Wednesday, September 28, 2011

အသုပ်ကြိုက်သူများအတွက်

Thiri Yadanar Soe
 ရှမ်းသုပ်(ခ)ရခိုင်သင်္ဘောသီးသုပ်
ဒီနေ့ပိတ်ရက်ကို မန်ကျည်းသီးစိမ်းလေး ရှိတာနဲ့ သင်္ဘောသီးသုပ် သုပ်စားလိုက်ပါတယ်နော်။ အယ်......... မန်ကျည်သီးစိမ်းကြီးနဲ့ ဘာဆိုင်လို့တုံးမေးနေအုံးမယ်။ မိုးကောင်းမှာတော့ ရခိုင်သင်္ဘောသီးသုပ်ကို သံပရာသီးအစား မန်ကျည်းသီးစိမ်းလေးနဲ့ သုပ်စားပါတယ်။ မန်ကျည်းသီးပေါ်တဲ့ အချိန်ရာသီမဟုတ်ရင်တော့ သံပရာသီးက အစားထိုးပေါ့။ ပြီးတော့လေ ရခိုင်သင်္ဘောသီးသုပ်ကို ရှမ်းသုပ်လို့လဲ မိုးကောင်းမှာခေါ်တယ်။ ရခိုင်သုပ်လို့ပြောရင် ချဉ် ငံ စစ် ဖြစ်မယ်ဆိုတာ မျက်စိတည်း ကွင်းခနဲ ကွက်ခနဲ တစ်ခါတည်း တမ်းပြီးမြင်သွားတာပေါ့လေ။ တတ်နိုင်ဘူး ရှမ်းသုပ်ရဲ့ ချဉ်ပုံ၊ စပ်ပုံကိုတော့ သေသေချာချာပြောထားရတယ်။ အမယ်လေး ဖတ်နေရင်း သွားရည်တွေတောင်ကျလာပြီဖြစ်နေတော့မယ်။ ဟိဟိ။ ရှမ်းသုပ်ကို ရေနွေးခြမ်းလေးရယ်၊ ထမင်းခြမ်းအေးအေးနဲ့ တွဲပြီးစားလို့ အင်မတိ အင်မတန် အလွန့်အလွန် ကောင်းပါတယ်။ ဒီနေ့တော့ ရှမ်းသုပ်ကို အားမနားတမ်း သုံးဆောင်သွားပါအုံးလား။ အယ်........... မေ့နေလို့ တစ်ခုတော့ သတိပေးလိုက်ပါရစေ။
သင်္ဘောသီးသုပ်လေး စားတော့မယ်ဆိုလျှင် နှာရည်သုတ်ရအောင် တစ်ရှူးဖြစ်ဖြစ်၊ လက်ကိုင်ပ၀ါဖြစ်ဖြစ်ဆောင်ထားနော်။ ငရုတ်သီးက စပ်တော့ မျက်ရည်လည်းထွက်၊ နှာရည်ထွက်နဲ့ တစ်ရှူးရှူး တစ်ရှဲရှဲဖြစ်နေမှာစိုးလို့ပါနော်။ :D



ရှမ်းသုပ် နဲ့ ရေနွေးခြမ်းနဲ့ သုံးဆောင်သွားပါအုံးလား။


ရှူးရှူး ရှဲရှဲဖြစ်စေ့မယ် ရှမ်းသုပ် လာပါပြီနော်။


ရှမ်းသုပ်အတွက် ပါဝင်မယ့် ပုဇွန်ခြောက်ထောင်းရယ်၊ ငရုတ်သီးအစိမ်းရောင်နဲ့အနီရောင် အတောင့်ထောင်းရယ်၊ ငါးပိထောင်းရယ်၊ မန်ကျည်သီးစိမ်းထောင်းရယ်၊ ရှမ်းနံနံရယ်ပါ။



ရှမ်းနံနံ မသိမှာစိုးလို့ လှီးနေရင်း တန်းလန်း သတိရလို့ ဓာတ်ပုံရိုက်လိုက်တာပါ။ ရှမ်းနံနံကို ဒီမှာလဲ ပုံနှင့်တကွ တင်ဖူးပါတယ်နော်။


ကြက်သွန်နီပါးပါး (ကြက်သွန်နီက ပါးလွန်လွန်းလို့ လေတိုက်ရင်တောင် လွင့်တော့မယ်လို့ ပြောကုန်တော့မည်။ ကျွန်မက စိတ်မြန်လို့တူပါရဲ့အဲလို ပါးပါးနုတ်နုတ်လေးတွေ မလှီးတတ်ဘူး။ သူများတွေလို ပါးပါးရားရား မလှီးတတ်ဘူး။ လှီးလိုက်လဲ ပုံမှန်ပဲ။)


အကုန်ထည့်ပြီး နယ်ပါတော့မယ်။ စိတ်မြန် လက်မြန် ချက်ချင်းကြီး မနယ်လိုက်နဲ့အုံးနော်။ လက်ကို လက်အိတ်လေး စွတ်လိုက်ပါအုံး။ တော်နေ လက်တွေ ပူနေမှာစိုးလို့ပါ။ လက် မပူတတ်ဘူးဆိုရင်တော့ ဒီအတိုင်း နယ်လဲ ရပါတယ်နော်။


ဟောဒီက သင်္ဘောသီးအချစ် အယ်.... အယ်..... သင်္ဘောသီးခြစ်ပါ။


သင်္ဘောသီးသုပ် အတွက်လိုအပ်သောအရာ

၁။ သင်္ဘောသီးစိမ်း တစ်လုံး
၂။ ရှမ်းနံနံ(ခေါ်)ကုလားနံနံ တစ်ထုပ် (ပင်နီဆိုလာက၀ယ်လာပါတယ်)
၃။ မန်ကျည်းသီးစိမ်း လက်တစ်ဆုပ် (အမေ့အိမ်က ပါးလိုက်တာပါ)
၎။ ပုဇွန်ခြောက်ထောင်း လက်တစ်ဆုပ်
၅။ ငါးပိကင်၊ ငါးပိဖုတ်၊ ငါးပိထောင်း (ဂေါ်လီလုံးလောက် ၂ လုံးလောက်ထည့်ပါ)
၆။ ငရုတ်သီးစိမ်း (များများစပ်ချင်တော့ များများတာ ထည့်ပေတော့။ ဒီနေ့တော့ ငရုတ်သီး အထည့်လွန်သွားတယ်။)
၇။ ကြက်သွန်နီ ၃ လုံး

ပြုလုပ်ပုံ
သင်္ဘောသီးကို အခွံနွှာပါ။ ပြီးရင် သင်္ဘောသီးခြစ်နဲ့ ခြစ်ပါ။ ပြီးရင် ရေအေးအေး(ရေခဲရေဆိုလဲပိုကောင်းပါတယ်)နဲ့ ၁၀မိနစ်လောက်ခဏစိမ်ထားပါ။ ခြစ်ထားတဲ့ သင်္ဘောသီး ကျွတ်ကျွတ်လေးဖြစ်အောင်လို့ပါ။ ကျွတ်ကျွတ်လေးဆို စားရတာလဲ ပိုကောင်းပါတယ်။ သင်္ဘောသီးရေစိမ်ထားတုံး မန်ကျည်းသီးစိမ်းကိုထောင်းထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။ ကြက်သွန်နီ အခိုးအငွေ့ဓာတ် မကြိုက်သူများကတော့ ရေနဲ့ဆေးပလိုက်ပါ။ ကြက်သွန် အခိုးအငွေ့များကုန်သွားအောင်လို့ပါ။ ရှမ်းနံနံ(ခေါ်)ကုလားနံနံကိုလဲ ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းလဲ ထောင်းထားပါ။ ပုဇွန်ခြောက်လဲထောင်းထားပါ။

သုပ်စားပုံ
ခြစ်ထားသော သင်္ဘောသီး၊ ထောင်းထားသော ငရုတ်သီး၊ မန်ကျည်းသီးနဲ့ပုဇွန်ခြောက်၊ ငါးပိကင်၊ ပါးပါးလှီးထားသော ရှမ်းနံနံ နဲ့ ကြက်သွန်နီ၊ ငံပြာရည်၊ အချိုမုန့် အနည်းငယ်ထည့်ပြီး ရောနယ်ပါ။ ရေရေလည်လည် လျှာလည်စေမည့် ချဉ်ချဉ်စပ်စပ် မိုးကောင်း ရှမ်းသုပ် (ခေါ်) ရခိုင်သင်္ဘောသီးသုပ် ရပါပြီ။ ရေနွေးကြမ်းနဲ့ လွေးကအလွန်တရာမှ ကောင်းလှတယ်နော့်။
(မန်ကျည်းသီးအစား သံပရာသီး၊ ရှမ်းနံနံအစား မြန်မာနံနံ နဲ့သုပ်စားနိုင်ပါတယ်။)


ကြက်သားသုပ်ချဉ်စပ်လေး

ကျွန်မက ကြက်ဆိုရင်အသားကို မကြိုက်ဘူး။ ရင်ဖုံမှလွဲလို့ ကျန်တဲအပိုင်းဆိုရင်တော့ ကြိုက်ပါတယ်။ ကြက်ဆိုအရိုးလေးကိုက်လိုက်ရမှကျေနပ်တယ်။ ရန်ကုန် ၁၉ လမ်း တရုတ်တန်းက ကြက်ခြေထောက်ပေါင်းဆိုအကြိုက်ဆုံးပေါ့။ အိမ်ပြန်တုံးက ၁၉ လမ်းမှာ သွားပြီး ၀ါးတီးဆွဲခဲ့သေးတယ်။ ကြက်အသဲအမြစ်ဆိုလဲ အမြစ်ပဲကြိုက်တယ်။ ဒီမှာက အသဲကြီးပဲသတ်သတ် အမြစ်ကြီးပဲသတ်သတ်ဝယ်လို့ရတော့ပိုကောင်းတာပေါ့နော်။ ဘဲမြစ်ဆိုပိုပြီးတောင်ကောင်းသေးတယ်။ ကြီးလဲကြီးတယ် စားရတာလဲ မာမာကျွတ်ကျွတ်လေး။ အဟီး ပြီးတော့ ကြက်ဆီဖူး(ဖင်ဆီဖူး)နဲ့ ကြက်အူလဲ ကြိုက်တယ်။ ကြက်အူကို ကြက်ကချင်ချက် ချက်သလိုချဉ်စပ်လေးချက်စားရင်ကောင်းမှကောင်းပဲ။ ကြက်ကချင်ချက်ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်။ (ကြက်အူကိုတော့ အသေအချာလေးရေဆေးရတာပေါ့နော်) ဒီမှာတော့ အဲဒါတွေဝယ်လို့မရတတ်ပါ။ ကြက်ဆီဖူးက ကြက်တကောင်လုံးဝယ်ရင်တော့ စားရပါသေးတယ်။ ဒီမှာ ကြက်အူကတော့ ရောင်ရမ်းပြီးတောင် မတွေ့မိ။ ဒီမိုးကောင်းသူတော့ ကိုယ့်အသားမဟုတ်တိုင်း သူများအသားကိုများပြောနေလိုက်တာ ဟိုဟာလေးကြိုက်တယ် ဒီဟာလေးကြိုက်တယ်နဲ့လို့ပြောတော့မှာပဲနော်။ ဒါမှ မဟုတ်လဲ ကြက်ဆီဖူးနဲ့ကြက်အူများ ပေါက်ပေါက်ရှာရှာကြိုက်လဲကြိုက်တတ်တယ် အံသြပါရဲ့နော် ဖြစ်နေတော့မည်။ အဟီး ပြောချင်တာက ကြက်ရင်ဖုံကိုချက်တာမစားချင်တာနဲ့ ဒီနေ့တော့ ကြက်သားသုပ်ချဉ်စပ်လေး လုပ်စားမှဆိုပြီးပြောချင်တာပါရှင်။ လေရှည်နေတာနဲ့ ကြက်သားသုပ်အကြောင်းပြောအုံးမှ။


ကြက်သားသုပ်၊ ပဲတောင့်ရှည်သုပ်၊ ဘူးသီးဟင်းခါး



ကြက်သားသုပ် ချဉ်စပ်လေး သုံးဆောင်သွားပါအုံးလား



ပဲတောင့်ရှည်သုပ် (မြေပဲဆံထောင်း၊ ကြက်သွန်နီ ဆီကျက်၊ ပဲကျက်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ အချိုမှုန့် ထည့်ပြီး သုပ်ထားပါတယ်ရှင်)


ဘူးသီးဟင်းခါး (ကြက်သားပြုတ်ရည်ထဲ ဘူးသီးရယ်၊ ပဲကြာဇံရယ်ထည့်လိုက်ပါတယ်)


လိုအပ်သောအရာ

ကြက်ရင်ဖုံ (မိမိကြိုက်နှစ်သက်သောအသားဆိုလဲရပါတယ်)
ခရမ်းချဉ်သီး ၂ လုံး
ဂေါ်ဖီထုပ်
ကြက်သွန်နီ ၂ လုံး ( ၁ လုံးကို ဆီကျက်ချက်)
ကြက်သွန်ဖြူ ၂ တက်
ငရုတ်သီးစိမ်း ၃ တောင့်
သံပရာသီးသေးသေး ၄ လုံး
ဗမာ နံနံပင်


သုပ်ပုံသုပ်နည်း

ကြက်သားကိုရေဆေး ဆား၊ အချိုမှုန့်ထည့်ပြီး အရင်ပြုတ်ထားပါ။ ဒီမှာက CP ကြက်တွေဆိုတော့ နာရီဝက်လောက်ဆိုရင်တော့ အသားများကျက်ပါပြီ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ်၊ နံနံတို့ကို ပါးပါးလှီးထားပါ။ သုပ်မယ့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ နံနံတို့ကိုထည့်၊ ပြုတ်ထားတဲ့ကြက်သားကို အမျှင်လေးတွေနွှာပြီးထည့်၊ ဆား၊ အချိုမှုန့်ထည့်၊ သံပရာသီးညှစ်ထည့်ပြီး နယ်ပေးပါ။ အပေါ်ကနေ ကြက်သွန်နီဆီကျက်လေးကိုထည့်ပြီး စားလို့ရပါပြီရှင်။ ချဉ်ချဉ်စပ်စပ်နဲ့ အလွန်မြန်ဆန်သော ကြက်သားသုပ်ဟင်းတစ်ခွက်ရပါပြီ။ သုံးဆောင်သွားပါအုံးလား။
Posted by မိုးကောင်းသူ

ယိုးဒယားသင်္ဘောသီးထောင်း
ကျွန်မလည်း စာရေးဆရာ ရုံးပိတ်ရက်မှာ လမ်းများနေတာနဲ့ အိမ်မှာ ဟင်းတောင် ကောင်းကောင်း မချက်ဖြစ်ဘူး။ ကျွန်မရဲ့ ဘလော့ကလေးမှာလည်း ပို့စ်အသစ်မတင်နိုင်ဘူးပေါ့။ ဒီနေ့ နေ့လယ်တော့ အပြင်က ပြန်လာပြီး စာရေးဆရာနဲ့ အဆာပြေ ဘာလေးများစားရင် ကောင်းမလဲ စဉ်းစားတော့ လွန်ခဲ့တဲ့ သုံးရက် လောက်က သင်္ဘောသီးတွေကို ခြစ်ပြီး ဗူးလေးနဲ့ ရေခဲသေတ္တာထဲ ထည့် ထားခဲ့တာကို သတိရတယ်။ ဒီတော့ ယိုးဒယား သင်္ဘောသီးထောင်းလေး လုပ်စားဖြစ်တယ်။ 
ကျွန်မက ယိုးဒယား သင်္ဘောသီးထောင်း သိပ်ကြိုက်ပါတယ်။ ရန်ကုန်မှာဆို လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်း ထဲမှာ ရောင်းတဲ့ သင်္ဘောသီးထောင်းဆိုင်မှာ သင်္ဘောသီးထောင်းနဲ့ ကြက်ဥကင်ကို ခဏခဏ သွားစား ပါတယ်။ ကျွန်မ ဘိုးဘိုးကဆို အိမ်နဲ့ နီးနီးနားနားက ဆိုင်မှာ မစားဘဲ လှည်းတန်းအထိ သွားစားလို့ ကျွန်မကို အစားကို ဒီလောက်မက်ရလားဆိုပြီး အပြစ်တင်ပါတယ်။ ကျွန်မကလည်း အစားဆို ကောင်းတဲ့ ဆိုင်ကမှ စားချင်ပါတယ်။ တစ်ခါမှာတော့ စာရေးဆရာနဲ့ ကျွန်မ အဲဒီဆိုင်မှာ သွားစား ပါတယ်။ အဲဒီဆိုင်က လူ အရမ်းများပါတယ်။ အမြဲစောင့်ရပါတယ်။ အမြဲလည်း စောင့်ပါတယ်။ အဲဒီနေ့ကတော့ ကျွန်မတို့ နှစ်ယောက် အကြာကြီး စောင့်နေပေမယ့် ကျွန်မတို့စားနေတဲ့ ကြက်ဥကင် ပန်းကန်သာ ကုန်သွားတယ်၊ ကျွန်မဆီ သင်္ဘောသီးထောင်း ပန်းကန်ရောက်မလာဘဲ ကျွန်မတို့ နောက်မှ ရောက်တဲ့ ၀ိုင်းတွေဆီကို ကျော်ပြီး အရင် ချပေး နေပါတယ်။ စားပွဲထိုးတွေ သတိမထားတာပါ။ ကျွန်မတော်တော် စိတ်တိုသွားပါတယ်။ ကျွန်မတို့ ခေါ်ပြော ပေမယ့်လည်း အရေးမလုပ်တဲ့ အပြင်၊ အကြာကြီး ထပ်စောင့်တာတောင် ရောက်မလာတာကြောင့် ကျွန်မလည်း စိတ်တိုတိုနဲ့ ဆက်မစောင့် တော့ဘဲ ထပြန်ခဲ့ပါတယ်။ ကျွန်မတို့ စိတ်ဆိုးသွားမှန်း သိတာတောင် မိတ်ပျက်မှာ မစိုးရိမ်ဘဲ ကျွန်မတို့နောက်ထပ် လာမစားလည်း တခြားလာစားမယ့်သူတွေ အများကြီး ရှိတယ် ဆိုတဲ့ ပုံနဲ့ပါ။ ရောင်းကောင်းနေတုန်းတော့ ရေရှည်ကို မတွေးမိကြဘူး ထင်ပါရဲ့။

ဒီနေ့တော့ ကိုယ်ဘာသာ လုပ်စားပြီး စာရေးဆရာကိုတောင် ပြောလိုက်ပါသေးတယ်။ အရသာ ကောင်းတယ် မဟုတ်လား။ လှည်းတန်းက သင်္ဘောသီးထောင်းဆိုင်ကို မကျေနပ်ဘူး။ သူတို့ ဘေးနားမှာ အပြိုင် တစ်ဆိုင်လောက်သွားဖွင့် လိုက်ဦးမယ် ဆိုတော့ စာရေးဆရာကလည်း အတိုင် အဖောက် ညီပါတယ်။ သွားဖွင့်၊ ဒီလက်ရာနဲ့ဆို ဖြစ်တယ်တဲ့။ သူက အဲဒီလို မြှောက်ပေးတယ်ရှင့်။
ကျွန်မရဲ့သင်္ဘောသီးထောင်း ဘယ်လိုလုပ်လဲ ဆိုတော့ ပထမဦးဆုံး ကြက်သွန်ဖြူ သုံးမွှာကို အရင် ထောင်းပါတယ်။ ညက်မှ ငရုတ်သီး လေးတောင့်ထည့်ထောင်းပါတယ်။ (ကျွန်မက ငရုတ်သီး အနီတောင့် ထည့်တာပါ) လေးတောင့်ပဲ ထည့်ပေမယ့် တော်တော် စပ်ပါတယ်ရှင်။ ပြီးမှ ထန်းလျက် သုံးခဲကို ထည့် ထောင်းပါတယ်။ ပုဇွန်ခြောက်ထည့် ထောင်းပါတယ်။ နောက်ပြီး သံပုရာသီး အရည်ရွှမ်းရွှမ်း တစ်လုံးကို ညှစ်ထည့် တယ်။  ငံပြာရည် ထည့်ပြီး ဆက်ထောင်းပါတယ်။  မြေပဲဆန်လှော် ထည့်ပါတယ်။ ခရမ်းချဉ်သီး တစ်လုံးကို မထူမပါးလှီးထည့်ပြီး ဆက်ထောင်းပါတယ်။ နောက်ဆုံးမှ ခြစ်ထားတဲ့ သင်္ဘောသီးလေးတွေ ထည့်ပြီး ဖွဖွလေးထောင်းပေးပါတယ်။ အစာတွေကို အားလုံးတစ်ပြိုင်တည်း ထည့်ထောင်းတာ မဟုတ်ဘဲ တစ်ခုထည့်လိုက် ထောင်းလိုက်၊ နောက်တစ်ခု ထည့်လိုက်နဲ့ ထောင်းသွားတာပါ။ ဒီလိုနဲ့ အရသာလေး မြည်းကြည့်ပြီး လိုတာလေး ပြင်ပြီးရင်တော့ ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်ကလေး ရပါပြီ။  အိမ်မှာ ပဲသီး ၀ယ်ထားတာ မရှိတော့ ပဲသီး မပါသွားတော့ဘူး။ ငရုတ်သီး လေးတောင့်ပဲ ထည့်ထောင်းတာ တောင် ကျွန်မနဲ့ စာရေးဆရာတော့ စားရင်း ငိုလိုက်ရတာ ;-) စပ်လွန်းလို့ မျက်ရည်ဝဲရတာပါ။ စာရေးဆရာက ပြောပါသေးတယ်၊ နောက်တစ်ခါဆို အစပ်လျှော့ထည့် ပါနော် တဲ့  :-P
ယိုးဒယားသင်္ဘောသီးထောင်း စပ်စပ်ကလေးရပါပြီ
မိတ်ဆွေများလည်း အားပေးသွားကြပါဦး

Posted by ပါရမီဖြည့်ဖက်လေး


ပြည်ကြီးငါးခြောက် ရခိုင်သုတ်

ပြည်ကြီးငါးခြောက်ရခိုင်သုပ်

          အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ အင်တာနက်ကွန်နက်ရှင်က မကောင်း၊ မီးကလည်း ခဏခဏပျက်၊ ကျော်ခွရတာလည်း အဆင်မပြေတော့ မီးဖိုဆောင်လေးထဲကို   မရောက်ဖြစ်ဘဲ ပစ်ထားရသလို ဖြစ်နေတာ ကြာပြီပေါ့နော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို ပြည်ကြီးငါးခြောက်သုပ်လေး လုပ်ကျွေးပါရစေဦးနော်။ ပြည်ကြီးငါး ချက်နည်းနဲ့ ပတ်သက်ပြီး နည်းမျိုးစုံကိုလည်း မောင်နှမတွေအတွက် မျှဝေပြီးဖြစ်သလို ဒီတစ်ခါ ပြည်ကြီးငါးခြောက် လုပ်နည်းနဲ့ အသုံးကိုလည်း မျှဝေခွင့်ပြုပါဦးနော်။

 
ပြည်ကြီးငါးခြောက်လုပ်နည်း

          ပြည်ကြီးငါးကို ၀ယ်ပြီးတဲ့အခါ အပေါ်က ခရမ်းရောင်စက်လေးတွေပါတဲ့အလွှာကို ခွာထုတ်ပစ်၊ ပြီးတော့ အထဲက အညစ်အကြေးတွေနဲ့ အရိုးပျော့လိုဟာလေး ဖယ်ထုတ်ပစ်ပါ နော်။ ပြီးရင် ပြီးကြီးငါးကို မန်ကျည်းနှစ်ရယ်၊ ဆားရယ်နဲ့ နယ်ဆေးပစ်ပြီး ရေစစ်ပေးထားပါ နော်။ ပြီးတော့မှ ပြည်ကြီးငါးတွေကို ဆားရယ်၊ သံပရာ(သို့) ရှောက်ရည်နဲ့ နှံ့အောင် နယ်ပြီးတော့ စကာတစ်ခုထဲ စက္ကူတွေ ခံပြီးတော့ နေပူပူထဲမှာ လှန်းပေးပါနော်။ ၂ ရက် ၃ ရက်လောက် လှန်းပေးရင် ကောင်းကောင်းခြောက်တဲ့ ပြည်ကြီးငါးခြောက်ကို ရနိုင်ပါ တယ်နော်။ ပြည်ကြီးငါးခြောက်ကို သိမ်းတဲ့အခါမှာ သတင်းစာစက္ကူလိုမျိုးနဲ့ ထုပ်ပိုးပြီးတော့မှ ပလတ်စတစ်ဗူး၊ ပလစ်စတစ်အဖုံးပါတဲ့ ပုလင်းသန့်သန့်တို့မှာ ထည့်သိမ်းပေးထားရင် ရေရှည်အထားခံပါတယ်နော်
ပြည်ကြီးငါးခြောက်အသုံး

          ပြည်ကြီးငါးခြောက်ကို ဟင်းလျာတွေထဲမှာ ဘယ်လိုမျိုးများ ချက်ပြုတ်စားသောက်ကြ သလဲဆိုတာကို မျှဝေပါရစေရှင်။ ကျွန်မတို့မိသားစုမှာတော့ ၀က်ခြေထောက်စွပ်ပြုတ်၊ ၀က်နံရိုးပြုတ်တွေ လုပ်တဲ့အခါမှာ ပြည်ကြီးငါးခြောက်ကို ထည့်ပြုတ်တတ်ကြသလို၊ ဆိုက်ပေါ့ လို့ခေါ်တဲ့ မုန်လာဥခြောက်၊ မုန်လာဥဖြူအစိုတို့နဲ့လည်း ပြုတ်ပြီး ဟင်းချိုလုပ်သောက်ကြပါ တယ်နော်။ ပြီးတော့ ပြည်ကြီးငါးခြောက်တွေကို ခရမ်းချဉ်သီးနဲ့ ငါးပိချက်လိုလည်း ချက်တတ်ပါသေးတယ်နော်။ ဒီတစ်ခါတော့ ပြည်ကြီးငါးခြောက်ကို ရခိုင်သုပ်လေး သုပ်ကျွေးပါရစေနော်။
ပြည်ကြီးငါးခြောက်ရခိုင်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းစေ့၊ သံပရာရည်၊ ရှောက်ရွက်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်
ပြည်ကြီးငါးခြောက်ကို ရေနွေးကြက်သီးနွေးနဲ့ ၁၅ မိနစ်လောက် စိမ်ပေးပါနော်။ ပြီးတော့မှ ပြည်ကြီးငါးခြောက်ကို ငါးခြောက်ဖုတ်သလို မီးဖုတ်ပေးပါနော်။ မီးဖုတ်တဲ့အခါ အကျက်ညီအောင် ဟိုဘက်ဒီဘက် နှစ်ဖက်လုံး လှန်ပြီး ဖုတ်ပေးပါ။ ပြည်ကြီးငါးခြောက်လေး တွေ ဖောင်းတက်တာလာကို တွေ့ရမှာပါနော်။ ပြီးရင်တော့ ပြည်ကြီးငါးခြောက်လေးတွေကို မျှင်မျှင်လေးတွေရအောင် မျှင်ပေးပါနော်။ ငါးပိစိမ်းစားကိုလည်း ယောက်မမှာ ကပ်ပြီး မီးကင် ပေးလိုက်ပါနော်။ ငရုတ်သီးစိမ်းလေးတွေကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက် လေး ထောင်းပေးပါ။ ငရုတ်သီးစိမ်းထောင်းတဲ့အခါ ဆားလေးနည်းနည်းထည့်ထောင်းပေးရင် ငရုတ်သီးစိမ်းတွေ မည်းမသွားတော့ဘူးနော်၊ ပြီးရင်တော့ ကြက်သွန်ဖြူရယ်၊ ငရုတ်ကောင်းစေ့ ရယ်ကိုထည့်ပြီး တဆက်တည်း ထောင်းပေးပါနော်။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ပါးပါးလှီး ရေဆေးပြီး ရေစစ်ပေးထားပါနော်။ သံပရာသီးကိုလည်း အစိပ်လေးတွေ စိပ်ပေးထားပါနော်။ ရှောက်ရွက်ကိုလည်း ပါးပါးလှီးပေးထားပါနော်
အားလုံးအသင့်ဖြစ်တဲ့အခါ ဇလုံတစ်လုံးထဲကို အပေါ်က အဆာပလာတွေထည့်၊ သံပရာရည်ရွှဲရွှဲလေးဆမ်းပြီးတော့ သမအောင်နယ်ပေးပါနော်။ အရသာကို ချဉ်ငံစပ်လေး ရအောင် သုပ်ပါနော်။ ပြည်ကြီးငါးခြောက်က ထုတ်ထုတ်လေးရယ်၊ ရခိုင်သုပ်လေးမို့ အရသာက ချဉ်ငံစပ်လေးမို့ စားရတာ ခံတွင်းမြိန်လှပါတယ်နော်။
ချစ်သောမောင်နှမများအားလုံးလည်း ပြည်ကြီးငါးခြောက်များ လက်ဆောင်ရထားတာ တို့၊ ကိုယ်တိုင်အခြောက်လှန်းပြီး လုပ်စားချင်ရင်ပဲဖြစ်ဖြစ် တစ်ခါလောက် ပြည်ကြီးငါးခြောက် သုပ်လေးကို လုပ်စားကြည့်ကြပါဦးနော်။ တခြားချက်နည်းတွေနဲ့လည်း စမ်းသပ်ချက်ပြုတ် ကြည့်ကြပါဦးနော်။

lulucooking.blogspot.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...