Monday, September 5, 2011

ဆီးနှင့်ကျောက်ကပ် ရောဂါ ကင်းဝေးလိုလျှင်

 
by UZa Wana on Monday, September 5, 2011 at 8:04pm

ဆီးနှင့်ကျောက်ကပ် ရောဂါ ကင်းဝေးလိုလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ် အတွင်း ခါးကျောရိုး၏ တစ်ဘက် တစ်ချက်တွင် ရှိသော ကျောက်ကပါ တစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်း များစွာ အနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ် သည်များကို ဆီးနှင့်အတူ ဖယ်ထုတ်ပစ်ခြင်း တို့ကို တိတ်ဆိတ်စွာ ပြုလုပ် ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်။ ကျောက်ကပ် တစ်ခုသည် ၅အောင်စ ခန့်သာ လေးသော်လည်း ၎င်းအတွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန် ကလေးပေါင်း တစ်သန်းကျော် ပါရှိလေသည်။


ကျောက်ကပ် တစ်စုံသည် တစ်နာရီလျှင် ကိုယ်ခန္ဓာရှိ သွေးစုစုပေါင်း၏ နှစ်ဆခန့်(ဂလူးကိုစ့် ပုလင်း ၁၀ပုလင်းခန့်) ကို စစ်ထုတ် သန့်စင်ပေးလျက် ရှိပါသည်၊ ထိုသို့ ၂၄နာရီပတ်လုံး သွေးများကို စစ်ထုတ် သန့်စင်ပေးပြီး ထွက်ပေါ်လာသည့် ခန္ဓာကိုယ် အတွက် မလိုအပ်သည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်အတူ ဆီးအိမ်မှ တဆင့် ပြင်ပသို့ စွန့်ထုတ် ပစ်စေပါသည်။

ခန္ဓာကိုယ်အတွက် လိုအပ်သည့် သကြားဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်နှင့် မဂ္ဂနီဆီယမ်တို့ကိုမူ ပြန်လည် စစ်ယူပြီး သွေးထဲသို့ ပြန်ပို့ပေးပါသည်၊ ယူရီးယား၊ ယူရစ်အက်စစ်၊ ဆာလဖိတ်နှင့် ဖော့စဖိတ် ဓာတ်များကိုမူ ခန္ဓာကိုယ် အတွက် လိုအပ်သည်ထက် ပိုနေပါက ပိုသည့် ပမာဏကို ဆီးနှင့်အတူ ပြင်ပသို့ စွန့်ထုတ်ပစ်ပါသည်၊ ထို့ပြင် ကိုယ်ခန္ဓာအတွင်း ရှိနေသည့် ရေပမာဏကိုလည်း ကျောက်ကပ်ကပင် လိုအပ်သည့် ပမာဏ အတိုင်းရှိရန် ထိန်းသိမ်းပေးပါသည်၊ အကယ်၍ ရေဓာတ်များ ခန္ဓာကိုယ် အတွင်း လိုသည်ထက် များလာပါက ဆီးများများ ဖြစ်ပေါ်စေပြီး စွန့်ထုတ် ပစ်လိုက်ပါသည်၊

ရေဓာတ်များ ခန္ဓာကိုယ် အတွက် လိုအပ်နေပါမူ ဆီးဖြစ်ပေါ်မှုကို နည်းပါးစေကာ ခန္ဓာကိုယ် အတွင်း လိုအပ်သည့် ပမာဏသို့ ရောက်ရှိစေရန် ထိန်းညှိ ပေးပါသသည်။ ထိုကဲ့သသော လုပ်ငန်းများကို လုပ်ဆောင်ပေးသည့် ကျောက်ကပ်သည် လုပ်ငန်းများ ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် အတွက် သွေးများကို ၎င်းထံ ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်မည့် သွေးဖိအားမျိုး ကိုယ်တွင်း၌ ရှိနေရန် လိုအပ်ပါသည်၊ အကယ်၍ သွေးထွက် လွန်ခြင်းကြောင့်သော်၎င်း၊ ရှော့ဖြစ်ခြင်းကြောင့်သော်၎င်း၊ သွေးပေါင်ချိန် အရမ်းကျ ဆင်းသွားပါက ကျောက်ကပ်သည် မိမိ၏ လုပ်ငန်းများကို ပြည့်ဝစွာ ပြုလုပ်ပေးရန် ခက်ခဲလာပြီး ခန္ဓာကိုယ် အတွင်း ဓာတ်ပစ္စည်းများ စုပုံလာ၍ အန္တရာယ် ရှိနိုင်ပါသည်။

တဖန် သွေးပေါင်ချိန် အရမ်း များပြားနေပါကလည်း ကျောက်ကပ်အား တဖြည်းဖြည်း ထိခိုက် ပျက်စီးစေပါသည်၊ ၎င်းကို သွေးတိုး ရောဂါရှိသူများ၌ အများဆုံး တွေ့ရှိရပြီး အချိန် ကြာလာသည်နှင့် အမျှ သွေးတိုးကြောင့် ကျောက်ကပ်၏ စစ်ထုတ်ပြွန်များ ကျုံ့ပြီး ထိခိုက် ပျက်စီးသွားကာ အမာရွတ်များ ဖြစ်ပေါ်စေပါသည်၊ ထိုအခါ ကျောက်ကပ်သည် တဖြည်းဖြည်း အရွယ်သေးငယ် လာပြီး နောက်ဆုံးမိမိ၏ လုပ်ငန်း တာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ခြင်း မရှိတော့သော အခြေအနေသို့ ရောက်ရှိ လာတတ်ပါသည်၊ ထိုကဲ့သို့ ဖြစ်ခြင်းကို Renal Failure ဟု ခေါ်ဆိုပြီး ထိုအခြေအနေမျိုး ရောက်ရှိသွားပါက သေဆုံးနိုင်သည် အထိ အန္တရာယ် ရှိပါသည်။ အမှန်စင်စစ် ကျောက်ကပ်သည် သူ့၌ ရှိသော စစ်ထုတ်ပြွန်များ အားလုံး၏ ၉၀% ပျက်စီးသွားသည့်တိုင် ကျန်၁၀%သော စစ်ထုတ်ပြွန်များဖြင့် ၎င်း၏ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ပေးနိုင်ကြောင်း တွေ့ရှိရပါသည်၊ ကျောက်ကပ်တစ်စုံ ရှိသည့် အနက် တစ်ခုကို အကြောင်း အမျိုးမျိုးကြောင့် ခွဲထုတ် ပစ်လိုက်သည့် တိုင်အောင် ကျန်ကျောက်ကပ် တစ်ခုဖြင့် ဆက်လက် အသက်ရှင် နေထိုင် နိုင်ပါသည်။

ဆီးနှင့် ကျောက်ကပ်၌ မည်သည့်ရောဂါများ ဖြစ်ပွားတတ်ပါသနည်း။ ဆီးနှင့် ကျောက်ကပ် ရောဂါများအနက် ကျောက်တည်ခြင်းနှင့် ရောဂါ ပိုးမွှားများကြောင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ရောင်ခြင်းတို့သည် အဖြစ် အများဆုံး ဖြစ်ပါသည်၊

(၁) ကျောက်တည်ခြင်း(Renal Stone)
အပူပိုင်း ဒေသများ၌ ပူပြင်းပြီး စိုထိုင်းမှု များတတ်သည့် အလျောက် ချွေးထွက်များလေ့ ရှိပါသည်၊ ထိုအခါ ခန္ဓာကိုယ်မှ ရေဓာတ် ဆုံးရှုံးမှု များသဖြင့် ဆီးဖြစ်ပေါ်မှု နည်းပါး တတ်ပါသည်၊ အကယ်၍ ရေကို လုံလောက်အောင် များများ မသောက်ပေးပါက ဆီးပမာဏနှင့် ၎င်းထဲပါသော ဓာတ်ပစ္စည်းများ မမျှမတ ဖြစ်လာတော့သည်။

ထိုအခါ ဆီးထဲ၌ မပျော်ဝင်နိုင်တော့သော ကယ်လဆီယမ် အောက်ဇဲလိပ်နှင့် ယူရစ်အက်စစ်အမှုန်များ အနယ်ကျလာပြီး နောက်ဆုံး ကျောက်တည်ခြင်း ဖြစ်ပေါ်လာတော့သည်၊ ထို့ပြင် ဆီးလမ်းကြောင်း ရောင်ခြင်းကြောင့်လည်း ကျောက်တည်ခြင်း ဖြစ်ပေါ် လာနိုင်ပါသည်၊ အဖြစ်များသော ကျောက်တည်ခြင်း များမှာ အောက်ခံ လိပ်ကျောက်(Oxalate)၊ ကယ်လဆီယမ်ကျောက်(Calcium)၊နှင့် ယူရစ် အက်စစ်ကျောက် (Uric acid) တို့ဖြစ်ကြပါသည်။

(၂) ကျေက်ကပ်ပြည်တည်ရောင် ရောဂါ(Pyelonephritis)
ဤရောဂါသည် B.Coli ခေါ် ရောဂါပိုး ကျောက်ကပ်ထဲသို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါ ဖြစ်ပါသည်။ ဤရောဂါပိုးများသည် ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ အူအတွင်း၌ သန်းပေါင်းများစွာ ရှိနေပြီး မည်သည့် အန္ထရာယ်မှ ပေးခြင်း မရှိပေ၊ သို့သော်အကြောင်း တစ်ခုခုကြောင့် ကျောက်ကပ်သို့ ရောက်ရှိ သွားပါမူ ကျောက်ကပ်ရောင်ခြင်းကို ဖြစ်ပေါ်စေပါသည်။ အများအားဖြင့် ၀မ်းနုတ်ဆေး မကြာခဏ စားခြင်း မကြာမကြာ ၀မ်းချူခြင်း တို့ကြောင့် ပိုးများ ကျောက်ကပ်သို့ ရောက်ရှိ သွားတတ်ပါသည်။

ဤရောဂါ ဖြစ်ပေါ်လာပါက အပြင်းဖျားခြင်း၊ ခါးတစ်ဖက် တစ်ချက်တွင် အောင့်ခြင်းတို့မှ အပ အခြား သိသာ ထင်ရှားသော လက္ခဏာများ မပြတတ်ပေ၊ ခါးတစ်ဖက် တချက်ရှိ ကျောက်ကပ်ရှိသော နေရာကို လက်ဖြင့်ထုပြီး စမ်းသပ်ကြည့်ပါက ရောင်နေသော ကျောက်ကပ်ရှိသည့် ဘက်၌ အထဲမှ နေ၍ အောင့်ပြီး နာလာလေ့ ရှိပါသည်။

ဆီးစစ် ကြည့်ပါက ပြည်ဆဲလ်များ(Pus cells) တွေ့ရှိရပါသည်၊ ဆီးကို ပိုးမွေးကြည့်ခြင်း(Urine Culture) လုပ်ကြည့် ခြင်းဖြင့် ရောဂါ ဖြစ်ပွားစေသော ပိုးမွှာများကို အတိအကျ သိရှိနိုင်ပြီး ၎င်းအား ထိရောက်စွာ ကုသနိုင်မည့် ပဋိဇီဝဆေးများကိုလည်း သိရှိနိုင်ပါသည်၊ ဤရောဂါသည် တစ်ခါ တစ်ရံတွင် ကာလ ကြာရှည်စွာ မပျောက်ဘဲ ရှိတတ်သဖြင့် ၃လ မှ ၆လ ခန့်အထိ သေသေချာချာ ဆေးကုသမှု ခံယူရန် လိုပါသည်၊ ဤ ရောဂါ ညဖစ်ပွားပါက ရေများစွာ သောက်ပေးရန်လည်း အထူး အရေးကြီးပါသည်။

(၃) ရုတ်တရက် ကျောက်ကပ်ေ၇ာင်ရောဂါ(Acut Glomerulo nephritis)
ဤရောဂါတွင် အမျိုးအစား (၂)မျိုး ရှိပါသည်၊ ပထမ အမျိုးအစား ကျောက်ကပ်ရောင် ရောဂါသည် အသက်ရှု လမ်းကြောင်း၌ Streptococcus haemolyticus ပိုးမွှား ၀င်ရောက်ခြင်း (ဥပမာ-အာသီးေ၇ာင်ခြင်း) ဖြစ်ပေါ်ပြီးနောက် ၂ပတ် ၃ပတ် အကြာ၌ ဖြစ်ပေါ် လာတတ်ပါသည်၊ ဤ ရောဂါ ဖြစ်ပွား ရခြင်းမှာ ထို Streptococcus ပိုးမွှားများ ကျောက်ကပ်သို့ ရောက်ရှိ ၀င်ေ၇ာက်ခြင်းကြောင့် မဟုတ်ဘဲ၊ ကျောက်ကပ်၏ စစ်ထုတ်ပြွန်ထိပ်ရှိ Glomerulus အတွင်း ထိုပိုးမွှားများမှ ထုတ်သော အဆိပ်ဓာတ် (toxin)များကြောင့် Allergic Reactionခေါ် ဓာတ်မတည့်မှု ဖြစ်ပွားသောကြောင့်ပင် ဖြစ်ပါသည်၊ ဤရောဂါ ဖြစ်ပွားလာပါက မျက်နှာ ဖေါရောင်ခြင်း၊ ငွေ့ငွေ့ဖျားခြင်း။ ခါးတစ်ဖက် တစ်ချက်တွင် အောင့်နေခြင်း၊ ဆီး၌ အမှုန်များပါလာ၍ နောက်နေခြင်း တို့ကို တွေ့ရှိရပါသည်၊ ဆီးစစ်ကြည့်ပါက သွေးနီဥများ တွေ့ရှိရသော်လည်း မည်သည့် ပိုးမွှားမှ ပါရှိခြင်း မရှိပါ။

ဤရောဂါသည် ဖြစ်ပွားသူ ၈၅%ခန့်၌ လုံးဝ ပျောက်ကင်းသွားလေ့ ရှိပြီး ၁၀- ၁၅%ခန့်မှာ နာတာရှည် ကျောက်ကပ်ရောင် ရောဂါဖြစ်ပွား သွားပါသည်၊ ဤရောဂါကြောင့် သွေးတိုးရောဂါ အပြင်းစား(Malignant Hypertension)နှင့် ကျောက်ကပ် ပျက်စီး ယိုယွင်းသွားခြင်း(Renal Failure) တို့ ဖြစ်ပေါ်တတ်သဖြင့် အထူး ဂရုစိုက် ကုသရမည့် ရောဂါ ဖြစ်ပါသည်၊ ဒုတိယ အမျိုးအစား ကျောက်ကပ်ရောင် ရောဂါကို (Nephrotic Syndrome) ဟုခေါ်သည်၊ ဤရောဂါ ဖြစ်ပွားရဖြင်း အကြောင်းရင်းကို တိကျစွာ မသိရှိရသေးပေ၊ ဤရောဂါ ဖြစ်ပွားလာပါက ခန္ဓာကိုယ် တစ်ခုလုံး ဖေါရောင်ခြင်း၊ ဆီးထဲ၌ ALbumin ခေါ် ပရိုတင်းဓာတ် တစ်မျိုး အများအပြား ပါဝင်လာခြင်းတို့ကို တွေ့ရှိရပါသည်၊ ဤရောဂါသည် နာတာရှည် ဖြစ်တတ်ပြီး နောက်ဆုံး သွေးတိုး ရောဂါနှင့် ကျောက်ကပ် ပျက်စီးသွားခြင်းတို့ကိုလည်း ဖြစ်ပွားစေပါသည်။

(၄) ကျောက်ကပ်နှင့်ဆီးရောဂါများအနက် အမျိုးသမီးများ၌ အဖြစ်များပါသည့်
ရောဂါတမျိုး ကျောက်ကပ်နှင့် ဆီးရောဂါများ အနက် အဖြစ်များသော ရောဂါမှာ ဆီးလမ်းကြောင်း ရောင်ခြင်း(Urinary Infection) ဖြစ်ပါသည်၊ ၎င်းရောဂါသည် အမျိုးသမီးများ၌ အဖြစ်များ ပါသည်။ ကျောက်ကပ်နှင့် ဆီးရောဂါ ကင်းဝေးရအောငါ မည်ကဲ့သို့ စားသောက်နေထိုင် ရမည်နည်း။ ကျွန်ုပ်တို့၏ ခါးဘေး တစ်ဖက် တစ်ချက်တွင် တိတ်ဆိတ်စွာဖြင့် သွေးသန့်စင် ရှင်းလင်း ပေးနေသော ကျောက်ကပ် တစ်စုံသည် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အသီးသီး၏ လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်ရန် လိုအပ်သည့် “ရေနှင့် ဓာတ်ပစ္စည်းများ ကိုယ်ခန္ဓာ အတွင်း မျှတစွာ ရှိနေစေရေး” အတွက် များစွာ အရေးကြီး လှပေသည်၊ သို့သော်လည်း ကျွန်ုပ်တို့သည် နှလုံး၊ အသည်းနှင့် အစာအိမ်တို့လောက် ကျောက်ကပ်ကို ဂရုမစိုက်မိပဲ ရှိတတ်ကြသည်၊ ရောဂါဖြစ်မှ ကုသ ရသည်ထက် ဆီးနှင့်ကျောက်ကပ် ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်သည့် အနေဖြင့် အောက်ပါ ဆောင်ရန် ရှောင်ရန် အချက်များကို လိုက်နာ နေထိုင် သင့်ပါသည်။

ဆောင်ရန် ရှောင်ရန်များ
ဆောင်ရန်နှင့် ရှောင်ရန်များမှာ ရေများများ သောက်ပေးခြင်း၊ ဆီးအောင့် ထားခြင်းမှ ရှောင်ကျဉ်ခြင်း၊ ဆီးကို မှန်မှန် စစ်ဆေးပေးပါ၊ အာသီးရောင်၊ လည်ပင်းနာလျှင် ဆေးသေချာ ကုပါ။ အရက် အလွန်အကျွံ မသောက်ပါနှင့်။ အပူ အစပ် အလွန်အမင်း မစားပါနှင့်။ သွေးတိုးရောဂါ ရှိပါက သေချာ ဂရုစိုက် ကုသပါ။

(၁) ရေများများသောက် ပေးပါ။
အပူပိုင်း ဒေသများတွင် ချွေးများစွာ ထွက်တတ်သဖြင့် ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်များ များစွာ ကုန်ဆုံးလေ့ ရှိပါသည်၊ ထိုသို့သော အခြေအနေတွင် ရေသောက်နည်းသဖြင့် ခန္ဓာကိုယ် အတွင်း ရေဓာတ် လုံလောက်စွာ မရရှိပါက ဖြစ်ပေါ်လာသော ဆီးသည် သိပ်သည်းမှု များလေ့ ရှိပါသည်၊ ထိုအခါ ကယ်လဆီယမ်၊ အောက်ဇလိပ်နှင့် ယူရစ်အက်ဆစ် အနယ်များ ကျလာပြီး နောက်ဆုံး ကျောက်တည်ခြင်း ဖြစ်တတ်ပါသည်၊ ကျောက်မတည်အောင် ကာကွယ်လိုလျှင် ရေများများ သောက်ပေးရန် လိုပါသည်။ ထို့ပြင် ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ရောဂါ များသည်လည်း ရေများများ သောက်ပါက ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရပါသည်၊ ထို့ကြောင့် ကျောက်ကပ်နှင့် ဆီးရောဂါ ကာကွယ်လိုလျှင် တစ်နေ့ကိုလျှင် ရေ ၁၀ခွက်မှ ၁၂ခွက်ထိ သောက်ပေးရန် လိုပါသည်။

(၂) ဆီးအောင့် မထားပါနှင့်။
ဆီးသွားနေချင် နေသော်လည်း အခွင့် မသာ၍ လည်ကောင်း၊ မအားလပ်၍ လည်ကောင်း၊ ဆီးအောင့် ထားခြင်းသည် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း အတွက် အန္ထ္တရာယ် ရှိပါသည်၊ ဆီးများ ဆီးအိမ်အတွင်း၌ ကြာရှည်စွာ ရှိနေခြင်းသည် ရောဂါပိုးများ ပွားများရန် ပို၍ အခွင့် အလမ်း ရှိစေပါသည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ် ရောဂါများ ပိုမို ဖြစ်ပွားလေ့ ရှိကြောင်းတွေ ရှိရပါသည်၊ ဆီးသွားချင်တိုင်း မကြာမကြာ သွားပေးခြင်းသည် ကျောက်ကပ်ရောဂါများ မဖြစ်ပွားရအောင် ကာကွယ်ရာ ရောက်သဖြင့် ဆီးအောင့် မထားရန် အထူး လိုအပ်ပါသည်။

(၃)ဆီးကို မှန်မှန် စစ်ဆေးပေးပါ၊
ဆီးစစ်ပေးခြင်း(Urine Examination)လောက် အလွယ်ကူဆုံး၊ အသက်သာဆုံးနှင့် ရောဂါ အတော်များများ ရှိမရှိ ထင်ရှားစွာ သိစေနိုင်သည့် အခြားသော ရောဂါ ရှာဖွေ စမ်းသပ်နည်း မရှိသေးပါ၊ သို့သော်လည်း လူနာနှင့် ဆရာဝန် နှစ်ဦးစလုံး ဆီးစစ်ဆေးခြင်းကို ဂရု မပြုမိတတ်ကြပေ။ ထို့ကြောင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ရှိမရှိကို သိရှိနိုင်ရန် အနည်းဆုံး ၃လ တစ်ခါခန့် စစ်ဆေး ကြည့်သင့်ပါသည်။

(၄) အာသီးရောင်၊ လည်ပင်းနာလျှင် ဆေးသေချာကုပါ။
အာသီးရောင် လည်ပင်းနာခြင်း(Tonsilitis) နှင့် အခြားသော အသက်ရှု လမ်းကြောင်း အပေါ်ပိုင်း ဆိုင်ရာ ရောဂါများ ဖြစ်ပွားပါက ဆေးဝါး သေချာစွာ ကုသရန် လိုပါသည်၊ အဘယ်ကြောင့် ဆိုသော် အထက်ပါ ရောဂါများ ဖြစ်စေသည့် STreptococcus hamolyticus ကြောင့် ကျောက်ကပ်ရောဂါ (Acute Glomerulonephritis Type) ဖြစ်ပေါ် စေနိုင်သောကြောင့် ဖြစ်ပါသည်။

(၅) အရက် အလွန်အကျွံ မသောက်ပါနှင့်
အရက် အလွန်အကျွံ သောက်ခြင်းသည် ကျောက်ကပ်နှင့် ဆီးအိမ်အား ထိခိုက်စေသဖြင့် ရှောင်ရှားသင့်ပါသည်။

(၆) အပူ အစပ် အလွန်အမင်း မစားပါနှင့်။
အချို့သော သူများ၌ ငြုလ်သီး၊ ငြုလ်ကောင်း ကဲ့သို့သော အပူအစပ်များ အလွန်အမင်း စားပါက ကျောက်ကပ်ရောင်ခြင်းများ ဖြစ်ပွားတတ်သဖြင့် အလွန်အမင်း မစားသင့်ပါ။

(၇) သွေးတိုးရောဂါ ရှိပါက သေချာ ဂရုစိုက် ကုသပါ။
ကျောက်ကပ်အား အဓိက ထိခိုက် ပျက်စီးစေသည့် အကြောင်းရင်းမှာ သွေးတိုး ရောဂါပင် ဖြစ်ပါသည်၊ ထို့ကြောင့် သွေးတိုးရောဂါ ရှိပါက သချောစွာ ဂရုစိုက် ကုသပါ၊ သွေးတိုး ရောဂါရှိခြင်း ကြာလာလေ ကျောက်ကပ်အား ထိခိုက်လေ ဖြစ်သဖြင့် သွေးတိုးရောဂါ ရှိပါက သေချာစွာ ဂရုစိုက် ကုသသင့်ပါသည်။

(ဤကျန်းမာရေး ပညာပေး ပို့စ်ကို မပန်းစပယ်က ဒေါက်တာ အောင်မော်ရဲ့ ကျန်းမာစေကြောင်း နည်းလမ်း ကောင်းများ စာအုပ်ကို စာဖတ် ပရိသတ် အတွက် ဗဟုသုတ ရစေရန် မိတ်ဆက် ပေးထားပါသည်။ အကျိုးများသည့် ပို့စ်ဖြစ်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...