ငလျင်လှုပ်မည့် အလားအလာ
Earthquake Hazard of Myanmar
by Lu Cifer on Thursday, September 29, 2011 at 9:46pm
ယခုတစ်လော
ငလျင်လှုပ်တော့မည်ဟူသော ကောလဟလများကြားရသည်။ မိတ်ဆွေသူငယ်ချင်း
ဆွေမျိုးနီးစပ်များကလည်း မေးကြသဖြင့် ဤဆောင်းပါးကို ရေးလိုက်ပါသည်။
၂၀၀၄ ဒီဇင်္ဘာလ ၂၆ ရက်က ဆူမတြား(အင်ဒိုနီးရှား)အရပ်တွင် ငလျင်ကြီးလှုပ်ပါသည်။
ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး ငလျင်ဖြစ်ပါသည်။
ကမ္ဘာလည်ပါတ်မှုကိုပင် ထိခိုက်စေသော ငလျင်ဖြစ်သည်။ထိုငလျင်အရှိန်ကို ကျွန်တော်တို့ တိုင်းပြည်ကပင် ခံစားသိရသည်။ ထိုစဉ်က ကျွန်တော်သည် ရန်ကုန်နည်းပညာတက္ကသိုလ် ဆရာများဆောင် အောက်ထပ်တွင် မိတ်ဆွေဆရာများနှင့် စကားလက်ဆုံကျနေသဖြင့် ထိုငလျင်ကို အသေအချာ သိလိုက်သည်။ လူ၊ သစ်ပင်၊ အဆောက်အဦများ ၁ မိနစ်ခန့် ယိမ်းထိုး လှုပ်ရှားနေကြသည်။
စစ်ကိုင်းပြတ်ရွေ့ လှုပ်သည်ဟု အောက်မေ့လိုက်သည်။ နောက်မှ အလွန်ဝေးသော ဆူမတြားကလှုပ်မှန်း သိရသည်။ လှုပ်သည်နေရာက အာချေးပြည်နယ် ဆူမတြား ကမ်းလွန်၊ မြန်မာပြည်နှင့် ကီလိုမီတာ ၁၄၀၀ ခန့်ဝေးသည်။ သို့သော် နောက်ဆက်တွဲ ငလျင်များက မြောက်ဖက်သို့ ဆက်၍ဆက်၍ ပေါ်ခဲ့ရာ မြန်မာနယ်နိမိတ်မှ ကိုကိုးကျွန်းနား အထိပင် ရောက်ခဲ့သည်။ ပမာဏ၇.၃ ရှိသော ငလျင် ၂ ခု လှုပ်သဖြင့် မြစ်ဝကျွန်းပေါ်မြို့များ အတော်ခံလိုက်ရသည်။ ကိုကိုးကျွန်း၊ လပွတ္တာမြို့များတွင် စေတီများနှင့် အဆောက်အဦအချို့ ထိခိုက်သွားသည်။ မြန်မာကမ်းရိုးတန်း ဆူနာမီလှိုင်း ရိုက်သဖြင့် သေဆုံး၊ ပျောက်ဆုံ၊ ပျက်ဆီးမှုများရှိခဲ့သည်။
ထိုစဉ်ကလည်း ဆူမတြားငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်များ မြောက်ဖက်သို့ဆက်၍ဆက်၍ လာမှုကြောင့် နောက်ထပ် ငလျင်များ မြန်မာပြည်တွင်း၌ ဖြစ်ဖွယ်ရာရှိသည်ဟု ယူဆချက်များ ကောလဟလများ ဖြစ်ခဲ့ကြသည်။ အခြေအနေသည် စိုးရိမ်စရာလည်းဖြစ်သည်။ ထို့ကြောင့် အနားယူသွားသော ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဖေသန်းက ရန်ကုန်မြို့ မိုးလေ၀သညွှန်ကြားမှုဦးစီးဌာန၌ မြန်မာနိုင်ငံ ငလျင်ကော်မီတီ၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန၊ ရန်ကုန် နည်းပညာတက္ကသိုလ် အင်ဂျင်နီယာ ဘူမိဗေဒဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အခြား ကျွမ်းကျင်သူများ ဖိတ်ခေါ်၍ ၂၀၀၄ ဒီဇင်္ဘာ ၂၅ တွင် နှီးနှောပွဲတစ်ခု ကျင်းပခဲ့သည်။
ဤသို့ကျင်းပခြင်းသည် ဒုတိယမြောက် ဖြစ်သည်။ ပထမအကြိမ်မှာ ၂၀၀၃ စက်တင်္ဘာလ ၂၂ ရက် တောင်တွင်းကြီးငလျင် လှုပ်ခဲ့စဉ်က ဖြစ်သည်။ ၀န်ကြီး၏ မေးခွန်းမှာ တစ်ခုတည်းသာ ဖြစ်သည်။ ဆူမတြား၏အရှိန်ကြောင့် မြန်မာပြည်တွင်း၌ ငလျင်ကြီး တစ်ခု လှုပ်နိုင်မလှုပ်နိုင်၊ ဒါပဲဖြစ်သည်။ ပညာရှင်များ၏အမြင်တွင် တစ်သဘောတည်းသာ ဖြစ်သည်။
ဆူမတြား နောက်ဆက်တွဲအဖြစ် ပြည်တွင်း၌ ငလျင်မဖြစ်နိုင်ပါ။ ပြည်တွင်းရှိ ဘူမိဗေဒ ဖြစ်စဉ်ကြောင့်သာ လှုပ်ပါလိမ့်မည်။ တိုက်ဆိုင်စွာပင် ရှမ်းပြည်တောင်ပိုင်း နမ့်စမ်မြို့အနီးတွင် ပမာဏ ၅.၈ ရှိသော ငလျင်လတ်တစ်ခု လှုပ်ခဲ့ပြီး နောက်ဆက်တွဲငလျင် အကြိမ် ၃၀၀ ခန့်ဖြစ်ခဲ့သည်။ အသေအပျောက် မရှိသော်လည်း အဆောက်အဦအချို့ ငလျင်အရှိန်ကြောင့် ပျက်စီးခဲ့သည်။ သို့သော် ထိုငလျင်သည် ဆူမတြား၏ နောက်ဆက်တွဲဟု ယူဆရန် မသင့်ပါ။
ငလျင်လှုပ်ခြင်း
၁။ ငလျင်လှုပ်ခြင်း အကြောင်းကို ပြောရလျှင် ကျောက်များကွဲပျက်ခြင်း ယန္တရား အခြေခံက စချင်ပါသည်။ ကျောက်တုံးနမူနာ တစ်ခုကို စမ်းသပ်ခန်းတွင် ဖိချေကြည့်သည်ဟု မြင်စေချင်သည်။ ဖိအား အလွန်များလာသောအခါ ကျောက်တုံး၏ ခံနိုင်ရည် နည်းလာပြီး အက်လာပါသည်။ အက်သံဟု ဆိုရသော အသံတစ်မျိုးလည်း ပေါ်ပါသည်။ အမှန်တော့ ၎င်းအသံသည် ကြိမ်နှုန်းများသော တုန်ခါမှုများကြောင့် ဖြစ်ရသည်။ ဆိုလိုသည်မှာ အက်ကွဲခြင်း ဖြစ်ခါနီးတွင် တုန်ခါမှုရှိကြောင်း ပြောလိုရင်းဖြစ်သည်။။ ထို့နောက် အားတိုး၍ ဖိသောအခါ ပေါက်ကွဲသံနှင့်အတူ ကျောက်သည် အစိတ်စိတ် ကွဲကြေသွားသည်။
ယင်းပေါက်ကွဲမှုသည် စွမ်းအင် ထုတ်လွှတ်မှုပင် ဖြစ်သည်။ ဤအခြင်းအရာသည် ကျောက်တုံး နမူနာလေးတစ်ခုကို စမ်းသပ်ခြင်းမျှသာ ဖြစ်သည်။ ဤအတိုင်း ကမ္ဘာမြေကိုဖွဲ့စည်းသော ကျောက်စိုင် ထုထည်ကြီးကို မြင်ကြည့်၍ ရနိုင်ပါသည်။ ငလျင်လှုပ်ခြင်းဟူသည် ကျောက်လွှာထု ကွဲပျက်စဉ် စွမ်းအင် ထုတ်လွှတ်မှုသာ ဖြစ်သည်။
ထိုစွမ်းအင်သည် မြေပြင်အနီး ရောက်သောအခါ လှိုင်းအသွင်အဖြစ် ပြောင်းလဲ လှုပ်ရှားသဖြင့် မြေလှုပ်ခြင်း၊ ငလျင်လှုပ်ခြင်းသဘောကို သိရသည်။ အချုပ်ဆိုရလျှင် ငလျင်လှုပ်ရန် ကျောက်လွှာအက်ကြောင်း (ပြတ်ရွေ့)၊ ထိုအက်ကြောင်းကို ဖြစ်စေသော ယန္တရားတို့ လိုအပ်သည်။ ယန္တရားသည် ကမ္ဘာလုံးဆိုင်ရာ သဘောတရား ဖြစ်သည်။ ပြတ်ရွေ့သည် ဒေသတွင်း သဘောဖြစ်သည်။ ပြတ်ရွေ့၏ အရွယ်အစားကြီးလျှင် ကြီးသလို ထိုပြတ်ရွေ့၌ ငလျင်လှုပ်ခဲ့လျှင် အရွယ်အစားကြီးသော ငလျင်များ လှုပ်တတ်သည်။
ငလျင်လှုပ်နိုင်သည့် အကြိမ် အရေအတွက်သည် ထိုပြတ်ရွေ့တစ်လျောက် ဖိစီးအား ကျရောက်သည့် ပမာဏ၊ လားရာနှင့် ပြတ်ရွေ့မျက်နှာပြင်၏ ချောမွတ်မှု၊ ကြမ်းတမ်းမှု စသည်တို့နှင့် ဆက်စပ်ပေသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ဤအခြင်းအရာ ရှိပါသလား မေးလျှင် ရှိပါသည်ဟု ဖြေရပါမည်။
တက်တိုးနစ်
၂။ ကမ္ဘာလုံးဆိုင်ရာ မြေထုချပ် ကွဲအက်လှုပ်ရှားမှု ဖြစ်စဉ်တွင် အိန္ဒိယမြေထုချပ်၊ မြန်မာမြေထုချပ်ဟူ၍ မြေထုချပ် ၂ ခုလည်းပါဝင်သည်။ ဘူမိဗေဒဆရာတို့အဆို အိန္ဒိယမြေထုချပ်သည် လွန်ခဲ့သော နှစ်သန်းပေါင်း (၅၀)မှစ၍ မြောက်ဖက်သို့ ဦးတည်ရွေ့ရာ မြောက်ဖက်ရှိ ယူရေးယှမြေထုချပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုးမိကာ အောက်ဖက်သို့ စိုက်ဝင်လျှက်ရှိသည်။
ပုံ (၁) တွင် ပြထားသည်။

ထို ထိစပ်ရာအနားစွန်းသည် ယူးရုပ်မှ မြန်မာမြောက်ဖက်အထိ အယ့်ပ်နှင့် ဟိမ၀န္တာ တောင်တန်းများ အတိုင်းပင် ဖြစ်သည်။ တစ်ဆက်တည်းပင် အရှေ့ဖက်ရှိ မြန်မာမြေထုချပ် အောက်သို့ပါ စိုက်ဝင် တွန်းတိုက် နေသဖြင့် ယင်းအရှိန်ကြောင့်ပင် မြန်မာနယ်နိမိတ်အတွင်း တောင်တန်းကြီးများ ဖြစ်လာခဲ့သည်။ ချင်းတောင်၊ နာဂတောင်၊ ရခိုင်တောင်တန်းများ ဖြစ်သည်။ ထိစပ်ဇုံသည် ဘင်္ဂလားပင်အော်အတွင်း (ဘင်္ဂလားထိစပ်ကြောင်း) မှစ၍ တောင်ဖက်သို့ ဆက်သွားရာ ကိုကိုးကျွန်း၊ အန်ဒမန်ကျွန်းများ အနောက်ဖက်မှ ဖြတ်ပြီး ၂၀၀၄ ငလျင်ကြီး လှုပ်ခဲ့သည် ဆူမတြား၊ ထိုမှ အင်ဒိုနီးရှား တောင်ဖက် ကမ်းလွန်အထိ ဖြစ်သည်။
ပုံ (၂) တွင် ကြည့်ပါ။

ယင်း အိန္ဒိယမြေထုချပ် လှုပ်ရှားမှုသည် တိဗက်၊ ယူနန်နှင့် မြန်မာနယ်နိမိတ်အတွင်း ငလျင် ဖြစ်ရပ်များကို ဖြစ်စေသော အကြောင်းတရား တစ်ခုဖြစ်သည်။ ကျောက်လွှာထုအတွင်း ဖိအားတိုးအောင် အိန္ဒိယမြေထုချပ် လှုပ်ရှားမှုက တွန်းအားပေးသည်။ ပြတ်ရွေ့များသည် အနောက်ဖက် တောင်တန်းများ၌ ရှိသည်။ ထို့ကြောင့် မြန်မာအနောက်ခြမ်း၌ ငလျင်အလွန်လှုပ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပင်လယ်ဝမှ မြောက်ဖက်စွန်းအထိ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်သော စစ်ကိုင်းပြတ်ရွေ့ဆိုတာ ရှိပါသည်။
ပုံ (၃)တွင် ရှုပါ။

ဤပြတ်ရွေ့သည် အိန္ဒိယမြေထုချပ် လှုပ်ရှားမှုနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာရသည်ဟု ဘူမိဗေဒ ဆရာတို့က ဆိုကြသည်။ ရွေ့လျားမှု အစဉ်ရှိသည်။ တစ်နှစ်ပျှမ်းမျှ ၂၀ စင်တီမီတာနှုန်းခန့် ရွေ့သည်။ တောင်ဖက်မှ စ၍ ရေတွက်လျှင် ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ၀မ်းတွင်း၊ စစ်ကိုင်း၊ ၀န်းသို စသည့်မြို့များသည် ဤပြတ်ရွေ့ကြီး အပေါ်၌ ရှိနေကြသည်။ အခြားမြို့များသည် အနီးဝန်းကျင်၌ရှိကြသည်။ အတိတ်က ဤပြတ်ရွေ့တစ်လျောက် ငလျင်ကြီးများ လှုပ်ခဲ့သည်။ ရှေ့၌လည်း လှုပ်ရှား အလားအလာရှိသည်။
၁၉၃၀ ပဲခူးငလျင်နှင့် စစ်ကိုင်းပြတ်ရွေ့
Intensity of earthquake ငလျင်နှင့် ပြင်းအား
၁၉၃၀ မေလ (၅) ရက်နေ့ ညဦးပိုင်း (၈ နာရီ ၁၅ မိနစ် ၂၇ စက္ကန့်)* တွင် ပဲခူးမြို့အနီးကိုဗဟိုပြု၍ ငလျင်ကြီးတစ်ခု လှုပ်ခဲ့သည်။ ပဲခူးမြို့ပျက်သည်ဟု သိရသည်။ ဗဟိုချက်ပြင်းအား ရိုဆီဖိုရယ်အတန်း (၉) ရှိသည်ဟု ကော်ဂျင်ဘရောင်းနှင့်အဖွဲ့ (၁၉၃၂) ကပြခဲ့သည်။ အာဘီ (၁၉၈၁) က ငလျင်လှိုင်းပမာဏ (၇.၃) ရှိသည်ဟုဆိုသည်။ မြေပေါ်ဗဟိုချက်ကို (မြောက် ၁၇ ဒီဂရီနှင့် အရှေ့ ၉၆.၅) ဟုဆိုသဖြင့် ယခု ခရမ်းမြို့နယ် ဇီးဖြူကုန်းရွာဝန်းကျင်၌ကျသည်။ ငလျင်အရှိန်ကို မြောက်ဖက်မိုးမိတ်၊ အနောက်ဖက်ကျောက်ဖြူ၊ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ဖက် ထိုင်းနိုင်ငံ၊ တောင်ဖက် မြိတ်နယ်တစ်ခွင်လုံးခံစားရသည်။
နယ်မြေအ၀န်းအားဖြင့် ဧရိယာကီလိုမီတာ ၅၇၀၀၀၀ ခန့်ဟု မှန်းဆကြသည်။
ပဲခူးနှင့် သုံးခွအကြားသည် အပျက်ဆုံးဖြစ်သည်။ ပဲခူးသည် စက္ကန့်ပိုင်းအတွင်း၌ပင် မြို့၏အစိပ်အပိုင်းအတော်များများ ပျက်စီးသွားသည်။ ချက်ချင်းပင် မီးထလောင်ကျွမ်းပြီး လူ ၅၀၀ခန့်အထိသေဆုံးသွားသည်။ ကိုယ်တွေ့ကြုံသူအပြောအရ ငလျင်သည် ၂ ဆင့်ဖြစ်သည်။ ပထမတစ်ချက်က ဆတ်ကနဲတုန်သွားပြီး ၃၊၄ စက္ကန့်အတွင်းမှာ ဒုတိယအပြင်းစားကြီးလှုပ်သွားခြင်းဖြစ်သည်။ လှုပ်ချိန် စက္ကန့် ၃၀ ပင် မကြာတတ်ပါ။ လူအများမြေပြင်ပေါ်ဝပ်နေကြရသည်။
တင်းနစ်ကွင်းမြေပြင်လှိုင်းထနေသည်ကို မြင်ကြရသည်။ ရထားဘူတာက နာရီသည် မြန်မာစံတော်ချိန် ၈း၁၈း၃၀ တွင်ရပ်နေသည်။ တော်လဲသံကြီးမြည်ဟီးသည်ကို ကြားကြရသည်။
အုန်းနှဲရွာကိုယ်တွေ့ကြုံပြန်ပြောချက်အရ မြေပြင်သည် ထက်အောက်ဘေး လိမ့်နေသည်။ ပင်လယ်တွင် လှိုင်းကြက်ခွပ်ရိုက်သကဲ့သို့ပင်ဖြစ်သည်။ ခရမ်း၌လှုပ်ချိန် တစ်မိနစ်ခန့်ဟု ခန့်မှန်းကြသည်။ လေပြင်းကျသည့်အသံမျိုးလည်းမည်သည်။ သုံးခွတွင် အရှေ့အနောက်လားရာအတိုင်းလှုပ်သည်။
လူအများမြေပြင်တွင်ဝပ်နေကြရသည်။ လေးလံသောဘီရိုကြီးများလဲပြိုကြသည်။ တော်လဲသံကြားရသည်။
မြေပြင်သည်အကြီးအကျယ်ကွဲပျက်ကုန်သည်။ သဲရေများပန်းထွက်ကြသည်။ ရေတွင်းများပိတ်ဆို့ကုန်သည်။ သုံးခွတွင် ကန် ၅ကန်အနက် ၄ ကန်မှာ သဲနှင့်ရေပန်းထွက်ပြီးနောက်ခန်းသွားသည်။
ပဲခူးမြို့တွင်း၌လည်း မြေပြင်ကွဲထွက်ပြီး ရေနှင့်သဲများပန်းထွက်သည်။ မြစ်ကမ်းပါးပြိုကျသည်။ အက်ကွဲကြောင်းတစ်လျောက်မြေများလျောထွက်ကာ တိုင်းမင်းကြီးရုံးကုန်းပေါ်သို့၁ ပေခန့်ထိုးတင်နေသည်။ အက်ကြောင်းကတစ်ဖြောင့်တည်းဆက်သွားပြီး သနပ်ပင်လမ်းဆုံနားတွင် ၂ ပေခန့် ကျယ်ကာ ပိုနက်သွားသည်။ အရှေ့တောင်ဖက်ပိုင်း၌ မြေပြင်မြင့်တက်ကာ ချောင်းမြောင်းငယ်များပိတ်ဆို့သဖြင့် ရေလျှံသည်။ ကုန်းရိုးအနောက်ခြမ်း၌လည်း မြေပြင်ကွဲအက်သည်။ ၃၂၀မီတာခန့်အထိတိုင်း၍ရသည်။
ပဲခူးပျက်စီးမှုအများစုသည် မြေကျွံကျမှုကြောင့်ဖြစ်သည်။
အုန်းနှဲတစ်ဝိုက်တွင်လည်းမြေကွဲ သဲပွက်မှုများရှိသည်။ အုန်းနှဲ သုံးခွလမ်း ဆိုးဆိုးရွားရွားပျက်သည်။ တံတားတိုင်များရွေ့၊ ကျွံ၊ ပြုတ်ကျကုန်သည်။ လမ်းသည် လိမ်ဖျဲထားသကဲ့သို့ဖြစ်သည်။ အစိပ်အစိပ်လှီးထားသကဲ့သို့လည်းရှိသည်။ သုံးခွမြို့တွင်း ဂ၀ံလမ်း ဒေါင်လိုက်၊ ကန့်လန့်ဖြတ်၊ ကြက်ခြေခတ်ကွဲရာများအပြည့်ဖြစ်နေသည်။ ဘူတာအောက်ခင်းကွဲသည်။
နံရံများပြုတ်ထွက်သည်။ တံတားအောက်ခြေနစ်ဝင်၊ယိုင်နဲ့၊ ပြုတ်ကျသည်။ တာဝတွင် ရွာနှင့်ဘူတာဆက်လမ်း ၂ မိုင်ကျော် ပျက်စီးပြီး အချို့အပိုင်းများ အောက်သို့နစ်ဝင်သွားသည်။ ခရမ်းတွင်လည်း ၂ ပေခွဲကျယ် ၆ ပေခန့်နက်သော အက်ကြောင်းကြီးများဖြစ်လာပြီး ရေများပန်းထွက်သည်။ မြေ၊ သဲများပန်းထွက်သည့်ပမာဏသည် ဆည်အသေးတစ်ခုဖို့၍ရလောက်သည်။ ထိုနည်းတူစွာ ကျောက်တန်းတွင်လည်း မြေပြင်ကွဲသည်။
သံလျင်-ကျောက်တန်းလမ်းပိုင်းတွင် သဲများပန်းထွက်သည်မှာ ၅၀ ပေပတ်လည်ခန့်ကျယ်သည်။ သဲပန်းမှုသည် သုံးခွမှ ပင်လယ်စပ်ထိ တောက်လျောက်ဖြစ်သည်။ ပန်းရေ၌ပါသော ဆားသည် လေနှင့်ဓါတ်ပြုသဖြင့် မြေပြင်တွင် ဖွေးဖွေးလှုပ်နေသည်။
ပဲခူးမြစ်နားတွင် အက်ကြောင်းကြီး ၃၊ ၄ ခုခန့်၊ အသေး ၄၊ ၅ခုခန့် ဖြစ်ပြီး ထိုအက်ကြောင်းများမှ ၂ နာရီခန့်ကြာအောင်ရေပန်းထွက်ကာ ၁ ပေ မှ ၃ ပေခန့်အထူရှိသော သဲပုံများအတန်းလိုက်မှုတ်ထုတ်ထားသည်။
ရွှေမောဓေါစေတီတော်သည် နှစ်ကြိမ်ခန့်ယိမ်းနွဲ့ပြီးနောက် ပြတ်တဲလုဖြစ်နေသော အခြေမှ အရှေ့တောင်ဖက် စောင်းတန်းများပေါ်သို့ ကျသဖြင့်သေဆုံးမှုများရှိခဲ့သည်။ မြောက်ဖက်တောင်ငူအထွက် ဈေးပျက်သည်။
အဆောက်အဦအများအပြားပြိုသည်။ ကြေးသွန်းဘုရားကြီးအတော်ပျက်သည်။ ခရမ်းတွင် ဆေးရုံတစ်ခြမ်းပြိုကျသည်။ အုတ်အဆောက်အဦများပျက်သည်။ သုံးခွတွင်လည်း အုတ်အဆောက်အဦ ၈ လုံးပျက်သည်။
ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လှေများ ရေထဲတွင် တစ်ကြိမ် နှစ်ကြီမ်ခန့် နိမ့်လိုက်မြင့်လိုက်ဖြစ်သွားသည်။ ရေနက်မှ သင်္ဘောအချို့တုန်ခါမှုကိုခံရကြောင်းသိရသည်။ ဤဖေါ်ပြချက်များသည် ငလျင်အရှိန်အလွန်ပြင်းကြေင်းဖေါ်ပြချက်ဖြစ်သဖြင့် ထိုစဉ်က ရိုဆီဖေါ်ရယ်အတန်း (၉)ဟု သတ်မှတ်ကြသည်။
ရိုဆီဖိုရယ်အတန်း (၈) ခံရသော နေရာများတွင် ကျောက်တော်ရွာ၊ ပန်းတော၊ ကျောပင်၊ ရွာသစ်ရွာများမှသည် ကျောက်တန်းအရှေ့ရွာများအထိရောက်သည်၊ တော်လဲသံကြားရသည်။ က၀တွင် လှုပ်ချိန် တစ်မိနစ်ခန့်ကြာသည်။ တာဝအနောက် ၂မိုင် ဘူတာရုံတွင် စားပွဲတင်ပစ္စည်းများ၊ နံရံကပ်ဘီရိုငယ်များ ပြုတ်ကျလဲပြိုသည်။ ကမာစဲ၊ ရစ်ကန်တွှု အပျက်မရှိ၊ သို့သော် ပစ္စည်းများပြုတ်ကျ လဲပြိုကျသည်။ ထုံးကြီးရွာဘူတာ နာရီရပ်သွားသည်၊ ကားကြီးတိုးတိုက်မိသကဲ့သို့ခံစားကြရသည်။ မီးအိမ်များပြုတ်ကျသည်။ ဘုရားကြီး၌ သစ်ပင်လဲကျသံမျိုး၊
မိုးခြိမ်းသံမျိုးကြားရခံစားကြရသည်။ ဘူတာရုံအနည်းငယ်စောင်းသွားသည်။ ရပ်ထားသည့် ရထားတွဲအနည်းငယ်ရွေ့သွားသည်။ တာဘောင်အက်သည်။
ကျောက်တော်ဆေးရုံဝင်းတွင် မြေကွဲသည်။ အချို့အိမ်များ အပိုင်းလိုက်ပြိုကျသည်။ အများအပြားထိခိုက်သည်။
မင်းကျောင်းစေတီထီးတော် စောင်းသည်။ ပန်းတောမှ ကျောက်တန်းအရှေ့ရွာများအထိ မြေပြင်လိပ်လျောကုန်သည် သဲပွက်သည်။ အိမ်နံရံများ ပြုတ်ထွက်သည်။ က၀မြောက်ဖက် မြစ်ကမ်းနဖူးကွဲသည်။ အုတ်အိမ်များပြိုသည်။ စေတီထီးစောင်းသွားသည်။ က၀ ထုံးကြီးလမ်း၌ ကန့်လန့်အက်ကြောင်းများပေါ်သည်။ ပဲခူးမြစ်အနောက်ဖက်ကမ်းနဖူးတွင် အက်ကြောင်းများပေါ်သည်။ တစ်ပေ တစ်ပေခွဲခန့်ရှိ ပွက်ထားသည် သဲပုံလေးများတွေ့ရသည်။ သုံးခွတောင်ဖက် လယ်ကွင်းများ၌လည်း အလားတူ သဲပုံများ တွေ့ရသည်။
ရန်ကုန်တွင် အုတ်အဆောက်အဦများပြိုသဖြင့် လူ၅၀ကျော် ပျက်စီးသည်။ မြေင်ပြင်ပေါ်တွင် မရပ်နိုင် လူအများဝပ်နေကြရသည်။ မီးထလောင်သည်။ ရေပိုက်များပြုတ်ထွက်သည်။ လှုပ်ချိန်တစ်မိနစ်လျော့လျော့ရှိသည်။
အထက် ဖေါ်ပြပါ နေရာများကို ပုံတွင် ပြထားသည်။

ထို ၁၉၃၀ ပဲခူးငလျင်၏ ပြင်းထန်အားကို ကော်ဂျင်ဘရောင်းနှင့်အဖွဲ့က ပုံ (၁)တွင်ပြထားသည့်အတိုင်း ရိုဆီဖိုရယ်အတန်းများဖြင့် ဖေါ်ပြခဲ့သည်။

ပုံ (၁) ၁၉၃၀ ပဲခူးငလျင်၏ပြင်းထန်အားပြပုံ (Brown, 1932)။
ပုံ(၁) ၌ ခံစားရသောအကျယ်အ၀န်းကို ဘန်ကောက်အထိထည့်သွင်းထားသည်။ သို့သော် ပြင်းထန်အားအတန်းကိုမူ ဖေါ်ပြမထားပေ။ ပဲခူးနှင့်ရန်ကုန်နယ်၌ ရိုဆီဖိုရယ်အတန်း ၆ မှ ၉ အထိ ရှိကြောင်းဖေါ်ပြထားသည်။ လက်ရှိနိုင်ငံတကာတွင် အားလုံး အကျွန်းတ၀င်ရှိကြသော မွမ်းမံမာကယ်လီအတန်းနှင့် ပြန်လည်ဖေါ်ပြလိုက်ပါသည်။ ပုံ(၂) တွင်ကြည့်ပါ။

ပုံ (၂) ၁၉၃၀ ပဲခူးငလျင်၏ပြင်းထန်အားကို မွမ်းမံမာကယ်လီအတန်းဖြင့် ပြထားသည်။
Figure (2) Intensity of Bago Earthquake in MMI.
ငလျင်ပြင်းထန်အားအတန်းခွဲခြားပုံသည် အခြေခံအားဖြင့် လူတို့သိရှိခံစားရမှု၊ မြေပြင်နှင့်ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု၊ လူနေအဆောက်အဦများပျက်စီးမှုတို့ အပေါ်အခြေခံ၍တွက်ချက်သည်။ ပုံ(၂)သည် ဧရာဝတီတိုင်းဖက်က အချက်အလက်များကိုပါထည့်သွင်းစီစစ်ခဲ့ပါသည်။ မှတ်တမ်းအရတော့ ကော့ဂျင်ဘရောင်း(၁၉၃၂) အတိုင်းသာဖြစ်သည်။ မှတ်တမ်းတွင် ဘန်ကောက်၌ထိခိုက်ကြောင်း ပါသည်။ ခုနှစ်လွှာရှိတိုက်တစ်လုံး အက်ကြောင်းများပေါ်လာပြီး နံရံကပ်ပလာစတာများကွာကျကြောင်း မှတ်တမ်းတင်ထားသည်။ မွမ်းမံမာကယ်လီအတန်း ၅-၆ ခန့်ဖြစ်သည်။ နေရာအကွက်အကွင်းအရ အလှမ်းဝေးသော ထိုအရပ်သည် ငလျင်အားလျော့၍ ခံရမည်သာတည်း။ မှန်းထားသည်ထက် ပို၍ပြင်းသော ငလျင်အရှိန်ခံရခြင်းမှာ ဘန်ကောက်၏ ဘူမိဗေဒဖွဲ့စည်းပုံကြောင့်ဖြစ်သည်။ ထို့အပြင် ပုံ(၂)တွင် ရန်ကုန်သည် အတန်း ၇၊ ၈၊ ၉ အဆင့်အလိုက်ခံရကြောင်းတွေ့နိုင်သည်။
ငလျင်ဇစ်မြစ်
ထိုစဉ်က ငလျင်၏အရင်းခံအကြောင်းကို သေသေချာချာမရှင်းနိုင်ခဲ့ပါ။ ပါမောက္ခ ချစ်ဗာ၏စာတွင် နောက်ဆက်တွဲငလျင်ဖြစ်ရပ်များနှင့် စစ်တောင်းမြစ်ဝှမ်းနှင့် ဧရာဝတီအထက်ပိုင်းတစ်လျောက်ရှိ ငလျင်ဖြစ်ရပ်များကိုထောက်ပြကာ ရှမ်းကုန်းမြင့်၏ အခြေတစ်လျောက်တွင် "Line of Weakness" တစ်ခုရှိသည်ဟုဖေါ်ပြသည်။ နောက်ပိုင်းဆရာများက ပြတ်ရွေ့တစ်ခုဟု ထောက်ပြကြသည်။ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဒေးကလည်း ကောင်းကင်ဓါတ်ပုံများမှတစ်ဆင့် ပဲခူးရိုးမအခြေတွင် ပြတ်ရွေ့တစ်ခုရှိပြီး နှင်းဆီဟု အမည်ပေးခဲ့သည်။ ထိုအမည် မတွင်ကျယ်ပါ။ ဒေါက်တာဝင်းဆွေ (၁၉၈၀) ကသာလျှင် ပြတ်ရွေ့အမည်၊ အရွယ်အစားနှင့် အမျိုးအစားတို့ကို ဖေါ်ထုတ်ဆက်စပ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ဟု သိကြရသည်။
၁၉၃၀ ပဲခူးငလျင်သည် ထို စစ်ကိုင်းပြတ်ရွေ့၏တောင်ဖက်အဆစ်တစ်ခု လှုပ်ရှားမှုကြောင့်ဖြစ်သည်။ ပဲခူးအဆစ် Bago Segment ဟုခေါ်လျှင် သင့်မည်ထင်သည်။ မှတ်တမ်းအရ နောက်ဆက်တွဲငလျင်များ ထိုအနီးတစ်ဝိုက်တွင် လနှင့်ချီ၍လှုပ်နေခဲ့သည်။ မြောက်ဖက်အစွန်သည် ဖဒိုတောင်ဖက်မှ တောင်ဖက်ပင်လယ်ဝအထိဖြစ်သည်။ စုစုပေါင်း ၁၂၀ ကီလိုမီတာအရှည်ရှိသည်။ ထိုမျှလောက်အရှည်ရှိသော ပြတ်ရွေ့လှုပ်ရှားမှုသည် ငလျင်ပမာဏ (၇) ထက်ပိုနိုင်ကြောင်း ကို ကမ္ဘာ့အခြားအရပ်များ၏ ငလျင်မှတ်တမ်းများနှင့်နှိုင်းယှဉ်၍ပြောနိုင်သည်။ ထို့ကြောင့် အာဘီ (၁၉၈၁)၏ တွက်ချက်မှုဖြစ်သော ပမာဏ (၇.၁) နှင့် အလွန်နီးစပ်ပေသည်။ အခြားမှတ်တမ်းများက (၇.၃)ဟု ဆိုကြသည်။
ငလျင်အလားအလာ
စစ်ကိုင်းပြတ်ရွေ့၏တောင်ဖက်ဆုံးအဆစ်လို့ဆိုရမည့် ဤပဲခူးပိုင်းသည် ၁၉၃၀ ငလျင်ကြီးနောက်ပိုင်းမှစ၍ ယျန့အချိန်အထိ နှစ်ပေါင်း (၈၀)အတွင်း အင်အားအတော်အသင့်ရှိသော ငလျင်ပင်မလှုပ်ခဲ့ပါ။ ဤအချက်သည် အလွန်စိုးရိမ်စရာကောင်းလှသည်။
ငလျင်ကြီးတစ်ခုအတွက် အားယူသလားဟုပင်ဆိုရမလောက်ဖြစ်သည်။ ပြတ်ရွေ့ပြင်တစ်လျောက် မြေတွင်းဖိအားများးစုဝေးနေချိန်ကြာလေ အင်အားကြီးမားသော ငလျင်ကြီးဖြစ်ရန် ပို၍သေချာလေဟု ဆိုနိုင်သည်။ ငလျင်ဖြစ်ရပ်တစ်ခုအား ခန့်မှန်းရန်မလွယ်ကူပေ။ ထိုသို့မလွယ်သည်အကြားကပင် သင်္ချာဗေဒနှင့် ချဉ်းကပ်ကြည့်ပါသေးသည်။ Poisson's process ဆိုလျှင် သင်္ချာအတွက်နှင့် နီးသူများ နားလည်နိုင်ပါသည်။ အချိန်ကာလအရလည်း ဖြစ်ချင်ရာဖြစ်၊ နေရာအရလည်း ဖြစ်ချင်ရာဖြစ်ဆိုသည်များကို ဤနည်းနှင့် တွက်ချက်ခန့်မှန်းကြပါသည်။(ရန်ကုန်မြို့နားက ငလျင်များအကြောင်းတွင်ရှု) ကို အခြေတည်၍ တွက်သောအခါ ပျမ်းမျှ ကာလပိုင်း ၆၁ နှစ်ဖြစ်ပါသည်။ ထိုအခါ ဖြစ်နိုင်ချေသည် နှစ်ပေါင်း ၈၀ နှင့်အလွန်တွင် ငလျင်ကြီးတစ်ခု ဖြစ်ရန် ၉၀ ရာနှုန်း ကျော်ရှိသည်။
ပုံ(၃)တွင် ငလျင်ဖြစ်ခဲ့သောနှစ်အပိုင်းအခြားအလိုက် အကြိမ်အရေအတွက်ကိုပြထားပြီး ပုံ (၄) တွင် Poisson's Probability Graph ကို ပြထားပါသည်။

ပုံ(၃) Frequency of significant historical earthquakes in Yangon-Bago Area

ပုံ (၄) Cumulative probability for an earthquake in the Bago Segment
ဆိုသည်မှာ ယခုမှစ၍ အချိန်မရွေးပဲဟု ဆိုယုံသာ။ သို့သော် အင်အားဘယ်လောက်ရှိနိုင်ပါသလဲမေးလျှင် မသိပါ။
အင်အားပမာဏကို အကြမ်းစားခန့်မှန်းကြည်ချင်ပါသေးသည်။ ဤတွက်ချက်မှုအတွက် ၁၉၆၄မှ ၂၀၀၆ထိ စက်တိုင်းမှတ်တမ်းများကို အခြေခံထားပါသည်။ ယင်းမှတ်တမ်းများကို ရယူလိုပါက http://earthquake.usgs.gov/earthquakes/eqarchives/epic/ တွင်ရယူနိုင်ပါသည်။ တွက်ချက်ပုံနညိးစံနစ်မှာ Gutenberg-Richter ဆက်သွယ်ချက်အတိုင်းပင်ဖြစ်သည်။ ထိုသို့တွက်ယူသောအခါ စစ်ကိုင်းပြတ်ရွေ့ ပဲခူးဆစ်၌ဖြစ်နိုင်သောငလျင်အင်အားပမာဏနှင့် တစ်နှစ်ပျမ်းမျှဖြစ်ကြိမ်တို့ကို ဤအတိုင်းရရှိသည်။
တစ်နှစ်ပျမ်းမျှဖြစ်ကြိမ် = 0.1358exp(-0.526) x အင်အားပမာဏ
အလွယ်မြင်သာရန် ပုံ (၅)တွင် ကြည့်နိုင်ပါသည်။

ပုံ (၅) Recurrence rate of the Sagaing Fault (Bago Segment)

မြောက်မှ တောင်သို့ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်ကာ မြောက်ဖက် ပူတာအိုအရပ်မှ တောင်ဖက် မုတ္တမပင်လယ်အထိ ဖြောင့်တန်းနေပြီး မြန်မာနိုင်ငံ အလယ်တည့်တည့်မှ ဖြတ်ထားသည်။ မြို့ကြီးအများစုသည် ဤပြတ်ရွေ့တစ်လျောက်၌ ရှိကြသည်။ ဒေါက်တာဝင်းဆွေ (ယခု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဌ)က ၁၉၈၀ နှစ်များတွင် စစ်ကိုင်းပြတ်ရွေ့ကို အမည်ပေး လေ့လာတင်ပြခဲ့သည်။ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်တန်း တစ်လျောက်ကို ဖြတ်သွားသောကြောင့် စစ်ကိုင်းပြတ်ရွေ့ဟု ခေါ်သည်။ ဤပြတ်ရွေ့ကို အတန်ငယ် လေ့လာကြည့်သောအခါ အဆစ်အပိုင်းများ ရှိကြောင်း သိရသည်။
အပိုင်းတစ်ပိုင်းလျှင် ကီလိုမီတာ ၁၀၀ မှ ၂၀၀ ခန့်ရှိသော ပြတ်ရွေ့အဆစ်ပိုင်းများ (၇) ခု (၈)ခုခန့်ရှိသည်။ ထိုအထဲမှ စစ်ကိုင်း-စဥ့်ကူ အပိုင်း အကြောင်း (သို့) စစ်ကိုင်း-တကောင်းအပိုင်းကို ပြောပါမည်။
စစ်ကိုင်းပြတ်ရွေ့သည် ငလျင် အတော်လှုပ်သည်။ သို့သော် အတိတ်က လူအနေများသော ဒေသများသာ ငလျင်ဒဏ် ခံရပြီး မှတ်တမ်းရှိခဲ့သည်။ ထိုအထဲတွင် အင်းဝနှင့် ပဲခူး မြို့တော် ၂ ခုသည် အဓိက ဖြစ်သည်။ အတိတ်က မြို့တော် အင်းဝသည် ငလျင်ဒဏ်ကြောင့်ပျက်ခဲ့ရဘူးသည်။ ၁၈၃၉ တွင် ငလျင်ကြီး လှုပ်သဖြင့် မြို့ပျက်လုနီးပါဖြစ်သွားသည်။
မင်းကွန်းပုထိုးတော်ကြီး (ပုံ- ၁)ဆောက်လက်စ၌ပင် ပျက်စီးသွားသည်။
လက်လှမ်းမီသလောက် မှတ်တမ်းမှ ဖေါ်ပြရလျှင် အင်းဝအရပ်၌ ၁၄၂၉၊ ၁၄၆၇၊ ၁၅၀၁၊ ၁၆၀၂၊ ၁၆၉၆၊ ၁၇၇၁၊ ၁၇၇၆၊ ၁၈၃၀ နှင့် ၁၈၃၉ နှစ်များဖြစ်သည်။ စစ်မက် ဖြစ်ပွါးချိန်များနှင့် အခြား အရပ်တစ်ပါး၌ မြို့ပြ ထွန်းကားချိန်များ၌ မှတ်တမ်းများ မရ။ ဤနေရာတွင် အလျဉ်းသင့်၍ အတိတ်က ငလျင်ကြီးများ မှတ်တမ်းရှိရာ အရပ်များကို ဖေါ်ပြပါဦးမည်။ ပုံ-၂ တွင် ကြည့်ပါလေ။
ပုံ-၂
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က၊ အတိအကျ ဆိုရလျှင် ၁၉၅၆ ဇူလိုင်လ ၁၆ ရက်နေ့က စစ်ကိုင်းမြို့မြောက်ဖက် တစ်နေရာကို ဗဟိုပြု၍ ပမာဏ (၇) ရှိသော ငလျင်ကြီး လှုပ်ခဲ့သည်။
စစ်ကိုင်းငလျင်ဟု လူသိများသည်။ ဆရာတော် ရွှေကိုင်းသား ထိုငလျင်ဖြစ်ရပ်နှင့် ပျက်စီး ခံစားရပုံကို အတော်ပြည့်ပြည့်စုံစုံ မှတ်တမ်း တင်ထားခဲ့သည်။ ဘုရားစေတီပုထိုးများ၊ အဆောက်အဦများ အလွန်ပင် ပျက်စီးခဲ့သည်။ ထိုစဉ်က မန္တလေးတွင်လည်း ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ သို့သော် စစ်ကိုင်းအပျက်များပြီး မှတ်တမ်း၌လည်း စစ်ကိုင်းငလျင်ဟုသာ ဆိုသဖြင့် မန္တလေးကို မေ့လျော့သွားကြသည်။
နှစ်ပေါင်း ၅၀ ကျော်ပြီးနောက် မန္တလေးသည် အလွန်ကြီးသော မြို့ဖြစ်လာခဲ့သည်။ မြို့ပြကျယ်လျှင်၊ လူနေအိမ်ခြေ များလာလျှင် သဘာဝဘေး ဖြစ်သောအခါ ထိခိုက်ခံရမှု ပိုများလာနိုင်သည်။ ထိုစစ်ကိုင်းငလျင်သည် စစ်ကိုင်းပြတ်ရွေ့၏ စစ်ကိုင်း-စဉ်ကူးအပိုင်း လှုပ်ရှားမှုကြောင့် ဖြစ်သည်။
တစ်နှစ်ပျှမ်းမျှ ၂ စင်တီမီတာ ရွေ့နှုန်းရှိသော စစ်ကိုင်းပြတ်ရွေ၏ မည်သည့် အဆစ်အပိုင်းမဆို အချိန်မရွေး လှုပ်ရှားနိုင်သည်။ ၁၉၅၆ မှရေတွက်လျှင် ၅၄ နှစ် ကွာဟချက် ရှိနေသော ထိုဒဏ်ရာဟောင်း အချိန်မရွေး ပြန်စနိုင်ကြောင်း သတိပေးလိုက်ပါသည်။။
၁၉၅၆တုန်းက စစ်ကိုင်းဟုသာ ဆိုသဖြင့် အခြားအရပ်များနှင့် မဆိုင်ဟု မမှတ်လိုက်ပါနှင့်။ ထိုငလျင်ကြောင့် ဖြစ်သော ငလျင်ပြင်းအားများ သက်ရောက်ရာကို ခန့်မှန်းတွက်ချက်၍ တင်ပြလိုက်ပါသည်။ ပုံ-၃ တွင် ရှုပါလေ။
ထိုသို့ဆိုလျှင် စစ်ကိုင်းပြတ်ရွေ့ ခွထိုင်ထားသော စစ်ကိုင်းသာမက အနီးရှိ မန္တလေးမြို့သည် ပြင်ထားမာကယ်လီ အတန်း ၅ မှ ၉ အထိ ခံရနိုင်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။
စစ်ကိုင်းပြတ်ရွေပုံ
Credited to-
Ko Tint Lwin Swe
5/24/2010 08:02:00 PM
http://tintlwinswe.blogspot.com/2010/05/blog-post.html
0 comments:
Post a Comment