ဖခင်တစ်ဦး၏ မေတ္တာ
မောင်စိုးမြိုင်နှင့်မသက်မာတို့ဇနီးမောင်နှံတွင် သားလေးတစ်ယောက်ဖွားမြင်သည်။ သားလေးတစ်နှစ်သား အရွယ်တွင် မသက်မာသည် နေ့စဉ်ဈေးရောင်းထွက်နေကြအတိုင်း ဈေးတောင်းခေါင်းပေါ်တင်၍ ရွာထဲသို့ ဈေးရောင်းထွက်သည်။ ထိုသို့ ဈေးရောင်းထွက်သည့်နေ့များတွင် မောင်စိုးမြိုင်မှာ အိမ်တွင်ကလေးထိန်းရင်း ထမင်းဟင်းချက်ပြုတ်ရသည်။ ထိုနေ့ကလည်း မောင်စိုးမြိုင်သည် ညနေစာအတွက် ထမင်းဟင်းကိုချက်၏။ ကလေးကိုလည်း အိမ်ထဲတွင်သိပ်ထား၏။ ကလေးမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
ထမင်းဟင်းကျက်သောအခါ ကလေးလည်း အိပ်မောကျနေသဖြင့် မိဘများနေအိမ်သို့ မိမိချက်ထားသော ဟင်းကို ပို့ရန်ထွက်လာခဲ့သည်။ မိဘများနေသောအိမ်နှင့်လည်း အတန်ငယ်ဝေးပါသည်။ မိဘများအိမ် ရောက်၍ ခေတ္တစကားစမြည် ပြောနေသောအချိန်တွင် "မီးဗျို့ မီး မီး"ဟူသောအသံများထွက်ပေါ်လာသည်။
မောင်စိုးမြိုင်သည်လည်း အထိတ်တလန့်နှင့် မိဘများအိမ်မှ ပြေးထွက်လာသည်။ ပြေးလာရင်း
လှမ်းကြည့်သောအခါ မိမိတို့အိမ်ဘက်မှမီးခိုးလုံးများ လိပ်တက်လာပြီး လူများလည်း ထိုမီးလောင်ရာ ဘက်သို့ပြေးသွားကြသည်ကိုမြင်ရသည်။
မောင်စိုးမြိုင်သည် စိုးရိပ်ထိတ်လန့်စွာဖြင့် ရှိသမျှအားကုန်ထုတ်ကာ ပြေးသွားသည်။ အနီးသို့ ရောက်သော အခါ မိမိအိမ်မီးလာင်နေသည်ကို တွေ့ရသည်။ ရွာသားများကလည်း တခြားအိမ်များသို့ မကူးစက်စေရန် ၀ိုင်းဝန်း၍ မီးကိုသတ်နေကြသည်။ မောင်စိုးမြိုင်က "သားလေး၊ သားလေး ကျွန်တော့်သားလေး"ဟု နူတ်ကအော်ဟစ်ရင်း မီးလောင်နေသော အိမ်ပေါ်သို့အတင်းတိုးတက်သွားတော့သည်။ အနီးအနားမှလူများက အော်ဟစ်တားသော်လည်းမရတော့ပါ။ မကြာခင် မီးများတောက်လောင်နေသော မောင်စိုးမြိုင် ပြန်ပြေးဆင်းလာသည်။ မီးများလောင်နေသော မောင်စိုးမြိုင်အား ရေဖြင့်ဝိုင်းလောင်းကြသည်။ မောင်စိုးမြိုင်ကတော့ပစ်လဲသွားသည်။ နှုတ်ကလည်း"ကျွန်တော့်သားလေးမတွေ့ဘူး။ ကျွန်တော့်သားလေး မတွေ့ဘူး"ဟုအော်ဟစ်နေတော့သည်။ မောင်စိုးမြိုင်ကို ကျေးလက်ဆေးပေးခန်းသို့ သယ်မယူသွားကြသည်။ မီးလောင်ဒဏ်ရာများမှာ မြင်မကောင်းအောင်များပြားလှသည်။"ကျွန်တော့်သားလေးရော၊ ကျွန်တော့်သား လေးရော"နှုတ်ကတဖွဖွ မေးမြန်းရင်းပင် သတိလစ်သွားတော့သည်။
မောင်စိုးမြိုင်ကို ဟင်္သာတဆေးရုံသို့ပို့လိုက်ကြသည်. ဆေးရုံရောက်၍ သတိရသောအခါတွင်လည်း သူ့သားလေးကိုပင် ထပ်တစ်လဲလဲမေးနေ၏. ဇနီးသည် မသက်မာက သားလေးကို ပွေ့ချီပြသောအခါ သားကလေးလွတ်မြောက်သည်ကို တွေ့ရ၍ ၀မ်းသာမျက်ရည်တို့လိမ့်ဆင်းကျလာသည်။ မီးစလောင်သည်နှင့် အိမ်နီးချင်းအိမ်က ကလေးအိပ်နေသည်ကိုသိသဖြင့် ကလေးကို ကယ်တင်ထားခြင်းဖြစ်သည်။
မောင်စိုးမြိုင်၏ဒဏ်ရာများမှာ ပြင်းထန်လှပါသည်။ ထိုညတွင်ပင် မောင်စိုးမြိုင်သည် ဒဏ်ရာများ၏ နှိပ်စက်မူဒဏ်ကို လူးလိမ့်ခံစားရင်းပင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားတော့သည်။
သားဇောကပ်၍ အန္တရာယ်ကိုပင် မမှုရှာသော မောင်စိုးမြိုင်ကတော့ ဘယ်ဘ၀သို့ ကူးပြောင်းရောက်ရှိနေသည်ကို မသိနိုင်ပါ။ သူချစ်လှသောသားကလေးကတော့ ယခုဒသမတန်း ကျောင်းသားဘ၀သို့ပင် ရောက်ရှိနေပေပြီ။
ဖခင်၏မေတ္တာသည် မိခင်၏မေတ္တာနှင့် မနိုင်းယှဉ်နိုင်သော်လည်း မေတ္တာထုထည်သည်ကား ကြီးမားကြောင်း ဤအဖြစ်အပျက်က သက်သေပြလျက်ရှိပါသည်။။
စာ၆၅ ၂၀၁၁-ခုနှစ် ၊ စက်တင်ဘာလ မှကူးယူဖော်ပြသည်။။
ကိုတင့်
0 comments:
Post a Comment