Monday, September 26, 2011

လူ့ဘ၀သမိုင်း


ကမ္ဘာဦးအစတုန်းက ဘုရားသခင်က ပထမဆုံးတစ်ရက်မှာ ခွေးကို ဖန်ဆင်းခဲ့ပါတယ်။ ဘုရားသခင်က ပြောတယ် "သင် အိမ်တံခါးဝမှာ ထိုင်ပြီး လမ်းမှာ ဖြတ်လျှောက်သွားတဲ့လူမှန်သမျှ လိုက်ဟောင်ရမယ်...သင့်ကို ဘ၀သက်တမ်း အနှစ် ၂၀ ပေးမယ်" လို့ပြောတော့ ခွေးက "ဟောင်ရတာ အနှစ် ၂၀ ကြီးများတောင် ဆိုတော့ မဖြစ်ဘူး။  ၁၀နှစ်ကို ကျွန်ုပ်ကိုပေးပြီး သင်က ကျန်တဲ့ ၁၀ နှစ် ပြန်ယူပါ " လို့ပြောသတဲ့။ ဒါနဲ့ ဘုရားသခင်က သဘောတူလိုက်တယ်။


နောက်တစ်နေ့ကျတော့ ဘုရားသခင်က မျောက်ကိုဖန်ဆင်းခဲ့တယ်။ ဘုရားက  "လူတွေကို ဖျော်ဖြေရမယ်...လူတွေရယ်မောအောင် မျောက်လှည့်ကွက်တွေသုံးပြီး လုပ်ရမယ်...သင့်ကို အနှစ်၂၀ပေးမယ်" လို့ပြောတော့ မျောက်က "နှစ် ၂၀ များလွန်းတယ်... ခွေးလဲ သင့်ကို ၁၀ နှစ်ပေးတယ်ဆိုတော့ ကျွန်ုပ်လဲ ၁၀ နှစ်ပြန်ပေးမယ်။" ဘုရားသခင်က သဘောတူလိုက်ပါတယ်။

တတိယနေ့မှာ နွားတစ်ကောင်ကို ဖန်ဆင်းတယ်။ပြီးတော့ ဘုရားက "သင် လယ်သမားတွေနဲ့ အတူလယ်ထဲဆင်းပြီး တနေကုန်နေပူထဲမှာ ရုန်းကန်ပြီး အလုပ်လုပ်ရမယ်။ပြီးတော့ နွားနို့လဲ ပေးရမယ်...သင့်အတွက် အနှစ် ၆၀ပေးမယ်" ဆိုတော့ နွားက "ဒီလိုပင်ပန်းဆင်းရဲတဲ့ ဘ၀မှာ အနှစ် ၆၀ တောင် နေရမှာလား၊ ကျွန်ုပ်ကို အနှစ် ၂၀ ပဲပေးခဲ့ပါ... ကျန်တဲ့အနှစ် ၄၀ ပြန်ယူသွားပါ"လို့ ပြောပါတယ်။ ဒါနဲ့ ဘုရားသခင်လဲ သဘောတူလိုက်ပါတယ်။

စတုတ္ထမြောက်နေ့မှာ ဘုရားသခင်က လူသားကို ဖန်ဆင်းလိုက်တယ်။ ဘုရားသခင်က "အသင်လူသားဟာ စားရင်း သောက်ရင်း၊ အိပ်ရင်း ကစားရင်းနဲ့ လက်ထပ်ထိမ်းမြားပြီး ဘ၀မှာနေစေ.... သက်တမ်း ၂၀ ပေးမယ်" လို့ ပြောတယ် ။ လူသားက "အိုအရှင်... အနှစ် ၂၀တည်းလားအရှင်... အကျွန်ုပ်ရဲ့ အနှစ် ၂၀ ကိုလဲ ယူပါ့မယ်။ နွားဆီက အနှစ် ၄၀ ရယ်၊ မျောက်ဆီက ၁၀ နှစ်ရယ်၊ ခွေးဆီက၁၀ နှစ်ရယ်လဲ ပေးသနားတော်မူပါ...စုစုပေါင်း အနှစ် ၈၀ ပေးသနားပါ" လို့ ပြောပါတယ်။ ဘုရားသခင်က "ပြည့်စေသတည်း" လို့ဆုပေးပါတယ်။

ဒါကြောင့် လူသားတွေက ပထမ အနှစ် ၂၀ ကို စားလိုက်သောက်လိုက် အိပ်လိုက် ကစားလိုက် အိမ်ထောင်ပြုလိုက်...ပျော်ပါးလိုက်နဲ့ ကုန်ဆုံးကြတယ်။ နောက်ထပ် အနှစ် ၄၀ ကိုတော့ နေပူမိုးရွာမရှောင် မိသားစု အတွက် ရှာဖွေကျွေးမွေးကြရတယ်။ နောက် ၁၀ ကိုတော့ မျောက်တွေလို လှည့်ကွက်တွေသုံးပြီး မြေးမြစ်တွေကို ချော့မြူကြပြန်တယ်။ နောက်ဆုံး ၁၀ နှစ်ကိုတော့ အိမ်ရှေ့မှာထိုင်ပြီး လာသမျှလူတွေကို ဟောင်ဖွာဟောင်ဖွာလုပ်လေ့ရှိပါတော့တယ်။

ကျေနပ်နိုင်ကြပါစေ။
(ဇေယျာ)26/Sep/2011,Monday, 1:00 pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...