“အက်ဆေး”
by Sein Khat Soe on Saturday, September 24, 2011 at 12:38pm
“လူဆိုတာ အက်ဆေးရေးတတ်ရမယ်။”တဲ့………………………
ငယ်ငယ်က ဇီဇဝါပန်းနံ့သင်းနေတဲ့ အတန်းပိုင်ဆရာမလေးကသင်ပေးခဲ့တယ်။
ခုတော့ ကိုယ့်ရှေ့မှာ တွေ့သမျှ ကြယ်ငါးတွေရေထဲပြန်ပြန်ပစ်ချရင်း
ကိုယ်တိုင်ကို ကုန်းပေါ်မှာလေနစ်ရင်း ဆန့်ငင်ဆန့်ငင်ဖြစ်……။
ယုံကြည်သလို ရေးဆွဲခဲ့မိတာတွေက…………….
ဆရာမလေးစကား “လူဆိုတာ အက်ဆေးရေးတတ်ရမယ်။”ကိုပြန်ပြန်ကြားရင်းနဲ့
လူဆိုတာ သက်ပြင်းလည်းချတတ်ရမယ်။(သင်ပေးခဲ့တယ်။ ဆက်သင်ခဲ့တယ်။)
လူဆိုတာ အာဏာရှင်နဲ့လည်းနေတတ်ရမယ်။(သင်ယူခဲ့တယ်။ ဆက်သင်နေတယ်။)
လူဆိုတာ ချည်သားပိုးသားဝတ်ပြီး ပန်းသီးလည်းစားတတ်ရမယ်။(သင်လိုက်တယ်။ ဆက်သင်ဖြစ်တယ်။)
တခါက အကြောင်းကိုပြန်ပြောကြရင်
လူတိုင်းကတော့ ယုံကြည်ချက်ကို ရွှေလိုဆင်ပြီး လမ်းထွက်ခဲ့တဲ့ လူငယ်ပါဘဲ။
အခုတော့ မြေမှုန်နီနီလွင်လွင်တွေဆင်ပြီး ညီအကိုမသိတသိ အိမ်အပြန်လမ်းတွေမှာ
ဟက်ဟက်ပက်ပက်ကြီးအသည်းကွဲလို့………………………………………………..။
မမေးဘဲ ဖြေကြေးဆိုလည်း (ဒစ်ပလိုမေစီပြောပြော၊ ဓမ္မလို့တင်တင်၊ မာယာလို့ဆွဲဆွဲ)
မြေမှုန်တွေနဲ့ ဝေနေတဲ့ကိုယ်ဟာ “ငြိမ်းချမ်းရေး”ဆိုတာကိုဘဲပိုယုံလာတယ်။
အဘိုးအဘွားမိဘများရဲ့လက်ငုတ်အဖြစ် ကိုယ်ဆက်ချစ်ခဲ့တယ်။
ပြီးတော့ ကိုယ်သွေးကိုယ့်မြေးတွေလည်း ဆက်လက်ထုလုပ်နေဦးမယ်လို့ ယုံတယ်။
ဒါဟာ အသက်ကြီးမှ ချိုမိုင်မိုင်ကတာနဲ့တူချင်တူမယ်။
ဒါဟာ လူရွှင်တော် ငိုချင်းချတာနဲ့တူချင်တူမယ်။
ဒါပေမယ့် လူဆိုတာ အက်ဆေးရေးတတ်ရမယ်။
လိုအပ်လာရင် သူတပါး အက်ဆေးကို ငြိမ်းချမ်းရေးနဲ့ ဝင်ရေးပေးနိုင်ရမယ်။
ငယ်ငယ်က စုန်းမကြီးတံမြက်စီး စီးပြီးမိုးပျံတဲ့အကြောင်းပြောပြတော့
ဟယ်ရီပေါ်တာနဲ့ကြီးတဲ့ တူတူမလေးတွေက
သူတို့ဦးလေးပုံပြင်ကိုနားထောင်ပြီး ဖြိုးဖြိုးဖျတ်ဖျတ်ရယ်ကြမောကြတယ်…..။
ခေတ်ဟာ ရွှေနဲ့မြေကို တလှည့်စီပေးခဲ့တယ်။ ခု ကိုယ်နည်းနည်းလေး သိလာထင်မိတယ်။
အဝေးမှာနေတဲ့ ညညတွေမှာ
တခါတခါ တူတူမလေးတွေရယ်သံက အိပ်မက်ထဲအထိ လျှံကျလာနေတယ်။
“မင်းတို့လေးတွေ အရွယ်ရလာရင် အက်ဆေးရေးတတ်ကြပါစေ”…………။ ။
စိမ်းခက်စိုး
(စနေနေ့) စက်တင်ဘာ ၂၄၊ ၂၀၁၁
နံနက် - ၁၀း ၃၂ နာရီ
မင်းတို့လေးတေါ အရွယ်ရလာရင်အက်ဆေးရေးတတ်ကြပါစေ...
ReplyDelete