Thursday, September 22, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၃) ၊ အပိုင်း(၂)

ပြိုင်ဖက်ကင်းမဲ့သော အချုပ်အခြာအာဏာ
          နိုင်ငံတော်၏ အဓိပ္ပါယ်သတ်မှတ်ချက်ကို ပထမပိုင်းတွင် ဖော်ပြထားသကဲ့သို့ (အင်အားချနဲ့၍ အရည်အ ချင်းမပြည့်မီသည့်နိုင်ငံမဟုတ်ဘဲ) စနစ်ကျနမှန်ကန်သည့် နိုင်ငံတော်တစ်ရပ်သည် သတ်မှတ် ထားသော ပိုင်နက်တစ်ခုတွင် နေထိုင်ကြသော လူတို့အပေါ်၌ သက်ရောက်မှုရှိသည့် ပြိုင်ဖက်မဲ့သော အချုပ်အခြာအာဏာ ကိုပိုင်ဆိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ နိုင်ငံတော်ကိုယ်၌က တုနှိုင်းမဲ့စွာ စွမ်းပကား ကြီးနေ၍ မဟုတ်ပါ။ နိုင်ငံတော် အာဏာတွင် တရားဥပဒေကြောင်းအရ လည်းကောင်း၊ သဘာဝအရလည်းကောင်း ကန့်သတ်ချက်များရှိပါသည်။
ဥပမာဆိုရသော် ဒီမိုကရေစီနိုင်ငံတို့တွင် လူတစ်ဦးတစ်ယောက်အား ဥပဒေဖော်ကဖျက်မှု တစ်ခုခုအတွက် သမာသမတ်ကျသော တရားစီရင်မှု တစ်စုံတစ်ရာမပြုလုပ်ဘဲ၊ အပြစ်ပေးပိုင်ခွင့်မရှိအောင် နိုင်ငံတော်အာဏာကို တရားဥပဒေကြောင်းအရ ကန့်သတ်ထားပါသည်။ သဘာဝအကန့်အသတ်ဟုဆိုရာတွင် ရုပ်ဝတ္တုပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်းဆိုင်ရာ အကန့်အသတ်များကို ဆိုလိုခြင်းဖြစ်သည်။ အကြင်နာတရားနှင့်အပြည့်စုံဆုံး နိုင်ငံတော် တစ်ရပ်သည်ပင် နိုင်ငံတကာနားလည်မှုကို မြှင့်တင်ရန်အလို့ငှာ နိုင်ငံသားတိုင်းအား အထူးတန်းခရီးစဉ်ဖြင့် ကမ္ဘာတစ်ပတ် ပို့ဆောင်ရန်မတတ်နိုင်သကဲ့သို့ အကြင်နာတရားအကင်းမဲ့ဆုံး နိုင်ငံတော်တစ်ရပ်အနေဖြင့် နိုင်ငံသားတို့အား သူတို့၏ လက်ချည်းသက်သက်ဖြင့် ဧ၀ရက်တောင် ထက်ပိုမြင့်သော တောင်တစ်လုံးကို မြေဖို့ တည်ဆောက်ရန်အတွက် အမိန့်မပေးနိုင်ပါ။ ဤသို့ပြုလုပ်စေရန် အချိန်နှင့်လုပ်အားတို့ လိုအပ်သည့်အလျောက် နိုင်ငံ၏အရင်းအမြစ်တို့ကို ဖြုန်းတီးပစ်ရာရောက်မည့်အပြင် ထိုတောင်အတုသည်လည်း ပြိုကျပျက်စီးသွားနိုင် ပါသေးသည်။
          နိုင်ငံတော်တစ်ရပ်အနေဖြင့် အချုပ်အခြာအာဏာကို ပြိုင်ဖက်မရှိ ပိုင်ဆိုင်ရခြင်းမှာ အထက်တစ်နေရာ တွင်ဆိုခဲ့သည့် ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် လိုအပ်သော အခွင့်အာဏာနှင့် အရင်းအမြစ်တို့ကို နိုင်ငံတော်တစ်ခုတည်းကသာ ပိုင်ဆိုင်စေရန်ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံတည်း အတွင်းတွင် ထိုလုပ်ငန်းဆောင်တာများကို ယှဉ်ပြိုင်ဆောင်ရွက်မည့် ပြိုင်ဖက်များကို နိုင်ငံတော် က ခွင့်မပြုပါ။ ထိုထက် ပို၍ဆိုရလျှင် ထိုလုပ်ငန်းဆောင်တာများသည်။ နိုင်ငံတော်က တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သော ပမာဏကြီးမားသည့် လူ့အဖွဲ့အစည်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါသည်။ စနစ်ကျန၍ တောင့်တင်းသော နိုင်ငံတော်တစ်ရပ် မရှိဘဲနဲ့ ခေတ်မှီတိုးတက်သော စက်မှုနိုင်ငံကြီးတစ်ခု တည်ထောင်ရန် ဆိုသည်မှာ စိတ်ကူး၍ပင် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။
          “အာဏာ” ဆိုသော စကားရပ်နှင့် ပတ်သက်၍ ပိုမို၍ရှင်းလင်းပါအံ့။ လူတစ်ဦး တစ်ယောက်သည် အာဏာသုံး၍ ခိုင်းစေခြင်း ခံရသည်ဟုဆိုလျှင် အဆိုပါပုဂ္ဂိုလ်အနေဖြင့် လွတ်လပ်သည့် အနေအထားတစ်ရပ် တွင် မိမိ၏စိတ်သဘောအလျောက် ဆောင်ရွက်ချင်မှ ဆောင်ရွက်မည်ဖြစ်သည့် ကိစ္စတစ်ရပ်ကို အတင်းအကျပ် ခိုင်းစေခံရသည့်သဘော သက်ရောက်ပါသည်။ နိုင်ငံတော်သည် အချုပ်အခြာအဏာကို ပြိုင်ဖက်မဲ့စွာပိုင်ဆိုင် သည်ဟုဆိုရာ၌ ဓါးပြများက ဓါးနှင့်တေ့ကာ အတင်းအကျပ် ပစ္စည်းတောင်းသကဲ့သို့၊ နိုင်ငံသားတို့က လုပ်ကိုင် ရန်ဆန္ဒမရှိသည့် ကိစ္စရပ်များကို အမြဲမပြတ် ဖိအားပေး၍ အတင်းအကျပ် ခိုင်းစေသည်ဟု အဓိပ္ပါယ်            မသက်ရောက်ပါသည်။
          စင်စစ် ဥပဒေဖောက်ဖျက်မှုများနှင့် ကြုံလာတဲ့အခါမှသာ နိုင်ငံတော်က အာဏာသုံး၍ ၀င်ရောက်စွက် ဖက်ရခြင်း ဖြစ်သည်။ ဥပမာ- ရာဇ၀တ်မှု ကျူးလွန်သူတစ်ယောက်အား သမာသမတ်ကျသော တရားစီရင်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးသည့်နောက်မှ ထိုက်သင့်သော ပြစ်မှုကို ထိုသူကျခံစေရန် အာဏာသုံး၍ ဆောင် ရွက်ခြင်းမျိုး ဖြစ်ပါသည်။ အခွန်ရှောင်သူများ၊ အကြမ်းဖက်သူများ၊ ဥပဒေပြုအဖွဲ့ ထုတ်ပြန်ထားသော စစ်မှုမထမ်းမနေရ ဥပဒေကို ဖောက်ပြန်သူများနှင့် ပတ်သက်လာလျှင်လည်း ဤသို့ပင် ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံတို့တွင်ရှိသော ဥပဒေကို လေးစားသည့် နိုင်ငံသားအများစုသည် သူတို့အနေဖြင့် နိုင်ငံတော်ကို အခွန် အတုတ်များစွာ ပေးဆောင်နေရသည်ဟု ခံစားကောင်းခံစားရဖွယ် ရှိသည့်တိုင် သူတို့၏ နေစဉ်ဘ၀ကို အတင်း အကျပ် ချုပ်ထိန်းခံနေရသည်ဟု မယူဆကြပါ။ သူတို့သည် ဒီမိုကရေစီနိုင်ငံတော်က အာမခံထားသည့် လွတ်လပ်မှုနှင့် လုံခြုံမှုတို့ကို ခံစားနေကြရပြီး ဤအရာတို့မှ ကင်းလွတ်၍လည်း မနေနိုင်ကြပါ။ နိုင်ငံတော်၏ အာဏာသည် အစဉ်အမြဲ တည်ရှိနေသော်လည်း လူများစုတို့အနေဖြင့် အချိန်နှင့်အမျှ သတိထားမိနေသည် မဟုတ်ဟူ၍ ဖုံးဖိထားဘိသကဲ့သို့ ရှိနေပါသည်။ “တရားဥပဒေ၏ ဓါးသွားသည် ပုံမှန်အားဖြင့် ဓါးအိမ်ထဲတွင် ရှိနေ၏” ဆိုသည့် ဂျပန်စကားပုံ တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ယေဘုယျအားဖြင့် တရားဥပဒေကို လိုက်နာလေ့ ရှိသည့် နိုင်ငံသားတို့၏ဘ၀ကို ရံဖန်ရံခါတွင် နိုင်ငံတော်အာဏာက သက်ရောက်စူးရှလေ့ ရှိပါသည်။ ဥပမာအား ဖြင့် သတ်မှတ်မိုင်နှုန်းထက် ပို၍မောင်းနှင်မှုကြောင့် မောင်တော်ယာဉ်ရဲ၏ ဒဏ်ငွေချမှတ်ခံရသော ယာဉ်မောင်း သူ၏ သာဓကမျိုး ဖြစ်ပါသည်။
နိုင်ငံတော်အာဏာသည် အကြွင်းမဲ့အာဏာပေလော
        ဤမေးခွန်းသည် အတန်ငယ်ခက်ခဲသော မေးခွန်းတစ်ရပ် ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံရေးတွင် နိုင်ငံ တော်အာဏာနှင့် ပတ်သက်၍ အထူးသဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ ဘ၀များတွင် နိုင်ငံတော်က ၀င်ရောက်ဖွက်ဖက်ခြင်း နှင့် ပတ်သက်၍ အထူးတင်းကျပ်သော ကန့်သတ်ချက်များ ထားရှိသည့်တိုင်အောင် အလွန် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ပါသည် ဆိုသော နိုင်ငံတော်များသည်ပင် ပုံဏ္ဍာန်တစ်မျိုးမျိုးရှိသော အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ကြသည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ ဥပမာတစ်ခုအနေဖြင့် ဖခင်တစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် နိုင်ငံတော်၏လုပ်ပိုင်ခွင့်တို့ အကြားရှိ ၀ိရောဓိတစ်ရပ်ကို တင်ပြလိုပါသည်။ တရုတ် ဒဿနိက ပညာရှင် ကွန်ဖြူးရှပ် (Confucius ၅၅၁-၄၇၉ ဘီစီ) ရေးသားသော “အနာလတ်စ်” (Analects) တွင် နိုင်ငံခြား သားတစ်ဦးက သူ၏နိုင်ငံတွင် လူတို့သည် တရားဥပဒေကို လေးစားလှသည်ဖြစ်ရာ တရားရုံးတော်၌ သားဖြစ်သူ ကပင် ဖခင်ကိုဆန့်ကျင်၍ ထွက်ဆိုနိုင်ကြောင်း ပြောကြားသည်ကို မိမိကြားခဲ့ရ၍ အံ့သြထိတ်လန့်မိသည်ဟု ဖော်ပြပါရှိခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ အမြင်အရ သားကောင်းသားမြတ် တစ်ဦးအနေဖြင့် ဖခင်ဖြစ်သူအား တရား ဥပဒေအရ အရေးယူခံရခြင်းမှ ကာကွယ်သင့်သည်ဟု ဆိုပါသည်။ တစ်နည်းအားဖြင့် မိသားစု၏ သဘောသ ဘာဝသည် နိုင်ငံတော်၏ လုပ်ပိုင်ခွင့်ထက် ပို၍မြင့်သည်ဟု ကွန်ဖြူးရှပ်က ဆိုလိုခြင်း ဖြစ်ပါသည်။ ခေတ်သစ် နိုင်ငံတော်တို့တွင်မူ ပြောင်းပြန်ဖြစ်ပါသည်။ တရားရုံးတော်တွင် မိသားစုဝင် အချင်းချင်းဆန့်ကျင်ထွက်ဆိုမှုကို တားမြစ်သည့် ဥပဒေများ ရှိနိုင်သော်လည်း နိုင်ငံသားတို့အနေဖြင့် တရားဥပဒေနှင့် ယှဉ်လာလျှင် မိသားစု၏ သစ္စာကို အနစ်နာခံရတတ်ပါသည်။ ဥပမာအားဖြင့် ကိုဖြစ်သူက လူသတ်မှုကျူးလွန်သည်ကို ညီဖြစ်သူက သိလျက်နင့် ဖုံးကွယ်ထားလျှင် ၄င်းအနေနှင့် ထိမ်ချန်မှုဖြင့် အရေးယူခံရဖွယ် ရှိပါသည်။
 အခြားဥပမာတစ်ခုမှာ ကလေးသူငယ်တို့အား မိဘတို့ကနှိပ်စက်သည့် ကိစ္စဖြစ်ပါသည်။ အကြင်နာ တရားခေါင်းပါးသည့် မိဘအချို့သည့် ကလေးသူငယ်များအား ပြင်းထန်စွာ ရိုက်နှက်ခြင်း၊ အစာရေစာ အငတ် ထားခြင်း အခန်းငယ်များတွင် ပိတ်လှောင်ထားခြင်းနှင့် အဆုံးစွန်အားဖြင့် သတ်ဖြတ်ပစ်သည်အထိ ပြုမူကြပါ သည်။ အံ့အားသင့်စရာတစ်ခုမှာ ရှေ့ခေတ်ရောမနိုင်ငံတွင် မိသားစု၏ဖခင် (pater families) ဖြစ်သူက ဆန္ဒပြင်းပြလွန်းလျင် မိမိ၏သားသမီးများကို ကွပ်မျက်(သတ်ဖြတ်) ပိုင်ခွင့်ရှိသည်ဆိုသော ဖြစ်ရပ်ပင်။ တစ်အား ဖြင့် သားသမီးများသည် ဖခင်၏ ကိုယ်ပိုင်ပစ္စည်းဖြစ်သည် ဆိုသော သဘောပင်တည်း။ ကလေးသူငယ်များ အား နှိပ်စက်ကလူပြုသည့် ကိစ္စရပ်များအပါအ၀င် အိမ်တွင်းရေး မှန်သမျှသည် အာဏာပိုင်တို့နှင့် မသက်ဆိုင် ဆိုသည့် အယူအဆမျိုး ကမ္ဘာအနှံ့တွင် ရာစုနှစ်များစွာနှင့် ချီ၍ တည်ရှိခဲ့ဖူးပါသည်။
          သို့သော် ဤစိတ်ဓါတ်မျိုးသည် ယနေ့ခေတ်အဖို့ အတိတ်က ဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ မသိနားမလည်သော ကလေးသူငယ်များကို မိဘတို့က ရက်စက်စွာနှိပ်စက်ပြုမူသည့် ဖြစ်ရပ်မျိုးကို ကာကွယ်ရန်အတွက် ဥရောပ၊ မြောက်အမေရိကနှင့် အာရှနိုင်ငံတို့တွင်ပါ နိုင်ငံတော်အာဏာအား အသုံးပြုကာ မိသားစုဘ၀ကို ၀င်ရောက်စွက်ဖက် အရေးယူမှုများ ရှိလာပြီ ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် ကလေး သူငယ်များအပါအ၀င် နိုင်ငံသားတို့၏ အခွင့်အရေးသည် အရေးအကြီးဆုံးဖြစ်သည်ဟု ယူဆကြသည့်အား လျော်စွာ ယင်းအခွင့်အရေးတို့အား ကာကွယ်စောင့်ရှောက်ခြင်းကို မိသားစုတစ်စုအတွင်း၌ မိဘများရရှိကြသည့် ရပိုင်ခွင့်ထက်ပို၍ အလေးထားဆောင်ရွက်နေရပြီ ဖြစ်သည်။ ထို့ကြောင့် ယဉ်ကျေး၍ လူသားဆန်သည့် လူ့အဖွဲ့ အစည်းတစ်ရပ် တည့်တံ့ရေးအတွက် မရှိမဖြစ် လိုအပ်သည့် ကိစ္စရပ်များ၊ ဥပမာ လူတစ်ဦးချင်း၏ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံအား ကျူးကျော်လာမည့် တိုင်းတပါးရန်သူများအား တွန်လှန်ကာကွယ်ခြင်း၊ ကြောက်မက်ဖွယ် ကူးစက်ရောဂါတို့ဘေးမှ နိုင်ငံသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူတစ်ဦးချင်း သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုလုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသည့် ကိစ္စရပ်များကို ကိုင်တွယ် ဆောင်ရွက်ရသည့်အခါမျိုးတွင် နိုင်ငံတော်၏အာဏာသည် အကြွင်းမဲ့ သို့မဟုတ် ထိုမျှနီးပါး ရှိနေပြီဟု ယူဆနိုင် ပါသည်။ သို့သော် ဤသို့ဆိုခြင်းအားဖြင့် နိုင်ငံတော်ထံတွင် အရာခပ်သိမ်းနှင့် ပတ်သက်၍ နှစ်သက်သလို ဆောင်ရွက်နိုင်သည့် အခွင့်အာဏာမျိုး တရားဝင်ရှိနေသည်ဆိုသည့်သဘော မသက်ရောက်ပါ။ နိုင်ငံတော် အနေဖြင့် ရက်စက်သောမိဘများ၏ လက်ဝယ်ရှိကလေးသူငယ်များကို တရားဝင်ကယ်ဆယ်ပိုင်ခွင့် ရှိသည် ဆိုခြင်းသည် ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ် အတွင်း၌ ကမ္ဘောဒီးယား ကွန်မြူနစ်များက ပြုလုပ်ခဲ့ကြသကဲ့သို့ မိသား စု၏ ဖွဲ့စည်းပုံကို ပျက်ယွင်းစေလိုသည့်သဘောဖြင့် ကလေးသူငယ်တိုင်းကို မိဘများနှင့် အတင်းအဓမ္မ ခွဲခွာထား ပိုင်ခွင့်ရှိသည်ဆိုသည့် သဘောမျိုးမသက်ရောက်ပါ။ 

ဆက်လက်ဖေါ်ပြပါမည်။  
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...