Thursday, September 29, 2011

အချစ်စွမ်းအား လျှို့ဝှက်ချက်


လျှို့ဝှက်ချက် ၁ ။ ။ တွေးတောခြင်း ရဲ့ စွမ်းအား
 ချစ်ခြင်း အစ အတွေးက လို့ ဆိုပါတယ်။ ကျွန်တော်တို့အတွေးတွေက ကျွန်တော်တို့ကို ဖန်တီးပါတယ်။ ချစ်စဖွယ် အတွေးတွေက ချစ်စဖွယ် အတွေ့အကြုံတွေနဲ့ ကြည်နူးဖွယ် ပေါင်းသင်းဆက်ဆံခြင်းတွေကို ဖန်တီးပေးပါတယ်။ မှန်ကန်တဲ့ အတွေးနဲ့ ချမှတ်ထားတဲ့ ခိုင်မြဲစွာယုံကြည်ချက်က ကျွန်တော်တို့ကိုယ်တိုင် နဲ့ သူတစ်ပါးအပေါ်မှာ ထားရှိတဲ့ ယုံကြည်ချက်နဲ့ အတွေးတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်ယောက်ကို ချစ်ပြီဆိုရင် သူ့ရဲ့ ဆန္ဒတွေ ၊ လိုအပ်ချက်တွေကို ပါ ထည့်စဉ်းစားဖို့ လိုပါတယ်။ နှစ်ဦး နှစ်ဘက် လက်ခံနိုင်မှုကို ထည့်သွင်းစဉ်းစားပြီးမှ လက်တွဲကြရင် မေတ္တာခရီးက ပိုမိုချောမွေ့ပါလိမ့်မယ်။


လျှို့ဝှက်ချက် ၂။ ရိုသေလေးစားခြင်းရဲ့ စွမ်းအား
 လူတစ်ယောက်ကို ပထမဆုံး လေးစားမှု မရှိပဲနဲ့ ချစ်လို့မရနိုင်ပါဘူး။ သင် ပထမဆုံး အရင်လေးစားရမှာက သင်ကိုယ်တိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား ၊ ကိုယ့်ကိုယ်ကိုယ် ဘာတွေ လေးစားစရာ ကောင်းလဲ ဆိုတာ အရင်ဆုံး သုံးသပ်အဖြေရှာသင့်ပါတယ်။ ပြီးမှ သူ့မှာရော ဘာလေးစားစရာကောင်းလဲ ဆိုတာ စဉ်းစားသင့်ပါတယ်။လေးစားမှုရှိမှ အချစ်ခိုင်မြဲမှုကိုဖြစ်စေပါတယ်။

လျှို့ဝှက်ချက် ၃။ ပေးဆပ်ခြင်းရဲ့ စွမ်းအား
အချစ်စစ်ကို သင် လိုချင်တယ်ဆိုရင် ပထမဆုံး ပေးဆပ်တတ်ရပါမယ်။  ပိုပြီး အချစ်တွေပေးလေ... သင့်မှာလဲ အချစ်တွေ တိုးလို့ ရရှိပါလိမ့်မယ်။  ချစ်တယ်ဆိုတာ ပေးဆပ်ခြင်းကြောင့် အဓိပ္ပာယ်ပြည့်ဝလာတာဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ် ရေရှည်တည်မြဲတဲ့ ပေါင်းသင်းဆက်ဆံခြင်းရဲ့ လျှို့ဝှက်ချက်က သူများဆီက ရယူတာထက် ကိုယ်က ပေးဆပ်တတ်တာဖြစ်ပါတယ်။

လျှို့ဝှက်ချက် ၄။ မိတ်ဆွေစစ်ခြင်းရဲ့ စွမ်းအား
အချစ်စစ်ကို ရှာနေတဲ့ သင်ဟာ ပထမဆုံး ကိုယ်တိုင်က ကိုယ့်ချစ်သူရဲ့ မိတ်ဆွေစစ်ဖြစ်ဖို့လိုပါတယ်။ တစ်ယောက်ယောက်ကို လုံးဝနှစ်နှစ်ကာကာချစ်ဖို့ ဆိုရင် စိတ်ချင်းနားလည်ပြီး ပေါင်းသင်းနိုင်မဲ့ မိတ်ဆွေစိတ်ထားနဲ့ သူ့ကို ချစ်တတ်ဖို့လိုပါတယ်။ ချစ်သူနဲ့ စစ်မှန်တဲ့ မိတ်ဆွေဖြစ်ခြင်းဟာ အချစ် သစ်စေ့လေးတွေ ပေါက်လာစေတဲ့ မြေကြီး နဲ့တူပါတယ်။

လျှို့ဝှက်ချက် ၅။ ထိတွေ့ခြင်းရဲ့ စွမ်းအား
ထိတွေ့မှု ဆိုတာ စွမ်းအားအပြည့်ဆုံး ချစ်ခြင်းသင်္ကေတ၊ အတားအဆီးကို ကြံ့ကြံ့ခံနိုင်ပြီး၊ ပေါင်းသင်းဆက်ဆံမှု သံယောဇဉ်ကို ခိုင်မာစေတဲ့ ကြိုးတစ်ချောင်းဖြစ်ပါတယ်။ ထိတွေ့မှုဟာ ကျွန်တော်တို့ရဲ့ ရုပ်နဲ့ စိတ်ခံစားချက်တွေပြောင်းလဲစေရုံမက... အချစ်ကိုပိုပြီး နားလည်လက်ခံတတ်စေပါတယ်။

လျှို့ဝှက်ချက် ၆။ စွန့်လွှတ်နိုင်တဲ့ စွမ်းအား
တစ်ယောက်ယောက်ကို ချစ်ပြီဆိုရင် သူ့ကို လွတ်လပ်မှုပေးသင့်ပါတယ်။ အချစ်နဲ့ ဆက်ဆံရေးမှာ လူတွေဟာ နေရာလွတ်ကို တောင့်တကြတယ်။ လွတ်လပ်မှုကို မြတ်နိုးကြတယ်။ ချုပ်ချယ်မှုကို မနှစ်မြို့ကြဘူး။ ချစ်တတ်ချင်တယ်ဆိုရင် သင်ဟာ ပထမဆုံး စွန့်လွှတ်တတ်ရပါမယ်။ အတိတ်ရဲ့ ဒဏ်ရာတွေနဲ့ သောက တွေကို စွန့်ပယ်နိုင်ရပါမယ်။ ချစ်သူကိုလဲ ခွင့်လွှတ်နားလည်ပေးနိုင်ရပါမယ်။ အချစ်ဆိုတာ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတွေနဲ့ မာနတရားတွေကို စွန့်လွှတ်တတ်ခြင်းရဲ့ ပြယုဂ်ပါပဲ။

လျှို့ဝှက်ချက် ၇။ ပြောဆိုဆက်ဆံခြင်းရဲ့ စွမ်းအား
တစ်ယောက်ယောက်ကို ချစ်ပြီဆိုရင် သူနဲ့ စကားပြောရပါမယ်။ သင်ချစ်တယ်ဆိုတာကို သူတို့သိအောင် ပြောရ ဆိုရ၊ မေတ္တာတရားကို အသိအမှတ်ပြုပေးရမှာဖြစ်ပါတယ်။ "ငါနင့်ကို ချစ်တယ်" ဆိုတဲ့ စကားကို ပြောဖို့ တွန့်ဆုတ်မနေပါနဲ့။ ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို ချီးမွမ်းခြင်းနဲ့ အသိအမှတ်ပြုခြင်း အခွင့်အရေးတွေကို လက်မလွတ်ပါစေနဲ့။ နောက်ဆုံးတွေ့ရတော့မဲ့ ပုံစံနဲ့ သူ့ကို သင် မည်မျှ ချစ်ကြောင်း အမှတ်တရလေးတွေ ပြောဆို ထားရစ်ခဲ့ဖို့လိုပါတယ်။

လျှို့ဝှက်ချက် ၈။ ၀န်ခံခြင်းရဲ့ စွမ်းအား
သင်ဟာ အချစ်တွေ အများကြီး ပိုင်ဆိုင်ချင်တယ်ဆိုရင်... ၀န်ခံတတ်ဖို့လိုပါတယ်။ ၀န်ခံခြင်းဆိုတာ အချစ်စစ်ရဲ့ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ ချစ်ခြင်းတွေကို ပိုင်ဆိုင်ချင်ရင် သင်ကလဲ ချစ်ကြောင်း ၀န်ခံတတ်ရပါမယ်။ မိမိအမှား လုပ်ခဲ့သည့်တိုင် ရိုးသား ပွင့်လင်းစွာ ၀န်ခံတတ်ရပါမယ်။ရှောင်လွှဲခြင်းဟာ ရွေးချယ်စရာ တစ်ခုမဟုတ်ပါဘူး။ ၀န်ခံခြင်းကသာ ကွဲအက်လွယ်တဲ့ အချစ်တွေမှ ခိုင်မြဲပြီး သိမ်မွေ့   နူးညံ့တဲ့ အချစ်တွေကို သယ်ဆောင်ပေးပါလိမ့်မယ်။

လျှို့ဝှက်ချက် ၉။ ကရုဏာထားခြင်းရဲ့ စွမ်းအား
ကရုဏာဟာ အချစ်ရဲ့ မီးတောက်ဖြစ်ပြီး၊ အချစ်ကို သက်ဝင်လှုပ်ရှားစေပါတယ်။ ကရုဏာထားနိုင်တယ်ဆိုတာ ရုပ်ပိုင်းအရ ဆွဲဆောင်မှု ရှိယုံမျှကို ဆိုလိုတာ မဟုတ်ပါဘူး။ နက်နဲစွာ ၀န်ခံတတ်ခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း၊ နှစ်ဦး နှစ်ဘက် အရေးကို စိတ်ပါဝင်စားခြင်း တို့ကသာ မေတ္တာကို ရောင်ပြန်ဟပ်စေပါတယ်။ အချစ်နဲ့ ပျော်ရွှင်မှုရဲ့ အနှစ်သာရက အတူတူပါပဲ။ လုပ်ရမှာက ကရုဏာအပြည့်နဲ့ လက်တွဲကြဖို့ပါပဲ။

လျှို့ဝှက်ချက် ၁၀။ ယုံကြည်ခြင်း ရဲ့ စွမ်းအား
နောက်ဆုံး အနေနဲ့ သင်ဟာ လူတစ်ယောက်ကို မယုံကြည်ပဲနဲ့ သူ့ကို လုံးဝချစ်တယ်လို့ မဆိုနိုင်ပါဘူး။ လူတစ်ယောက်ကို ချစ်ပြီဆိုရင်... သူ့ပေါ်ထားတဲ့ အချစ်တွေ မကုန်ဆုံးနိုင်သကဲ့သို့ ပြုမူ သင့်ပါတယ်။ ယုံကြည်ခြင်းဟာ ချစ်ခြင်း တည်ဆောက်မှုမှာ မရှိမဖြစ်အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ သူများတွေကိုလဲ ယုံကြည်ပါ။ ကမ္ဘာကြီးကိုလဲ ယုံကြည်ပါ။ ချစ်သူကိုလဲ ယုံကြည်ပါ။ အဲဒါဟာ အချစ်ရဲ့ အခြေခံ အုတ်မြစ်ပါပဲ။

မူရင်း၊ ၊ The power of love secret
ကျေနပ်နိုင်ကြပါစေ။
(ဇေယျာ)30/Sep/2011, Friday , 7:00 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...