ချမ်းသာခြင်းရဲ့ အမြင်...
by စာပေခရီးသွားခြေလှမ်းများ on Monday, September 26, 2011 at 10:44am
ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။
တစ်နေ့တော့ မြို့ပေါ်က ချမ်းသာတဲ့ လူကြီးတစ်ယောက်က သူ့သားကို ရွာထဲကို အလည်ခေါ်လာခဲ့တယ်။ သူက သူ့သားကို ကျေးလက်ဒေသက လူတွေ ဘယ်လောက်ဆင်းရဲလဲဆိုတာမြင်စေချင်လို့ပါ။
သူတို့ သားအဖနှစ်ယောက်ဟာ တစ်ရက်နဲ့ တစ်ညလုံးလုံး သဘောအလွန်ကောင်းတဲ့ လယ်သမားကြီးတစ်ဦးရဲ့ အိမ်မှာတည်းခိုခဲ့ကြတယ်။
ခရီးစဉ်ကလဲ ပြန်လာရော အဖေဖြစ်သူက သားကို မေးပါတယ်။
"အခုခရီးစဉ်ကို ဘယ်လိုသဘောရလဲ...သား"
သားဖြစ်သူက "အရမ်းကောင်းပါတယ် အဖေ"
ဒါနဲ့ အဖေဖြစ်သူက သားကိုမေးတယ် "သူတို့ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ တွေ့လား"
သားက "ဟုတ်ကဲ့ အဖေ"
အဖေက ထပ်မေးတယ် "မင်း ဘာတွေ လေ့လာခဲ့ရလဲ သား"
သားပြန်ပြောတာက "သား သိလိုက်တာက ကျွန်တော်တို့မှာ ခွေး ၁ ကောင်ပဲ ရှိတယ်။ သူတို့မှာ လေးကောင်တောင်ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ ပန်းခြံထဲမှာ ရေပန်းတစ်ခုရှိတယ်။ သူတို့မှာ အဆုံးမရှိ စမ်းချောင်းလေးရှိတယ်... နောက်ပြီး ကျွန်တော်တို့ခြံထဲမှာ မီးဆိုင်းတွေ ထွန်းထားရတယ်။ သူတို့က မလိုဘူး .. ကြယ်တွေရှိတယ်လေ။ ပြီးတော့ ကျွန်တော်တို့ခြံဆုံးသွားရင် ပိုင်ဆိုင်မှု ကုန်သွားပြီ။ ဒါပေမဲ့ သူတို့ ခြံနောက်မှာ မိုးကုတ်စက်ဝိုင်းကြီး အပြည့်ကာထားတယ်လေ" လို့ ပြန်ပြောလိုက်ပါတယ်။
သား စကားအဆုံးမှာ ဖခင်က ဘာထပ်ပြောရမှန်းမသိတော့ပါဘူး။ ဒါနဲ့ သူ့သားက ထပ်ပြောတယ်။
"အဖေ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက်ဆင်းရဲလဲဆိုတာ သိခွင့်ရခဲ့လို့ပါဖေဖေ..."
ဒီပုံပြင်ကို ဖတ်ပြီး ချမ်းသာခြင်းရဲ့ အမြင်ကို တစ်ယောက်နဲ့ တစ်ယောက်ခံယူပုံချင်းမတူကြဘူးလို့သိခဲ့ရပါတယ်။ တချို့က ပိုက်ဆံချမ်းသာတာကို ချမ်းသာတယ်လို့ ကင်ပွန်းတပ်တယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ငွေကြေးချမ်းသာမှုနဲ့ အတူ လိုက်ပါလာတဲ့ အတ္တ၊ မာန၊ လောဘ စတဲ့ ပူလောင်တဲ့ ကိလေသာတွေကြောင့် လွတ်လပ်မှုတွေပျောက်ဆုံးကုန်ကြတယ်။ အကျိုးဆက်ကြောင့် သောက စိတ်ဆင်းရဲမှုတွေနဲ့ အတူ ရွှေပုံပေါ်မှာစံစားနေကြရတယ်။ တကယ်တော့ ချမ်းသာခြင်းအစစ်အမှန်ဆိုတာ ငွေကြေးပြည့်စုံခြင်း သက်သက်ကို ဆိုလိုတာမဟုတ်ပဲ စိတ်ချမ်းသာခြင်းနဲ့ အတူတွဲပါလာတဲ့ လွတ်လပ်မှု ချမ်းသာခြင်းကိုပါ ဆိုလိုကြောင်းနားလည်ခဲ့ပါတယ်။ စာဖတ်သူတွေရော တကယ့်စစ်မှန်တဲ့ ချမ်းသာမှုနဲ့ ပြည့်စုံနေကြပြီလား...
မူရင်း ၊ ၊ Wealth is All In One's Point of View
(ဇေယျာ) 26/Sep/2011, Monday, 11:30 am
0 comments:
Post a Comment