Saturday, September 24, 2011

နိုင်ငံရေးပညာ သင်ကြားရေးနှင့် လေ့ကျင့်ကွင်း

by Maung Wuntha on Saturday, September 24, 2011 at 9:35pm
ပြည်သူ့ခေတ်ဂျာနယ် 21 09 11 မှာ ဖော်ပြပြီးတဲ့ ဆောင်းပါးပါ။

မောင်ဝံသ

ခုတလော ညပိုင်းတွေမှာ ရုပ်သံက လွှင့်ပေးတဲ့ လွှတ်တော်အစည်းအဝေး သတင်းတွေ စောင့်ကြည့် နားထောင် ဖြစ်တယ်ဗျာ။ စိတ်ဝင်စားတဲ့ ဆွေးနွေး ချက်တွေဆိုရင် နောက်နေ့ သတင်းစာမှာ ထပ်ဖတ်ရ သေးတယ်ဗျ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် စတုတ္ထ မဏ္ဍိုင်လို့ ခံယူထား လေတော့ သည်အလုပ်တွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်နေရတာပဲဗျ။   အခုဆိုရင် အစီအစဉ် အတိုင်း  ကျင်းပလာနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ မြန်မာပြည်သူတွေ စိတ်ဝင်စား နိုင်လောက် တဲ့ အမေးအဖြေတွေ အစည်းအဝေး တစ်ခုထက် တစ်ခု ပိုပိုပြီး ပါလာနေတာသတိထားမိတယ်ဗျာ။


နိုင်ငံရေးအထူးပြု သင်ကြားရေး
    အဲဒီထဲမှာမှ ကျွန်တော့်ရဲ့ အာရုံကို ဆွဲယူဖမ်းစားခဲ့တဲ့ အမေး အဖြေတစ်ခုကတော့ ပထမအကြိမ် အမျိုးသားလွှတ်တော်ရဲ့ ဒုတိယ ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ က ဒေါက်တာမြတ်Óဏစိုးက မေးပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာ မြအေးက ဖြေကြားတဲ့ အဖြေ ဖြစ်တယ်ဗျ။
    ဒေါက်တာမြတ်ဥာဏစိုးက မျိုးဆက်သစ်လူငယ်တွေကို နိုင်ငံရေး အမြင်ကောင်းတွေ ပျိုးထောင်ပေးဖို့ လိုအပ်နေတာကြောင့် နိုင်ငံတော်ပိုင် တက္ကသိုလ်တွေမှာ နိုင်ငံရေး အထူးပြု ဘွဲ့သင်တန်း ဘာသာရပ်ကို တိုးချဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းရှိ မရှိ မေးမြန်းခဲ့တာပါ။

ဒါတွေ သင်နေပါတယ်
    အဲဒီမေးခွန်းကို ပြည်ထောင်စု ပညာရေးဝန်ကြီးက တက္ကသိုလ် ဒီဂရီ ကောလိပ်များမှာ နိုင်ငံတကာဆက်ဆံရေး (International Relationship) အထူးပြု ဘာသာရပ်ကို သင်ကြားပို့ချပေးနေကြောင်း၊ အဲဒီ ဘာသာရပ်နဲ့ သင်ရိုးမာတိကာမှာ Political Scienceဘာသာရပ်နဲ့ သက်ဆိုင်တဲ့ Political Thought, International Relations, Geography of Southeast Asian Countries, Understanding Human Interaction, Political Organization, Governments of South East Asia, Macro Economics, Communicative Skills, Interational Law, Govemment of Myanmar, Current Problems in International Relations, Economics Development and International Trade, Political Geography, European Commumity, Myanmar Foreign Relations, Myanmar and Neighbouring Countries, Diplomacy, United Nations Peace Activities ဘာသာရပ်တွေကို သင်ကြားပို့ချပေး နေကြောင်း Political Science ဘာသာရပ်ကို ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ဖို့၊ လိုအပ်ရင် နိုင်ငံတော်က စီစဉ်ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ကြောင်း ဖြေကြားသွားခဲ့တယ်ဗျ။
    အမှန်ကို ၀န်ခံရရင် ရှစ်ဆယ့်ရှစ်မဖြစ်ခင်ကတည်းက ရန်ကုန် တက္ကသိုလ်မှာIRအမည်နဲ့ ဘွဲ့သင်တန်းတစ်ခု ရှိတယ်ဆိုတာလောက် ကလွဲပြီး ကျန်တဲ့အသေးစိတ်တွေကို မသိခဲ့တာ အမှန်ပါ။ အခု ပြည်ထောင်စုပညာရေးဝန်ကြီး ဖြေကြားလိုက်မှပဲ အဲဒီဘွဲ့ရဲ့ သင်ရိုး မာတိကာ တွေကို သိရတာဖြစ်ပါတယ်ဗျာ။

စာတွေ့ ပြည့်စုံလုံလောက်
    အဲဒီသင်ရိုးမာတိကာကိုကြည့်လိုက်ရင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို စိတ်ဝင်တစား လေ့လာဖတ်ကြားလိုသူ ကျောင်းသားတစ်ယောက် အတွက် အတော်ကလေး ပြည့်စုံလုံလောက်တဲ့သင်တန်းဖြစ်တယ်လို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို စိတ်ဝင်စားသူ ကျောင်းသား တစ်ယောက်ဟာ သင်တန်းပြီးဆုံးသည်အထိ စူးစူးနစ်နစ် လေးလေးနက်နက် တက်ရောက်သင်ကြားခဲ့မယ်ဆိုရင် သင်တန်း ပြီးဆုံးပြီး ဘွဲ့ရချိန်မှာ သူဟာ နိုင်ငံရေးသိပ္ပံဘာသာရပ်အကြောင်း ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်နေသူတစ်ယောက် ဖြစ်နေမှာ သေချာတယ်ဗျ။

လက်တွေ့နိုင်ငံရေး သဘောသဘာဝ
    ဒါပေမယ့် ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဘယ်ပညာရပ်နယ်ပယ်မှာမဆို သင်တန်းနဲ့တန်းတူ ဒါမှမဟုတ် သင်တန်း ထက်တောင် ပိုအရေးကြီးတာက ကစားပွဲ သို့မဟုတ် လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်မှု ဖြစ်တယ် ထင်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ ကျောင်းသားတွေဟာ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး စနစ်တကျ သင်ကြား ပို့ချတဲ့ ဘယ်သင်တန်းကိုမှ တက်ရောက်သင်ကြားခွင့်ရခဲ့ကြတာ မဟုတ် ပါဘူး။ ကံကောင်းတာက ကျွန်တော်တို့ဟာ နည်းစနစ်ကျနတဲ့ သင်တန်းတွေနဲ့ ကြုံကြိုက်ခွင့်မရခဲ့ပေမယ့် အင်မတန်မှ အကြိတ်အနယ်ရှိတဲ့ ကစားပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့ကြလို့ လက်တွေ့ နိုင်ငံရေးရဲ့ သဘောသဘာဝကို မြည်းစမ်းခွင့်ရခဲ့ကြပါတယ်။

ခြေသွေးဖို့ ကစားကွင်း ရှိခဲ့တယ်
    ကျွန်တော်တို့ထက် နှစ်အစိတ် သုံးဆယ် မျိုးဆက်တစ်ဆက် စောတဲ့ ခေတ်က ကိုနု၊ ကိုအောင်ဆန်း၊ ကိုလှရွှေ၊ ကိုလှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း စတဲ့ နောင်တစ်ချိန်မှာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ကြသူတွေကို မွေးထုတ်ပေးခဲ့ရာ ကျောင်းသားကိုယ်စားပြု အဖွဲ့အစည်းကြီးက ကျွန်တော်တို့ခေတ်တိုင်အောင် ဆက်ရှိခဲ့တာမို့ အဲဒီ အဖွဲ့အစည်းကြီးဟာ ကျွန်တော်တို့လို နိုင်ငံရေးသိပ္ပံပညာကို စိတ်ပါဝင် စားသူကျောင်းသား တွေအတွက် ခြေစွမ်းပြစရာ၊ ခြေသွေးရာ ကစားကွင်း ကြီးဖြစ်ခဲ့ပါတယ်။ စာတွေ့သင်တန်းကောင်းကောင်း မတက်ခဲ့ကြရပေမယ့် လွတ်လွတ်လပ်လပ် အားစိုက်ခွန်စိုက် မိမိအစွမ်းကို ပြသနိုင်ခွင့်၊ မိမိ အရည်အချင်းကို စမ်းသပ်နိုင်ခွင့် ရရှိခဲ့တဲ့ အဲဒီကစားကွင်းနဲ့ ကစားပွဲတွေ ကြောင့် အဲဒီခေတ်က ကျွန်တော်တို့မျိုးဆက်တွေဟာ နိုင်ငံတကာ လူငယ်စင်မြင့်တွေမှာ ပွဲလယ်တင့်ခဲ့ကြတယ်ဆိုတာ သမိုင်းစာမျက်နှာတွေ ပြန်လှန်ကြည့်ရင် တွေ့နိုင်ပါတယ်။

သင်းသတ်ခံခဲ့ရချိန်
    ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲကြီးတစ်ခုနဲ့အတူ အဲဒီအဖွဲ့အစည်းကြီးလည်း ပျောက်ကွယ် သွားခဲ့ရပြီး လူငယ်မျိုးဆက်သစ်တွေရဲ့ နိုင်ငံရေးအတွေ့အကြုံ အလေ့ အထုံတွေဟာလည်း နိုင်ငံရေးခေါင်းဆောင်တစ်ဦး တင်စားခဲ့သလို ]သင်းသတ်ခြင်း}ခံခဲ့ကြရ ပါတယ်။ ဆယ်စုနှစ် သုံးခုနီးပါး ကြာမြင့်ခဲ့တဲ့ အဲဒီကာလအတွင်း ကျောင်းသားတွေအတွက်ရော ကျောင်းသား မဟုတ်သူ တွေအတွက်ပါ နိုင်ငံရေးသင်တန်းဆိုတာတွေ ဘွဲ့ဒီဂရီဆိုတာတွေ ရှိခဲ့ပေမယ့် ကစားစရာကွင်းက တစ်ကွင်းတည်း ရှိ၊ ကစားပွဲကလည်း တစ်သင်းတည်းကို နာမည်နှစ်ခုပေးပြီး နှစ်ဖက်ခွဲကစားခိုင်းတဲ့ပွဲမျိုးတွေသာ ဖြစ်ခဲ့လေတော့ ကြာလေ ကြာလေ ပရိသတ် တွေရော၊ ကိုယ်တိုင်ပါဝင်ကစားနေတဲ့သူတွေပါ ပျင်းရိငြီးငွေ့လာကြပြီး ကွင်းထဲမှာရော ပွဲကြည့်စင်မှာပါ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်လာ ခဲ့တာ အားလုံး အသိပါပဲ။

နိုင်ငံရေးစိတ်အငုပ်ကျန်
    အဲဒီကာလအတွင်းမှာ ကျွန်တော့်အနေနဲ့ တစ်ဖက်က အစိုးရ သတင်းစာ အယ်ဒီတာလုပ်ရင်း တစ်ဖက်ကလဲ ဘာသာပြန် နိုင်ငံရေး စာပေ များ ရေးသား ခဲ့ပါတယ်။ စာဖတ်သူပြည်သူတွေဟာ လက်တွေ့နိုင်ငံရေးနဲ့ ဝေးနေကြ ပေမယ့် နိုင်ငံရေးစိတ် အငုပ်တွေတော့ကျန် ရှိနေသေးတယ်ဆိုတာ   ထိုစဉ်က ကျွန်တော်တို့ ရေးသားထုတ်ဝေတဲ့ နိုင်ငံရေးအတ္ထုပ္ပတ္တိစာအုပ်တွေ အရောင်းသွက်ခဲ့ခြင်းက သက်သေခံနေပါတယ်။

နိုင်ငံရေးသိပ္ပံမိတ်ဆက်  
    နိုင်ငံရေးသိပ္ပံပညာကို ကျောင်းသင်ဘာသာရပ်အနေနဲ့ မသင်ခဲ့ရတဲ့ ကျွန်တော်ဟာ နိုင်ငံရေးစိတ်ဝင်စား တဲ့ လူငယ်များအတွက် ရည်ရွယ်ပြီး ၁၉၇၇-၇၈ မှာ ]]နိုင်ငံရေးသိပ္ပံမိတ်ဆက်}}ဆိုတဲ့ ကျမ်းစာအုပ် တစ်အုပ် ရေးသားပြုစုကာ စာပေစိစစ်ရေးကို တင်ခဲ့ဖူးတယ်။ မရပါဘူး။ တစ်နှစ် လောက်ကြာတော့ သူတို့မကြိုက်တဲ့ နိုင်ငံရေးသိပ္ပံဆိုတဲ့ နာမည်အစား ]]တိုင်းရေးပြည်မှု သုတအထွေထွေ}}ဆိုတဲ့ နာမည်နဲ့ ထပ် တင်ခဲ့ပါသေးတယ်။ မရပါဘူး။ ထိုစဉ်က ပြည်ထဲရေး ဒု ၀န်ကြီး ဦးခင်မောင်တည်ထံ ပုဂ္ဂိုလ်ရေး စာရေးပြီး ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါသေးတယ်။ မရပါဘူး။
    ကျွန်တော့်စာမူကြီးကို ဖိုင်ထဲ ထည့်ပိတ်ထားကာ ၁၉၈၇ မှာ ကျွန်တော် ကိုယ်တိုင် ဗဟိုနိုင်ငံရေးတက္ကသိုလ်သွားတက်ရတယ်။ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေးသိပ္ပံကျမ်းပြုခဲ့သူက ဆိုရှယ်လစ်နိုင်ငံရေးသင်တန်းကို တက်ခဲ့ရတဲ့ အဖြစ်ပါ။ အဲဒီ ဆိုရှယ်လစ် အခြေခံနိုင်ငံရေးသင်တန်းကိုလည်း ကျွန်တော်က အကောင်းမြင်ပါတယ်။ ဘာပဲပြောပြော စနစ်တကျ သင်ရိုးညွှန်းတမ်းတွေနဲ့ ငါးလကြာ အချိန်ပြည့်သင်တန်းဖြစ်လို့ နိုင်ငံရေးသင်တန်းတော့ ပီသပါတယ်။ လက်တွေ့ ဟောပြောဆွေးနွေးရတဲ့ လေ့ကျင့်ခန်းတွေလဲ ပါတဲ့အတွက်  နိုင်ငံရေးသမား ဖြစ်လိုသူတွေ အတွက် ကွင်းကောင်း တစ်ကွင်းလို့ ဆိုနိုင်ပါတယ်။

သင်တန်းပေးခဲ့ဖူးတယ်
    ရှစ်လေးလုံးကြီးနောက်ပိုင်း ကျွန်တော် နိုင်ငံရေးအဖွဲ့အစည်းထဲ ရောက်သွားတော့ ကျွန်တော့် နိုင်ငံရေး သိပ္ပံမိတ်ဆက်စာမူကြီးက အသုံးကျလာပြန်တယ်။ အဲဒီမှာ လစ်ဘရယ်ဒီမိုကရေစီ သင်တန်းအချို့ ပေးနိုင် ခဲ့တယ်။ သို့ပေမယ့် နှစ်မပေါက်လိုက်ပါဘူး။ ကျွန်တော်ရော သင်တန်းသားအတော်များများရော အင်းစိန် တောရ ရောက်ကုန်တာပါပဲဗျာ။      
    အခုတော့ အခြေအနေက အတန်အသင့် ပြောင်းလဲလာခဲ့ပါပြီ။ အဖွဲ့အစည်းအချို့က Capacity Building ခေါင်းစဉ်အောက်မှာ နိုင်ငံရေးပညာအပါအ၀င် မိမိကိုယ်မိမိ ပျိုးထောင်ရေး သင်တန်းတွေ ပေးနိုင်နေပြီ။ နိုင်ငံရေးပါတီတွေမှာလည်း သင်တန်းမျိုးစုံပေးနေကြပြီ။  နောက်ထပ် ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းခဲ့ အပြီးမှာ ပျပျ ကလေး မျှသာဖြစ်နေသေးမယ့် ရုတ်တရက် မြင်တွေ့လိုက်ကြရတာကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းရောင်ကို မခံနိုင်လို့ မျက်စိကျိန်းနေကြသေးတဲ့ လူငယ်တွေဟာ မကြာခင်မှာပဲ သူတို့ ကစားမယ့် ကွင်းသစ်ကို သူတို့ဘာသာ ခုတ်ထွင် ရှင်းလင်းဖော်ထုတ်ကြမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်ပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေက လူငယ်တွေအတွက် အထူးသဖြင့် ကျောင်းသား လူငယ်တွေအတွက် အမှန်တကယ် သစ်လွင်တဲ့ကစား ကွင်းတွေ၊ ကစားပွဲတွေ ကူညီဖန်တီးပေးခဲ့ကြမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်မြင်မိကြောင်းပါဗျာ။

မောင်ဝံသ
၁၃ ၀၉ ၁၁
maungwuntha@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...