ငွေစက္ကူ ကိုင်တွယ်မှုဓလေ့ သတိပြုစရာ
by Moenge Aung on Saturday, September 24, 2011 at 8:37pm
Popular News Originally posted 14/08/2011 10:03AM
ယခုအခါ အများသူတကာ ဈေးဆိုင်များတွင် ပြန်အမ်းငွေ အသစ်များ ကြိုးကြား ပါလာကြသည်။ ဝမ်းသာစရာ ကောင်းလှသည်။ သို့ရာတွင် အလွန်ပင် သုံးမရအောင်ပင် ဟောင်းနွမ်းနေသော အကြွေများကိုလည်း တွေ့မြင်နေရသေးသည်။ အသစ် ငွေစက္ကူချပ် ကလေးများကို စနစ်တကျ ရိုရိုသေသေ ကိုင်တွယ် အသုံးပြုပါမှသာလျှင် အသစ်အတိုင်း တာရှည် အသုံးပြုရမည် ဖြစ်ပါသည်။ ငွေစက္ကူကို ချပ်ပြားအလိုက် မခေါက်ချိုးဘဲ အိတ်ထဲတွင် ထည့်ထားခြင်း သို့မဟုတ် ထည့်စရာ ခွက်ထဲတွင် စနစ်တကျ ထည့်ထားခြင်းဖြင့် ငွေစက္ကူ အသစ်ကဲ့သို့ ရှိနေကြမည် ဖြစ်သည်။ ကျွန်တော် နေ့စဉ် စီးနေကျ ဘတ်စ်ကားပေါ်တွင် ယာဉ်နောက်လိုက် အများစုမှာ ငွေအကြွေ အသစ်များကို ခေါက်ချိုးပြီး ကိုင်ထားတတ်ကြသည်။
တစ်ဦးတစ်ယောက်မဟုတ် အကြိမ်ပေါင်းများစွာ ခေါက်ချိုးလာပါလျှင် ထိုခေါက်ချိုးနေရာမှ စ၍ ပွန်းပဲ့ စုတ်ပြတ်သွားတတ်သည်။ ထို့အပြင် နံနက်မှ မိုးချုပ်အထိ လက်ထဲတွင် ဆုပ်ကိုင်ထားရခြင်းကြောင့် ချွေးများ ပေခြင်းကြောင့်လည်း ပို၍ နွမ်းလျသွားမည် ထင်ပါသည်။
ငွေစက္ကူများ ဟောင်းနွမ်း စုတ်ပြတ်သွားခြင်းသည် အကိုင်များခြင်း၊ လုံးချေခေါက်ချိုး၍ ထိုးထည့်ခြင်းတို့ကြောင့် တိုတောင်းသော အချိန်အတွင်း ဟောင်းနွမ်းသော စက္ကူတစ်ချပ်အဖြစ် ရောက်ရှိသွားရပေသည်။ အချို့သော လမ်းဘေးဈေးများတွင် အများဆုံး တွေ့မြင်နေရသော မြင်ကွင်းများပင် ဖြစ်သည်။ ကျွန်တော် ကျောင်းဆရာ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ငွေစက္ကူကို ခေါက်ထောင်ပြီး မိမိတို့ စီးလာသော ဖိနပ်ဖြင့် ပစ်ကစားတတ်သော ကျောင်းသားများကို ဆုံးမ ပြစ်ဒဏ်ပေးခဲ့ဖူးပါသည်။ လောင်းကစား ပြုလုပ်ခြင်းသာမက နိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး၏ ပုံပါသည့် ငွေစက္ကူကို ဖိနပ်ဖြင့် ပစ်ကစားခြင်းသည် တကယ်ပင် ရိုင်းပြ စော်ကားသော အပြုအမူများ ဖြစ်၍ ရှောင်ရှားအပ်လိုကြောင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဘုရားပွဲတော်များတွင် ငွေပဒေသာပင်များ ပြုလုပ်၍ ငွေစက္ကူအသစ်များအား ခေါက်ချိုးခြင်း၊ ဖောက်စက်များဖြင့် ချုပ်ခြင်း၊ အလှဆင် အရုပ်များ ပြုလုပ်ခြင်းသည်လည်း ငွေစက္ကူအသစ်များ ကြေမွသွားစေသည်။ ပြန်လည် ဖြုတ်ယူကြရာတွင်လည်း ခေါက်ရိုးကျိုးသွားပြီးသော နှမြောစရာ ငွေစက္ကူများ ဖြစ်သွားပါသည်။
ဤကဲ့သို့ ငွေစက္ကူ အသစ်များကို ခေါက်ချိုး၍ အလှပြုလုပ်ကာ ပူဇော်လှူဒါန်းမှသာလျှင် ဒါန ပြီးမြောက်မည်ဟု မထင်ပါ။ အလှူလက်ခံရသော ရဟန်းသံဃာတော်များ အတွက်သာ ကရိကထ များလှသည့် ပြန်လည် ဖြုတ်သိမ်းရခြင်း၊ ကျိုးကြေ စုတ်ပြတ်သွားခြင်း၊ အချိန်ကုန်ခြင်းအပြင် ငွေအသစ်များကို အသုံးပြုရန် လိုအပ်သည့် နေရာတွင် အသုံးပြုခြင်း မလုပ်ရဘဲ တစ်နေရာတွင် စုစည်း ရောက်ရှိနေခြင်း စသည့် အားနည်းချက်များသာ မြင်တွေ့နေရပေသည်။ ငေစက္ကူ အကြွေ ထုတ်လုပ်ရခြင်းမှာ ရောင်းဝယ်သူများ အတွက် ပြန်အမ်းရမှု စနစ် လွယ်ကူစေရန် နိုင်ငံတိုင်း အစိုးရများက ရိုက်နှိပ် ထုတ်လုပ်ထားသော သတ်မှတ် စက္ကူတစ်ချပ်ပင် ဖြစ်ပါသည်။ မိမိတို့အိမ်တွင် ငွေစုဆောင်းလိုသူများ အတွက်လည်း ငွေအကြွေ အသစ်များကို စုဆောင်းခြင်း ဓလေ့ မလုပ်အပ်ပါ။ တန်ဖိုးကြီး တစ်ထောင်ကျပ်တန်ကို စုဆောင်းခြင်းကသာ အကောင်းဆုံး ဖြစ်ပါသည်။ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်၊ ၂၀၀ ကျပ်တန်တို့သည် နေရာတစ်ခုတွင် စုပြီး ရှိနေကြလျှင် အသုံးပြုသူများ၏ လက်ဝယ် ရောက်ရှိသည့် အရွက်ရေ နည်းသွားကာ အကြွေ ရှားပါးခြင်းကိုသာ ကြုံလာရပေမည်။ ငွေစက္ကူ အသစ်တစ်ချပ်ကို ကိုင်လာရခြင်းဖြင့် စိတ်ထဲကပင် ငွေစက္ကူလေးကို မြတ်နိုးလိုသော စိတ်၊ တယုတယ ကိုင်တွယ်လိုသော စိတ်များ အားလုံး ရှိကြမည် ထင်ပါသည်။ စုတ်ပြတ် ပေရေနေသော ငွေစက္ကူ တစ်ချပ်ကို အိတ်ကပ်ထဲသို့ ထည့်ရန် အလွန်ပင် ဝန်လေးကြပါသည်။ ထို့ကြောင့် ငွေကိုင်ဆောင်သူ အားလုံးက စနစ်တကျ အသိစိတ်တစ်ခုဖြင့် ဝိုင်းဝန်းထိန်းသိမ်းရန် လိုပါသည်။ သို့ပါမှသာ အသစ် ငွေစက္ကူမှာ တာရှည် အသစ်ဖြစ်နေပါလိမ့်မည်။ ငွေစက္ကူ အသစ်တစ်ချပ်သည် နိုင်ငံနှင့် လူမျိုးတို့၏ တန်ဖိုးထားအပ်သော စက္ကူလေးတစ်ချပ် ဖြစ်ပါကြောင်း။
0 comments:
Post a Comment