Tuesday, September 6, 2011

စိုးရိမ်ပူပန်ကြရာဝယ်….

by Moenge Aung on Tuesday, September 6, 2011 at 3:18pm
 
စိုးရိမ်ပူပန်ကြရာဝယ်….  
လူတိုင်းစိုးရိမ်ပူပန်တတ်ကြသည်။ ထိုထဲတွင်မှ အကြားအမြင်မရှိသောသူများ၏ စိုးရိမ်ပူပန်ခြင်းနှင့်
 အကြားအမြင်ရှိသူတို့၏ စိုးရိမ်ပူပန်ခြင်းရယ်လို့ (၂)မျိုးကွဲပြီး သိနိုင်ပါတယ်။
အကြားအမြင်မရှိသူတို့၏ စိုးရိမ်ပူပန်ခြင်း
၁။ အကယ်လို့များ မီးဘေးအန္တရာယ် ကျရောက်ခဲ့သည်ရှိသော် ငါတို့ ပစ္စည်းတွေကို သယ်ဖို့ခက်ပြီ။
မီးဘေးကျလို့ ပြေးကြ လွှားကြပြီဆိုတဲ့အခါ ငါတို့ မိသားစုတော့ တကွဲတပြားတွေ ဖြစ်လို့ ဒုက္ခတွေ
ရောက်ပြီး ပြန်ဆုံနိုင်ပါဦးမလားရယ်လို့ မီးဘေးကြောင့် ကွဲကွာသွားရမှာကို တွေးပြီး စိုးရိမ်ပူပန်
တတ်ကြပါတယ်။

၂။ အင်း…ရေဘေးများ အရပ်လေးမျက်နှာလုံးကနေ အလုံးအရင်းသောရေတွေ ၀င်ရောက်ခဲ့သည်ရှိ
သော် ဘေးလွတ်ရာကို ပြေးကြ၊ လွှားကြရင်းက တစ်ယောက်တစ်ယောက် ရေထဲ မြောပါသွားရလို့
တကွဲတပြားစီ ဖြစ်ရချည်ရဲ့လို့ ရေဘေးအပေါ်တွေးလို့ ကွဲကွာရမယ့်အရေးအတွက် ပူပန်တတ်ကြပါ တယ်။
၃။ ခေတ်ပျက်ကြီးနဲ့များ ကြုံကြိုက်လာလို့ စစ်မက်တွေများ ဖြစ်ပွားခဲ့သည်ရှိသော် သူပုန်တွေလက်က
လွတ်အောင် ပြေးကြရတော့မယ်။ အဲလိုများ လွတ်ရာကို ပြေးကြတဲ့အခါ တစ်ယောက်တကွဲစီဖြစ်ကြ
ပြီး ဒီအမေ၊ ဒီအဖေတွေနဲ့ ကွဲကွာလို့ ပြန်မတွေ့နိုင်တော့ရင်တော့ ဒုက္ခပါပဲရယ်လို့ စစ်မက်ရေးရာ
ကြောင့် ကွဲကြ၊ ကွာကြမယ့်အရေး တွေးပူနေတတ်ကြပြန်ပါတယ်။

         တကယ်တော့ မီးဘေးရောက်လို့ ပြေးကြ ၊ လွှားကြရတဲ့အခါ မီးထဲသာ ပါမသွားခဲ့ဘူးဆိုလို့
ကတော့ အသက်ရှင်နေသ၍ တစ်နေ့နေ့မှာ ပြန်တွေ့နိုင်ပါသေးတယ်နော်။ နောက်ပြီး ဒီမီးဘေးဆိုတာ
ကလည်း ကယ်ဆယ်ရေးတွေ ၀ိုင်းကယ်ပေးလို့ လွတ်နိုင်ပါသေးတယ်။ မီးဆိုတာကလည်း လောင်စာ
ကုန်ရင် ရပ်သွားမှာပဲမို့ ဒီဘေးဟာ တစ်ချိန်ချိန်မှာတော့ လွတ်မြောက်သွားနိုင်ပါတယ်လေ။
    ရေဘေးလည်း စဉ်းစားကြည့်ပါဦးနော်။ ရေတွေဝိုင်းလာလို့ ပြေးကြရတဲ့အခါ ရေထဲမြောချင်ရာ
မြောပါရပေမယ့် တစ်နေရာရာမှာ အသက်မသေပဲ သွားတင်မိတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
အဲ လိုသာ အသက်မသေခဲ့ဘူးဆိုရင် တစ်ချိန်ချိန်မှာ ကွဲကွာသွားကြတဲ့ သူချင်း ပြန်တွေ့နိုင်ပါသေးရဲ့ ။
 အင်း နောက်ပြီး ကယ်ဆယ်ရေးတွေ ၀ိုင်းကယ်ကြလို့ အသက်ရှင်နိုင်ပါသေးတယ်နော်။ ဒီရေဘေးက
လည်း အမြဲကြီးနေတာမျိုးမှ မဟုတ်ပဲ သူ့အရှိန်ကုန်ရင် ရပ်သွားမှာပဲမို့ လွတ်နိုင်ပါသေးတယ်နော်။
    ဒီသဘောပါပဲ။ စစ်ဘေး စစ်ဒဏ်တွေ ခံကြရပြီဆိုလို့ လွတ်ရာကို ထွက်ပြေး တိမ်းရှောင်ကြလို့ ကွဲကွာ
သွားကြရတယ်ဆိုရင်တောင် အသက်မသေသေးသ၍ကတော့ဖြင့် ပြန်တွေ့နိုင်ပါသေးတယ်။ နောက်ပြီး
ဒီစစ်ဘေးတွေ အဆုံးသတ်သွားတဲ့တစ်နေ့ အေးငြိမ်းသွားမှာပဲမလား။

    အင်း…ဒီဘေးတွေအတွက် တွေးပူနေရပေမယ့် တကယ်တော့ ဒီဘေးတွေက ကယ်လို့ ကူလို့ ရတဲ့
ဘေးတွေပါပဲနော်။ ဒါကြောင့် ကယ်လို့ ကူလို့ ရသော ဘေးတွေအတွက် ပူနေခြင်းသည် အကြား အမြင်မ
ရှိသူတို့၏ ပူပန်ခြင်းလို့ မှတ်လိုက်ရပါတော့မယ်။

အကြားအမြင်ရှိသူတို့၏ ပူပန်ခြင်း
    ၁။ ကိုယ့်မိဘတွေရဲ့ အိုလာတာကို ကြည့်ပြီး သူတို့ကို မအိုရအောင် ကိုယ်က ၀ိုင်းကယ်ပေးလို့ ရပါရဲ့
 လား။ အဲလိုပဲ ကိုယ့်ကိုယ်ကိုယ် အိုလာတာကိုရော ဘယ်သူများ ကယ်ပေးနိုင်ပါသလဲ။ မအိုရအောင်
ဆိုပြီးလေ။ ကယ်ဆယ်ရေးလည်း မရှိပါလား။ ဒီအိုဘေးကြီးသင့်နေမှန်းသိပေမယ့် ဒီဘေးကနေ လွတ်
ဖို့ကျတော့ ကယ်ပေးလို့မရတဲ့အတွက် စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်ရပါတယ်။ အင်း ဒီအိုဘေးတွေက စက္ကန့်မ
လပ်ကို နှိပ်စက်နေပါလားလို့ သိပြီး အဲဒီဘေးကနေ လွတ်ဖို့အတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်နေရ တာမျိုးပေါ့။

၂။ နောက်ပြီး ကိုယ့်မိဘတွေမှာ ရလာတဲ့ ရောဂါတွေကို ကြည့်ပြီး ကိုယ်က ကူခံပေးချင်လို့ရော ရရဲ့ လားလို့။ အော်…နာခြင်းဘေးတော့ ဆိုက်လာပါပေါ့လား။ ကယ်ဆယ်ရေးကို ဖုန်းဆက်ပြီး လာကယ်ဖို့ ပြောဦးမှပဲရယ်လို့ရော နာခြင်းဘေးကို ၀ိုင်းကယ်လို့ ရပါရဲ့လားနော်။ ရောဂါ အနာရယ်လို့ ဖြစ်လာရင် ဆေးကုလို့တော့ ရပေမယ့် အိုရာကနာလာရတဲ့ ရောဂါမျိုးကတော့ ဆေးကုလို့ ကယ်ဆယ်လို့ မရ သော ရောဂါပါနော်။ အင်း…သူတို့သာ ဒီလို ရောဂါမျိုးတွေ ဖြစ်တာပါ။ ငါတို့တော့ အေးဆေးလို့များ သွားမထင်လိုက်နဲ့ဦး။ ကိုယ့်အလှည့်က မရောက်သေးလို့။ လာပါလိမ့်မယ်။ အလှည့်ကျရင်လေ။ ဘာလို့အလှည့်ကျရမှာလဲဆိုရင်တော့ အိုတတ်၊ နာတတ်တဲ့ ခန္ဓာကို ရ ထားလို့ပဲပေါ့။ အင်း…ဒါတွေ ကို တွေးမိတိုင်း စိုးရိမ်ပူပန်ရပါတယ်။ ဒီနာဘေးကနေ လွတ်အောင် ဘယ်လိုလုပ်ရပါ့မလဲဆိုတာကို လေ။ အဲလိုများ ပူပန်နေရင်တော့ ဒါသည် အကြားအမြင်ရှိသူတို့ရဲ့ ပူပန်ခြင်းပဲလို့ သိလိုက်ပါနော်။

၃။ နောက်ဆုံးတစ်ခု ပူတာရှိသေးတယ်။ မိဘတွေ ဆွေမျိုးတွေ သေလွန်ကြတဲ့အခါ သူတို့ကို မသေ
စေချင်ဘူး။ သေချင်းသေ ကိုယ်သာသေလိုက်ချင်ပါတယ်လို့ သူတို့ရဲ့ သေဘေးကို ကိုယ်က ကယ်လို့
ရပါရဲ့လား။ သူများကယ်ဆယ်ပေးလို့လည်း ရရိုးလားနော်။ အင်း…ဒါကြောင့် သူတို့တွေ သေသွားကုန်
ကြပြီ။ ဘယ်သူမှ တားလို့ ကယ်လို့ မရနိုင်သလို ငါလည်း သေရဦးတော့မယ်။ ဘယ်နှယ်လုပ်ရပါ့မလဲ
 ရယ်လို့ သေခြင်းအပေါ် စိုးရိမ်ပူပန်စိတ်တွေဖြစ်နေတတ်ကြပါတယ်။

    အဲလိုများ ပူပန်နေမယ်ဆိုရင်တော့ ဒီပူပန်ခြင်းသည် အကြားအမြင်များသူတို့ရဲ့ ပူပန်ခြင်းပဲလို့
သိလိုက်ရပါမယ်နော်။    ဒီမှာပဲ အကြားအမြင်မရှိသူတို့ရဲ့ ပူပန်ခြင်းနဲ့ အကြားအမြင်ရှိသူတို့ရဲ့ ပူပန်ခြင်းကို
ခွဲခြားလို့ သိနိုင်ကြပြီးသကာလ အကြားအမြင်ရှိသူတို့ရဲ့ ပူပန်ခြင်းအတွက် ဘယ်လမ်းမျိုးကို လျှောက်မှ
 လမ်းမှန်ကို လျှောက်ရာရောက်မယ်ဆိုတာလေးကို နောက်နေ့များမှ ဆက်လက်ဖော်ပြပေးပါမည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...