Thursday, September 22, 2011

စတိဂျော့မရှိတဲ့ ကမ္ဘာ (ဆောင်းပါး)

Rozoner King created a doc.
[By Nyan Lin ]

လာကဓာတ်ခန်းသာဂိ၊ စက်တင်ဘာ ၂၂၊ ၂၀၁၁
ကွန်ပျူတာလောကရဲ့ ဘုရားတဆူ၊ ဂူတလုံးဖြစ်တဲ့ တီထွင်ဖန်တီးရှင် အက်ပဲကွန်ပျူတာရဲ့ ဘခင်ကြီး စတိဂျော့က ပန်ကရိယပ်ကင်ဆာကြောင့် ကုမ္မဏီက အနားယူတော့မယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာ ပထမပတ်က ကြေညာလိုက်တယ်။ ဈေးကွက်ထဲက ပရိသတ်ကြီးဟာ အုပ်အော်သောင်းနင်းနဲ့ ကမ္ဘာပျက်မတတ်ဖြစ်သွားတယ်။ သူသေမှာကို စိုးရိမ်ပူပန်တာမဟုတ်ဘူး။ သူတို့တွေရဲ့ အက်ပဲကွန်ပျူတာ တွေ၊ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်လိုက်ဖ်တွေနဲ့ ထူထောင်ထားတဲ့ နေ့စဉ် လူမှု နည်းပညာဘ၀ကြီး အမှောင် တိုက်ဖုံးတော့မှာကို ပူလို့ လူးလှိမ့်နေကြတာဖြစ်တယ်။ သူမရှိတော့ရင် အက်ပဲကုမ္မဏီကြီးဟာ အနာဂတ် လူမှုနည်းပညာဘ၀တွေကို ဦးဆောင်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့တွေရဲ့ တအိုင်အိုင်ဖြစ်နေတဲ့ ဘ၀တွေ နိဋ္ဌိတံတော့မယ်လို့ စိုးရိမ်ကြတာဖြစ်တယ်။

... သည်တော့ အမေရိကန်မှာ အက်ပဲနည်းပညာပစ္စည်းတွေနဲ့ ထူထောင်ထားတဲ့ လူတန်းစာအလွှာဟာ တကယ်ပဲ ကြီးမား ကျယ်ပြန့်သလား။ စတိဂျော့ဖန်ဆင်းလိုက်တဲ့ အက်ပဲနဲ့ အိုင်ပစ္စည်းတွေဟာ တကယ်ပဲ မရှိမဖြစ် မိုးတွေလား။ မေးစရာ ဖြစ်လာတယ်။ အာရှက လူတွေအတွက်ကတော့ အက်ပဲနဲ့ အိုင်ဖုံးတွေ၊ အိုင်ပက်ဒ်တွေဟာ နေ့စဉ်လူမှုဘ၀ထဲမှာ အနောက်ကလူတွေလောက် လွှမ်းမိုးမှု မရှိတော့ သူတို့က ခံစားတတ်ပါ့မလားမသိ။ ကျနော်တို့က ပီစီနဲ့ ဘီဂိတ်ဆော့ဝဲတွေနဲ့ ကြီးပြင်းလာသူတွေဆိုတော့ ဒါက မေးစရာ ဖြေကြည့်စရာဖြစ်လာတယ်။
ကမ္ဘာကြီးမှာ အက်ပဲသာ မရှိခဲ့သော။ စတိဂျော့သာ မမွေးဖွားခဲ့သော်။ အနှီ အနောက်ပြည်က မျိုးဆက်တွေဟာ ဘယ်စခန်း ဘယ်လမ်း ဆိုက်နေကြမှာပါလိမ့်။ စိတ်ဝင်စားစရာက စတိဂျော့က မိဘတွေ စွန့်သွားလို့ မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ပါရမီရှင်တဦးဖြစ်တယ် ဆိုတာပါ။ သူ့အကြောင်းပြောထားတဲ့ ယူကျုဗီဒီယို ဒီမှာ ကြည့်ပါ။ http://www.youtube.com/watch?v=D1R-jKKp3NA
စတိဂျော့က အင်ဂျင်နီယာမဟုတ်ဘူး။ ပရိုဂရမ်မာ အကောင်းစားကြီးမဟုတ်ဘူး။ သူက နတ်မျက်စိရထားသူ ဖြစ်တယ်။ အနာဂတ်မြင်သူလို့ ပြောရမလား။ Visionary တဦး ဖြစ်တယ်။ နောက်ပြီး သူ့အိုင်ဒီယာတွေအားလုံးက သူ့ကိုယ်ပိုင်တွေချည်းပဲလည်း မဟုတ်ဘူး။ သူက အကောင်းကို သိသူ၊ ရိပ်မိသူဖြစ်တယ်။ ဒါကို ကောင်းမှန်းသိရင် သူများတွေ နောက်က လိုက်လာအောင် ဆွဲဆောင်စည်းရုံးနိုင်သူ ဖြစ်တယ်။ သူကြိုက်တာ ကောင်းကြောင်းကို သူ့မျက်မှောက်မှာတင် အားလုံးက နောက်လိုက်ဖြစ်အောင် ချက်ခြင်းစည်းရုံး လှုံဆော်နိုင်သူဖြစ်တယ်။ သူကြိုက်တာ ကောင်းမှန်း သိဖို့ နှစ်ပေါင်းများစွာ စည်းရုံးရတာမျိုး မဟုတ်ဘူး။ သူသေတော့မှ လူတွေက သိကြရတာမျိုး မဟုတ်ဘူးလေ။
၁၉၈၀ တုန်းက သူထွင်ခဲ့တဲ့ အစောဆုံး တကိုယ်ရည်သုံး ကွန်ပျူတာ Apple iie ကို အဲသည်က လူငယ်တွေ အခုတော့ အဖိုးကြီးတွေပေါ့၊ ခုထိ ကြိုက်တုန်း၊ စွဲလန်းတုန်း။ မော့က်စ်တွေ၊ ၀င်းဒိုးတွေကို ပီစီသမားကြီး ဘီဂိတ်ထွင်လိုက်မှ နောက်က ကောက်ကောက်ပါသူတွေထက် အက်ပဲသမားတွေက အများကြီး စောတယ် ဆိုရမယ်။ စတိဂျော့သာ ၀င်းဒိုးတွေ၊ မောက်စ်တွေ မလုပ်ခဲ့ရင် ကွန်ပျူတာဆိုတာ တာမီနယ် ဒေါ့စ်စကရင်ကြီး ဆိုတာနဲ့ နောက် ၁၀ နှစ်လောက် စခန်းသွားနေကြရဦးမှာ သေချာတယ်လေ။ ဘီဂိတ်ကြီးကို စောင့်ပေါ့။ အင်း .. ဂိတ်ကလည်း ဂျော့ ရိုက်ချက်တွေကို အတုခိုးပြီး ထွင်တာလည်း ဖြစ်နိုင်သေးတယ် မဟုတ်လား။
ပြောရရင် ပီစီက လုပ်ငန်းသုံးဖြစ်တယ်။ ရုံးသုံးဖြစ်တယ်။ အိမ်သုံး၊ လူသုံး မဟုတ်ဘူး။ မက်က် (apple MAC) က ပုဂ္ဂလိက တကိုယ်ရည် သုံးတာဖြစ်တယ်။ စာစီ၊ စာရိုက်ပြီးတော့ ဓာတ်ပုံ၊ ရုပ်ရှင်၊ မာလတီမီဒီယာတွေ သုံးစွဲတာ၊ တည်းဖြတ်တာ၊ သိမ်းဆည်းတာ၊ ကြည့်ရှုခံစားတာအတွက် သူက လုပ်ပေးတာ။ ဈေးတော့ ကြီးသပေါ့လေ။ သို့သော် သူပေးတဲ့ ဆော့ဝဲတွေနဲ့ ဆားဗစ်က လူတကိုယ်စာ လိုအပ်တဲ့ အရာတွေ အတော်ပါတယ်။ ဒါကြောင့် မက်က်သမားတွေက သူ့ရှိတဲ့ အက်ပဲလေးနဲ့ အတော်ကို တီထွင် ဖန်တီး ခံစား ထုတ်လုပ်ပြီး နေနိုင်ကြတယ်။ ပီစီသမားတွေလို ပြာယာခတ်ပြီး မနေကြဘူး။ အင်း မက်က်သာ မရှိခဲ့ရင် အဖိုးကြီး အဖွားကြီးတွေကအစ ကလေးပိစိကွေးတွေအဆုံး ကွန်ပျူတာရှေ့မှာ ဓာတ်ပုံတွေ၊ သီချင်းတွေ၊ အသံတွေ၊ အရုပ်တွေနဲ့ အချိန်ကုန်ခံပြီး အလုပ်တွေ ရှုပ်နေကြမှာ မြင်ရမယ် မထင်ဘူး။ ဥပမာ တခုက ဖေ့စ်ဘွတ်လိုပေါ့။ ဖေ့စ်ဘွတ်ဆိုတာဟာ အင်တာနက်ပေါ်က အက်ပဲအသေးစားလေးတခုပဲ။ ကိုယ်ရေးကိုယ်တာတွေချည်းပဲ သိမ်းတာလေ။ အက်ပဲသာ မပေါ်ခဲ့ရင် ဖေ့စ်ဘွတ်လည်း အတော် ခရီးကြမ်းမှာပဲ။
နောက်ဆက်ပြောမယ်။ ဈေးကွက်မှာ အမ်ပီသရီးတွေ၊ အမ်ပီဖိုးတွေ၊ ဒီဗီဒီတွေ၊ ဒီအိုင်ဗီအိပ်စ်တွေ၊ ပလေယာတွေ၊ ဘာတွေ ဘယ်လိုပဲပေါ်ပေါ်၊ ဘယ်လိုပဲ ခေတ်စားခဲ့ ခေတ်စားခဲ့။ အက်ပဲလိုမျိုး ဈေးကွက်တန်းကို ညှိပစ် ဆွဲတင်ပစ်နိုင်တာမျိုး ဘယ်သူမှ မလုပ်နိုင်ဘူး။ အမျိုးအစားတွေက အဖုံဖုံ၊ ပုံစံတွေ က အမျိုးမျိုး။ လူတွေက ဘယ်နောက်လိုက်ရနိုးနိုး ဖြစ်နေချိန်မှာ အက်ပဲက ထုတ်လိုက်တဲ့ IPOD ။ ဒါပဲ ပွဲသိမ်း။ လူတွေအားလုံးက အိုင်ပေါ့မှ အိုင်ပေါ့။ ပြီးတော့ ကွန်ပျူတာထဲက အိုင်ကျူး ITune နဲ့ Podcast နဲ့ တခါတည်း ပြိုဆင်းသွားကြတာပဲ မဟုတ်လား။ အက်ပဲကသာ အိုင်ပေါ့မလုပ်ခဲ့ရင် အမ်ပီသရီးတို့ အမ်ပီဖိုးတို့ဆိုတာ မျောက်အုံးသီးရတဲ့ ခေတ်ကြီးထဲမှာ အတော်ကြာဦးမှာလေ။ ဘယ်က ဘယ်လို ဖွင့်ရ၊ သိမ်းရ၊ ရောင်းရ၊ လဲရ လုပ်ကြရမလဲ။ အတော် ချွေးပျံခဲ့တာ ကလား။ ကဲနောက်ပြီးတော့ ဘာတဲ့ … ခိုးကူးခွေ ဘာတွေလဲ အိုင်ပေါ့ဒ်ပေါ်ပြီးတော့ ၀ပ်သွားတာပဲ မဟုတ်လား။ အားလုံးက iTune Store မှာ သီချင်းတွေ၊ ရုပ်သံတွေကို ၁ကျပ်ဖိုးနဲ့ ၀ယ်နိုင် သိမ်းနိုင်ပြီ ဆိုတော့ … ကဲဒါလည်း မကောင်းဘူးလားဗျာ။
ပြီးတော့ အိုင်ဖုံး။ ဖုံးတွေထဲမှာ အင်တာနက်တွေ၊ ကွန်ပျူတာစွမ်းရည်တွေပါတဲ့ ဘလက်ဘယ်ရီတို့၊ ပန်းအိုအက်စ်ဖုံးတို့ ဘာတို့တွေ ရှိနေချိန်မှာ အက်ပဲက အိုင်ဖုံးဆိုပြီး ထုတ်ချလိုက်တော့ ကမ္ဘာမှာ smart phone ခေတ်ကြီး တခါတည်း ဆန်းသစ်သွားတော့တာပဲ မဟုတ်ပါလား။ တော်ရုံ တန်ရုံ stupid သမားလည်း smart phone ကိုင်လိုက်တာနဲ့ စမတ်ဖြစ်သွားတော့သလို နေ့စဉ်လူမှုဘ၀ထဲမှာ နည်းပညာမှော်သွင်းလိုက်တဲ့အခါ ဖုံးနဲ့ အီးမေးစစ်၊ ချက်တင်းပြော၊ ဓာတ်ပုံတွေ၊ အရုပ်တွေ ပို့၊ ရုပ်မြင်သံကြား ဘ၀ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ကြတော့တာပဲ မဟုတ်လား။
နောက်ပြီးတော့ နည်းပညာဈေးကွက်ထဲမှာ တက်ဘလက်ကွန်ပျူတာတွေ ပေါ်နေတာ ကြာပေါ့ဗျာ။ လက်တင်သုံး အပြားကလေး တချပ်တည်းနဲ့ ကွန်ပျူတာလေ။ ဘယ်သူမှ မသုံးဘူး။ လက်ပ်တော့တွေပဲ သယ်ကြ သုံးနေကြတာမဟုတ်လား။ အဲသည်မှာ အက်ပဲက အိုင်ပက်ဒ်လည်း ထုတ်လိုက်ရော အကုန်လုံး အိုင်ပက်ဒ် ဖြစ်ကုန်ကြတယ်။ ဆော့ဝဲသမားတွေကလည်း အိုင်ပက်ဒ်အက်ပ်တွေ ရေးပြီး ချမ်းသာကုန်ကြတယ် မဟုတ်လား။ ကွန်ပျူတာ ၂ ဆစ်ချိုးတွေကို ကိုင်တဲ့သူတွေက လက်မောင်းပေါ်မှာ အိုင်ပက်ဒ်ကလေးတင်ပြီး လက်ညိုးကလေး သော့ကာ သော့ကာနဲ့ အလုပ်တွေ ဖြစ်ကုန်ကြတယ်လေ။ စတိဂျော့သာ မရှိခဲ့သော် အိုင်ပက်ဒ်ဆိုတာလည်း အတော် နောက်ကျပြီးမှ လူတွေ လက်ထဲ ရောက်ကြလိမ့်မယ် ထင်တယ်ဗျာ။
ကျနော်က စတိဂျော့သာ အက်ပဲကို လောကထဲ ဆွဲမသွင်းခဲ့သော်၊ စတိဂျော့မရှိတဲ့ ကမ္ဘာကို တွေးပြီး သည်စာကို ကမန်းကတန်းရေးလိုက်တာ ဖြစ်ပါတယ်။ သူသာ မရှိရင် လူတွေဟာ ရုံးသုံး လုပ်ငန်းသုံး ကွန်ပျူတာတွေထဲမှာ Mine Sweeper တို့၊ Solitaire တို့လို ချောက်တီးချောက်ချက်ကစားနည်းလေးတွေနဲ့၊ အိုင်တီသမားတွေ ဗိုလ်ကျတိုင်း မျက်နှာငယ်ပြီး ခံနေရတဲ့ ဘိုးဘိုး ဘွားဘွား၊ ကိုကို မမတွေနဲ့ ကမ္ဘာ။ အုတ်ခဲလောက် လေးတဲ့ ဖုန်းတွေ၊ ပီစီတွေ … ၀ိုင်ယာလက်စ် ဆိုတာကို ဈေးကြီးပေးသီးသန့် ၀ယ်တတ်ရတဲ့ ကမ္ဘာမှာ ကျနော်တို့ ရှင်သန်နေရမယ်ဆိုတာ သေချာသလောက်ပါပဲ။
နည်းပညာကို ဈေးကွက်ထဲ နေ့စဉ်လူမှုဘ၀ထဲ ရင်းနှီးကျွမ်းဝင်အောင် ဆွဲထည့်ပစ်လိုက်တဲ့အခါ အခု ကျနော်တို့ကမ္ဘာဟာ စတိဂျော့ရဲ့ အက်ပဲကမ္ဘာဖြစ်လာတယ်လို့ ဆိုချင်တယ်။ စတိဂျော့သာ အင်ဂျင်နီယာ၊ ဆရာဝန်၊ နိုင်ငံရေးသမားအဖြစ် ဈန်ဝင်စားလိုက်မယ်သာဆိုရင် အဲသည် ရှုပ်ထွေး ဆန်းကျယ်ပြီး အနံကြီး ဂွင်းကျယ်နိုင်လှတဲ့ အဲသည် စိတ်ရှုပ်ဖွယ် တထီးတနန်းနေချင်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ နိုင်ငံရေးသမား အစိုးရကြီးတွေရဲ့ကမ္ဘာဟာ လူတွေအားလုံးအတွက် စွဲမက်ဖွယ် လှပဆန်းကျယ် လက်လှမ်းမီနိုင်ကြလိမ့်မယ်တောင် ထင်မိတယ်။
ကျနော်တို့ရဲ့ လူ့ဘောင်လောကဟာ တဦးကို တဦး ကန့်သတ် ပိတ်ဆို့ထားတဲ့ ကမ္ဘာမဖြစ်သင့်ပါဘူး။ လွယ်ကူ ပျော်ရွှင် လက်တွဲလို့ရတဲ့ မခက်မခဲ ပွင့်လင်းတဲ့ ကမ္ဘာပဲ ဖြစ်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီတခါတွေ့ရင် အိုင်ပက်ဒ် ၂ ခု လက်ဆောင်ပေးလိုက်ပါ။ တခုက ဒေါ်စုအတွက်။ တခုက ကြံ့ဖွတ်သမ္မတကြီး မောင်သိန်းစိန် အတွက်ပေါ့။
ဒေါ်စု အကျဉ်းကျနေတဲ့ အနှစ် ၂၀ နီးပါးမှာ၊ မြန်မာပြည်သူတွေကို စစ်အုပ်စုက အနှစ် ၂၀ ကျော် အကျဉ်းချ သတ်ဖြတ် ဖျက်ဆီးနေတဲ့ အချိန်ကာလတွေကြားထဲမှာ ... စတိဂျော့ဟာ အဲသည် အနှစ် ၂၀ လောက်အတွင်းမှာ အက်ပဲတွေ အများကြီး ထွင်ပြီး ကမ္ဘာကြီးကို ပြောင်းခဲ့ပြီး ဖြစ်တယ်။ အဲသည်အတွက် ကျနော်ကတော့ အိုင်ပက်ဒ်ကို မြန်မာပြည်ကြီး တခုလုံးကိုတောင် လက်ဆောင် ၀ယ်ပေးလိုက်ချင်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...