Thursday, September 29, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမေးမြန်းခြင်း ။ ၂၀ စက်တင်ဘာ ၂၀၁၁ ပြည်သူ့ခေတ် ဂျာနယ်မှ

by Lu Maw on Thursday, September 29, 2011 at 9:10pm
 
မေး။  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အစ်မပြောလိုက်တာတခုရှိပါတယ် ၊ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေပြီဆိုတာ၊ အဲဒါဟာ အစ်မ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ပြောဆိုတာက မြင်လာတာလား ၊ ကျွန်တော်တို့အများပြည်သူတွေပါ မြင်နေရတဲ့အနေအထားတွေ ၊ ဥပမာ - သမ္မတ မိန့်ခွန်းတို့ ၊ လွှတ်တော်ဥက္ကဠ မိန့်ခွန်းတို့ ၊ လွှတ်တော်မှာဆွေးနွေးတာတို့ ၊ စီးပွားရေး အပါအ၀င် ကဏ္ဍတွေမှာ ဆွေးနွေးတာတို့ စတာတွေအရပြောတာလား။

ဖြေ။  ဆွေးနွေးပွဲတွေ ဘာတွေထက် တကယ်ထိထိရောက်ရောက် ဖြစ်နိုင်တဲ့ လုပ်ငန်းတွေကိုပဲ အလေးထားပါတယ် ။ ဥပမာဆိုရင် အလုပ်သမား သမဂ္ဂတွေနဲ့ ပတ်သတ်တဲ့ ထွက်လာတဲ့ ဥပဒေတွေ ၊ အဲ့ဒီဟာက ကျွန်မ နားလည်သလောက်ကတော့ ILO ကတင်ပြတဲ့ အတိုင်း ဒီစည်းမျဉ်း စည်းကမ်းတွေက ကိုက်ညီတယ်လို့ နားလည်ပါတယ် ။ အဲ့ဒါဆိုလို့ရှိရင်တော့ ဒါကတော့တကယ့်တိုးတက်မှုလို့ပြောနိုင်ပါတယ်။
လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေကတော့အခုထက်ထိ ဥပဒေဖြစ်လာတယ်လို့ မကြားသေးဘူး ။ ဆွေးနွေးတာကတော့ ဆွေးနွေးတာပေါ့ ။ အဲဒါထက်ပိုပြီး အရေးကြီးတာကတကယ်ဖြစ်ပေါ်လာတဲ့ အခြေအနေ ။
        ဘာပဲပြောပြော မီဒီယာတွေက နည်းနည်းပါးပါး အတိုင်းအတာ တစ်ခုထိ ပိုပြီးတော့ လွတ်လပ်မှု ရလာတယ် ။
       နောက်တခုက ဧရာဝတီကိစ္စမှာ ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ဆွေးနွေးရတဲ့အထိ ရောက်လာတယ်ဆိုတာ ပြည်သူရဲ့အသံကြောင့်။ ပြည်သူအသံက ဘာပဲပြောပြော လျစ်လျူရှုလို့ မရတော့ဘူးဆိုတဲ့ အသိက ၀င်လာတယ်လို့ ကျွန်မ ထင်တယ်။ အဲ့ဒါကြောင့်မို့လို့ ပြည်သူရဲ့အသံကို လူတွေကနားထောင်ရပြီ ဆိုလို့ ရှိရင် ပြောင်းလဲမှု ဖြစ်နိုင်တဲ့ အခြေအနေ ရောက်လာပြီ ။ ပြောင်းလဲမှု ဖြစ်သွားပြီလို့တော့ မပြောနိုင်သေးဘူးပေါ့။

         စတင်နေပြီလို့ ဆိုရလောက်အောင်

မေး ။  ပြောင်းလဲမှု ဖြစ်ဖို့ အနေအထားတော့ မြင်နေရပြီလို့ ဆိုတာပေါ့နော် ။ သို့သော် ပြောင်းလဲမှု တကယ်စတင်နေပြီလို့ ဆိုရလောက်အောင် ဆိုရင် နောက်ထပ်ဘယ်လိုဟာမျိုးတွေ မြင်ရဖို့ လိုပါသလဲ ။

ဖြေ ။  အလုပ်သမားသမဂ္ဂနဲ့ ပတ်သတ်လို့တော့ စတင်နေပြီလို့ ပြောနိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဥပဒေဖြစ်သွားပြီ ။ ဒီဟာကို ဘယ်လောက်အထိ ထိထိရောက်ရောက အကောင်အထည်ဖော်မှာလဲ ဆိုတာတော့ ကြည့်ရမှာပေါ့ ။ တခြားပြောင်းလဲမှုတွေက အများပြောနေတဲ့ ကိစ္စကတော့ အကျဉ်းသားလွှတ်ပေးဖို့ကိစ္စ ။ ဒါက အင်မတန်အရေးကြီးပါတယ် ။ အရေးကြီးတယ် ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုလို့ရှိရင် အကျဉ်းသားတွေအစား ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများလို့ ပြောတာကို ဒါကို ကျွန်မလက်ခံပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကလည်း ဒီပေါ်မှာ အခြေခံပြီးတော့ ပြောရတာ ပိုပြီးတော့လည်း လွယ်တယ် ။ ဒီမိုကရေစီစနစ်မှာ ဆိုရင် မတူညီတဲ့ သဘောထားတွေ ၊ မတူညီတဲ့ ယုံကြည်ချက်တွေ လက်ခံနိုင်ရမယ် ။ အဲ့ဒါတွေကို ခွင့်ပြုနိုင်ရမယ်။ အဲဒါကြောင့်မို့လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေနေရသူတွေကို လွှတ်ပေးဖို့ဆိုတာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တကယ်ပဲသွားနေပြီလားဆိုတာ ဆုံဖြတ်ဖို့အတွက် သိပ်အရေးကြီးတာ ဖြစ်တယ် ။

           တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး

မေး ။  ပြောင်းလဲမှုဆိုတဲ့ ကိစ္စနဲ့ဆက်စပ်ပြီး ပြောဆိုကြတဲ့ ထဲမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့အကြောင်းတခုလည်းပါပါတယ် ။ အဲဒါနဲ့ ပတ်သတ်ပြီးဘယ်လို မြင်ပါသလဲ ။

ဖြေ ။  တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ လူတိုင်းက စိုးရိမ်ကြတယ် ။ ဒါလည်း ဖြစ်သင့် ဖြစ်ထိုက်တာပဲ ။ ဒီနိုင်ငံက ပြည်ထောင်စု ။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု ။ ဒီပြည်ထောင်စုကနေ တိုးတက်ဖို့ ဆိုတာ ငြိမ်းချမ်းရေးရှိမှ ။ ငြိမ်းချမ်းရေးမရှိပဲနဲ့ ဘယ်တိုင်းပြည်မှ တကယ့်တိုးတက်မှုကိုမရနိုင်ဘူး ။ အဲဒီဟာကိုလည်း အားလုံးက ၀ိုင်းပြီးတော့ ပြောကြဆိုကြ တာကို ကျွန်မသဘောကျတယ် ။ စပြီးတော့ ပြောတာ ၊ ဒီအသံတွေ ထွက်လာတာ ။ ဒါကြောင့်မို့လို့ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေတွေ မြင်နေရပြီဆိုတာ ဒါတွေပေါ့ ။ အသံတွေကြားနေရတာ ။ အသံတွေကြားနေရုံနဲ့တော့ မပြီးသေးဘူး ။ အသံတွေ ကြားပြီးတဲ့ အခါကျတော့ ဒီအသံတွေ နားထောင်ပြီးတော့ နောက်တခါ ဘာဆက်လုပ်ဦးမလဲဆိုတာကတော့ အဲဒါတွေက စောင့်ပြီးတော့ ကြည့်ရမယ် ။

            ပြည်သူတွေကို အသိပေးနိုင်မယ့်အချိန်

မေး ။  အစိုးရပိုင်း ပုဂ္ဂုလ်တွေနဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို လောလောဆယ်မပြောနိုင်သေးတဲ့အကြောင်း အစ်မဖြေလေ့ရှိတာ တွေ့ရပါတယ် ။ အဲ့ဒါတွေနဲ့ ပတ်သက်လို့ ဘယ်အချိန်လောက် ရောက်ရင် အများပြည်သူကို အသိပေးနိုင်မှာလဲ ခင်ဗျား ။

ဖြေ ။  တိတိကျကျတော့ မပြောနိုင်ပါ ။ သိပ်ပြီးတော့အချိန်ဆွဲထားရင်တော့ မကောင်းဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကိစ္စတွေက သိပ်ပြီးတော့ အချိန်ဆွဲတာနဲ့ အမျှ ပြည်သူလူထုကလည်း ယုံကြည်မှုတွေ နည်းသွားတတ်တယ် ။ အဲဒါကြောင့်မို့လို့ ဒီလိုကိစ္စတွေဖြစ်ဖို့ ဆိုတာက အချိန်အကန့်အသတ် တခုအတွင်းမှာလုပ်ဖို့ လိုတယ်လို့တော့ ကျွန်မတို့ ကြိုးစားမှာပါ ။ ပြည်သူကနေပြီးတော့ လက်ဆုပ်လက်ကိုင် သြော် ဒါကတော့ တိုးတက်မှုတစ်ခုပဲ ဆိုပြီးတော့ မြင်နိုင်တဲ့ အခြေအနေဟာ အမြန်ဆုံးရောက်ဖို့ လိုတယ်ဆိုတာ ကျွန်မလက်ခံပါတယ်။

မေး ။  အစ်မတို့ ပုံမှန်တွေ့မယ်လို့ ညှိနိုင်းထားတာ ရှိသလား ခင်ဗျ ။

ဖြေ ။  ဒီလိုသဘောမျိုး ရှိပါတယ် ။ တိတိကျကျတော့ ဘယ်အချိန် ၊ ဘယ်အချိန် ၊ ဘယ်အချိန် လို့တော့ မရှိပါဘူး။


           တူညီတဲ့ကိစ္စတွေ

မေး ။  အစိုးရနဲ့ မတူတာတွေ ဘေးထားပြီး တူတာတွေမှာ တွဲလုပ်မယ်လို့ပြောတာကြားရပါတယ် ။ တူတယိဆိုတာ ဘယ်ကိစ္စတွေပါလဲ ။ တချို့ကတော့ တူတာကော ရှိရဲ့လားလို့ ဝေဖန် ပြောဆိုတာတွေလည်းရှိပါတယ် ။

ဖြေ ။  တူတယ်ဆိုတာကတော့ တိုင်ပြည်အကျိုးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေပေါ့ ။ အစိုးရကလည်း ဘာပဲပြောပြော ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ ကျွန်မတို့သိတယ် ။ နောက် စီးပွားရေး တိုးတက်စေချင်တယ် ။ ပြည်သူတွေရဲ့ အခြေအနေ ပိုပြီးတော့ ကောင်းစေချင်တယ်။ ကျန်းမာရေး ၊ ပညာရေး ၊ အခြေအနေတွေပေါ့နော် ။ အဲဒါတွေကတော့ တူညီတဲ့ကိစ္စတွေပဲ ။ အဲဒီဟာတွေနဲ့ ပတ်သတ်လို့လည်း ကျွန်မ ပြောပြီးပါပြီ ။ တချို့က တူညီတာတွေများ ရှိလို့လားဆိုတာ ။တူညီတာတွေမရှိရင် ပိုပြီးတော့ စကားပြောဖို့လိုတယ် ။ တူညီတာတွေမရှိရင် ပိုပြီးတော့ဆွေးနွေးဖို့လိုမယ် ။ အဲ့သလိုနည်းနဲ့ပဲ တူညီတဲ့ဟာတွေ ရှိအောင်ဆောက်တည်ရမှာပေါ့ ။ ဒီတိုင်ပြည်မှာနေတဲ့သူတွေ အားလုံးဟာ လုံးဝ တူညီတာ မဟုတ်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး ။ ဘာပဲပြောပြော လျှပ်စစ်မီး မလုံလောက်ဖူးဆိုတာလောက်တော့ အားလုံး သိကြတာပဲ ။ ဥပမာ အားဖြင့်ပြောတာပါ ။ ဒီတိုင်းပြည်မှာ နေတဲ့လူတွေကြားထဲမှာ တူညီမှု လုံးဝ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ။ နိုင်ငံခြားသားတွေတောင်မှ ဒီတိုင်ပြည်မှာ ခဏလာနေတဲ့ အချိန်မှာ ပြည်သူနဲ့ အတူတူ ခံစားရတဲ့ဟာတွေ ရှိတာပဲ ။ ဥပမာ လမ်းမကောင်းဘူးဆိုရင် သူတို့ကားတွေလည်း ခုန်တာပဲ ။ ဗမာတွေရဲ့ ကားတွေမှ ခုန်တာမှ မဟုတ်တာ ။


                အစိုးရအပေါ်ယုံကြည်မှု

မေး ။  အခုအစ်မ ပြောခဲ့တဲ့ စကားတွေအရဆိုရင် အစ်မအနေနဲ့ အစိုးရနဲ့ ပတ်သတ်တဲ့ အမြင် ၊ အစိုးရနဲ့ပတ်သတ်လို့ ယုံကြည်မှုနည်းနည်းပိုရှိလာတယ်လို့ မြင်ရပါတယ် ။ အဲဒါဟုတ်ပါသလား ။

ဖြေ ။  ကျွန်မပြောပြီးပါပြီ ။ ကျွန်မအနေနဲ့တော့ သမ္မတ ဦးသိန်းစိန်က ကောင်းတဲ့ဘက်ကို သွားချင်တယ်ဆိုတာတော့ ကျွန်မယုံကြည်တယ် ၊ ပြုပြင်ပြောင်းလဲမှုကို တကယ်လိုလားတယ်ဆိုတာ ကျွန်မ ယုံကြည်တယ် ။


             လူထုအုံကြွမှု သဘောထား

မေး ။  အခြေအနေတွေက ပြောင်းလဲနိုင်တဲ့ အခြေအနေ ရောက်နေပြီလို့ အစ်မ ယုံကြည်တယ် ၊ တဖက်ကလည်း ဆွေးနွေးမှုတွေ လုပ်နေတယ်ပေါ့ ။ ဒါပေမယ့် တချို့အင်အားစုတွေက တပ်မတော်အခြေခံတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြောင်းလဲမှု တွေကို လွယ်လွယ်ကူကူနဲ့ပြုလုပ်မှာ မဟုတ်ဘူး ။ ဒါမျိုးက လူထုအုံကြွမှုတွေနဲ့ တိုက်မှ ပြောင်းလဲမှာလို့ တစ်စွန်းတစ်စ ပြောနေတာ ကြားရတယ် ။ အစ်မသဘောထား သိချင်ပါတယ်။

ဖြေ ။  အဲဒါတော့ ကျွန်မတို့အနေနဲ့ ဒါကို ပညာပေးပြီးတော့ စည်းရုံးဖို့ လိုတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေး ကာလကို သွားမယ် ( ပြန်ကြည့်မယ်) ဆိုရင် လွတ်လပ်ရေး ရပြီးတာတောင်မှ ဒါရွှေရည်စိမ် လွတ်လပ်ရေးပါ ဆိုပြီးတော့ ပြောတာ ရှိတယ် ။ ဒါမျိုးကတော့ ရှိတာပေါ့ ၊ ဒါမျိုးကတော့မတူတဲ့ သဘောထားပေါ့ ။ ကျွန်မတို့က ဒီမိုကရေစီကို ယုံကြည်တာမို့လို့ မတူတဲ့ သဘောထား ရှိတယ်ဆိုတာ လက်ခံတယ် ။ မတူတဲ့ သဘောထားတွေကို ညှိမယ် ။ တိုင်ပြည်အတွက် ကောင်းတဲ့ ကိစ္စတွေကို သဘောမတူတဲ့ သူရှိလို့ ရပ်ရမယ် မဟုတ်ဘူး ။ သဘောမတူတဲ့ သူတော့ ရှိမှာပဲ ။ ဒါလူံသဘာဝပဲ  ၊ သဘောမတူတဲ့သူတွေ ရှိပေမယ့်လည်း တကယ်တမ်း တိုင်းပြည်ကို ကောင်းကျိုးပြုမယ်ဆိုတဲ့ ကိစ္စတွေ ယုံကြည်လို့ရှိရင် ဇြစ်လာမှာပဲ ။

            သဘောမတူတဲ့သူတွေကိုသဘောတူအောင် လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ ။ ဒါပေမယ့် တစ်ရာရာခိုင်နှုန်းကတော့ မဖြစ်နိုင်ဘူး ။ ဒါ သဘာဝမကျဘူး ။ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်းက သဘောတူ လက်ခံတဲ့ကိစ္စ ဆိုတာမရှိခဲဘူး ။ ဥပမာ- ထမင်းဆိုင်မှာ သွားစားရင်တောင် တစ်ယောက်တစ်မျိုး စားကြတာပဲ ။ အားလုံးဒါပဲစားဆိုရင် ဘယ်ဖြစ်နိုင်မလဲ။ ဒါပေမယ့် ကိုယ်က တကယ်စေတနာနဲ့ ဒါလေးစားကြည့်ပါလားလို့ ပြောလို့ စားကြည့်လို့ အားလုံးကြိုက်သွားတာတော့ ရှိမှာပေါ့။


                  ဥပဒေစိုးမိုးရေး လက်တွေ့ကျဖို့

မေး ။  ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းဖို့နဲ့ ပတ်သတ်လို့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ရှိဖို့လိုတယ် ၊ ခိုင်ခိုင်မာမာ ဖြစ်လာဖို့လိုတယ် စသဖြင့်ပြောကြတာတွေရဲ့ အခြေအနေက လောလောဆယ် ဘယ်လိုဘယ်ပုံ ရှိနေပါသလဲ ။ အဲဒါတွေ ရှိနေပြီလို့ကော ယူဆပါသလား ။

ဖြေ ။  ကျွန်မတို့ကတော့ ပထမဆုံးစရာမှာတော့ ဥပဒေရေးရာ ။  ကျွန်မတို့အနေနဲ့ ဒီတိုင်းပြည်မှာ ဥပဒေစိုးမိုးရေး ရှိပြီလားဆိုရင် မမြင်ရသေးဘူးလို့ ဆိုရမှာပေါ့ ။ ဥပဒေစိုးမိုးရေးကို ဦးတည်တယ်ဆိုတာကတော့ သမ္မတ ကိုယ်တိုင်က မိန့်ခွန်းထဲမှာ ပြောခဲ့ပြီးပြီ ။ ဒါပေမယ့် ဦးတည်တယ်ဆိုယုံနဲ့ မပြီးသေးဘူး ။ လက်တွေ့ကျကျ ပြနိုင်ဖို့ လိုမယ် ။အဲ့ဒီတော့ ဒီမိုကရေစီ ထူထောင်မယ်ဆိုလို့ရှိရင် ဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ် ။  နောက်တခုအရေးကြီးတာက စောစောက ပြောတဲ့ဟာတွေနဲ့ ဆက်နွယ်နေပါတယ် ။ မတူတဲ့သဘောထားတွေ ရှိတယ်ဆိုတာ လက်ခံတာ ။  အဲ့ဒါက ဒီမိုကရေစီရဲ့ အခြေခံ တန်ဖိုးတစ်ခုပဲ ။ လက်မခံနိုင်ဘူး ငါတို့နဲ့ သဘောထားချင်း အားလုံးက တူရမယ်ဆိုရင် အဲ့ဒါ ဒီမိုကရေစီ မဟုတ်ဘူး ။ ဒါကတော့ အပြန်အလှန်ပေါ့ ။  ကျွန်မတို့ အနေနဲ့ လက်ခံရမယ်။  ကျွန်မတို့နဲ့ သဘောထားချင်း မတူတဲ့ဟာတွေ ရှိတယ်ဆိုတာ လက်ခံရမယ် ။ အဲဒီအတိုင်းပဲ တစ်ဘက်နဲ့တစ်ဘက် လက်ခံရမယ် ။ ဒါပေမဲ့ ဒီမိုကရေစီရဲ့ လုပ်ပုံလုပ်နည်းအရဆိုရင် မတူတဲ့ သဘောထားတွေကို နောက်ဆုံးကျတော့ ဘယ်သူက ညှိလဲဆိုရင် ပြည်သူကညှိတာပဲ ။ ပြည်သူရဲ့ ဆန္ဒ သဘောထားက လွှမ်းမိုးရမယ် ။ အဲဒီတော့ ပြည်သူ့ဆန္ဒ လွှမ်းမိုးပြီဆိုရင် မတူညီတဲ့အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကြားထဲမှာ ညှိနိုင်တာ မညှိနိုင်တာထက် ပြည်သူက ညှိသွားမယ် ။ ပြည်သူက ဆုံးဖြတ်သွား မယ့်သဘော ရှိတယ် ။ အဲဒီတော့ ပြည်သူကို စည်းရုံးရမှာပေါ့ ။ ကိုယ့်ရဲ့ အမြင်ကိုလက်ခံစေချင်ရင် ။ အဲဒီတော့ ကျွန်မတို့က ဒီမိုကရေစီကို ဘာဖြစ်လို့ ယုံကြည်သလဲဆိုတာကို ပြည်သူလက်ခံအောင်လုပ်နိုင်မှ ပြည်သူကလည်းဒီစနစ်ကို အင်တိုက်အားတိုက် အားပေးထောက်ခံမှာ ။ ပြီးတော့ ဒီလို အဆောက်အအုံတွေ ရှိလာဖို့ ဆိုတာက ဥပဒေစိုးမိုးရေးက အရေးကြီးတယ် မတူညီတဲ့ သဘောထားတွေကို လက်ခံနိုင်ဖို့ ကအရေးကြီးတယ်။ ဥပမာ- လွှတ်တော်ထဲမှာ ၊ လွှတ်တော်ထဲမှာ ဘယ်လောက်ထိပြောနိုင်ဆိုနိုင်လဲ ၊ ဘယ်လောက်ထိ ထိရောက်အောင် သယ်ဆောင်နိုင်သလဲဆိုတာ ဒါတွေက အများကြီး စကားပြောတယ်။


                   လွှတ်တော်ထဲမှာပြောဆိုနေတာတွေ

မေး ။  ဒီကနေ့ လွှတ်တော်ထဲမှာ ပြောဆိုဗနတာတွေအရကော အဲဒီအနေအထားတွေ မတူတဲ့အယူအဆတေ တင်ပြနိုင်တဲ့ အနေအထားတွေ တော်တော်တန်တန် ရှိနေပြီလို့ ဆိုနို်င်ပါသလား ။

ဖြေ  ။  အဲဒီဟာကတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရသေးဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လွှတ်တော်မှာ တင်လိုက်တဲ့ အဆိုတွေမှာ မတူညီတဲ့ သဘောထားတွေ ဘယ်လောက် ပါလဲ ဆိုတာနည်းနည်းစဉ်းစားစရာ ဖြစ်တာပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုတင်တဲ့ထဲမှာ ဆိုလို့ရှိရင် ကျွန်မမှတ်မိသလောက်ကတော့ လုံးဝလက်မခံတာတွေထဲမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စ လက်မခံဘူး ။ နောက် ဆွေးနွေးမယ်ဆိုတဲ့ဟာတွေရှိတယ် ၊ အဲဒီဆွေးနွေးမယ်ဆိုတဲ့ဟာတွေထဲမှာ ဆိုရင် မြစ်ဆုံကိစ္စ ပါတယ် ။ ဆွေးနွေးဆိုတဲ့ ဟာတွေကတော့ ကျွန်မတို့က သဘောကျတယ် ။ ဘာပဲပြောပြော ဆွေးနွေးမယ်ဆိုတဲ့ဟာက ပထမဆင့်ပဲ ၊ ဆွေးနွေးပြီး ဆုံးဖြတ်တာကျတော့ အင်အားရှိတဲ့ ပါတီက ဆုံးဖြတ်မှာပဲ ဆိုပြီးတာ့ ပြောတဲ့သူကလည်း ပြောတယ်ပေါ့။ ဒါလည်း မှန်ပါတယ် ။ ဘာပဲပြောပြော ပြည်သူရဲ့ အသံကို နားထောင်ပါတယ် ဆိုတာတော့ ဒါတိုးတက်မှုလို့ ဆိုရမယ် ။တခြား ကိစ္စတွေမှာဆိုလို့ရှိရင် အကျဉ်းသားများ လွတ်မြောက်ရေးနဲ့ ပတ်သက်တဲ့ တင်တဲ့ အဆိုကိုဆိုရင်လည်း ဆွေးနွေးမယ်ဆိုတဲ့ သဘော ၊ စဉ်းစားမယ်ဆိုတဲ့ သဘောရှိတယ် ။ ဒီဟာကို တိုးတက်မှုလို့ ကျွန်မတို့ လက်ခံတယ်။ ဒါပေမဲ့ ဒါတွေကတော့ ကျွန်မတို့သိတဲ့ ကိစ္စတွေပေါ့။  တင်ခွင့်ကို မရှိတဲ့ အဆိုတွေရှိတာ မရှိတာတွေတော့ ၊ ကြိုပြီး တင်ထားရတာဆိုတော့ ကျတော့ မကျတာတွေ ဘာတွေလဲဆိုတာတော့ ကျွန်မတို့ ပြောရခက်တယ်။


                 တရားရုံးတွေ စီမံခန့်ခွဲရေး

မေး ။  ဥပဒေစိုးမိုးရေး ရရှိဖို့အတွက်ကိုကော ဘယ်သူတွေက ဘယ်လို လုပ်နိုင်မလဲ ။

ဖြေ ။  ဥပဒေစိုးမိုးရေး ရ၇ှိဖို့အတွက်က အလုပ်နိုင်ဆုံးကတော့ အစိုးရပဲ ။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးတွေကနေ စမှာ မဟုတ်လား ။ တရားရုံးတွေကို ဘယ်သူစီမံခန့်ခွဲလဲ ။ တရားရုံးတွေကို ပြည်သူတွေကနေ သွားပြီးတော့ စီမံခန့်ခွဲလို့ မရဘူး။ နိုင်ငံရေးပါတီတွေကလည်း
သွားပြီးတော့ စီမံခန့်ခွဲလို့ မရဘူး။ အစိုးရကစီမံ ခန့်ခွဲရမှာ။ တရားရုံးတွေကနေ စရမှာ။ တရားရုံးတွေက ဆုံးဖြတ်ချက်တွေဟာ တရားဥပဒေနဲ့ ညီရဲ့လား ။ အဲဒီဟာကနေ စပြီးတော့ ကြည့်ရမှာပေါ့ ။ လူတွေကိုဖမ်းတယ် မဟုတ်လား ။ တရားဥပဒေနဲ့ အညီဖမ်းတာမဟုတ်ရင် တရားရုံးက တရားဥပဒေနဲ့အညီ ဆုံးဖြတ်ချရင် အဲဒီလူတွေ လွတ်ရမယ်လေ ။ အဲဒီတော့ အဓိကကတော့ တရားရုံးတွေရဲ့ စီမံခန့်ခွဲမှုပဲ ။ ဒါက ဥပဒေ ။ ဒါကအစိုးရ ကိုင်ရမယ့်ကိစ္စ။

မေး ။  ပြည်သူတွေအနေနဲ့က ဘာတွေတက်နိုင်မလဲ ။

ဖြေ ။   ပြည်သူတွေအနေနဲ့က အသံတွေထွက်ရမှာပေါ့ ။ ဒီလို မတရားမှုတွေ ဖြစ်နေတယ်ဆိုရင် ဒီကိစ္စတွေဖော်ထုတ်ရမယ် ။ ဒါလည်းကျွန်မတို့လုပ်နေတာ ကြာပါပြီ ။ ဘယ်သူ့ကိုဖြင့် မတရားသဖြင့်ဖမ်းဆီးပါတယ် ။ ဘာကြောင့်မို့လို့ဥပဒေနဲ့ မကိုက်ညီပါဘူး ဆိုတာ ကျွန်မတို့ အတန်တန်ပြောနေတဲ့ ကိစ္စပဲ။


                         ပြည်သူလား အစိုးရလား

မေး ။  ဒီမိုကရက်တစ် အသ်စတီကျုးရှင်းတွေ ဖြစ်လာဖို့ဆိုတာ ပြည်သူလူထုပေါ်မှာအဓိက မူတည်သလား ။  အစိုးရပေါ်မှာအဓိက မူတည်သလား ။

ဖြေ ။  အစိုးရပေါ်မှာလည်း မူတည်ပါတယ် ။ ကျွန်မတို့ နိုင်ငံမှာဆိုရင် ဒီမိုကရေစီ စနစ်ဆိုတာ မရှိတာကြာပါပြိ ။ အဲဒီတော့ အစိုးရကပဲ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့ စနစ်က လွှမ်းမိုးခဲ့တာ ဆယ်စုနှစ်ချီလာပြီ ။ အဲဒီတော့ အခုအစိုးရပေါ်မှာ အများကြီးတာဝန်၇ှိပါတယ်။ ပြည်သူတွေက လုပ်နိုင်ကိုင်နိုင်၊ လုပ်ရဲကိုင်ရဲတဲ့ အလေ့အကျင့်က မရှိသေးဘူး ။ ဒီအလေ့အကျင့်ရအောင်လို့ ၊ ပြည်သူတွေ ကိုယ်တိုင်ကလည်း လုပ်ယူရမယ် ။ နောက်ဆုံးကျတော့ဥစ္စာရင်လို ဥစ္စာရင်ခဲပေါ့ ။ ဒါပေမယ့် တကယ် ဒီမိုကရေစီစနစ်ကို ထူထောင်ချင်တဲ့ အစိုးရဆိုလို့ရှိရင် ကိုယ့်မှာ ဘယ်လောက်တာဝန်ရှိသလဲဆိုတာ မြင်ပြီးတော့ တက်နိုင်သမျှ လုပ်ပေးရမယ် ။


                  ပြည်သူနုင့် ယုံကြည်မှု

မေး ။  ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်သမျှတွေကို ခြုံငုံ သုံးသပ်ရင် တိုင်းပြည်ရဲ့အဓိက ပြသနာတွေက ဘာတွေလို့ ဆိုမလဲခင်ဗျာ။

ဖြေ ။  ဘယ်ကစရမလဲ ။ အဓိက ပြသနာလို့ပြောလို့ မရပေမယ့် ကျွန်မအနေနဲ့ အင်မတန်မှ အရေးကြီးတဲ့ဟာတစ်ခု ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ကိစ္စ။ ပြည်သူတွေရဲ့ကိုယ့်အင်အားကိုကိုယ်မယုံကြည်တဲ့ကိစ္စပဲ ။ ပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားရမယ် ။ ငါတို့ ပြည်သူတွေဟာ ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရှိရမယ် ။ ဒီယုံကြည်မှုရှိပြီးမှ ငါတို့ ဒီဟာကိုဘယ်လိုလုပ်မလဲ ဆိုတာကို တွေးမှာကိုး။ ယုံကြည်မှု မရှိရင် မတွေးဘူးပေါ့။ ဥပမာဆိုလို့ရှိရင် ပန်းချီမဆွဲတတ်ဘူးလို့ ကိုယ့်ကိုကိုယ် ထင်နေတဲ့သူ ဘယ်တော့မှ ပန်းချီစဆွဲတော့မှာ မဟုတ်ဘူး ။ ဒါပေမယ့်သူ့စိတ်ထဲမှာ ငါ့မှာတော့ အနုပညာ ပါရမီပါတယ်။ ငါတော့ ပန်းချီဆွဲလို့ရှိရင် ရမှာပဲလို့ယုံကြည်တဲ့သူက စပြီးတော့ စုတ်တံ ဒါမှမဟုတ်ခဲတံလေး ကိုင်ပြီး စက္ကူမှာခြစ်ကြည့်မှာပဲ ။ အဲဒီလိုမှပဲ စပြီးတော့ လုပ်နိုင်မှာပေါ့ ။ အစကတည်းက မလုပ်နိုင်ပါဘူးဆိုတဲ့ စိတ်နဲ့တော့ ဘယ်တော့မှ ဖြစ်မြောက်မှာ မဟုတ်ဘူး။


                ဒီတိုင်းပြည် ပြသနာက ဘာတွေလဲ

မေး ။  ပြင်ပကနေ ကြည့်မယ်ဆိုရင်ကော ဒီတိုင်ပြည်ရဲ့ ပြသနာက ဘာတွေလို့ ထင်မြင်စရာရှိမလဲ ။

ဖြေ  ။  ဒါတွကတော့ အမျိုးမျိုးမြင်ကြတာပေါ့ ၊ တချို့ကျတော့ မြန်မာတွေရဲ့ ယဉ်ကျေူးမှု ၊ သမိုင်းထုံးတမ်းစဉ်လာအရကို မြန်မာနိုင်ငံကလူတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးဆိုပြီး ပြောတဲ့သူတွေလည်း ရှိတာ ကြားရမှာပေါ့ ။ အဲ့ဒီလိုလူတွေလည်း ရှိတာပဲ ။ ဒါပေမဲ့ ပညာရှင်တော်တော် များများက ပြောတာပဲ ၊ နိုင်ငံတွေဟာ သမိုင်းရဲ့အကျဉ်းသားတွေမဟုတ်ဘူး ။ သမိုင်းက ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းအစဉ်အလာကနေ ရုန်းထွက်နိုင်တဲ့ အရည်အချင်းရှိဖို့ ၊ ဒါကကိုယ့်ရဲ့ဆန္ဒ ၊ ကိုယ့်ရဲ့ဇွဲပေါ်မှာ တည်တော့ အရင်ဖြစ်ခဲ့တဲ့ အတိတ်ကိုပဲ အပြစ်ပုံချတာကို ကျွန်မအယုံအကြည်မရှိဘူး ။ ပစ္စုပန်ကိုပဲ တည့်တည့်ကြည့် ၊ ပစ္စုပန်ကိုပဲ ကိုယ်လုပ်နိုင်တာကိုလုပ်သွား ။ ဘာဖြစ်လို့လဲဆိုတော့ အပြောင်းအလဲတွေကလည်း အများကြီးပဲ ။ ဥပမာဆိုရင် ထုံးတမ်းအစဉ်အလာအရ ဗမာတွေက ဒီမိုကရေစီစနစ်ကိုမသုံးနိုင်ပါဘူးလို့ ပြောနေတဲ့သူတွေက ၊ ဒီထုံးတမ်းအစဉ်အလာမဖြစ်တဲ့ ကိစ္စတွေ ၊ အခု ဗမာတွေ အများကြီး လုပ်နေတာတွေရတယ် ။ ဥပမာဆိုရင် အစားအသောက်ကိုပဲကြည့် ၊ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ဒီဗမာပြည်မှာ ဘာအစားအစာရလဲ ။ ဗမာ အစားအစာ ၊ နောက်အိန္ဒိယ အစားအစာ နည်းနည်းရတယ် ။ တရုတ် အစားအစာ နည်းနည်းရတယ် ။ ဒါပဲ ဗမာအများစုက ဗမာအစားအစာပဲ စားတတ်ကြတာပဲ ။ အခုကြတော့ ကျွန်မတို့ မတွေ့ဘူးတဲ့ အစာတွေ အမျိုးမျိုးပဲ စားကြတယ် ။ စားရုံတင်မကဘူး ။ အရသာတွေ့သွားတယ် ။ အဲဒီလိုပေါ့ ၊ မပြောင်းလဲနိုင်ဘူးဆိုတာ မဟုတ်ဘူး ။ အဲဒီတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးမှ သမိုင်ရဲ့ အကျဉ်းသားတွေ မဟုတ်ဘူးဆိုတဲ့ အမြင်ကို ကျွန်မ အများကြီး ထောက်ခံတယ် ။ ကိုယ့်ဘာသာကိုယ် လုပ်ယူနိုင်ရမယ် ။ မအောင်မြင်တဲ့တိုင်းပြည်တောင်မှ အောင်မြင်အောင်လုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ် ဆိုပြီးတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရှင်တွေက ပြောလာပြီ။ ပြောလာပြီဆိုရင် အခုနက ကျွန်မပြောလိုက်တဲ့အပေါ်မှာ အခြေခံတာပေါ့နော် ။ ကျွန်မတို့အားလုံးက အတိတ်ကနေ ရုန်းထွက်ပြီးတော့ ပစ္စုပန်ကို သုံးပြီးတော့ အနာဂတ်ကို တည်ဆောက်နေတယ် ။ တချို့ကတော့ ဒါက ဘာမှ မလုပ်နိုင်ပါဘူးလို့ မြင်တဲ့သူတွေလည်း ရှိမှာပေါ့နော် ။  တခုပြောရမယ်ဆိုရင် ကျွန်မ ရ၀မ်ဒါကို ဥပမာထားပြီး ပြောချင်တယ် ။ ရ၀မ်ဒါဆိုရင် တခါတည်း တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ နိုင်ငံတစ်ခုပဲ ။ ဒါပေမယ့် သူတို့နိုင်ငံခေါင်းဆောင်ရဲ့ စွမ်းဆောင်မှုကြောင့် မို့လို့ ရ၀မ်ဒါကို တချို့ကဆိုရင် ဘယ်လိုတိုးတက်ပြောင်းလဲနိုင်တယ်ဆိုတဲ့ စံပြနိုင်ငံ တစ်ခု အနေနဲ့တောင်မှ ထောက်ပြနေကြတယ် ။ ဒီတော့ အပြောင်းအလဲဆိုတာ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဘူး ။ နံပါတ်တစ်က ဆန္ဒပေါ့ ။ ကျွန်မ ထပ်တလဲလဲပြောတဲ့ အောင်မြင်ချင်းတရားလေးပါးဆိုတာ ဆန္ဒနဲ့ စရမယ် ။ တကယ်ပဲ ကိုယ်လုပ်ချင်တဲ့ ဆန္ဒရှိပြီဆိုရင် ဆန္ဒရှိက လမ်းစရ ၊ လမ်းစကို ရှာရမှာပေါ့ ။


                           ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီ

မေး ။  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ၊ တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားမှုနဲ့ ဘယ်ဟာက အရင်ကျသလဲ ဆိုတာ ပြောကြတာတွေ ရှိတယ် ။ အစ်မအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။  လက်တွဲသွားရမှာပေါ့ ၊ ဒီလို ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီကိုခွဲပြီး လုပ်တယ်ဆိုတာ ဒါဟာ သဘာဝမကျတဲ့ ခွဲခြားမှုပါ ။ ဒါက ခွဲခြားမယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ ခွဲခြားမှုပဲ ။ တကယ်တော့ ခွဲခြားလို့မရပါဘူး ။ တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဒီတိုင်းပြည်ရဲ့နိုင်ငံရေးစနစ်နဲ့ အများကြီးဆိုင်တယ် ။ ဒီနိုင်ငံရေးစနစ် ဆိုတာ ဒီမိုကရေစီ ဟုတ်လား မဟုတ်လားဆိုတဲ့ စကားတွေက ပြောလာတာပေါ့ ။ ကျွန်မတို့က ဒီမိုကရေစီစနစ်က ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတယ်လို့ဘာလို့ယုံသလဲဆိုတော့ ဒိမိုကရေစီစနစ်မှာဆိုရင် အရေးကြီးဆုံး ကိစ္စတစ်ခုက တာဝန်ယူမှု ( accountability )  ပေါ့  ၊ မြင်သာမှု ( transparency )  ပေါ့ ။  အဲ့ဒါတွေ ရှိရမယ် ။ အဲဒီဟာတွေက ဖွံဖြိုးမှုအတွက် အရမ်း အရေးကြီးတယ် ။ ကြားဖူးလား မသိဘူး ။ နိုင်ငံရေး ဟာသကွက် တစ်ကွက် ရှိတယ်လေ ။

                        တံတားကြီးဆောက်လိုက်လို့

နိုင်ငံခေါင်းဆောင် တစ်ယောက်က တခြားနိုင်ငံကို သွားတဲ့အခါကျတော့ အာဏာရှင် အချင်းချင်း တခြားနိုင်ငံက အာဏာရှင်က တော်တော်ချမ်းချမ်းသာသာ ခံ့ခံ့ညားညားဆိုတော့ ဟိုတစ်ယောက်ကအားကျလို့ ဘယ်လိုကြောင့်လဲ မေးတော့  ၊ ဟိုမှာကြည့် ဟိုတံတားကြီးဆောက်လိုက်လို့ ဒီလိုဖြစ်လာတယ်လို့ ပြောတယ်တဲ့ ၊ နောက်တော့ဧည့်သည် အာဏာရှုင်က သင်ခန်းစာယူပြီး ပြန်သွားပြီး နောက်နည်းနည်းကြာတော့ သူ့မိတ်ဆွေ အာဏာရှင်ကြီးကို ပြန်ဖိတ်လို့သွားတဲ့အခါ ကျတော့ သူကပိုတောင် ခမ်းနားသေးတာပေါ့ ၊ နေပုံထိုင်ပုံက ။ ဟိုတစ်ယောက်ကမေးတယ်တဲ့ ၊ ခင်ဗျားဘယ်နှယ်ကြောင့် ဒီလောက် ချမ်းသာသွားတာလဲဆိုတော့ သူက ပြတင်းပေါက်ကနေ ဟိုတံတားကြီးကိုကြည့်ဆိုပြီး ပြတယ်တဲ့ ၊ ဘယ်မှာလဲ တံတားလည်း မမြင်ဘူးပေါ့ ။ ( တံတားက မရှိဘူး ) အဲဒါကြောင့် ချမ်းသာတာပေါ့ ။  အဲဒါမျိုးတွေဆိုတာက ဒီမိုကရေစီ စနစ်မှာ မဖြစ်နိုင်ဘူး ။ ဘာဖြစ်လို့လဲဆို ဒါတွေက မေးတာမြန်းတာတွေ ဖြစ်မယ် ဘယ်မှာလဲ တံတားဆိုတဲ့ မေးနိုင်တဲ့ အခွင့်အရေးတွေ ရှိရမယ် ။ ဒါကြောင့်မို့ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီဆိုတာ ဒွန်တွဲ ပြီးတော့ မြင်ရမယ်လို့ ကျွန်မကတော့ ယုံကြည်တယ် ။

မေး ။  ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ဖို့ institution တွေအကြောင်း စောစောက နည်းနည်းပြောခဲ့ပါတယ် ။ civil  society ဆိုတဲ့ လူမှုအဖွဲ့အစည်းတွေ ထွန်းကားမှုကရော ဒီမိုကရေစီ အတွက် ဘယ်လောက်အထွ အထောက်အကူပြု ပါသလဲ ။

               ပြည်သူတွေ တာဝန်ယူနိုင်ပြီဆိုရင်

ဖြေ ။  ဒါကလည်း အရေးကြီးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ပြည်သူနဲ့ဆိုင်တယ်။ ပြည်သူရဲ့ကဏ္ဍက သိပ်ပြိး အရေးကြီးတယ် ။တကယ်စစ်မှန်တဲ့ civil society ဆိုတာ ပြည်သူကို အခြေခံပြီး ပြည်သူထဲက ပေါက်ဖွားလာတာ ။ အဲဒီတော့ တစ်နည်းအားဖြင့် civil society အင်အားကြီးလာတယ်ဆိုရင်တော့ ဒိနိုင်ငံတခုရဲ့ တိုးတက်မှုဟာ အင်မတန် အားရစရာ ဖြစ်လာမယ် ။ civil society ဆိုတာ အစိုးရနဲ့မဆိုင်တဲ့ အဖွဲ့အစည်းတွေ ၊ အစိုးရမဟုတ်ဘဲ ပြည်သူတွေက မိမိတို့ရဲ့ လိုအပ်ချက်အရ လုပ်တာပေါ့။ ကျွန်မတို့ ဒိမိုကရေစီ ကွန်ရက်ထဲမှာဆိုရင် ဒီလိုဟာမျိုးတွေ အများကြီးမြင်ရတယ် ။ အဲဒီရပ်ကွက်မှာ ကျောင်းသူတွေ ကိုယ့်ဟာကိုယ် စုပြီးစာသင်ကျောင်းလေး တစ်ခုထူထောင်လိုကတယ်။  ဘုန်းတော်ကြီးကျောင်းတော်တော်များများ မှာလည်း ကလေးတွေကို စာသင်ပေးနေတာ ရှိတယ် ။ ဒီ့အပြင် တခြားနည်းတွေနဲ့ ဆေးကုတဲ့နည်းတွေနဲ့ ကူညီနေတာတွေ ရှိတယ် ။ အဲဒီလိုပေါ့ ပြည်သူတွေက ငါတို့ဟာ ငါတို့ ကူညီနိုင်တယ် ၊ ကိုယ့်ကိုကိုယ် ကူညီနိုင်တယ် ၊ကိုယ့်အတွက် ကိုယ်လုပ်နိုင်တယ် ၊ဘယ်သူ့ကိုမှ အားမကိုးရဘူး ။ စောစောက ကျွန်မပြောတဲ့ ယုံကြည်ချက်ပေါ့ ။ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က စလာပြီဆိုရင် ဒီမိုကရေစီကို အများကြီးအထောက်အကူပြုပေးပါတယ် ။


               Civil Society များရဲ့ အနေအထား

မေး ။  အခု မြန်မာပြည်မှာရှိနေတဲ့ civil society တွေ အဖွဲ့အစည်းတွေရဲ့ အနေအထားက ဘယ်လောက်အားကောင်းနေပြီလို့မြင်လဲ ။

ဖြေ ။  စနေဆဲလို့ ပြောရမှာပေါ့ ။ အားကောင်းလာပြီလို့တော့ မပြောနိုင်ဘူး ။ ဒါပေမယ့် အားယူလာပြီလို့တော့ ပြောနိုင်တယ်လို့ ထင်တယ်။

မေး ။  သူတို့ အားကောင်းဖို့ ဘာတွေ လုပ်သင့်တယ်လို့ အကြံပေးချင်တာ ရှိလဲ ။

ဖြေ ။  ဟိုဘက် ဒီဘက်ပေါ့ ၊ အားကောင်းလာဖို့ဆိုတာမှာ လုပ်ပိုင်ခွင့်တွေလည်း ရှိရမယ် ။ ဒါကတော့ နိုင်ငံရေးစနစ်တွေ ဥပဒေတွေနဲ့လည်းဆိုင်တယ် ။ ဥပဒေတွေ နိုင်ငံရေးစနစ်တွေ ပြောင်းဖို့ဆိုတာစ်ဘက်ကလည်း လုပ်ယူရတယ် ။ စပြီးတော့ ကြိုးစားရမှာပဲ။ အခု  ဒီအင်တာဗျုးထည့်ချင်လို့ရှိရင် ထည့်တော့ ကြည့်ရမှာပေါ့ ။ ထည့်မကြည့်ဘဲနဲ့တော့ ထည့်ရမရ ဘယ်သိမလဲ ။ ထည့်ကြည့်လို့ရှိရင် ရရင်လည်း ရမှာပေါ့ ။ လုပ်ကြည့်ရမှာပေါ့ ။ အဲ့ဒီတော့ လုပ်ကြည့်ရင်းနဲ့ ဒီတခါမရရင် နောက်တခါက် ကြိုးစားရမှာပေါ့ ။ လုပ်ကြည့်ရင်းနဲ့လည်း ရသွားမှာပေါ့ ။


                အစိုးရကူညီရင် ပိုမြန်မယ်

မေး ။  civil society တွေ အားကောင်းဖို့အတွက် အစိုးရဘက်ကနေ ခွင့်ပြုတဲ့ အားပေးကူညီတဲ့ အစိတ်အပိုင်းလည်း လိုတယ်လို့ ပြောချင်တာလား။

ဖြေ ။  အစိုး၇ဘက်က ကူညီရင်တော့ ပိုပြီးမြန်မြန် ဆန်ဆန် အားကောင်းလာမှာပေါ့ အစိုးရဘက်ကလည်း ကူညီသင့်တာပေါ့ ။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ် ။ ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ အစိုးရဘက်က ဒီလို civil society တွေကို ကူညီတယ်ဆိုတာထက် civil society တွေ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေကို ဖန်တီးတယ်လို့ပဲ ပြောရမှာပေါ့။  civil society  ဆိုကတည်းက government မဟုတ်တော့ဘူးလေ ။ အစိုးရက ၀င်ပြီးပါနေတယ် ဆိုရင်တော့ ဒါအစိုးရကိစ္စဖြစ်သွားပြီ ။ ဒါပေမဲ့ နိုင်ငံရေး အခင်းအကျင်းက civil society တွေ ရှင်သန်အားကောင်းနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ဆိုတာ အစိုးရနဲ့ အများကြီး ဆိုင်တာပေါ့ ။ ဒါပေမဲ့လည်း ပြည်သူတွေကိုယ်တိုင်က လုပ်ယူရမယ် ။ အစိုးရလုပ်ဖို့ပဲ ထိုင်ပြီး စောင့်နေလို့ မဖြစ်ဘူး။


                      ပြည်သူတွေလည်း ပါရမယ်

မေး ။  civil society ရဲ့ သဘာဝက အစိုးရနဲ့အပြိုင်သဘောမျိုး ရှိတယ်လို့ကော ဆိုနိုင်လား။

ဖြေ ။  ကျွန်မကတော့ အဲလို၇ှိတယ်လို့ မပြောချင်ဘူး ။ မကြာခင်ကတောင်မှ ကျွန်မ ဆောင်းပါးတစ်ခု ရေးထားတယ် ။ ဒါပေမဲ့ ဒါကတော်တော်နဲ့ ထွက်မှာ မဟုတ်သေးဘူး ။ အဲဒီမှာ ကျွန်မပြောထားတာရှိတယ် ။ အခုဆိုရင် civil society တွေက  civic responsibility ပြည်သူတွေရဲ့ ကိုယ့်ရဲ့ တာဝန်သိစိတ်နဲ့ အစိုးရရဲ့ အလုပ်တွေကို ဖြည့်ဆည်းပေးတယ်ဆိုတဲ့ သဘောနဲ့ ကျွန်မက မြင်ချင်တယ် ။ အစိုးရနဲ့ပဲ မလုံလောက်ဘူးဆိုတဲ့ အသိအမြင် ပေါ်လာမှာပေါ့ ။ အစိုးရတစ်ခုနဲ့ မလုံလောက်ဘူး ။ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးဖို့ဆိုတာ ပြည်သူတွေလည်းပါရမယ် ။ အစိုးရကို ပြိုင်တာ ၊ အစိုးရကို မကျေနပ်တာ ဆိုတာထက် အစိုးရရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုတယ် ဆိုတဲ့ သဘောပေါ့ ။ အစိုးရဆိုတာလည်း အကန့်အသတ်နဲ့ပဲ လုပ်နိုင်တာ ။ အစိုးရ မလုပ်နိုင်တဲ့ ကိစ္စတွေရှိတယ် ။ အဲဒါတွေိ ငါတို့ပြည်သူတွေက လုပ်ရမယ်ဆိုတဲ့ အသိအမြင်တွေဟာ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် ပိုပြီးကောင်းတယ်လို့ ကျွန်မ ထင်တယ် ။


                     ပညာရေး ၊ ကျန်းမာရေး တိုးတက်ဖို့

မေး ။  ကျန်းမာရေးတို့ ပညာရေးတို့နဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ အစ်မတို့က စိတ်ဝင်စားပြီး တကယ်လည်း လုပ်ကိုင်ပေးနေတာ ရှိတယ်ဆိုတာ မြင်ပါတယ် ။ အဲဒါတွေ ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ဆိုရင် ဘယ်လို အနေအထားတွေ လိုမလဲ ။

ဖြေ ။  ကျွန်မတို့လုပ်နေတဲ့ လုပ်ငန်းတွေ ပိုပြီး ကျယ်ပြန့်ဖို့ဆိုတာ ကျွန်မတို့အပေါ်မှာတည်တာပေါ့ ။ ကျွန်မတို့ ပိုပြီးကြိုးစားရမယ် ၊ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရအောင် လုပ်ရမယ်။ ဒါပေမဲ့ ဒီတစ်နိုင်ငံလုံးမှာ ပညာရေး ကျန်းမာရေး တိုးတက်ဖို့ ဆိုတာ အစိုးရရဲ့ ကဏ္ဍက အင်မတန်မှ အရေးပါတယ်။


                    ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး

မေး ။  ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ဆိုတာမှာလည်း ဒီသဘောမျိုးပဲ ဖြစ်မှာလား ။


ဖြေ ။  ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုတာ ဒါက အင်မတန်မှ ယေဘုယျလည်း ကျတယ် ၊ ကျယ်ပြန့်တဲ့ ကိစ္စလည်းဖြစ်တယ် ။ အဲဒီဟာက အစိုးရက ဦးဆောင်ပြီး လုပ်ရမှာပေါ့ ။ ဒါပေမဲ့ ကိုယ့်ဘာသာကုယ်လည်း လုပ်ယူရမှာပေါ့ ။ ကျွန်မတို့ အနေနဲ့ ဆင်းရဲမှု ဆိုတာဘာလဲ ၊ အဓိပ္ပာယ် ဖော်တာက စရမှာပေါ့ ။ နောက်ဆုံးကျတော့ အခု အဓိပ္ပာယ်ဖော်ပုံက လူတစ်ယောက်ဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ သူ ဆင်းရဲတယ်လို့ ခံစားရရင် ၊ သူမှာ လိုအပ်နေတဲ့ အချက်တွေ ရှိနေတယ်လို့ ခံစားရတယ်ဆိုရင် ဆင်းရဲတာပဲ ။ ဥပမာ - လူတိုင်း ကြက်သားစားနေတဲ့ အသိုင်းအ၀ိုင်းမှာ ပဲစားရတဲ့လူက ဆင်းရဲတာပေါ့ ။ လူတိုင်းပဲစားရတဲ့ အသိုင်းအ၀ိုင်းမှာဆိုရင် ထမင်းချည်းပဲစားရတဲ့ လူက ဆင်းရဲတာပေါ့ ။ ဒီလိုဟာမျိုးတွေ ရှိတယ်ပေါ့ ။ဲဒီတော့ ၊ ဆင်းရဲမှုပပျောက်ရေးဆိုတာ အင်မတန် ကျယ်ပြန့်တဲ့ ကိစ္စပဲ ။ တစ်နည်းအားဖြင့် ပြောရရင် ပြည်သူလူထုရဲ့  လူနေမှုစနစ်မြှင့်တင် ပေးရးပါ။ poverty reduction ဆိုတာ တစ်ဘက်ကနေ ကြည့်လိုက်ရင် ပြည်သူ လူထု ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရေးပဲ။ အဲဒါအတွက်ကတော့ ကျွန်မတို့လည်း တတ်နိုင်သလောက် လုပ်တာပဲ ။ ဒီလို ပညာရေး ဘက်ကနေ ကူညီတယ်ဆိုတာ ဒါလည်း အဆင့်အတန်းမြှင့်ပေးတာပဲ ။ ကျန်းမာရေး ဘက်က ကူညီတယ်ဆိုရင်လည်း အဆင့်အတန်း မြှင့်ပေးတာပဲ ။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ တာဝန်သိတဲ့ အစိုးရက ၀င်ပြီးလုပ်ဆောင်ရမယ့် ကဏ္ဍတွေကအများကြီးရှိပါတယ်။


                ပြည်သူလုပ်နိုင်တဲ့ အတိုင်းအတာ

မေး ။  ကျန်းမာရေး ပညာရေး ဆင်းရဲမွဲတေမှုလျော့ပါးရေးတို့မှာအစိုးရ လုပ်နိုင်တဲ့ အပိုင်းက အဓိကလို့ ပြောချင်တာပေါ့ ။

ဖြေ ။  အင်မတန်မှအရေး ကြီးပါတယ် ။ ကျွန်မကလေ ဒီမိုကရေစီကို ဦးတည်တဲ့လူဆိုရင် အစိုးရကအဓိကကျတယ်ဆိုတဲ့ အသုံးအနှုန်းကိုတက်နိုင်သမျှ ရှောင်ချင်တယ် ။ ပြည်သူတွေ အဓိကကျတယ် ဆိုတာသာဖြစ်ရမယ် ။ ဒါပေမဲ့ အစိုးရမှာတာဝန်အများကြီးရှိတဲ့ ကဏ္ဍတွေက ရှောင်လို့မရဘူး ။

မေး ။  စောစောက အစိတ်အပိုင်းတွေမှာ အစိုးရမဟုတ်တဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ ပြည်သူတစ်ဦးချင်းတွေရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာက ဘယ်လောက်အထိရှိလဲ ။

ဖြေ ။  ဒါကတော့ လုပ်ယူရမှာပဲ ။ ဘယ်လောက်ထိ ရှိလဲဆိုရင် ဒီတိုင်းပြည်မှာ သိပ်ပြီးတော့မရှိသေးဘူး ။ ဒါပေမဲ့ အခု ကျွန်မပြောသလိုပေါ့ ။ civil society တွေက စလာပြီ ၊ လမ်းစပေါ်လာပြီ ၊လှုပ်ရှားလာပြီ ၊ အားယူလာပြီပေါ့ ။ ဒါတွေကိုပိုပြီး လုပ်နိုင်ဖို့ ပိုပြီးအားတွေများလာဖို့ဆိုတာ ပြည်သူတွေကလည်း ရုန်းကန်ရမယ် ၊ဒီဟာကိုလည်း အစိုးရအနေနဲ့ အားပေးရမယ် ။ ပိုပြီး အားယူနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးရမယ် ။


                ကူညီနိုင်တဲ့အင်အား

မေး ။ ဆင်းရဲနွမ်းပါးမှုက တစ်ပြည်လုံး အတိုင်းအတာနဲ့ ရှိနေတဲ့အနေအမှာ ဆင်းရဲတဲ့လူအချင်းချင်းပြန်ပြီးကူညီနိုင်တဲ့ အင်အားက ရိုးရိုး စဉ်းစားရင် တော်တော်နည်းနေမယ်လို့ထင်ရတာပေါ့ ။ အစိုးရက သူကိုယ်တိုင် သိပ်ပြီးမစွမ်းဆောင်နိုင်တဲ့ အချီန်မှာ civil society  ကတစ်နည်းနည်းနဲ့ အားကောင်းရှင်သန်လာတဲ့အခါမှာ စောစောကပြောတဲ့ အစိုးရလာက်က သာလျှင်လုပ်နိုင်တယ်လို့ ယူဆရတဲ့ ကြီးကျယ်တဲ့ အလုပ်မျိုးတွေကိုပါ civil society အဖွဲအစည်းတွေ အင်အားစုတွေက လုပ်နိုင်မလား ။

                  မူချပြီးလုပ်ရမှာတွေ အများကြီး

ဖြေ ။  အစိုးရကမှသာ လုပ်နိုင်တယ်ရယ်လို့ မဟုတ်ဘူး ။ အစိုးရက ပိုပြီးထိထိရောက်ရောက် လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ဥပမာ - ပညာရေး ကဏ္ဍမှာ မြန်မြနဆန်ဆန် တိုးတက်ချင်လို့ရှိရင် civil society တွေလုပတာကို စောင်နေလို့မရဘူး ။အစိုးရက မူချပြီးလုပ်ရမှာတွေ အများကြီးရှိတယ် ။ ဥပမာ -ကျောင်းတွေပြုပြင်ရေး ကျောင်းကသင်ရိုးညွှန်းတမ်းတွေပြုပြင်ရေး ၊ ဒါတွေလုပ်ရမှာ အစိုးရကလုပ်ရမှာ ။ ကျွန်မတို့လို civil society  တွေကဘာလုပ်သလဲဆိုတော့ အခမဲ့ကျောင်းတွေပေါ့ ။ အခမဲ့ကျောင်းတွေက မူလတန်းအဆင့်ကနေ စပြီး သင်ရတယ် ။ဒါပေမဲ့ အခုအထက်တန်းအဆင့်အထိ ရောက်ပါပြီ ။ဒါပေမဲ့ သင်ရိုးညွှန်းတမ်းကတော့ ဒါ အစိုးရ ဆုံးဖြတ်ထားတာ။ ကျွန်မတို့ဒီကျောင်းတွေ ဖွင့်ရတယ်ဆိုတာကိုကပဲ အစိုးရကျောင်းတွေ မလုံလောက်လို့ ၊ ပြီးတော့တချို့ ကိစ္စတွေမှာ အစိုးရက ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေရှိတယ် ။ အပြင်ကလူတွေလုပ်ရတာအကန့်အသတ်နဲ့ လုပ်ရတာ ။ နိုင်ငံတကာကအကူအညီတွေ အခုလည်း ရယူနေတာပဲ။ အခုဆိုရင် နိုင်ငံတကာကပံ့ပိုးထားတဲ့  NGO တွေ အများကြီးရှိတယ် ။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ အခုဘုန်းတော်ကြီးပညာသင် ကျောင်းတွေ ဆိုရင် နိုင်ငံတကာကဖွံ့ဖြိုးရေး ကူညီမှု အဖွဲတွေကနေ ထောက်ပံ့ထားတဲ့ ကျောင်းတွေ အများကြီး ရှိတယ်။ အများကြီးဆိုတာ တကယ်တော့ အမှန်ပြောရရင် တိုင်းပြည်တစ်ပြည်လုံးနဲ့ ကြည့်လိုက်ရင် မများဘူးပေါ့ ။ ဒါပေမဲ့ နည်းနည်းများလာပြီလို့ ပြောရမှာပေါ့။


                    သြဇာရှိနိုင်တဲ့ အခြေအနေ

မေး ။  အစိုးရပိုင်းက လုပ်တာ သိပ်အားနည်းနေလို့ရှိရင် civil society တွေက လုပ်တာသိပ်အားများလာရင် သူက ပိုပြီး လွှမ်းမိုးသွားနိုင်သလား ။ သို့မဟုတ် မလွှမ်းမိုးတောင် သူရဲ့ ဆောင်ရွက်ချက်တွေသည် ပိုပြီး ကြီးကြီးမားမား သိသိသာသာကြီး ဖြစ်လာနိုင်ပါသလား ။

ဖြေ ။  သိသာမှုတော့ ဖြစ်နိုင်ပါတယ် ။ ကျွန်မ လေ့လာ ကြည့်တဲ့အခါမှာတော့ အင်အား အင်မတန်ကြီးတဲ့တိုင်းပြည်တွေမှာတောင်မှ အစိုးရကိုလွှမ်းမိုးတာထက် အစိုးရ အပေါ်မှာ သြဇာ ရှိနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပဲဖြစ်လာပါတယ် ။ ဥပမာဆိုလိုရှိရင် အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးမှာ ကြည့်မယ်ဆိုရင် civil society တွေက တော်တော်သန်ပါတယ် ။ အဲဒီတော့ lobby group တွေက အစိုးရရဲ့ ဆုံးဖြတ်ချက်တွေ ဘာတွေအပေါ်မှာ သြဇာ ရှိလာတာပေါ့ ။

မေး ။  အခုတလော ဖြစ်နေတဲ့ မြစ်ဆုံ ပြသနာကို အကြောင်းပြုပြီး သဘာဝပတ်ဝန်းကျင်ကိစ္စမှာ လူတွေစိတ်ဝင်စားမှု ပိုများလာပါတယ် ။ အစ်မအနေနဲ့ ကျွန်တော်တို့  တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဘယ်လောက်ကြီးမားတယ်လို့ မြင်ပါသလဲ ၊ အဲဒီအပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်မှုကော ဘယ်လောက်လိုအပ်နေတယ်လို့ မြင်ပါလဲ။


                    ပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဖြေ ။  ထိန်းသိမ်းစောင့်ရှောက်မှုကတော့ အတော့်ကိုလိုအပ်နေတယ် ။ ပြည်သူတွေကို ပညာပေးဖို့ပဲ ။အများပြည်သူက သိမှ ၊ ပတ်ဝန်းကျင်က လူတိုင်လူတိုင်ဟာ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ အသိရှိမှ ။ ဥပမာ -ပလတ်စတစ် အိတ်လေးတစ်အိတ် လွှင့်ပစ်လိုက်ရင် ပေါ့ပေါ့တန်တန် မဟုတ်ဘဲ ငါ ဒါကို ဒီနာဒမှာလွှင့်မပစ်ဘူး ။ ဟိုနားမှာ အမှိုက်တောင်းရှိတဲ့အထိုသွားမယ်။ အမှိုက်တောင်းရှိတဲ့နေရာ ရောက်မှပဲ ထည့်မယ် ၊ အဲဒီလို အသိလေးပေါ့ ။ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ကျောင်းက ကိုသင်တယ် ။ ကလေးတွေကို ငယ်ငယ်ကတည်းက ဒီအသိတွေ ထည့်ပေးရမယ် ။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ထိန်းသိမ်းရမယ် ၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ကိုယ်တာဝန်ယူရမယ်။


                   နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာရေး

မေး ။  နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုပါဝင်လာဖို့အတွက် ကျတော့ရော လူထုကို ပညာပေးဖို့ ဘယ်လို လုပ်နိုင်ပါသလဲ ၊ အစ်မဘယ်လိုမြင်လဲ ။

ဖြေ ။  လုပ်နိုင်တဲ့နည်းတွေအများကြီး ရှိပါတယ် ။ ဥပမာ - မီဒီယာကလည်းလုပ်နိုင်တာပဲ ၊ မဂ္ဂဇင်းတွေ ဂျာနယ်တွေထဲမှာ ဒီကိစ္စတွေအကြောင်းထည့်ရမယ် ၊ ပြည်သူတွေ ဖတ်တဲ့လူတွေက သိအောင်လို့ပေါ့ ။ ဒါတွေကကျောင်းမှာကတည်းက သင်၇မှာ။ ကလေးတွေက ငယ်ငယ်ကတည်းက မဖြစ်မနေ သင်ယူရတဲ့ပုံစံမျိုး ၊ ကျောင်းရောက်တော့ မဖြစ်မနေသင်ယူရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ ဂျာနယ်ကျတော့ ဖတ်ချင်မှ ဖတ်မှာပေါ့ ။ ဖတ်ချင်တဲ့လူဖတ်မယ် ၊မဖတ်ချင်တဲ့လူမ ။ ဒါပေမဲ့ ကျောင်းတွေမှာ သင်မယ်ဆိုရင်တော့ အလိုလို ကျောင်းတက်တဲ့ လူတိုင်က သိသွားတာပေါ့ ။အစိုးရမှာအများကြီးတာဝန် ရှိတယ်ဆိုတာ ဒါတွေပါ။  ကျွန်မတို့ အခမဲ့ ကျောင်းတွေမှာဆိုရင် ကျွန်မတို့ ဆရာတွေက သင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဒီအသိတွေ ရှိအောင်လို့ပါ ။ ကျွန်မတို့ကျောင်းတွေက တစ်တိုင်းပြည်လုံးကကျောင်းတွေနဲ့စာရင် နည်းနည်းလေးပဲ ။ လူဦးရေ ဘယ်လောက်ရှိလဲ ၊ ရာဂဏန်းလောက် ရှိတာ ။ အခုဆိုရင် ထောင်ဂဏန်းလောက် ရှိတာပေါ့ ။ ဒါလည်း အင်မတန်မှ နည်းပါတယ် ။ ကျွန်မတို့တိုင်းပြည် အတိုင်းအဆနဲ့ ဆိုရင်ပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...