ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၄) ၊ အပိုင်း(၁)
အာဏာ၊ လုပ်ပိုင်ခွင့်နှင့်
တရားဝင်မှု (၁)
အခန်း (၁) တွင်
ဦးစွာဖော်ပြခဲ့သည့် နိုင်ငံတော်ဟူသောစကားရပ်၏ ရှင်းလင်းလွယ်ကူသည့် အဓိပ္ပါယ်
ဖွင့်ဆိုချက် အရလည်းကောင်း၊ ပြီးခဲ့သောအခန်းတွင် ထပ်မံရှင်းလင်းချက်အရလည်းကောင်း၊ အာဏာနှင့်
အုပ်ချုပ်စီရင်ပိုင်ခွင့်တို့ အကြားရှိခြားနားချက်ကို ထင်ရှားစေခဲ့ပြီး ဖြစ်ပါသည်။
နိင်ငံတော်သည် ပိုင်နက်တစ်ခု အတွင်းရှိ လူတို့အပေါ် သက်ရောက်မှုရှိသော အချုပ်အခြာအာဏာကို
ပြိုင်ဖက်ကင်းမဲ့စွာ ပိုင်ဆိုသည့်အပြင် ယင်းသို့ပိုင်ဆိုင်မှုကို သဘောတရားရေရာ အရဖြစ်စေ၊
အုပ်စုသဘောအရဖြစ်စေ၊ တူညီသော လူမှုရေးဦးတည် ချက် အရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ တရားဝင်ကြောင်း
ထုတ်ဖော်ကြေငြာလေ့ ရှိသည်။ တစ်နည်းအား ဖြင့်ဆိုရသော် နိုင်ငံတော်သည် အာဏာကိုပိုင်ဆိုရုံမျှမက
၊ တရားဝင်သော အုပ်ချုပ်စီရင်ပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ကြေငြာလေ့
ရှိသည်။ “အာဏာ”သည် ဂုဏ်မဲ့ (ကြားနေ) ဝေါဟာရတစ်ရပ်ဖြစ်သည့် အားလျော်စွာ ကောင်းကျိုးနှင့်
ဆိုးကျိုး နှစ်ထွေစလုံးအတွက် အသုံးပြုနိုင်သည်။ အာဏာ၏ ပင်ကိုယ်သဘာဝ၌ ကောင်းသည်ဆိုးသည်
ဟူ၍မရှိ။ ခြေခြေမြစ်မြစ်ဆိုရလျှင် အာဏာဆိုသည်မှာ လူသားများအပါအ၀င်ဖြစ်သည့် ပတ်ဝန်းကျင်ကို
အလိုရှိရာအတိုင်း ပြောင်းလဲပေးနိုင်သော စွမ်းဆောင်နိုင်ရည် တစ်ရပ်သာဖြစ်သည်။ ပြောင်းလဲ
နိုင်စွမ်းအား ကြီးမားလာလေလေ ၊ လွှမ်းမိုးနိုင်စွမ်းအား များလာလေလေ ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်
ယောက် သို့မဟုတ် နိုင်ငံတော်တစ်ရပ်၏ ဘုန်းတန်ခိုးကြီးမားလာလေလေ၊ ပတ်ဝန်းကျင်အခြေအနေကို
ပြောင်းလဲနိုင်လေလေ ဖြစ်သည်။
ဘုန်းတန်ခိုးရှိခြင်းနှင့် မရှိခြင်းဆိုသော
အသုံးအနှုန်းကို ယေဘုယျအားဖြင့် နိုင်ငံတော်ထက် လူပုဂ္ဂိုလ် ကိုရည်ညွှန်း၍လည်းကောင်း၊
နိုင်ငံရေးထက် ဘာသာအယူဝါဒရေးကို ရည်ညွှန်း၍လည်းကောင်း သုံးစွဲလေ့ရှိ သည်။ အရှေ့တိုင်းနှင့်
အနောက်တိုင်းတို့မှ ဒဿနိက ပညာရှင်များက “မိမိ၏ စိတ်ဆန္ဒကို မထိန်းသိမ်းသူ၊ မိမိ ကိုယ်မိမိ
မအုပ်ချုပ်နိုင်သည် အခြားသူတို့ကိုလည်း ထိန်းသိမ်းအုပ်ချုပ်ရန် မသင့်တော်” ဟု ဆိုကြလေသည်။
လမ်းလျှောက်နိုင်စွမ်းရှိသူသည် နေရာအနှံ့သို့
ခြေဆန့်လာနိုင်သော်လည်း ထိုအစွမ်းသတ္တိချို့တဲ့သည့် မသန်စွမ်းသူမှာ ထို့အမှုကို မပြုနိုင်ပါ။
အတန်အသင့် စွမ်းအားရှိသော နိုင်ငံတော်သည် နိုင်ငံသားတို့အနေနှင့် မပေးချင်သည့် အခွန်အတုတ်များကို
ကောက်ယူနိုင်စွမ်းရှိပြီး၊ အိမ်နီးချင်း တိုင်းပြည်များကိုလည်း စစ်အောင်နိုင် စွမ်းရှိသည်။
စွမ်းအားချို့တဲ့သော နိုင်ငံတော်တို့အနေနှင့်မူ ထို့သို့ မပြုနိုင်ပေ။ သို့တိုင်အောင်
အကန့်အသတ်မဲ့ စွမ်းအားကြီးသော နိုင်ငံတော်ဟူ၍ မရှိ။ စွမ်းပကား အကြီးမားဆုံးနှင့် အတောင့်တင့်ဆုံး
နိုင်ငံတော်များအတွက် ပင် အကန့်အသတ်များ ရှိလေသည်။
နိုင်ငံတော်တစ်ရပ်သည် အာဏာကိုသာမက အုပ်ချုပ်စီရင်ပိုင်ခွင့်
ကိုလည်း ပိုင်ဆိုင်သင့်သည်။ “အုပ် ချုပ်စီရင်ပိုင်ခွင့်” ဆိုသော စကားရပ်ကို အောက်စဖို့ဒ်
အင်္ဂလိပ်အဘိဓါန်က အဓိပ္ပါယ်ဖွင့်ဆိုရာတွင် “နာခံစေရန် ဆောင်ရွက်နိုင်စွမ်း။ နာခံစေရန်
ဆောင်ရွက်ပိုင်ခွင့် စိတ်ဓါတ်ရေးရာအရဖြစ်စေ၊ တရား ဥပဒေကြောင်း အရဖြစ် စေ အထက်စီးရရှိမှု။
အမိန့်ပေးပိုင်ခွင့် သို့မဟုတ် နောက်ဆုံး အတည်ဖြစ်သော ဆုံးဖြတ်ချက်ချပိုင်ခွင့်။” ဟူ၍
ဖော်ပြထားလေသည်။ ပထမဆုံး အဓိပ္ပါယ်သတ်မှတ်ချက် အရ “အုပ်ချုပ်စီရင်ပိုင်ခွင့်” သည် “အာဏာ”
နှင့် အနက်တူသကဲ့သို့ ရှိသည်။ သို့ရတွင် “စိတ်ဓါတ်ရေးရာ အရဖြစ်စေ၊ တရားဥပဒေအကြောင်းအရဖြစ်စေ
အထက် စီးရရှိမှု” နှင့် “အမိန့်ပေးပိုင်ခွင့်” ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ အုပ်ချုပ်စီရင်ပိုင်ခွင့်၏
ထူးခြားသော အနက်အဓိပ္ပယ်ကို သိရှိနိုင်ပါသည်။ “ အုပ်ချုပ်စီရင်ပိုင်ခွင့်” ဟူသည် စိတ်ဓါတ်ရေးရာ
သို့မဟုတ် တရားဥပဒေ ကြောင်းနှင့် ပတ်သတ်သော အယူအဆ အသုံးအနှုန်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည်
နိုင်ငံတော်၏ အချုပ်အ ခြာအာဏာကို တရားဝင် ကျင့်သုံးပိုင်ခွင့်နှင့် ဆက်စပ်ပြီး “တရားဝင်ဖြစ်သော
အုပ်ချုပ်စီရင်ပိုင်ခွင့်” (Legitima-
te authority) သို့မဟုတ် “တရားဝင်ဖြစ်မှု”
(Legitimacy) ဆိုသည့် စကားရပ်များကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌
“ဥပဒေ သို့မဟုတ် ကျင့်ထုံးတို့နှင့် အညီဖြစ်သောအခြေအနေ။ ဥပဒေ သို့မဟုတ် ကျင့်ထုံးတို့နှင့်
လိုက်လျောညီ ထွေးရှိမှု။ တရားဥပဒေနှင့် ညီညွတ်ခြင်း။” အစရှိသဖြင့် ဖွင့်ဆိုကြသည် အာဏာတစ်ရပ်ကို
ကျင့်သုံးရုံ ကျင့်သုံး ခြင်းနှင့် တရားဝင်ဖြစ်သော အုပ်ချုပ်စီရင်ပိုင်ခွင့်ကို ကျင့်သုံးခြင်းတို့၏
ခြားနားချက်ကို ရှုမြင်ခြင်းသည် လူ့သမိုင်း ၏ ရှေးအကျဆုံးသော နိုင်ငံရေးအသိအမြင်တစ်ရပ်
ဖြစ်သည်။ တရုတ် ဒဿနိကပညာရှင် မင်းဇူး (မင်စီးယပ်၊ ၃၇၂-၂၈၉ ဘီစီ) က “နိုင်ငံသားတစ်ဦးသည်
သူ့အား အုပ်စိုးသူကို သတ်ဖြတ်ပိုင်ခွင့်ရှိသလော” ဆိုသည့်အမေး ကို ဖြေကြားခဲ့ရာ၌ “လူသားတို့အပေါ်
ရက်စက်ဆိုးသွမ်း သူသည် ယုတ်မာသူသူဖြစ်သည်။ အမှန်တရားကို စော်ကားသူသည် နှိပ်စက်ညှင်းပန်းသူသာဖြစ်သည်။
(အုပ်စိုးသူ မင်းမဟုတ်တော့ပြီ) ငါသည် (ရှေ့ဟောင်း တရုတ်ပြည်ရှိ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်သူ)
“ချောင်” ဆိုသည့် လူ့ပေါ့သွမ်းကို သေဒဏ်စီရင်ခဲ့သည် ဟူ၍ မကြားခဲ့ဖူးခဲ့” ဟု ပြန်လည်ပြောကြားခဲ့ လေသည်။
(Book of Mencius, 1B:8) ဤမှတ်ချက်အရ
“ချောင်” ဘုရင်သည် အာဏာကို အလွဲသုံးစားပြုခဲ့ခြင်းကြောင့် (စစ်မှန်သော မင်းအဖြစ်မှ
လျှောကျကာ) ဘုရင်တစ်ပါး၏ အုပ်ချုပ်စီရင် ပိုင်ခွင့်ကို ဆုံးရှုံးခဲ့ပြီဖြစ်၍ ၄င်းအား
သာမန်ရာဇ၀တ်သား တစ်ဦးကို စီရင်သကဲ့သို့ သေဒဏ်ပေးခဲ့ ရသည်ဟု မင်းဇူးက ဆိုလိုခြင်းဖြစ်သည်။
တရုတ်တွေးခေါ်ပညာရှင်များသည် တရားနှင့်အညီ အုပ်ချုပ်သော မင်းတို့အတွက် “မင်းကောင်း၊
မင်းမြတ်တို့၏ ကျင့်စဉ်” (တရုတ်ဘာသာစကားအားဖြင့် “၀တ်တာအို”) နှင့် တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်
မရှိဘဲ အာဏာကို ထိန်းသိမ်းထားသော ဆိုးသွမ်းသည့် မင်းတို့အတွက် “မင်းဆိုမင်းညစ်တို့၏
ကျင့်စဉ်” (တရုတ်ဘာသာစကားအားဖြင့် “ပတာအို”) ဟူ၍ ခွဲခြားထားလေသည်။ ပလေ တိုနှင့် အရစ္စတိုတယ်တို့ကဲ့သို့
ရှေးဟောင်းဂရိတွေးခေါ်ပညာရှင်များကလည်း “စစ်မှန်သောမင်း” (King) နှင့် “ကြမ်းကြုတ်သော မင်း” (tyrant) သို့မဟုတ် “ဆိုးသွမ်းသော မင်း” (despot) စသည်ဖြင့် ခွဲခြားသတ်မှတ် ထားခဲ့ကြသည်။
ခေတ်သစ်အသုံးအနှုန်းများအရလည်း တရားဝင်သော
အုပ်ချုပ်သူနှင့် တရားမ၀င်သော အုပ်ချုပ်သူ သို့မဟုတ် အာဏာကို ထိန်းချုပ်ထားသူတို့၏
သဘောသဘာဝကို ထင်ဟပ်စေသည့် ဝေါဟာရများ သီးခြားရှိပါ သည်။ ဥပမာအားဖြင့် အင်္ဂလိပ်ဝေါဟာရဖြစ်သော
“ရီဂျင်းမ်” (regime) သည် စစ်မှန်သော အုပ်ချုပ်ပိုင်ခွင့်မရှိ
ခြင်းနှင့် တရားဝင်မဟုတ်ခြင်းကို ရည်ညွှန်းပါသည်။
မြန်မာနိုင်ငံမှ လက်ရှိစစ်အစိုးရကိုလည်း
“slore regime” ဟု ခေါ်ဝေါသုံးနှုန်းကြပါသည်။ အကြောင်းမှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ဝင် စစ်အရာရှိများသည် တရားဝင်မ ဟုတ်သော နည်းလမ်းဖြင့် စစ်အာဏာသိမ်းယူခဲ့သည့်အပြင်
အတိုက်အခံများက အပြတ်အသတ် အနိုင်ရှိခဲ့သော ၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲရလဒ်ကိုပါ အသိအမှတ်ပြုရန်
ငြင်းဆန်ခဲ့သော ကြောင့် ဖြစ်ပါသည်။ န၀တအစိုးရ (Slorc government) ဟု သုံးနှုန်းခြင်းသည် မဆီလျော်ပါ။ “အစိုးရ” (government) ဟူသော အဝေါဟာရကို တရားဥပဒေနှင့်အညီညွတ်စွာ အာဏာစွဲကိုင်ထား ကြသည့် အုပ်ချုပ်သူများကို ရည်ညွှန်းရာတွင်သာ
အသုံးပြုလေ့ရှိပါသည်။ ဥပမာ- ရွေးကောက်ပွဲတင် မြှောက်ခံထားရသော ဦးနု အစိုးရ၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံမှ
ဝန်ကြီးချုပ် ဂျွမ်မေဂျာ၏ အစိုးရ၊ ဂျပန် နိုင်ငံ အစိုးရ -အစရှိသဖြင့် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင်မူ
တရားဝင် ရွေးကောက်ပွဲတင်မြှောက်ခံ ထားရသော သမတနှင့် ၄င်း၏အစိုးရအဖွဲ့ကို ရည်ညွှန်းရာ၌
ရံဖန်ရံခါ “အုပ်ချုပ်ရေးအဖွဲ့” (administration)
ဟုခေါ်ဝေါသုံးစွဲလေ့ရှိပါသည်။ ဥပမာဝ -ရေဂင်
အုပ်ချုပ်ရေးအဖွဲ့၊ ဘီးလ် ကလင်တန်၏ အုပ်ချုပ်ရေးအဖွဲ့သစ် အစရှိသဖြင့် ဖြစ်ပါသည်။ “အုပ်ချုပ်ရေးအဖွဲ့”
နှင့် “အစိုးရ” တို့၏ အဓိပ္ပါယ်မှာ အကြမ်းဖျင်းအားဖြင့် တူညီ၍ တရားဝင်ဖြစ်မှုဆိုသည့်
သဘောသဘာဝကို ဆောင်ပါ သည်။ ရီဂျင်းမ် (regime)
၏ အဓိပ္ပါယ်မှာ ထိုသဘောကို မဆောင်ပါ။ လူတစ်ယောက် သို့မဟုတ် လူတစ်စုသည် နိုင်ငံရေးအာဏာတစ်ရပ်ကို
အဓမ္မ စွဲကိုင်ထားသော်လည်း ၊ ယင်းအာဏာကို ကျင့်သုံး ရန်အတွက် လိုအပ်သော “အုပ်ချုပ်စီရင်ပိုင်ခွင့်”
ချို့တဲ့နေသည့် ဖြစ်ရပ်ကို ဖော်ပြရာတွင်သာ ရီဂျင်းကို အသုံးပြုသည် စစ်အာဏာသိမ်းမှုကို
အကြောင်းပြုပြီး စစ်အရာရှိများက အုပ်ချုပ်သော “နိုင်ငံတော်” တို့သည်၊ ပုံမှန်သဘောအားဖြင့်
တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့် မရှိကြသောကြောင့် ရီဂျင်း ဟု သတ် မှတ်ခေါ်ဝေါ်ခံကြရပါသည်။
အာဏာရှင် တစ်ဦးတစ်ယောက် တော်ဝင်မိသားစုတစ်စုက ၄င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတို့ကို ဒုက္ခရောက်စေသည်ဆိုလျှင် ထိုကဲ့သို့သော
နိုင်ငံတော်မျိုးကို လည်း (တရားဥပဒေနှင့် မညီညွတ်သည်) ရီဂျင်းများ ဟု သတ်မှတ်ကြပါသည်။
ဥပမာ-ဟေတီနိုင်ငံမှ ဒူဗေးလီးယား ရီဂျင်းမ် (Duvalier
regime) ၊ ဖီလစ်ပိုင်နိုင်ငံမှ မားကိုစ်ရီဂျင်းမ် (Marcos regime) နှင့် ဇိုင်ယာနိုင်ငံမှ မိုဘူတူရီဂျင်းမ် (Mobutu regime) တို့ ဖြစ်ကြပါသည်။
ခရစ်ယန်ဘာသာရေး
ပညာရှင်လည်းဖြစ်၊ ဓဿနိက ပညာရှင်လည်းဖြစ်သူ စိန့်သြရတ် စတင်း (Saint Augustine ၃၅၄-၄၃၀ အေဒီ) က အေဒီ ၅ ရာစုနှစ်တွင် ရေးသားခဲ့သည်မှာ ”တရားမျှ တမှုကို ဖယ်ရှားပစ်မည်ဆိုလျှင်
ဘုရင် မဟုတ်ဟူ၍ မမည်တော့ပြီ။ ဖမ်းဆီးခြင်းခံရသော ပင်လယ်ဓါးပြ တစ်ဦးက အလက်န္ဒြားဘုရင်ကြီး
(Alexander the Great) အား ဖြေကြားသော
စကားသည် ဤနေရာ တွင် သင့်တင့်လျောက်ပတ်လှသည်။ ပင်လယ်၌် ခိုးဆိုးလုယက်နေရခြင်းတွင် သူ၏
ဆင်ခြေ မည်သို့ရှိ မည်ဟု ဘုရင်ကြီးက အမေးရှိလာသောအခါ ထိုပင်လယ်ဓါးပြက “တစ်ကမ္ဘာလုံးကို
အသင်သိမ်းပိုက်ခဲ့ သည့်အတိုင်းသာ ဖြစ်ခဲ့ချေသည်။ သင်္ဘောငယ် တစ်စီးမျှဖြင့် လုယက်တိုက်ခိုက်သည်ဟူ၍
ကျွန်ုပ်အား ဓါးပြဟု ခေါ်ဝေါ်သမုတ်နေသည့် ကာလ၌၊ ရေတပ်ကြီးနှင့် ချီ၍ အမူတူကို ပြုနေသော
အသင်သည် ကား တင့်တယ်သော ဧကရာဇ်တစ်ပါး မည်လေသည်” ဟု ၀င့်ကြွားစွာ ဖြေကြားခဲ့ဖူးသည်။”
(Augustine, The City of God; book 4:4)
သြဂတ်စတင်း၏ ချဉ်းကပ်တင်ပြပုံမှာ
သာမန်အာဏာနှင့် တရားဝင်သော အုပ်ချုပ်စီရင်ပိုင်ခွင့် တို့အကြား ခြားနားချက်ကို အကောင်းဆုံးနားလည်သဘောပေါက်စေနိုင်သည့်
တင်ပြချက်မျိုးဖြစ် သည်။ ဓါးပြများတွင် ကျွန်ုပ်တို့၏ ဥစ္စာဓနတို့ကို အတင်းအကြပ်သိမ်းပိုက်
ယူငင်နိုင်သော အာဏာရှိကြ သည်။ သူတို့အင်အားတောင့်တင်းလာကြသည်နှင့်အမျှ၊ မြေခွေးနှင့်ကျားတို့က
၎င်းတို့၏ သားကောင် များအပေါ် ပြုမူဆက်ဆံကြသကဲ့သို့ ကျယ်ဝန်းသောနယ်မြေကို ထိန်းချုပ်၍
ဤနယ်မြေရှိ ပြည်သူတို့ ကို တိုက်ခိုက်လုယက် ကြပေလိမ့်မည်။ ကျွန်ုပ်တို့၏ လည်မျိုကို
ဓါးဖြင့်ထောက်ထားချိန်၌ ကျွန်ုပ်တို့ အပေါ်တွင်
ထိုဓါးပြ၏ သြဇာလွှမ်းမိုးနေပေလိမ့်မည်။ ထိုအခါမျိုး၌ ငွေကြေးကို လုယက်ရုံမျှမက
သူ့အား ခုခံဖို့ကြိုးစားလျှင် ကျွန်ုပ်တို့ကို သတ်ပစ်နိုင်သော အစွမ်းပင် သူ့တွင်ရှိလေသည်။
သို့သော် ဤသို့ဆိုရုံမျှဖြင့် ထိုဓါးပြတွင် ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာနှင့် အသက်ကို
လုယက်သတ်ဖြတ်နိုင်သော လုပ်ပိုင်ခွင့်တစ်ရပ် ရှိနေသည်ဟူ၍ အဓိပ္ပါယ် မသက်ရောက်ပေ။
လက်တွေ့အားဖြင့် နိုင်ငံတော်တိုင်းသည် သူတို့တွင်
အုပ်ချုပ်စီရင်ပိုင်ခွင့်ရှိကြောင်း ထုတ်ဖော် ကြေညာလေ့ရှိသည်။ န၀တအနေဖြင့် သူတို့၏
အတင်းအဓမ္မ လုပ်ရပ်များဖြစ်သည့် အိမ်ရာများကို အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း၊ ပြည်သူတို့အား
ချွေးတပ်ဆွဲခြင်း၊ တိုက်ပွဲများတွင် အရပ်သားတို့ အား ထောင်ချခြင်း နှိပ်စက်ညှင်းပန်းခြင်းနှင့်
အခြားမရေမတွက်နိုင်သော ရာဇ၀တ်မှု ကျူးလွန်ခြင်းတို့ ကို “အမျိုးသား စည်းလုံးညီညွတ်ရေး”အတွက်
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အကြောင်းပြု၍ ကာကွယ်လေ့ရှိသည်။ ဤအကြောင်းပြချက်သည် မှန်ကန်မှုမရှိသည့်တိုင်အောင်၊
န၀တကဲ့သို့သော ရီဂျင်းမ်မျိုးပင်လျှင် သူတို့၏
လုပ်ရပ်များကို ကာကွယ်ရန်အတွက် တရားဝင်ရာဝင်ကြောင်း နည်းလမ်း တစ်ခုခုကို ရှာဖွေအကြောင်းပြကြောင်း
သိသာထင်ရှားစေပါသည်။
တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်တစ်ရပ်ကို
အဘယ်ကြောင့် လိုအပ်ပါသနည်း။ နိုင်ငံတော်အနေ ဖြင့် သူတို့အုပ်ချုပ်ပိုင်ခွင့်ရှိသည်
ဆိုသော နယ်မြေနှင့် လူထုကို ထိန်းချုပ်ရန်အတွက် အဘယ်ကြောင့် ရာဇ၀တ်ဂိုဏ်များကဲ့သို့
အကြမ်းပတမ်း မဆောင်ရွက်နိုင်ကြပါသနည်း။ အဖြေမှာ ဤကဲ့သို့ အကြမ်းဖက်ခြင်း သက်သက်ဖြင့် အုပ်ချုပ်မည်ဆိုပါက တိုင်းပြည်အတွင်းရှိ
မြို့ရွာအနှံ့ လမ်းထောင့် တိုင်းလိုလိုပင် စစ်သားများချထားရပေလိမ့်မည်။ ဤသို့သော စစ်ရေးအစီအမံများသည်
ဒေသခံပြည် သူတို့၏ ပြောက်ကျားဆန့်ကျင်မှုကို လှုံ့ဆော်ပေးရာရောက်သဖြင့် စရိတ်စက ကြီးများပေလိမ့်မည်။
ထို့အပြင် ဤသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေနှင့် အခြားကိစ္စများတွင် ပြည်သူတို့၏ ပူပေါင်းပါဝင်လာမှုကို
ထိုရီဂျင်းမ်မျိုးက ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ပြည်သူတို့သည် နိုင်ငံတော်က စေခိုင်းလာသမျှကို
ရှောင်လွှဲရန် ကြိုးစားရုံမျှမက ယင်း၏ လုပ်ငန်းဆောင်တာများ ပျက်ဆီးရာ ပျက်ဆီးကြောင်းကိုပါ
မနား မနေ ရှာဖွေလုပ်ဆောင်ကြပေလိမ့်မည်။
ပြယုဂ်အားဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း
တရုတ်နိုင်ငံနှင့် အာရှနိုင်ငံများတွင် ကြုံတွေ့ခဲ့ရ သော ဂျပန်တို့၏ အဖြစ်အပျက်ကို
လေ့လာနိုင်ပါသည်။ စစ်ကြီးအစပိုင်းတွင် အာရှတိုက်သား အတော် များများက ဂျပန်တို့ကို
ကယ်တင်ရှင်များအဖြစ် ကြိုဆိုခဲ့ကြပါသည်။ သို့ရာတွင် ရက်စက်ကြမ်းကြုတ် ၍ တရားဥပဒေမဲ့သော
ဂျပန်တို့၏ လုပ်ရပ်များကြောင့် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ဖက်ဆစ်တော်လှန်ရေး အဖွဲ့နှင့် မလေးကျွန်းဆွယ်ရှိ
ပြည်သူများ၏ ဂျပန်ဆန့်ကျင်ရေး တပ်ဖွဲ့တို့ကဲ့သို့ သော တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ရသည်။
အရှေ့နှင့် အရှေ့တောင်အာရှ နိုင်ငံများကို အုပ်ချုပ်ရာတွင် ဓါးပြဂိုဏ်းတစ်ဂိုဏ်းသဖွယ်
အကြမ်းဖက်အုပ်ချုပ်၍ ရနိုင်ကောင်းသည်ဟု ယူဆခဲ့မှုကြောင့် အာရှတိုက်တစ်ခုလုံးကို မိမိတို့၏
ဦးဆောင်မှုအောက်တွင် ညီညွှတ်စေရမည်ဟူသော ဂျပန်တို့ ၏ ရည်ရွယ်ချက် ပျက်ပြားခဲ့ရသည်။ အကယ်၍သာ
ဂျပန်စစ်သားတို့သည် ထိုစဉ်ကထက်ပို၍ စည်းကမ်းရှိပြီး ဂျပန်တို့၏ မူဝါဒသည်လည်း သိမ်းပိုက်ခံအာရှနိုင်ငံများအတွက်
ကောင်းကျိုးဖြစ်ထွန်း စေမည် ဆိုပါက မဟာမိတ်တပ်များအနေဖြင့် ဂျပန်တို့ကို အနိုင်တိုက်ရာတွင်
ယခုထက်ပိုမို ခက်ခဲ ခဲ့ပေလိမ့်မည်။
အချို့သူများအနေနင့် အင်အားသုံး၍ အကြမ်းဖက်နည်းတစ်ခုတည်းအားဖြင့်
ရီဂျင်းမ်များက အုပ်ချုပ်ခြင်းမပြုနိုင်ဆိုသော အဆိုကို သဘောတူချင်မှ တူပေလိမ့်မည်။
နိုင်ငံတော်အာဏာကို အင်အားသုံး၍ အကြမ်းဖက်သိမ်းယူကာ အာဏာမြဲသွားခဲ့ကြသော သာဓကတို့ကို ထောက်ပြကောင်း ထောက်ပြကြပေလိမ့်မည်။ စတာလင် (Stalin) သည် ဆိုဗီယက်ယူနီယံကို ၁၉၂၀ ပြည့်နှစ်မှစ၍ သူကွယ်လွန်သည့် ၁၉၃၅ ခုနှစ်အထိ အုပ်ချုပ်သွားခဲ့ရာတွင်
သူ၏ လျှို့ဝှက်ပုလိပ်တပ်ဖွဲ့က ဆိုဗီယက် နိုင်ငံသားများကို သန်းနှင့်ချီ၍ ကွပ်မျက်သတ်ဖြတ်ခြင်း
နောက်ထပ်သန်းပေါင်းများစွာကို ဝေးလံသော ဆိုက်ဗေးရီးယားဒေသရှိ အကျဉ်းစခန်းများသို့ ပို့ဆောင်ခြင်း
စသည်တို့ကို ပြုလုပ်ခဲ့သည်။ အခြားဥပမာတစ်ရပ်အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံကို ၁၉၇၅ ခုနှစ်မှ
၁၉၇၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့ သော ခမာနီ ကွန်မြူနစ်များ၏
“ဒီမိုကရက်တစ် ကမ်ပူးချာ” ရီးဂျင်းမ်ကို ထောက်ပြကောင်း ထေက်ပြ နိုင်ပါသည်။ ခမာနီတို့သည်
အပြစ်မဲ့သော ကမ္ဘောဒီးယားနိုင်ငံသားများကို သိန်းနှင့် သန်းနှင့် ချီ၍ သတ်ဖြတ်ခဲ့ခြင်း
ကျွန်ပြုခဲ့ခြင်း၊ သဘာတရားနှင့် ယခင် လူနေမှုစနစ်ဟောင်းကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့
ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြပါသည်။
သို့ရာတွင် အဆိုပါ ဥပမာတို့သည် ရာနှုန်းပြည့်
ဘ၀င်ကျစရာမရှိပါ။ စတာလင်သည် ဆိုဗီယက် ယူနီယံကို အကြမ်းဖက်၍ အုပ်ချုပ်ခဲ့သည်ဆိုခြင်းမှာ
မှန်ကန်ပါသည်။ သို့ရာတွင် စတာလင်သည် သူ့အား ဗဟိုပြုသော ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတစ်ရပ်ကို
ထူထောင်ခဲ့ခြင်းအားဖြင့် သာမန်နိုင်ငံသားတို့ အကြားတွင် သူ့ကို လူကြိုက်များလာစေရန် ပြုလုပ်နိုင်ခဲ့ပါသည်။
ဆိုဗီယက်ယူနီယံပြုကွဲပြီးသည့် နောက် ယနေ့ခေတ်မှာပင် အချို့ ရုရှနိုင်ငံသားများက သူတို့တွင်
စတာလင်ကဲ့သို့ စွမ်းအားကြီး၍ ဆုံးဖြတ်ချက်ပိုင်နိုင်သော ခေါင်းဆောင်မျိုး ရှိခဲ့သင့်ကြောင်း တောင့်တပြောဆိုနေကြဆဲဖြစ်သည်။
ထိုမျှသာမက စတာလင်သည် သူ၏အုပ်ချုပ်ရေးကို
တရားဝင်သဘော သက်ရောက်လာစေရန် အတွက် မာ့ခ်စ်-လီနင် အတွေးအခေါ်ကို အသုံးချခဲ့သည်။ ဆိုဗီယက်ပြည်သူတို့၏
ဆိုးရွားသော ခံစားရချက်များသည် ကွန်မြူနစ်တော်လှန်ရေးကြီး အောင်မြင်စေရန် အနစ်နာခံမှုတရပ်ဖြစ်သည်ဟုဆို
ကာ သူ၏လုပ်ရပ်ကို တရားသည့်သဘော သက်ရောက်လာအောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် စတာလင်သည်
ရုရှားပြည်ကို အကြမ်းဖက်ခြင်း သက်သက်ဖြင့် အုပ်စိုးခဲ့သည်ဟု မဆိုနိင်ပေ။ ဆိုဗီယက်ပြည်သူ အားလုံးအတွက် မဟုတ်သည့်တိုင်အောင်
အတော်ခပ်များများအတွက်မူ စတာလင် သည် တရားဝင်အုပ်ချုပ်ခွင့် ရရှိခဲ့သူဖြစ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ဖြစ်ရပ်သည်ပင် အကြမ်းဖက်မှုသက်သက်ဖြင့်
နိုင်ငံတော်ကို အုပ်ချုပ်နိုင် သည်ဟူသည့်အဆိုအတွက် သင့်တော်သော ဥပမာတရပ် ဖြစ်မလာခဲ့ပါ။
ခမာနီတို့၏ ရပ်စက်မှုဒဏ်ကို အဓိက ခံစားခဲ့ကြရသူများမှာ ပညာတတ်မြို့နေလူထုဖြစ်ပြီး တောနေလူထုမှာ
ဤဒဏ်ကို ကောင်းစွာ မခံစားခဲ့ရသည့်အလျောက် အချို့ကိစ္စများ၌ သူတို့သည် ကွန်မြူနစ်များကို
တက်ကြွစွာ ထောက်ခံ အားပေးခဲ့ကြသည်။ ထို့ပြင် ထိုခမာနီ ရီဂျင်းမ်းသည် သက်တမ်း ၃နှစ်ကျော်မျှသာ
သက်ဆိုးရှည်ခဲ့သည်။ အိမ်နီးချင်းဗီယက်နမ်နိုင်ငံနှင့် စစ်မက်ဖြစ်ပွားခဲ့ရာတွင် ခမာနီတို့ရှုံးနိမ့်ခဲ့၍
ဖနွမ်းပင်မြို့တော်မှ တိုက်ထုတ်ခြင်းခံခဲ့ရသည်။ လူမဆန်သောရီဂျင်းမ်းတို့သည် သန်းပေါင်းများစွာ
သော အပြစ်မဲ့ပြည်သူတို့ကို သတ်ဖြတ်ခဲ့သည့်တိုင်အောင် အကြမ်းဖက်မှုသက်သက်ဖြင့် ရေရှည်တည်
တံ့ခဲ့သည်ဆိုသည့် သာဓက မရှိသလောက် ရှားပါသည်။ သို့ဖြစ်ရာ ကမ္ဘောဒီးယားမှ ခမာနီရီဂျင်းမ်း
နှင့် နေရာများစွာတို့၌ ဆင်တူသည့် န၀တ ရီဂျင်းမ်း၏ ကျဆုံးခန်းအတွက် မျှော်လင့်ချက်ရှိသေးသည်
သာမက ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်နိုင်သေးသည့် အနေအထားတွင်လည်း ရှိနေဆဲဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍
ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment