စစ်မှန်သည့် အပြောင်းအလဲများ ရှိလာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by The Irrawaddy (Burmese Version) on Thursday, September 22, 2011 at 2:29pm
ရန်ပိုင် Thursday, 22 September 2011 14:22
မြန်မာနိုင်ငံ၌ မကြာမီ ကာလအတွင်း စစ်မှန်သည့် အပြောင်းအလဲများဖြစ်မည့် လက္ခဏာများ တွေ့မြင်နေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
Clinton Global Initiative သို့ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Sophia Sofia Chan / Facebook)အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသည့် Clinton Global Initiative (CGI) ၏ ၇ ကြိမ်မြောက် ညီလာခံသို့ ဗီဒီယိုကွန်ဖရင့်မှတဆင့် ယမန်နေ့က တိုက်ရိုက် ပြောဆိုခြင်းဖြစ်သည်။
“ကျမ အစိုးရအဖွဲ့ဝင်တချို့နဲ့ စကားပြောခဲ့တယ်။ သိပ်မကြာခင်မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေဖြစ်မယ့် လက္ခဏာရှိတယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ညီလာခံသို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
“အပြောင်းအလဲကိုတော့ ပြောနေကြတာပဲ၊ ဒါပေမယ့် ပြည်သူတွေက တကယ့် အသေအချာ ပြောင်းလဲတာကို မြင်ချင်ကြပါတယ်။ ဘာဖြစ်ဖြစ် အနည်းဆုံးတော့ ဒါက အစလို့ ထင်ပါတယ်။ အပြောင်းအလဲတွေရဲ့ အစကို မြင်ရတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မည်သည့် ပြောင်းလဲမှုမျိုးဆိုသည်ကိုမူ ယခုဗီဒီယိုမိန့်ခွန်းတွင် အသေးစိတ်ပြောဆိုခြင်း မရှိပေ။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ “အကောင်းမြင်သမား တယောက်အနေနဲ့ သတိထားပြောရရင် စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းကို သွားနေတယ်၊ လမ်းစပေါ် ရောက်နေပြီလို့ ထင်မြင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာပြည်ကို ကမ္ဘာက ကူညီလိုလျှင် မြန်မာပြည်တွင်း၌ ဖြစ်ပျက်နေသည်များကို ကမ္ဘာက သိရှိနေရန်လိုကြောင်း၊ ကမ္ဘာက မြန်မာပြည်အခြေအနေအရပ်ရပ်ကို စောင့်ကြည့်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် အင်တာနက် လူမှုကွန်ရက်များမှ လှုံဆော်မှုကြောင့် အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် လူထုအုံကြွမှုများကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်နိုင်မည်ဟု မထင်ကြောင်း၊ မြန်မာနိုင်ငံတွင် အင်တာနက်ဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံဖြစ်သော တရုတ်၊ အိန္ဒိယတို့ကို ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည်က “အမြဲတမ်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းတွေရှိခဲ့တယ်။ အချိန်တွေ အခြေအနေတွေ ပြောင်းလဲပေမယ့် အိမ်နီးချင်းကောင်း အဖြစ်ဆက်လက်ရှိဖို့လိုတယ်။ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲမျိုးပေါ့” ဟု ပြောသည်။

0 comments:
Post a Comment