စင်ဒရဲလားက စခဲ့တဲ့ ဖိနပ်
by သစ္စာနီ on Saturday, September 24, 2011 at 10:43am
ကမ္ဘာမှာ လူသိအများဆုံး ဖိနပ်ဟာ စင်ဒရဲလားရဲ့ ဖန်ဖိနပ်ကလေးလို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ကလေးဘဝကတည်းက ဒီပုံပြင်ကလေးနဲ့ ရင်းနှီးခဲ့ကြတယ်။ မင်းသားက သူ့အတွက် သတို့သမီးလောင်း ရွေးချယ်ရာမှာ ဒီကျန်ခဲ့တဲ့ ဖိနပ်လေးတစ်ဖက်နဲ့ တော် မတော် ကြည့်ပြီး ဆုံးဖြတ်တာကလည်း တကယ့်ကို စိတ်ဝင်စားစရာ ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘဝမှာ ဆိုဗီယက်ဝန်ကြီးချုပ် ကရူးရှက်က ကုလသမဂ္ဂညီလာခံမှာ သူ့ရှူးဖိနပ်ကို ချွတ်ပြီး စားပွဲကိုခေါက် စကားပြောတယ်ဆိုတာ ကြားရတော့ လူငယ်ပီပီ သဘောကျခဲ့တာပါပဲ။ (အမှန်တော့ နိုင်ငံတကာအဆင့် ခေါင်းဆောင် တစ်ယောက် အနေနဲ့ဆို မယဉ်းကျေးတဲ့ အပြုအမူမို့ ရှုတ်ချထိုက်ပါတယ်)။
ဖီလစ်ပိုင်ရဲ့ ရာသက်ပန် ခေါင်းဆောင်ကြီးဆိုတဲ့ မားကို့စ် သူ့နိုင်ငံက ထွက်ပြေးရတော့လည်း (ဂျောင်းတော့ မားကို့စ် ဆိုတဲ့ ဗန်းစကားတောင် အဲဒီတုန်းက တွင်ကျယ်ခဲ့ပါသေးတယ်) သူ့မဟေသီ အီမယ်ဒါး ယူမသွားနိုင်လို့ စံအိမ်တော်မှာ ကျန်ခဲ့တဲ့ ဖိနပ်အရန်ပေါင်း ၂၇၀၀ ကျော်ကျော်ကို ကြည့်ပြီး ကမ္ဘာ့ပြည်သူတွေနဲ့အတူ အံ့သြခဲ့ရပါတယ်။
အခုနောက်ဆုံး အဲဒီသူတွေကို ကျော်ပြီး ဖိနပ်နဲ့ ကျော်ကြားသွားတဲ့သူကတော့ အီရတ်သတင်းထောက် အယ်လ်ဇေဒီ ဖြစ်ပါတယ်။ သူက အများသိတဲ့အတိုင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကို ဖိနပ်နဲ့ ပေါက်ခဲ့သူ ဖြစ်ပါတယ်။ (သူဟာ ဒီလို ဖိနပ်နဲ့ပေါက်နိုင်ဖို့အတွက် ၂နှစ်လောက် လေ့ကျင့်ခဲ့တယ်လို့တောင် ဆိုပါတယ်တဲ့) ဒါပေမယ့် ဂျော့ဘုရှ်ဆိုတာကလည်း အရှောင်အတိမ်း ဂျက်ဆီဂျိမ်းတို့ အရပ်ကလာတာဆိုတော့ လွတ်အောင် ရှောင်နိုင်ပါတယ်။ သူက ပြက်လုံးတောင် ထုတ်လိုက်သေးတယ်။ “ပေါက်တဲ့သူကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူ့ဖိနပ်ကတော့ တော်တော်ကြီးတယ်။ နံပါတ် ၁၀ ဖြစ်ရမယ်” တဲ့။
အဲဒီကိစ္စဟာ ကမ္ဘာမှာ ဟိုးလေးတကျော် ဖြစ်သလို အယ်လ်ဇေဒီ(အသက် ၃၀) ဟာလည်း အာရပ် မွတ်စလင်ကမ္ဘာမှာ ဟီးရိုး ဖြစ်လို့သွားပါတယ်။ သူ့ဖိနပ်ကို ဒေါ်လာ သန်းကျော်ပေးပြီး ဝယ်ဖို့ ကမ်းလှမ်းတဲ့သူက ကမ်းလှမ်းတယ်။ ဒါပေမယ့် အဲဒီဖိနပ်ဟာ တစ်စစီ ဖြစ်သွားရပါပြီ။ ဒီဖိနပ်ထဲမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်း တစ်စုံတစ်ရာ ပါမပါ အမေရိကန်နဲ့ အီရတ်ထောက်လှမ်းရေးတွေက ဖျက်ပြီး ရှာဖွေခဲ့လို့ပဲ ဖြစ်ပါတယ်။ အယ်လ်ဇေဒီတို့ မျက်နှာပွင့်ပုံက သမက်တော်ပါရစေလို့ ကမ်းလှမ်းတဲ့သူတွေက ကမ်းလှမ်းကြပါတယ်။ သူ့ဖိနပ်ကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကိုလည်း ဖိနပ်အော်ဒါတွေ မှာတဲ့ စာတွေ တဖွဲဖွဲ ရောက်လာတယ်တဲ့။ တူရကီ (မွတ်စလင်နိုင်ငံပါပဲ) က ထုတ်တဲ့ အဲဒီဖိနပ်ဟာ ဘုရှ်ဘွတ်(ဖိနပ်)လို့တောင် နာမည်တွင်သွားပါတယ်တဲ့။ ဒါပေမယ့် အယ်လ်ဇေဒီ လောလောလတ်လတ် ရလိုက်တဲ့ဆုကတော့ နိုင်ငံခြားဧည့်သည် သမ္မတကို စော်ကားတဲ့ပြစ်မှုနဲ့ ထောင်ဒဏ် ၃နှစ် ကျခံစေဆိုတဲ့ စီရင်ချက်သာ ဖြစ်ပါတယ်ဗျ။ ဒါပေမယ့် ခံသာတာ တစ်ခုတော့ ရှိပါတယ်။ အဲဒီဘုရှ်ကို ပစ်ပေါက်ခဲ့တဲ့ ဖိနပ်ပုံစံတူပန်းပုကို တီကရစ်မြို့ ကလေးများဥယျာဉ်ထဲမှာ ပန်းပု ထုပြထားတာပါပဲ။ အဲဒီဖိနပ် ပန်းပုဟာ ၃မီတာ အမြင့်ရှိပြီး ရွှေရောင်ဖြစ်ပါတယ်။ တီကရစ်ဆိုတာ ဆက်ဒမ်ဟူစိန်ရဲ့ ဇာတိမြို့ပါ။ ၂၀၀၃ ခုနှစ် အမေရိကန် ဝင်ရောက်တိုက်ခိုက်စဉ်ကစပြီး သေဆုံးသွားတဲ့ သူတွေရဲ့ (မိဘမဲ့) ကလေးတွေ ဖောင်ဒေးရှင်းဖွဲ့ပြီး စောင့်ရှောက်နေတဲ့ နေရာ ဖြစ်ပါတယ်။ အခုတော့ အဲဒီပန်းပုကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့သူက တောင်းဆိုနေပြန်ပြီတဲ့။
သစ္စာနီ (ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း)
credit: lucky82(mmcybermedia)
0 comments:
Post a Comment