Thursday, September 29, 2011

“ ဧရာဝတီပျောက်လျှင် မီးဟုန်းဟုန်းတောက်မည် ”

by Wai Maw on Friday, September 30, 2011 at 9:41am
 -ဦးဖိုးသာအောင်-၃၀-စက်တင်ဘာ -၂၀၁၁
ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်မည့် စီမံကိန်းသည် ရေရော မြေရော လူတွေပါ အကြီးအကျယ်ဆုံး ဆုံးရှုံး နှစ်နာပျက်စီးကြရတော့မှာဖြစ်ပြီး မြန်မာနှင့် တိုင်းရင်းသားများ တမျိုးလုံးအတွက် ယနေ့အဓိက ကျသည့် အန္တရယ်ကြီးတရပ် ဖြစ်နေပါသည်။နိုင်ငံရေးပါးစပ်နှင့် နိုင်ငံရေးစကား ဆိုနေကြသည့် နိုင်ငံရေးအစ်ရှုးများထဲမှ အစိတ်အပိုင်းလေးတစ်ခု မဟုတ်ပါ၊

ဒီမိုကရေစီရေး၊ အကျဉ်းသားလွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေး စသည့် အရေးပေါင်းစုံတို့သည် ဧရာဝတီ မတိမ်ကော မ ပပျောက်ရေးနှင့် ယှဉ်လိုက်လျှင် မြန်မာတပြည်လုံးအတွက် မိုးနဲ့မြေ၊ ဆင်နဲ့ ဆိတ် ပမာ ကွာခြားလွန်းလှပါသည်။
နိုင်ငံရေးစကားနှင့် ပြောရလျှင် ပဋ္ဋိပက္ခတို့ရဲ့ အဓိကပဋ္ဋိပက္ခဘက်သည် ဧရာဝတီမှာတည်နေသည်ဟု ဆိုရပါမည်၊
ယနေ့မြန်မာ့နိုင်ငံရေးသည် အချိုးအကွေ့တခုကို ရောက်နေသည်ဟုဆိုဆို၊ စိန်နဲ့စု အတူလက်တွဲပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီဖော်ဆောင်ကြမည်ပဲ ပြောပြော နောက်ဆုံး ဒီမိုကရေစီ စနစ်ဖြင့် ပါတီစုံခေတ်ကြီးကိုပဲ ထူထောင် ထူထောင်၊ တရားမျှတပြီး လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ်ကြီးပဲ ထွန်းကားထွန်းကား အဲဒါတွေ အားလုံးသည် ဧရာဝတီ မပျောက်ရေး မနောက်ရေးနဲ့ ယှဉ်လိုက်လျှင် သာမည ပြဿနာများ၊ သာမည ပဋ္ဋိပက္ခများအဆင့်မှာသာ ရှိနေသည်။
ဧရာဝတီနောက်လျှင် လူကြောက်မျိုးတွေ ဖြစ်ရတော့မည်၊ ဧရာဝတီပျောက်လျှင်တော့ လူမျိုးပါ ပျောက်ကြရပေတော့မည်၊
လူကြောက်မျိုးတွေလည်း အဖြစ်မခံနိုင်ပါ၊
လူမျိုးလည်း အပျောက်မခံနိုင်ပါ၊
မိုးနဲ့မြေ ကြားတွင် လူသားစင်စစ် ဧကန်သာ ဖြစ်ပါစေ မြေနင်းခွာထောက် တယောက်မှ မရှောင်ပါ ရင်ဆိုင်ယှဉ်ပြိုင် အနိုင်ယူပါမည်ဟူသော သူရဲကောင်း သမိန်ဗရမ်းစိတ် ထားကြရတော့မည်သာ ဖြစ်သည်။

တိုင်းပြည်၏ မျက်နှာကို မကြည့်၊ အမျှော်အမြင်မရှိ၊ အဆင်ခြင်ကင်းမဲ့သည့် စစ်အာဏာရှင်လူတစု၏ လုပ်ရပ်ကြောင့် အရှေ့တောင် အာရှတွင် ကြွယ်ဝသည့် ဗမာပြည်သည် ယခုတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စားရင်းဝင် ဖြစ်ခဲ့ကြရပြီ မဟုတ်ပါလား၊
အင်္ဂလိပ်ကိုလိုနီခေတ်ကမှ အိမ်နီးချင်းက ကုလားတွေကို ခေါ်ပြီး ခိုင်းကြသေးတယ်၊
ကူလီအလုပ် ဗမာတွေ မလုပ်ခဲ့ကြဘူး၊ ညစ်ပတ်ခက်ခဲ ပင်ပန်းကြမ်းတမ်းအလုပ်တွေကို ဗမာတွေ မလုပ်ခဲ့ကြဘူး၊ အေးချမ်းသာယာချမ်းသာတဲ့ ပြည်မြန်မာရဲ့ဘဝဟာ စစ်ဗိုလ်နေဝင်း သေမင်းရဲ့ခံတွင်းဝမှာ အသက်ငင်နေရတာ ကြာပါပြီကော။
ဆိုရှယ်လစ်ရောင်ရောင် ဘာရောင်ရောင်နဲ့ အနောက်ဘက်အလိုကျ ကွန်မြူနစ်ကို တိုက်ဟန်ပြပြီး၊ အစိုးရလုပ်စားတဲ့ စစ်အာဏာရှင်တစုကြောင့် လူမွဲတိုင်းပြည် ဗမာပြည်ဖြစ်နေတာကိုတောင် အရှက်မရှိ မျက်နှာပြောင် တိုက်ပြီး သူတို့လည်း တိုင်းပြည်ကို ချစ်ကြပါသတဲ့၊
မြန်မာပြည်ကသာ စကားပြောတတ်ရင် “ နင်တို့ချစ်တာ ငါသိပါတယ် ” လို့ ပြောမှာ သေချာတာပေါ့ဗျာ၊

အာဏာရှင်ဆိုတာကလည်း ဥပဒေ ဥပဒက် ဘယ်ထည့်တွက်မှာလဲ၊
ရေမြေတောတောင် ပင်လယ် သမုဒ္ဒရာ မြေပေါ် မြေအောက် ရေပေါ် ရေအောက် ရှိရှိသမျှ သယံဇာတအားလုံး ရောင်းချပြီး ခွဲဝေယူထားကြတာ ကုန်ပါပေါ့လား၊
မသိချင်ရောင်ဟန်ဆောင်နေတဲ့ လူတွေ၊ နိုင်ငံတွေ ရှိနေပေမယ့် လူတွေပဲ သိကြတာပေါ့ စစ်အာဏာရှင်တွေ လုပ်လိုက်ပုံကတော့ သယံဇာတတွေ ရောင်းစားလို့ အားမရသေးပဲ ဧရာဝတီ ချင်းတွင်း သံလွင် စစ်တောင်း ပျက်ရာ ပျက်ကြောင်းကို ထည့်မတွက်ကြပဲ၊ လောဘရမက်ကြောင့် ငါးပါးမှောက် တိုင်းပြည်ပါ ပျောက်ရတော့ မှာပါလား။
ရွှေကို ယူသည်၊ ငွေကို ယူသည် ပြီးတော့ လူတွေကိုပါ သူများနိုင်ငံမှာ ကျွန်ဇာတ်သွင်းနေသည်၊ ဒါတွင် အားမရကြဘဲ ဧရာဝတီရဲ့အသဲကိုပါ တရုတ်တွေ အရက်နဲ့မြီးဖို့ ရောင်းစားနေကြပြီလေ၊
ဧရာဝတီရဲ့ ကြိမ်စာ မြန်မကြာလာတော့မှာပါ၊
ဧရာဝတီနဲ့လူထု ထပ်ထူပြုတဲ့ နာကျည်းချက်တွေက ရင့်ကျက်တဲ့ခွန်အားတွေအဖြစ် ပြောင်းလဲနေကြပြီ၊
တိုင်းဖျက် ပြည်ဖျက် လူမျိုးဖျက် နေကြတဲ့ စစ်အာဏာရှင်တို့ရဲ့ ဇာတ်သိမ်းပိုင်းက မျောက်မင်းအူသံနဲ့ မကြာခင် ကြည့်ကြရတော့မှာပါ၊
မျောက်မင်းအူသံနဲ့ ဇာတ်မသိမ်းချင်ရင် မြစ်ဆုံပေါ်က ရေကာတာနှင့် ဘာညာညာတွေ အားလုံးရုတ်သိမ်းပေးရန်သာ ဖြစ်ပါတော့သည်။

မြန်မာပြည်နေ လူထုတရပ်လုံး၏ တောင်းဆိုချက်သည် မြစ်ဆုံရေကာတာ စီမံကိန်းနှင့်တကွ မြစ်ကို ထိခိုက်မည့် ကိစ္စရပ်အားလုံး ဖျက်သိမ်းရေးပင် ဖြစ်ပါသည်၊
ဤအရေးသည် မြန်မာလူထု တရပ်လုံးအတွက် အပူတပြင်း လိုအပ်ချက်လည်း ဖြစ်နေပါသည်၊
ဤကိစ္စသည် နိုင်ငံရေး၏ အစိတ်အပိုင်းတခုလည်း မဟုတ်ပါ၊
ပါတီရေး ဝါဒရေး၊ ဒီမိုကရေစီရေးတို့ထက် သာလွန်ပြီး အမြင့်မားဆုံးဖြစ်သည့် အမျိုးသားရေး ကိစ္စကြီးတရပ် ဖြစ်နေပါသည်၊
တမျိုးသားလုံးနှင့် သက်ဆိုင်နေပါသည်၊ ဒါကြောင့် အမျိုးသားရေးတိုက်ပွဲဟု ဆိုနိုင်ပါသည်၊
ဤကြီးမားလေးနက်သည့် အမျိုးသားရေးတိုက်ပွဲကို အခြားသောနိုင်ငံရေးတိုက်ပွဲများနှင့်ရောရောပြီး အသေးသိမ်မခံနိုင်ပါ။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး- ဒို့အရေး၊
ဒီမိုကရေစီရရှိရေး- ဒို့အရေး၊
ပြည်တွင်းငြိမ်းချမ်းရေး - ဒို့အရေး၊
ဧရာဝတီကယ်တင်ရေး- ဒို့အရေး၊
စသည်ဖြင့် ဒို့အရေးများပေါင်းစုံ ရောရောပြီး တိုက်ပွဲဝင် တောင်းဆိုခြင်းမျိုး လုံးဝအဖြစ်မခံနိုင်ပါ၊
နံပါတ်တစ်- ဧရာဝတီ ကယ်တင်ရေး၊
နံပါတ် နှစ်/ သုံး အားလုံး ဧရာဝတီကယ်တင်ရေးကို အရင်လုပ်ကြရပါမည်၊
ဧရာဝတီကိုကယ်တင်အောင်မြင်ပြီးမှသာလျှင် အခြားအရေးကိစ္စများကို ဆက်လက်လုပ်ဆောင် သွားရပါမည်။

မည်သည့်ပါတီအဖွဲ့အစည်းမဆို၊ မည်သည့် လူပုဂ္ဂိုလ်တဦးချင်းမဆို လက်ရှိမိမိတို့ လုပ်ကိုင်လှုပ်ရှားနေကြသည့် နိုင်ငံရေးကဏ္ဍအသီးသီးကို လုပ်နိုင်ပါသည်၊
သို့သော် ဧရာဝတီကယ်တင်ရေးနှင့် မပေါင်းစပ်သင့်ပါ၊
အဘယ်ကြောင့်ဆိုသော် အလွန်အရေးကြီးလှသည့် အမျိုးသားရေးနှင့်ဆိုင်သည့် တိုက်ပွဲကို အားယုတ်လျှော့နည်းသွားတတ်ပါသည်၊
အရေးကြီးနေသည့်အချိန်တွင် လူတဦးတည်း စီးနင်း ရမည့် လှည်းယဉ်ပေါ်တွင် လူသုံးလေးဦးတင်ပြိး မမောင်းသင့်ပါ။
ဧရာဝတီကယ်တင်ရေးသည် တရုတ်နှင့်တိုက်ရိုက်ပါတ်သက်နေပါသည်၊ ဒါကြောင့် ဝါဒရေးရာသမားများ၊ တရုတ်နှင့် ပါတ်သက်ရာ ပါတ်သက်ကြောင်းများက သူတို့၏ ဝါဒရေး ရာများ ရင်ဝယ်ပိုက်ပြီး ဧရာဝတီကယ်တင်ရေး ကိစ္စထဲကိုဝင်ရောက် နှောက်ယှက်မှာလည်း စိုးရိမ်ရပြန်ပါသည်၊
အရှေ့မျှော် အနောက်မုန်း အစွဲကြီး သူတို့ကို သတိထားရမည့် အချိန်လည်း ဖြစ်နေပါသည်၊
သို့သော် သူတို့လည်း မြန်မာပြည်သားတွေမှို့ ဧရာဝတီကို ချစ်ကြပါလိမ့်မည်၊

တရုတ်နှင့် ဧရာဝတီ အရွေးမမှားစေရန် သတိပေးရခြင်းဖြစ်ပါသည်၊
ဧရာဝတီအရေးမှာ ရှေ့တန်းက တာဝန်ကျေနေသူများကတော့ အနုပညာရှင်များ၊ စာရေးဆရာ ပန်းချီဆရာ ကာတွန်းဆရာများနှင့် လွတ်တော်တွင်း အမတ်တချို့အပြင် သာသနာ ရေးနှင့် လူမှုရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ စုံလင်လှပါသည်။
ပြည်တွင်း ပြည်ပ နိုင်ငံရေးအတိုက်အခံအဖွဲ့အစည်းများ၏ အဖွဲ့လိုက်အသံဗလံများကတော့ အားပျော့နေသည်ဟု ထင်ပါသည်၊
ဤသည်မှာလည်း ဧရာဝတီ၏ ရှေ့ရေးအတွက် ရတက်မအေးစရာ ဖြစ်ရပါသည်၊
သို့သော် ဒီတချီမှာတော့ ဧရာဝတီနှင့် လူထုဘက်ကို ပါဝင်ပူးပေါင်းကြမည့် တိုင်းချစ်ပြည်ချစ် မျိုးချစ်များကတဘက် ဧရာဝတီနှင့် လူထုကို လျှစ်လျှူရှုပြီး တရုတ်မျက်နှာ ပန်းမျက်နှာကို ထောက်ရှုနေမည့်သူများက တဘက်၊ ပြတ်သားသည့် စည်းအတိုင်း ထင်သာ မြင်သာရှိကြတော့မည်လည်း အမှန်ပါ၊
မြန်မာပြည်နှင့် ဧရာဝတီကို ချစ်သူများကတော့ အထူးစည်းရုံးစရာမလိုဘဲ အမိဧရာဝတီကို တာဝန်သိသိ သစ္စာရှိရှိ ကာကွယ်ကြမည်သာ ဖြစ်ပါသည်၊
လက်ရှိ ဦးသိန်းစိန်အစိုးရသည်လည်း ဧရာဝတီနှင့် လူထုကို ကျောခိုင်းမည်ဟု မထင်ပါ၊ သူတို့လည်း မြန်မာပြည်သားများသာ ဖြစ်ကြပါသည်၊
သို့သော် ဝိသမနှင့် မာန ကြီးရင့်ပြီး ဧရာဝတီကို မချစ်သူ ရှိနေပါရင်လည်း သူတို့အချင်းချင်း ညှိနှိုင်းကြပါလိမ့်မည်၊
ညှိနှိုင်းလို့ မရလျှင်လည်း စာရင်းရှင်းကြ ပါလိမ့်မည်၊ ပြည်သူဘက်သို့ ရပ်မည့်သူများလည်း အများအပြားရှိကြပါလိမ့်မည်။

ရှေးနှစ်ပေါင်းထောင်သောင်းမက၊ မြန်မာ့ မိဘဘိုဘွားဘီဘင် အဆက်ဆက်က တသွင်သွင်စီးဆင်းလာခဲ့သည့် ဧရာဝတီ၊ ဒို့လက်ထက်ရောက်မှ ပျောက်ရ တော့မှာလား၊ ပျက်ရတော့မှာလား၊ ဒီလိုဆိုရင် ဒီခေတ် ဒီသမိုင်းမှာ ဒို့ လူဖြစ်နေတာ ရှက်စရာပါလား၊
တရုတ်အောက်လည်း အရောက်မခံနိုင်ပါ၊ ဧရာဝတီလည်း အပျောက်မခံနိုင်ပါ၊
ဧရာဝတီပျောက်လျှင်ဖြင့် သေသော်မှတည့် သြော်ကောင်း၏၊ ဖြစ်ရပါတော့မည်၊
ဒါကြောင့် သေမလား တိုက်မလား၊ ဒါပဲ ရွေးရတော့မည်။
ဧရာဝတီပျောက်လျှင် မီးဟုန်းဟုန်းတောက်မည်ဆိုတဲ့ အဖြစ်မျိုးကို မကြုံကြရအောင် အေးချမ်းသာယာစွာဖြင့် ရိုးသားပွင့်လင်းစွာဖြင့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန်းက ရပ်ပြီး ဖြတ်တန်းက ဖြတ်ဖို့မှာ ဦးသိန်းအစိုးရ၏ တာဝန်သာ ဖြစ်ပါကြောင်း။ ။


ဦးဖိုးသာအောင် -
-၃၀-စက်တင်ဘာ -၂၀၁၁

  1 comment:

  1. Please pay attention to the gas and crude oil pipe lines. These two pipe lines are challenge to our independent and freedom. It can lead to the Chinese invasion and disintegration of Burma. Irrwaddy issue is the attention diversion of the two real dangers we will have in future.

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...