Thursday, September 22, 2011

[mrsorcerer:10932] ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း


daw aung san su kyi ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လအတွင်းတွေ့ဆုံခဲ့ခြင်းက မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အရေးပါသည့် ပုံရိပ်တစ်ခုအဖြစ် ရှိခဲ့သလို ပြည်သူများအကြား အမျိုးသား ရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်လည်း ပေါ်ထွက်ခဲ့ရသည်။ နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုများကို အားရကျေနပ်ကြောင်းနှင့် နှစ်ဖက်ဆွေးနွေးမှုများက အချိန်ကန့်သတ်မထားသော်လည်း မြန်ဆန်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်မှာ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်မှ ရက်ပေါင်း ၃၀၀ ကျော်ရှိပြီ ဖြစ်သည်။ ထိုကာလအတွင်း ၎င်း၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီတစ်ရပ်အဖြစ် လှုပ်ရှားမှုများ ပိုမို အားကောင်းလာသည့်အပြင် သားဖြစ်သူနှင့်အတူ ရန်ကုန်ပြင်ပ မိသားစု အပန်းဖြေခရီးစဉ်အဖြစ် ပုဂံသို့ ရွေးချယ်သွားရောက်ခဲ့သည်။ ပထမဆုံး စည်းရုံးရေး ခရီးစဉ်ကိုလည်း ပဲခူးမြို့သို့ ရွေးချယ်သွားရောက်ခဲ့သည်။

ပြည်တွင်း မီဒီယာများတွင်လည်း ၎င်း၏သတင်းနှင့် ပုံရိပ်များကို ယခုလပိုင်းအတွင်း ထည့်သွင်း ဖော်ပြခွင့်ရရှိလာကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားသော ဆောင်းပါးများကိုပင် ဖော်ပြခွင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် 7Day News အယ်ဒီတာအဖွဲ့က ၄င်းလွတ်မြောက်အပြီး ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် စက်တင်ဘာ ၁၃ ရက်က ပါတီဌာနချုပ်ရုံးခန်းတွင် နာရီဝက်နီးပါးကြာ တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ 7Day News အယ်ဒီတာအဖွဲ့၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

အခုဆိုရင် နေအိမ်အကျယ်ချုပ်က လွတ်တာ တစ်နှစ်နီးပါးရှိပြီဆိုတော အပြင်မှာရှိနေတဲ့ ကာလတလျှောက်လုံးမှာ လုပ်ခဲ့တဲ့အလုပ်တွေထဲက အန်တီ့အနေနဲ့ အားရအကျေနပ်ဆုံး တစ်ခုကိုပြောပါဆိုရင် ဘယ်ဟာလို့ မှတ်မှတ်ရရ ပြောချင်ပါသလဲ။

ပြောရရင်တော့ တစ်ခုမဟုတ်ဘူး။ နှစ်ခု။ တစ်ခုက ဒီမိုကရေစီကွန်ရက်လုပ်တာ တော်တော်အောင်မြင်တယ်။ အဲဒါတော့ အန်တီအားရတယ်။ နောက်တစ်ခု ကတော့ သမ္မတဦးသိန်းစိန် အစိုးရနဲ့စပြီး ညှိနှိုင်းဆွေးနွေးတာကလည်း အင်မတန်မှ အားရကျေနပ်စရာပါ။ နှစ်ခုလုံးကတော့ အန်တီတို့နိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတာတွေချည်းပဲ။ ဒီမိုကရေစီကွန်ရက်ဆိုတာကတော့ ချိတ်ဆက်ထားတဲ့ အဖွဲ့လေးတွေပေါ့။ အဲဒီအဖွဲ့ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်းပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမဟုတ်တဲ့ အဖွဲ့လေးတွေလည်းပါတယ။် အားလုံးဟာ ဒီမိုကရေစီအဆောက်အအုံကြီး ခိုင်မာအောင်လို့ သူ့နည်းသူ့ဟန်နဲ့ လုပ်ကြတာပေါ့။ ပြည်သူတွေရဲ့ အင်အားကို မြင့်တက်အောင်၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ၊ အဲဒီထဲမှာဆိုရင် နိုင်ငံရေးအရ လှုပ်ရှားနေတာတွေ၊ လူမှုရေးအရလှုပ်ရှားနေတဲ့သူတွေရှိတယ်။ အခုဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ပါလာပြီ။ ပညာရေး၊ ကျန်းမာရေးကတော့ အစကတည်းကရှိတာပေါ့။ ဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး အန်တီတို့ ဥပဒေထောက်ကူအဖွဲ့လုပ်ထားတယ်။ ရှေ့နေကွန်ရက်ပေါ့။ ပြည်သူတွေကို ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးကူညီနိုင်ဖို့။ အဲဒါတွေလုပ်ထားတာ တော်တော်တော့ အောင်မြင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အခြေခံကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ ဥပဒေစိုးမိုးရေးနဲ့ ဒီသုံးခုနဲ့ပတ်သက်လို့ ဒီကွန်ရက်က ကျေနပ်လောက်အောင်လို့တော့ မပြောချင်ဘူး။ အမြဲပိုပိုပြီးလုပ်စေချင်တယ်။ အတော်အတန်တော့ စိတ်ထဲမှာကြည်နူးနိုင်တယ်။

အန်တီတို့ ပါတီမှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး အားလုံးကစိတ်ဝင်စားပါတယ။် ပါတီပြန်လည်ဖွဲ့စည်းဖို့အတွက် ပြင်ဆင်နေပါသလား။

အန်တီတို့ပါတီက အစတည်းက ပါတီကိုတည်နိုင်အောင်လို့ လုပ်ထားတာ။ ဒါကြောင့်အန်တီတို့ပါတီက အစကတည်းကရှိပြီးသားလေ။ မှတ်ပုံမတင်ရသေးဘူးဆိုပေမယ့် ပါတီက အခုသမီးတို့လာရင်လည်းတွေ့တာပဲ။ ပါတီကအရင်တိုင်းပဲ ဆက်လုပ်နေတာပဲလေ။ အရင်တုန်းက မှတ်ပုံတင်ကိုဖျက်ပါတယ်လို့ မပြောခင်တုန်းက ပုံစံအတိုင်းပဲ။ တကယ်ပြောရမယ်ဆိုရင် အခုဆိုရင်ပိုပြီးတော့တောင်မှ လှုပ်လှုပ်ရှားရှားရှိတယ်လို့ ပြောနိုင်တာပေါ့။ အဲဒီတော့အန်တီတို့ပါတီက ပြန်ဖွဲ့စည်းဖို့ဆိုတာ လိုတဲ့ပါတီမဟုတ်ပါဘူး။ မှတ်ပုံတင်တာရှိသလား၊ မရှိသလား။ ဒီဟာသာ စကားပြောနေရတာပါ။

အစိုးရသစ်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့အခြေအနေကျရင် ပြောပါမယ်လို့ ပြောထားတာရှိပါတယ်။ ဒါပေမယ့် သမ္မတကြီးနဲ့တွေ့ပြီးနောက်ပိုင်း သတင်းတွေပြန်ငြိမ်သက်သွားတော့ လက်ရှိ အခြေအနေတွေက ဘယ်လိုရှိလဲ၊ ဘယ်လောက်ထိမျှော်လင့်လို့ရမလဲလို့ သာမန်ြပည်သူတစ်ယောက်က မေးမယ်ဆိုရင် အန်တီဘယ်လိုပြန်ဖြေချင်ပါသလဲ။

အန်တီကတော့ အမြဲပဲပြောပါတယ်။ မျှော်လင့်ချင်တယ်ဆိုရင် အလုပ်လုပ်ရမယ်။ ကိုယ်လည်းဖြစ်နိုင်အောင်လို့ ကိုယ်တတ်နိုင်တဲ့ဘက်ကဝိုင်းပြီး အားပေးရမယ်။ ဥပမာအားဖြင့် ဒီလိုတွေ့ဆုံမှုတွေကနေပြီးတော့ တိုင်းပြည်အတွက် အကျိုးဖြစ်တဲ့ ရလဒ်တွေကို မြင်ချင်ပါတယ်ဆိုတာ ပြောလာဖို့ကလည်း ကိုယ်တတ်နိုင်သမျှလုပ်ရမယ်။ အဲဒါမှလည်းသက်ဆိုင်သူအားလုံးက သိရအောင်။ ပြည်သူတွေက ဘယ်လောက်ထိလိုလားနေတယ်ဆိုတာ။ အဲလောက်အထိ လုပ်ပေးလို့ရှိရင်တောင်မှ ကောင်းမယ်။ ဒါ့ထက်ပိုလုပ်ပေးလို့ရတယ်ဆိုရင်လည်း ဒါ့ထက်ပိုလုပ်ပေးပေါ့။ မျှော်လင့်နေမယ့်အစား မျှော်လင့်တာတော့ မျှော်လင့်ပါ့။ ကိုယ့်မျှော်လင့်ချက်ကိုဖြစ်မြောက်အောင် ကိုယ်တိုင်လည်းပါဝင်လှုပ်ရှားရမယ်။ ကာယကံ၊ ဝစီကံ၊ မနောကံပေါ့။ ဆိုလိုတာက ပထမ စိတ်ထဲကဖြစ်ချင်တာက မနောကံပေါ့။ ဝစီကံကတော့ ထုတ်ပြောတယ်တာပေါ့။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးမယ်ဆိုရင်တော့ ကာယကံမဖြစ်သွားဘူးလား။ (ရယ်လျက်) အဲဒီလိုမျိုး တစ်ဆင့်တစ်ဆင့်ပေါ့။

အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေရော၊ နေပြည်တော်သွားတဲ့ကိစ္စမှာရော၊ ပါတီအတွင်းမှာ အန်တီအနေနဲ့ ပြန်ပြီးညှိနှိုင်းရတဲ့အပိုင်းရှိမှာပေါ့။

သဘောတူညီမှုရဖို့အတွက် ညှိနှိုင်းရတာပေါ။့ အန်တီတို့က ဒီမိုကရေစီအဖွဲ့အစည်းပဲလေ။ ဘာပဲလုပ်လုပ် နောက်ဆုံးကျတော့ ဒီအဖွဲ့အစည်းရဲ့ ပါဝင်ထောက်ခံမှုမရှိဘဲနဲ့ လုပ်ဖို့ဆိုတာ မသင့်တော်ဘူး။ အန်တီတို့ ပြန်ညှိနှိုင်းတယ်။ ဒီကိစ္စတွေက အများပြည်သူပြန် အသိပေးနိုင်မယ့် အခြေအနေမဟုတ်သေးဘူးဆိုပေမယ့် အန်တီတို့ စီအီးစီနဲ့တော့ ဆွေးနွေးရတယ်။

နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေကိစ္စနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရသစ်အကြား ညှိနှိုင်းမှုတချို့ ဟိုရက်က သတင်းစာထဲမှာ ပါလာတာလည်း တွေ့ရပါတယ်။ နိုင်ငံတွင်းမှာ လက်နက်ကိုင်ပြဿနာတွေ ဖြေရှင်းဖို့အတွက် အဓိကစိန်ခေါ်မှုက ဘာလို့ အန်တီအနေနဲ့ထင်ပါသလဲ။

အဓိကတော့ ယုံကြည်မှုနဲ့ နားလည်မှုရှိ မရှိတာပေါ့။ ရှိတယ်ဆိုရင်လည်း အင်မတန်အားနည်းတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်တယ်ဆိုတာကလည်း နားလည်မှုရမှလည်း ယုံကြည်လို့ရမှာပေါ့။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရဖို့ဆိုတာ နှစ်ဖက်လုံးကြိုးစားရမယ်။ အန်တီပြောနေကျစကားပဲ ထပ်ပြောပါ့မယ်။ ပိုပြီးအားကြီးတဲ့သူက ပိုပြီးတော့ သဘောထားကြီးဖို့လိုပါတယ်။ အဲဒီလိုအန်တီခံယူပါတယ်။

daw aung san su kyiယုံကြည်မှုနဲ့နားလည်မှု ရှိဖို့ဆိုတာ နှစ်ဖက်စလုံးကို ပြောတာပါလား။

နှစ်ဖက်စလုံးပေါ့။ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ဆိုတာ တစ်ဖက်တည်းလုပ်လို့ မရဘူး။ နှစ်ဖက်စလုံးက တကယ်အဆင်ပြေချင်မှ။ တကယ်အဆင်ပြေချင်တယ်ဆိုလို့ရှိရင်လည်း အပေးအယူဆိုတာကို နားလည်ရမယ်။ အပေးအယူဆိုတာ ကိုယ်ကလည်းပေးရတယ်ဆိုတာရှိတယ်။ ကိုယ်ကပဲယူတယ်ဆိုတာ မရှိဘူး။ အပေးအယူဆိုတာ ဒါပါပဲ။ နှစ်ဖက်စလုံးက ကိုယ်လည်ပေးမယ်။ ကိုယ်လည်းယူမယ်။ အဲဒီလိုအခြေအနေကိုလက်ခံမှ တိုးတက်မှုရှိမယ်။ ကိုယ်လိုချင်တာအားလုံး မရလို့ရှိရင် ဆက်ပြီးတော့ မဆွေးနွေးဘူးဆိုရင် ဒါမျိုးဆိုတာ မဖြစ်သင့်ဘူး။

ပြီးတော့ အခုလောလောဆယ်လှုပ်ခတ်နေတဲ့ ဧရာဝတီကိစ္စ မေးချင်ပါတယ်။ ဟိုတစ်နေ့က ပြည်ထောင်စုဝန်ကြီးပြောတာကို အန်တီလည်းကြားပြီးဖြစ်မှာပါ။ အန်တီအနေနဲ့ အဲဒီအပေါ်မှာ ထင်မြင်ချက်လေးပြောပါဦး။

ဒီမိုကရေစီလမ်းကို လျှောက်ချင်တယ်ဆိုရင် ပြည်သူရဲ့အသံကိုနားထောင်ရပါမယ်။ ပြည်သူ့ရဲ့အသံကို နားထောင်ပြီးတော့ ပြောင်းသင့်တဲ့ဟာကို ပြောင်းရမှာပါ။ ဒါကတော့ ဒီမိုကရေစီလမ်းကို တကယ်လျှောက်ချင်တယ်ဆိုရင် ဒီမိုကရေစီနာမည်နဲ့ အစိုးရတာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ပြည်သူ့ အသံကိုနားထောင်ရမယ်။ ပြည်သူ့ရဲ့ဆန္ဒကို လေးစားရမယ်။ တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမယ်။

အန်တီတို့ပါတီက လူမှုရေးလုပ်ငန်းဘက်မှာတော့ တော်တော်လေးအင်အားကောင်းနေတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပိုင်းမှာရော လူငယ်တွေသတ်သတ်ဖွဲ့ပြီး လုပ်ဖို့ရှိပါသလား။

အဲဒါတွေလုပ်နေပါတယ်။ စပြီးတော့။ လူမှုရေးလောက်တော့ အရှိန်မရသေးဘူး။ လူမှုရေးကတော့ လုပ်တာကြာပြီဆိုတော့ အရှိန်ကပိုပြီးတော့ရနေတယ်။ အခုပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ကတော့ အန်တီတို့နိုင်ငံမှာ စပြီးတော့လုပ်တာက မကြာသေးဘူး။ မကြာသေးဘူးဆိုပေမယ့် အန်တီတို့ ဒီဟာတွေက အားပေးခဲ့တာကြာပါပြီ။ အခုမှမဟုတ်ပါဘူး။ သစ်ပင်စိုက်တဲ့ကိစ္စတို့၊ နောက်ရိုးရိုးကိစ္စလေးတွေပါ။ တချို့လူတွေကဆိုရင် တွေ့ကရာနေရာမှာ ဟိုဟာပစ်၊ ဒီဟာပစ်၊ အထူးသဖြင့် ပလတ်စတစ်ပစ်တာပါ။ အဲဒါတွေ မလုပ်ဖို့။ အဲဒါတွေကိုတော့ အန်တီတို့ ပညာပေးနေတာ၊ ဒီကိစ္စတွေမှာ အသိရှိဖို့ အားပေးနေတာကြာပါပြီ။ နည်းနည်းကျယ်ကျယ်ပြန့်ပြန့်တော့ မလုပ်ခဲ့နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်ချက်က အရမ်းများတာကိုး။ ဥပမာဆိုရင် အန်တီတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ လူမှုရေးကိစ္စတွေမှာ လိုအပ်လွန်းလို့သာ ဝင်လုပ်နေရတာ။ ဒီလိုလုပ်ဖို့ဆိုတာ ငွေရေးကြေးရေး၊ လူအင်အားလည်းလိုတယ်လေ။ ပိုပြီးတော့ အရေးကြီးတဲ့ဟာ ဦးစားပေးတာပေါ့။ ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကလည်း အင်မတန်အရေးကြီးတယ်။ အများပြည်သူကလည်း နားလည်လာပြီဆိုတော့ အန်တီတို့ဘက်က၊ တတ်နိုင်တဲ့ဘက်ကချဲ့မယ်။ ပြီးတော့ အကန့်အသတ်ကလည်းရှိသေးတယ်။ ငွေအင်အား၊ လူအင်အားအကန့်အသတ်ပေါ့။

ပဲခူးပြီးတော့ နောက်ခရီးစဉ်တွေကိစ္စကရော ဘယ်လိုရှိပါသလဲ။

အန်တီစဉ်းစားထားတာတော့ အခုမိုးကုန်တော့မှ စီစဉ်ရင်ကောင်းမယ်လို့ထင်တယ်။ ပဲခူးသွားတုန်းကလည်း အန်တီတို့ကံကောင်းလို့ပေါ့။ သွားတဲ့နေ့က ရာသီဥတုကကောင်းပြီး ရေကနည်းနည်းကျသွားတယ်။ အဲဒီအချိန်တုန်းက သွားမယ့်လမ်းတွေမှာ ရေဖုံးတာနဲ့ဘာနဲ့ အစီအစဉ်တွေ ကောင်းကောင်းမွန်မွန်လုပ်ဖို့ ခက်ခဲပါတယ်။ မုတ်သုံကုန်သွားတဲ့အထိတော့ စောင့်ရမယ်။

ဦးစားပေးရွေးမယ်ဆိုရင် ဘယ်နေရာတွေဖြစ်မလဲမသိဘူး။

အဲဒါကတော့ ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ အရေးကြီးတာက မန္တလေးလိုနေရာ အရေးကြီးတယ်။ မန္တလေးက နည်းနည်းဝေးတယ်လေ။ ပိုပြီးတော့နီးတဲ့နေရာကို ပထမသွားရင် ကောင်းမလားလို့။ လက်တွေ့ကျ၊ မကျလည်း ကြည့်ရသေးတယ။် နောက်ပြီးတော့ ဒီအန်တီတို့အဖွဲ့ချုပ်ရဲ့ အင်အားလိုအပ်ချက်။ အဲဒါလည်းကြည့်ရမယ်။ အန်တီတို့ ပဲခူးခရီးစဉ်လိုပဲ အခုသွားဖြစ်ရင်လည်း ညှိနှိုင်းပြီးတော့သွားမှာပါ။ ပဲခူးသွားတုန်းက အများကြီးအဆင်ပြေပါတယ်။

သွားခဲ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ တော့အန်တီ့အနေနဲ့ စာပြန်ရေးဖို့၊ ဒါမှမဟုတ် အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေ မြန်မာဘာသာနဲ့ စာအုပ်ထုတ်ဖို့ အစီအစဉ်ရှိပါသလား။

စာကတော့ အန်တီကရေးတော့ရေးတာပေါ့။ တစ်ခါတလေ နိုင်ငံခြားက ဂျာနယ်တွေအတွက် ရေးရတာတွေရှိတယ်။ စာက ရေးတော့ရေးချင်တယ်။ ဒါပေမယ့် အချိန်ဒီလောက်မရှိဘူး။ နိစ္စဓူဝလုပ်ငန်းတွေ၊ အလုပ်တာဝန်တွေနဲ့ဆိုတော့ စာရေးရင် အန်တီကတော့ စဉ်းစဉ်းစားစား ရေးချင်တာပေါ့။ အများကြီးလည်း မရေးနိုင်ဘူး။ နည်းနည်းနဲ့ ကောင်းကောင်း ရေးချင်တယ်။ အများကြီးရေးဖို့ အချိန်လည်းမရှိဘူး။ အချိန်ရှိလည်း အများကြီး ရေးနိုင်ပါ့မလားမသိဘူး (ရယ်လျက်)။

အချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးပါတယ်။၏

http://www.planet.com.mm/news/read.cfm/id/18012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...