Tuesday, September 6, 2011

PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ

by UZa Wana on Tuesday, September 6, 2011 at 2:56pm
တစ်ကမ္ဘာလုံးတွင် PhD ဒေါက်တာဘွဲ့ ရရှိဖို့ ကြိုးစားမှုတွေ များလာသည်။ ဂျာမဏီ နိုင်ငံရေး လောကတွင် PhD ဘွဲ့ အလိုအပ်ဆုံး ဖြစ်သည်။ ဂျာမဏီ အောက်လွှတ်တော် အဖွဲ့ဝင် ၁၁၄ ဦးအနက်၊ ၀န်ကြီးချုပ် ဒေါက်တာ အန်ဂလာ မာခဲယ်လ် အပါအ၀င် ငါးပုံတစ်ပုံက PhD ဘွဲ့ ရယူထားကြသည်။
ဂျာမန်တွေရဲ့ PhD ခုံမင်လွန်းမှုကြောင့် အရှက်ကွဲရမှုများလည်း ရှိသည်။ ကာကွယ်ရေးဝန်ကြီး Karl-Theodor zu Guttenberg မှာ သူရဲ့ PhD စာတမ်းခိုးကူးခဲ့မှု ပေါ်သွားလို့၊ မတ်လ ၁ ရက်နေ့က ရာထူးက နှုတ်ထွက်ပေးလိုက်ရသည်။

ဂျာမန်တွေနဲ့ယှဉ်ရင် အမေရိကန် နိုင်ငံရေး လောကမှာတော့ PhD ဘွဲ့ရသူ နည်းပါးသည်။ လက်ရှိ အမေရိကန် ကွန်ဂရက်ထဲတွင် ၁၈ ဦးသာ (၃ ရာခိုင်နှုန်း) ဒေါက်တာဘွဲ့ ရရှိသူ ပါသည်။ ဆီနိတ်တာတွေ ထဲမှာ တစ်ဦးမှ PhD ရထားသူ မရှိ။ အမေရိကန် ကာကွယ်ရေးဌာနနဲ့ စစ်တပ်ထဲတွင်တော့ PhD ဘွဲ့ရသူ ၁၀၀ ကျော် ရှိသည်။
PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။
ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် မှာလည်း သူ့ PhD စာတမ်း အစိတ်အပိုင်း အများစုမှာ သူများထံက ခိုးယူထားသည်ဟု စွပ်စွဲခံရသည်။ ဒေါက်တာ မာတင်လူသာကင်း ရဲ့ စာတမ်းကိုတောင် နောက်ပိုင်း ဝေဖန်မှုအများအပြား ရှိနေခဲ့သည်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ သားရဲ့ စာတမ်းကတော့ ဆိုဖွယ်ရာမရှိ။
မြန်မာနိုင်ငံမှာလည်း PhD ဘွဲ့ရရှိဖို့ ပြည်တွင်းဖြစ်ရော ပြည်ပတက္ကသိုလ်များတွင်ပါ ကြိုးစားအားထုတ်မှုများ ရှိလာသည်။ ဒီအထဲ မြန်မာပြည်ရဲ့ ထူးခြားချက်က တက္ကသိုလ်များမှ ချီးမြှင့်တဲ့ 'ဂုဏ်ထူးဆောင်ဘွဲ့' ကို အကြောင်းပြုပြီး နာမည်ရှေ့ 'ဒေါက်တာ' တပ်သူများ ရှိလာခြင်းပင်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာတက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မရေမတွက်နိုင်အောင် ချီးမြှင့်ထားသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်ကလည်း 'ဒေါက်တာ အောင်ဆန်းစုကြည်' ဟု မတပ်သလို၊ မည်သူကမှလည်း ဒေါက်တာ တပ်မခေါ်။ ချစ်စနိုးနှင့် 'ဒေါ်စု' ဟုပင် ခေါ်ကြသည်။
အလားတူ အင်္ဂလိပ်အစိုးရ လက်ထက် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် မြန်မာပြည် ဘုရင်ခံက လယ်တီဆရာတော်ဘုရားကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ဆက်ကပ်ခဲ့ပေမယ့်၊ ဆရာတော်ကြီးက 'ဒေါက်တာ ဥာဏဓဇ' ဟု မကြွေးကြော်ဘဲ လယ်တီဆရာတော် အမည်နဲ့သာ သိက္ခာကြီးမြင့်စွာ နေထိုင်ခဲ့သည်။
ဆရာကြီးဒေါက်တာ သန်းထွန်း က သူ့ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရောမှာစိုးလို့၊ သူ့စာအုပ်အချို့က သူ့ဘွဲ့အမည်ဘေးမှာ (ဂုဏ်ထူးဆောင်ဘွဲ့မဟုတ်) ဟု ခပ်ရွတ်ရွတ်ဖြင့် ကွင်းခတ် ဖော်ပြဖူးသည်။ လက်ရှိ မြန်မာနိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့ရသူများ မိမိနာမည်ရှေ့ ထူးထူးဆန်းဆန်း 'ဒေါက်တာ' တပ်ကြသည်။ ဥပမာ၊ ဒေါက်တာ ခင်ရွှေ၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ အရှင်...... စသည်များ..။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...