ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၃) ၊ အပိုင်း(၃)
နိုင်ငံတော်နှင့်
လူမှုအဖွဲ့အစည်း
ဤအခန်းကို
နိဂုံးမချုပ်မီ နိုင်ငံတော်နှင့် (နိုင်ငံတော်အပါအ၀င်ဖြစ်သော) လူမှုအဖွဲ့အစည်းတို့ အကြားရှိ
ဆက်နွယ်မှုကို ဆွေးနွေးလိုပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း နိုင်ငံတော်ကို ပဓာနထား၍ အာရုံစိုက်သည့်
“နိုင်ငံရေး” သည် စင်စစ်အားဖြင့် လူအချင်းချင်းအကြား၌ တည်ရှိသည့် ဆက်ဆံရေး ပုံဏ္ဍာန်များစွာတို့အနက်
တစ်ခုမျှသာ ဖြစ်ပါသည်။ နိုင်ငံတော်နှင့် ၄င်း၏လုပ်ငန်းဆောင်တာများမှာ နိုင်ငံတော်က
အုပ်ချုပ်နေသော လူ့အသိုက်အ၀န်းတစ်ရပ်လုံး၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။ နိုင်ငံတော်နှင့်
လူ့အဖွဲ့အစည်းတို့အကြား ဆက်နွယ်မှုသည် နိုင်ငံရေးနယ်ပယ်ရှိ အခြားအရာများကဲ့သို့ပင် အင်္ဂါရပ်များစွာတို့
တစ်ခုနှင့်တစ်ခု ကူးယှက် ပတ်သက်လျက်ရှိပြီး အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်ပါသည်။
နိုင်ငံတော်သည် စင်စစ်အားဖြင့် လူ့အသိုက် အ၀န်း၏ ဗဟိုတဲ့တဲ့တွင် အထီးတည် တည်ရှိနေသော
ထူခြားသည့် သီးသန့်အရာတစ်ခုမဟုတ်ပါ။ လူ့အဖွဲ့ အစည်းအတွင်းရှိ နိုင်ငံတော်နှင့် မပတ်သက်သော်လည်း
နိုင်ငံတော်အပေါ်၌် နက်ရှိုင်းစွာ သြဇာသက်ရောက်၍ ပဲ့ထိန်းလျက်ရှိသည့် တစ်ချိန်တည်းမှာပင်၊
နိုင်ငံတော်၏ လှုပ်ရှားသက်ဝင်မှုသည် လူ့အဖွဲ့အစည်း၏ နေရာအနှံ့ တွင် ဖြန့်ကျက် တည်ရှိလျက်ရှိပြီး၊
ယင်းအား တစ်စုတစ်စည်းတည်းဖြစ်အောင် လွှမ်းခြုံ နှောင်တည်းထားလေ သည်။
နိုင်ငံတော်နှင့်
လူမှုအဖွဲ့အစည်းတို့အကြားရှိ ဆက်နွယ်မှုကို လေ့လာလျှင် နိုင်ငံရေးနှင့် ထူးကဲစွာပတ် သက်လျက်ရှိသည့်
ရှုထောင့်အမြင် နှစ်ရပ်ရှိပါသည်။ ယင်းတို့မှာ နိုင်ငံတော်အား-
(၁) လူအဖွဲ့အစည်းကို အသွင်ပြောင်းပေးသည့် နိုင်ငံတော်နှင့်
(၂) အကန့်အသတ်ရှိသောနိုင်ငံတော်-ဟူ၍ ရှုမြင်ယူဆသော အမြင်နှစ်ရပ် ဖြစ်ပါသည်။
ပထမအမြင်ဖြစသော
နိုင်ငံတော်အား လူ့အဖွဲ့အစည်းကို ဖန်တီးသည့် သို့မဟုတ် အသွင်ပြောင်းပေး သည့် ဌာနအဖြစ်
ရှုမြင်ခြင်းမျိုးအား ကမ္ဘာအနှံ့တွင်လည်ကောင်း၊ သမိုင်းတွင်သော ကာလများစွာတို့တွင်လည်
ကောင်း ကြုံတွေ့ခဲ့ရဖူးသည်။ အရည်အချင်း ပြည့်ဝသော မင်းသည် သူ၏စိတ်ဓါတ် မြင့်မားမှုကို
စံနှုန်းပြုလျက် လူမှုအဖွဲ့အစည်း တစ်ခုလုံးအား အသွင်ပြောင်းပစ် နိုင်သည်ဟု ကွန်ဖြူးရှပ်၏
အတွေးအခေါ်နှင့် ကိုက်ညီသော နိုင်ငံတော်တစ်ရပ်သည် ပညာရေး၊ စိတ်ဓါတ်မြင့်မားရေး၊ ပြည်သူအချင်းချင်းအကြား
မှန်ကန်သော ဆက်ဆံရေး တို့ကို မြှင့်တင်ရန်ရည်ရွယ်ချက် ထားရှိသည့်အပြင် ရလာအပ်သော အကျိုးအမြတ်တို့ကို
လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးမှ အောက်ဆုံးအထိ ရယူခံစားကြရမည် ဟုဆိုသည်။ တစ်ပါတီ အာဏာရှင်နိုင်ငံများ
ဟု တခါတရံ ခေါ်ဝေါ်ကြသည့် တော်လှန်ရေးအသွင်ဆောင်သော နိုင်ငံတော်များတွင်လည်း အဆိုပါအယူအဆမျိုး
ရှိကြ သည်။ ယခင် ဆိုဗီယက်ယနီယံနှင့် တရုတ်ပြည်တို့တွင် တပ်ဦးပါတီ (ကွန်မြူနစ်ပါတီ)
သည် “ပစ္စည်းမဲ့ အာဏာ ရှင်စနစ်” ကို ထူထောင်ရန်နှင့် လူမှုအဖွဲ့အစည်း တစ်ခုလုံးအား ဆိုရှယ်လစ်နှင့်
ကွန်မြူနစ်ပန်းတိုင်များဆီသို့ အဆင့်ဆင့် တိုးတက်ရောက်ရှိသွားစေနိုင်ရန်အတွက် နိုင်ငံတော်အာဏာကို
အသုံးချခဲ့သည်။ စင်စစ်အားဖြင့် ဆိုရှယ်လစ်နိုင်ငံများတွင် လူနေမှုဘ၀တစ်ခုလုံးအား နိုင်ငံတော်က
တစ်နည်းမဟုတ် တစ်နည်းဖြင့် လွှမ်းမိုး ထိန်းချုပ်ထားကြသည်။
လူမှုအသိုက်အ၀န်းတခုလုံးအား
အသွင်ပြောင်းစေတတ်သော နိုင်ငံတော်နှင့်ပတ်သက်သည့် အခြား ဥပမာတစ်ခုမှာ ဂျပန်နိုင်ငံ၏
မေရဂျီအစိုးရခေတ် (၁၈၆၈-၁၉၁၂) ဖြစ်သည်။ မေဂျီခေတ် ဂျပန်ခေါင်းဆောင်များ သည် ဥရောပမှ
လူမှုရေးနှင့် နိုင်ငံရေးဌာနများ၊ ဥပဒေ၊ ယဉ်ကျေးမှုနှင့် နည်းပညာရပ်များကို မတုယူ ကျင့်သုံးခဲ့
ခြင်းအားဖြင့် နိုင်ငံတော်၏ ရှေးရိုးစဉ်လာ လူ့အဖွဲ့အစည်းကို အသွင်ပြောင်းရန် ကြိုးပမ်းခဲ့ကြသည်။
နှစ်ဆယ်ရာ စုနှစ် အစပိုင်းအရောက်တွင်မူ ဂျပန်နိုင်ငံသည် ဥရောပပုံစံ “အင်အားကြီးနိုင်ငံ”
တစ်ခုဖြစ်လာသည့်အထိ သူ့တို့၏ကြိုးပမ်းချက်များ အောင်မြင်ခဲ့လေသည်။ သို့သော် မေဂျီခေတ်
နိုင်ငံတော်တွင် ဒီမိုကရေစီမထွန်းကား သည့်အပြင် ဗဟိုအစိုးရ၏ အရာရှိကြီးများနှင့် စစ်တပ်တို့ထံတွင်
အလွန်အကျွံ အာဏာရှိခဲ့သည်။ လူ့အဖွဲ့အ စည်းကို အသွင်ပြောင်းနိုင်စွမ်းရှိသော ထိရောက်သည့် ဤနိုင်ငံတော်မျိုးသည် သူတို့က သို့မဟုတ် ယုတ်စွ အဆုံး လုံးဝအစွမ်းသတ္တိ မရှိသည့်အသွင်
ထင်မြင်ယူဆတတ်ကြသည်။ ပြည်သူတို့သည် နိုင်ငံတော်၏ ဦးဆောင်မှုအတိုင်း အမေးအမြန်းမရှိ
အတိုက်အခံမရှိပဲ လိုက်နာဆောင်ရွက်ကြလေ့ရှိသည်။
သို့ဖြစ်ရာ ဤပုံစံ သည် စီမိုကရေစီနိုင်ငံတော် တစ်ရပ်၏ သဘောသဘာဝနှင့် လိုက်လျောညီထွေးမရှိလှပါ။
ကျွန်ုပ်တို့ခေတ်အ တွင်း တွေ့ရှိရသော ဖော်ပြပါပုံစံမျိုးနှင့် စပ်လျဉ်းသည့် အဆိုးဝါးဆုံး
ဥပမာတစ်ခုမှာ “ဒီမိုကရက်တစ် ကမ်းပူးချား” အစိုးရဖြစ်သည်။ ကမ္ဘောဒီယားကွန်မြူနစ်များသည်
ထောင်းသောင်းချီသော ပညာတတ်များ၊ ကမ္ဘောဒီးယား နိုင်ငံ၏ ယခင်စနစ်ဟောင်းနှင့် ဆက်နွယ်မှုရှိခဲ့သော ပုဂ္ဂိုလ်မျာူးအား သတ်ဖြတ်ခြင်း၊
ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီး၍ ရဟန်းတော်များအား သတ်ဖြတ်ခြင်း စာသင်ကျောင်းများကို
ပိတ်ပစ်ခြင်း မိသားစုများကို တကွဲတပြားစီဖြစ်စေခြင်း ၊ မြို့နေလူထုကို ကျေးရွာများသို့
အတင်းအကျပ်ရွေ့ပြောင်းစေခြင်း၊ ထောင်သောင်းမကသော မြို့နေလူထုကို ချွေးတပ်ဆွဲ၍ အလုပ်ကြမ်းလုပ်စေခြင်း
စသည်တို့ပြုလုပ်ကာ ကမ္ဘော ဒီးယား နိုင်ငံကို “လူ့အဖွဲ့အစည်းသစ်” တစ်ခုအဖြစ်သို့ အသွင်ပြောင်းရန်
ကြိုစားခဲ့ကြသည်။ အမှန်စင်စစ် ဤ “လူ့အဖွဲ့အစည်းသစ်” ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ငရဲပြည်သာ
ဖြစ်ခဲ့လေသည်။ သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် လူ့အဖွဲ့အစည်းကို ပြန်လည်ဖန်တီးနိုင်ရမည်
သို့မဟုတ် အသွင်ပြောင်းပစ်နိုင်ရမည် ဆိုသော အယူအဆမျိုးကို လက်မခံနိုင်လောက်သည့် အကြောင်းပြချက်များ
ကျွန်ုပ်တို့ထံတွင် ရှိနေပြီဖြစ်သည်။
ဒုတိယအမြင်ဖြစ်သည့်
အကန့်အသတ်ရှိသော နိုင်ငံတော်ကမူ၊ လူ့အဖွဲ့အစည်းသည် နိုင်ငံတော်နှင့် ယှဉ်လျင် ဦးစားပေးအဆင့်တွင်ရှိပြီး၊
လူ့အဖွဲ့အစည်းတွင် ပါဝင်ကြသူများက သူတို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်အတွက်
နိုင်ငံတော်ကို ဖန်တီးကြသည်ဟု ယူဆကြသည်။ နိုင်ငံတော်သည် လူ့အဖွဲ့အစည်း ထက် သာလွန်မြင့်မြတ်ခြင်းလည်းမရှိ၊
လူ့အဖွဲ့အစည်းကို အသွင်ပြောင်းပစ်ခြင်းလည်းမရှိပဲ လူ့အဖွဲ့အစည်း၏ တာဝန်များကို ထမ်းဆောင်ရန်သာ
ဖြစ်သည်ဟု ဆိုသည်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ ရင်ဆိုင်နေကြရ သည့် အဓိကပြဿနာမှာ ထိရောက်စွာ
ကန့်သတ်ခံထားရသော နိုင်ငံတော်အာဏာ၏ သဘောသဘာဝအား တစ်နေ့တခြား တိုးပွားနေသည့် ကျန်းမာရေး၊
ပညာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသည့် နိုင်ငံတော် ၏ လုပ်ငန်းဆောင်တာများနှင့်
လိုက်လျောညီထွေ ရှိလာစေရန် ညှိနှိုင်းရသည့် ပြဿနာ ဖြစ်ပါသည်။ “အကန့် အသတ်ရှိသော နိုင်ငံတော်”
ဟူသည့် အယူအဆရှိသည် လူမှုရေးကဏ္ဍအပါအ၀င်ဖြစ်သော ဒီမိုကရေစီနိုင်ငံရေး သီအိုရီ၏ အရေးပါသော
အယူအဆဖြစ်ပါသည်။ ဤကိစ္စရပ်ကို ရှေ့လာမည့် အခန်းတစ်ခုတွင် ပိုမိုစုံလင်စွာ ဆက်လက်ဆွေးနွေးပါမည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍
ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ကြိုက်တယ်။၂ ခါလောက်ပြန်ဖတ်ဖြစ်တယ်။ ကျွန်တော် ပိုင်းဦးဆွေ ရယ်ပါ။အားလုံးကို ဖတ်ဖြစ်တယ်။အစဉ်အားပေးလျှက်......
ReplyDelete