပေး လဖက်ရည်သောက်ချိန်မှာ နိုင်ငံတော်သမတကြီးနဲ့ စကာေးပြာခွင့်ရခဲ့ပါတယ်။ နွေးထွေးပွင့်လင်းတဲ့ သမတကြီးက ရင်းရင်းနှီးပဲ လက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်ပါတယ်။ “ဦးထွန်းလွင်ကို..တွေ့တော့ နာဂစ်ကို..သတိရလိုက်တာဗျာ” တဲ့။
ဒုတိယအကြိမ် သမတကြီးက ကြီးမှူးကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို ပညာရှင်အဖြစ် ဖိတ်ကြားခံရလို့တက်ရောက်ခွင့် ရခဲ့ပြန်ပါတတယ်။ ဒီဆွေးနွေးပွဲကတော့ ထူးခြားလှပါတယ်။ ပြည်တွင်းပြည်ပပညာရှင်တွေ အများအပြားတက်ရာက်ခဲ့ကြပါတယ်။ အထူးခြားဆုံးကတော့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲက လက်ဆွဲနှုတ်ဆက်ခွင်ရခဲ့ပြန်ပါတယ်။ ဒီ တစ်ခါတော့ သမတကြီးရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမြင့်က မိတ်ဆက်ပေးမှုကြောင့်ဖြစ်ပါတယ်။ ဒေါ်စုနဲ့လက်ဆွဲ နှုတ်ဆက်မှုဟာ မီနစ်ပိုင်းလေးမျှသာဖြစ်ပေမယ့် နောက်ဆက်တွဲ အတွေးပွားစရာ တွေကတော့ အများကြီးရှိလာခဲ့ပါတယ်။
လူတွေ၊အဖွဲ့အစည်းတွေမှာ မူတွေ၊၀ါဒတွေ ကွဲပြားနိုင်ကြပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက် ချင်း တူကြရင်တော့ တစ်နေရာမှာ ဆုံချက်တစ်ခု ရှိနိုင်ကြတယ်လို့ တွေးလာမိပါတယ်။ ဒီတော့ နိုင်ငံတိုးတက်ဖွံ့ဖြိုးအောင်၊ ကောင်းစားအောင် ရည်ရွယ်ဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေမှာ ရွေးချယ်ထားတဲ့ ချဉ်းကပ်လမ်းတွေ၊ သတ်မှတ်ထားတဲ့ မူဝါဒကွဲတွေ ဘယ်လောက်ရှိနေကြစေကာမူ တစ်ခုတည်းသော ဦးတည်ချက်ကို ရည်ရွယ်ထားကြရင်တော့ တစ်နေရာမှာ လာရောက် ပေါင်းစည်းကြမှာပဲလို့ တွေးမိပါတယ်။ အဖွဲအစည်းတွေမှာ အရာအားလုံး တစ်သဘောတည်း၊ တစ်ထပ်တည်း မကျနိုင်ကြပေမယ့် နှစ်ဖက်လုံးက လက်ခံထားတဲ့ ဘုံတူညီချက် (Commonality) တစ်ခုသာရှိနေကြရင် အဲဒီဘောင်အတွင်းက အတူလက်တွဲဆောင်ရွက်မှုဆိုတာ ဖြစ်လာနိုင်တယ် လို့လည်း တွေးမိလာပါတယ်။
ဒီကနေ့ အစိုးရသစ်လက်ထက်မှာ လုမှုရေးအဖွဲ့အစည်းတွေဟာ လှုပ်ရှားမှုအသစ်တွေနဲ့ နည်းလမ်းကောင်းများ၊ ပူးပေါင်းမှုအသစ်များနဲ့ အတူပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်ကို စတင်အကောင်အထည် ဖေါ်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့လို (၆၀)ကျော်တွေအတွက်တော့ မသေမီ နိုင်ငံကောင်းစားရေးလုပ်ဖို့ နောက်ဆုံးအခွင့်အရေးပဲထင်ပါရဲ့ဗျာ။
http://www.tunlwin.com/latestdetail.php?myanmar=520

0 comments:
Post a Comment