စုပေါင်း လက်ထပ်၊ မီးဖွား၊ ကွာရှင်းပြတ်စဲခြင်း
ကိစ္စများမြောင်၊
လူတို့ဘောင်မှာ အာဝါဟ ဝိဝါဟ ကိစ္စဟာလည်း ရှေ့တန်းက ပါပါတယ်ခင်ဗျာ။ အာဒမ်နဲ့
ဧဝတို့ကတော့ ဒီလိုကိစ္စမျိုးကင်းမယ် ထင်ပါရဲ့။ အခု ဝါကျွတ်ပြီဆိုတော့
လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာ အခမ်းအနားနဲ့ ပတ်သတ်လို့ ကြော်ငြာတွေ
အမျိုးမျိုးကို မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ စတင်တွေ့မြင်ရစ ပြုပါပြီ။
အကုန်အကျခံနိုင်တဲ့သူ၊ အကျယ်ချဲ့နိုင်တဲ့သူတွေအတွက်ကတော့ တတ်နိုင်ရင်
တတ်နိုင်သလောက် ပေါ့လေ။
မင်္ဂလာလည်း ဆောင်ချင်ပါရဲ့။ အကုန်အကျလည်း သက်သာချင်တယ်ဆိုတဲ့ လူတွေအတွက်တော့ အကြံပေးစရာရှိပါတယ်။ စိတ်တူ သဘောတူတွေ စုပြီး စုပေါင်းမင်္ဂလာဆောင်ကြပေါ့။ မကြာခင်က တရုတ်နိုင်ငံ ကျိကျန်ပြည်နယ် ဟုန်ကျောက်မြို့မှာ စုပေါင်း ထိမ်းမြားလက်ထပ်ပွဲ ကျင်းပကြတာ စုံတွဲပေါင်းတစ်ရာကျော် ပါဝင်ဆင်နွှဲကြတယ်လို့ ဆိုပါတယ်။ အဲသလိုပဲ ဂျော်ဒန်နိုင်ငံ အမ္မန်မြို့မှာ စုပေါင်း မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီမင်္ဂလာပွဲကို ကြီးမှူးကျင်းပပေးတာကတော့ အယ်လ်အဖက် အစ္စလာမ် လူမှုရေး အဖွဲ့အစည်းကြီးကပါ။ ဒီလက်ထပ်ပွဲမှာ စုံတွဲ ၅၈ တွဲ ပါဝင်ဆင်နွှဲကြတယ်။ ဒါက ၁၅ကြိမ်မြောက် စုပေါင်းလက်ထပ်ပွဲတဲ့။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့က စုပေါင်းပွဲကတော့ ရှေ့ကလက်ထပ်ပွဲတွေရဲ့ နောက်ဆက်တွဲလို့တောင် ဆိုနိုင်ပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးပေါင်း ၁၁၄၆ ဦးဟာ ဆေးရုံတစ်ရုံတည်းမှာ စုပြီး စုပေါင်းမီးဖွားပွဲ ကျင်းပတာပါပဲ။ ဂင်းနစ်ဆိုတဲ့ ကမ္ဘာစံချိန်တွေကို မှတ်တမ်းတင်တဲ့ စာအုပ်မှာ စံချိန်ကျိုးအောင် ကြိုးစားကြတာတဲ့။ Your Baby Show လို့ နာမည်ပေးထားတဲ့ ဒီပွဲဟာ စုပေါင်းမီးဖွားပွဲ စံချိန်တစ် တင်နိုင်လိုက်တယ်လို့ ဆိုပါတယ်။
လောကဓမ္မတာ စေ့စပ်လက်ထပ်တာ ရှိရင် မွေးဖွားတာလည်း ရှိရမှာပေါ့ဗျာ။ အဲသလိုပဲ ကွာရှင်းတာလည်း ရှိရတာ သဘာဝကျပါတယ်နော်။
သြစတြေးလျနိုင်ငံ ဗီယင်နာမြို့မှာတော့ ကမ္ဘာပထမဆုံး ကွာရှင်းပွဲတော် (World's First Divorce Fair) ကို ကျင်းပခဲ့ပါတယ်။ (အဲဒီမြို့ဟာ လင်ကွာ မယားကွာနှုန်း အတော်မြင့်မားတဲ့ မြို့လို့လည်း ဆိုပါတယ်) ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ ကျင်းပခဲ့တဲ့ ဒီကွာရှင်းပြတ်စဲတဲ့ ပွဲတော်ကြီးမှာ ခြေချင်းလိမ်နေသူတွေ အများကြီးပဲတဲ့။ အဲဒါ ဘယ်သူတွေမှတ်လဲ။ အလွတ်စုံထောက်တွေ (ကိုယ့်မိန်းမ၊ ကိုယ့်ယာင်္ကျား၊ တိတ်တိတ်ပုန်း ဘယ်သူနဲ့ တွဲခုတ်နေတယ်ဆိုတာ စုံစမ်းပေးရတဲ့သူတွေ) ကိုယ့်ရင်သွေး ကိုယ်နဲ့ရတာ ဟုတ်မဟုတ် စစ်ဆေးပေးမယ့် ဓါတ်ခွဲမှူးတွေ ကွာရှင်းလျှင် ခံစားရမည့် စိတ်ဒုက္ခဝေဒနာကို လျော့ပါးအောင် ပညာပေး ဆွေးနွေးမယ့် စေတနာရှင်တွေ၊ ကွာရှင်းပြီးလျှင် လက်ရှိအိမ်ကို ရောင်းပစ်မလား၊ အိမ်အသစ် ဝယ်မလား အဆင်ပြေအောင် ဆောင်ရွက်ပေးမယ့် အိမ်ပွဲစားတွေ၊ အဲဒီကွာရှင်းမှုကို တရားဝင်အောင် ဆောင်ရွက်ပေးမယ့် ရှေ့နေရှေ့ရပ်တွေ၊ ရုပ်သံကင်မရာတွေနဲ့ အင်တာဗျူးချင်တဲ့ စာနယ်ဇင်းသမားတွေ။
ကဲ... ဘယ်လောက် စည်ကားလိုက်မလဲ စဉ်းစားသာ ကြည့်ကြပေတော့ဗျာ။
ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာ လူနေမှုစနစ်မှာတော့ ဒီလို ကွာရှင်းပြတ်စဲတာမျိုးကို ထောက်ခံအားပေးလေ့ မရှိဘူး။ ရိုးမြေကျ တစ်အိုးတစ်အိမ် စနစ်ပဲ တန်ဖိုးထားကြပါတယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုးဆိုတဲ့ စကားတောင် ရှိတယ်မဟုတ်လား။
ဒါပေမယ့် ပွင့်လင်းတယ်ဆိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာတော့ တစ်မျိုးပေါ့နော်။ အမေရိကန် ရှီကာဂိုမြို့မှာ အမျိုးသမီးရှေ့နေ (အသက်ငယ်ငယ် ချောချောလေးပဲ ခင်ဗျ) ကော်ရီဖက်ဂမင် ဆိုတာ ရှိတယ်။ သူအဓိကအလုပ်က အိမ်ထောင်ရေး ကွာရှင်းပြတ်စဲမှုတွေ ဖြေရှင်းကိုင်တွယ်ရတာတဲ့။ ဒါနဲ့ သူက သူ့အလုပ်တွင်ကျယ်သထက် တွင်ကျယ်လာအောင် မြေစိုက်ပိုစတာတစ်ခု ထောင်ပြီး ကြော်ငြာလိုက်တယ်။ စာသားကလည်း တော်တော်ထိမိပါတယ်။
ဘဝဆိုတာ အလွန်တို
အမြန်ပြတ်စဲဖို့ လို ... တဲ့။
ဒါပေမယ့် မြို့တော်ဝန်ရဲ့အမိန့်အရ မြို့တော်စည်ပင်က တစ်ပတ်အကြာမှာ ဒီဆိုင်းဘုတ်ကြီးကို ဖြုတ်ချခဲ့ပါတယ်တဲ့။
credit: lucky82 (mmcybermedia)

သစ္စာနီ (ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း)
credit: lucky82 (mmcybermedia)
0 comments:
Post a Comment