Tuesday, September 6, 2011

လူသားအစ ဗြဟ္မာက

by ဗုဒ္ဓဘာသာ / အတွေးအမြင် on Tuesday, September 6, 2011 at 12:44pm
 
စာမိတ်ဆက်

ဒီပို့စ်ကို ရေးဖို့ အရင်က တစ်ခါမှ စိတ်မကူးခဲ့ဘူး၊ ဖေ့ဘုတ်က ဗုဒ္ဓဘာသာ အတွေးအမြင်ကို တည်ထောင်သူ
ဒေါက်တာ မင်းမဟော်က အရှင်ဘုရား အောက်ပါ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါဘုရား၊ အကူအညီတောင်းပါတယ်ဘုရား ဟု မေတ္တာရပ်ခံပါသည်၊ စာရေးသူလဲ ရေးဖို့ ချီတုန်ချတုန်ဖြစ်နေသည်၊ တခြားအလုပ်တွေလဲ ရှိနေတာကြောင့် လုံးဝ လွတ်လွတ်ကျွတ်ကျွတ် အာမ မခံရဲပေ၊ စာရေးသူကိုလဲ ထိုဗုဒ္ဓဘာသာ အတွေးအမြင်ကို တည်ထောင်သူ ဒေါက်တာမင်းမဟော်နှင့် ဒေါက်တာ ဇီဝကတို့က အဖွဲ့ရဲ့ Admin အဖြစ် အသိမှတ်ပြုသည်၊ ထို့အတွက်လဲ ကျေးဇူးတင်ပါသည်။ သို့သော်လည်း အချိန်မပေးနိုင်သဖြင့် ထိုအဖွဲ့ထဲမှာ ပို့စ်ရေးတာတို့ မလုပ်နိုင်ခဲ့၊ တခါတရံတော့ ၀င်ရောက် ဆွေးနွေးခဲ့သည်။ ဒီအဖွဲ့ကို တည်ထောင်သူတွေဟာ ခေတ်လူငယ်တွေ ဖြစ်ပေမဲ့ ဘာသာရေး စိတ်ဝင်းစားသလို အတွေးအမြင်လဲ ရှိကြတဲ့သူတွေ ဖြစ်တော့ ဒီအဖွဲ့ကို တည်ထောင်ခြင်းပဲ ဖြစ်ပုံရပါတယ်။

‘‘လူသားတွေဖြစ်ပေါ်လာပုံကို နိုင်ငံခြားသားတွေကိုပြန်ရှင်းပြချင်လို့ သာမာန်လူတွေ နားလည်နိုင်အောင် ဗုဒ္ဓရဲ့တရားတော်နဲ့အညီ မိန့်ကြားပေးပါဘုရား။ သူတို့ရဲ့ပန်းသီးစားလို့ ဆိုတဲ့အပြောကိုလဲ မငြင်းလိုပါဘုရား၊ စာအုပ်တွေရှာဖတ်တာလဲ တပည့်တော်အနေနဲ့ ဖြေရှင်းနိုင်မဲ့ အဖြေမျိုးမရသေးပါဘုရား။ ဦးခိုက်လျက်.....
ဒီမေးခွန်းလေး အဆင်ပြေတဲ့ အချိန်ကျရင် ဖြေပေးပါဘုရား-----။’’

---------------------------------------------------------------------------------------------------------------------------
လူသားအစ ကမ္ဘာဦးက

ဒါဝင် သီအိုရီက လူသားတွေဟာ မျောက်တွေကနေ တဖြည်းဖြည်းနဲ့ လူအဖြစ် ပြောင်းလဲလာတယ်လို့ဆိုတယ်။ တချို့ကလဲ လူသားတွေဟာ အာဒမ်နဲ့ဧ၀က စပေါက်ဖွားလာတာတဲ့၊ တချို့ကတော့ လူသားအစ အာရှတိုက်ကဖြစ်လာတာတဲ့၊ မြန်မာတွေက လူသားအစ မြန်မာက ပြောသလို ပုံတောင် ပုညာကစတယ်လို့လဲ ပြောကြတယ်၊ အားလုံးဟာ သမိုင်းပညာရှင် ဘာသာရေးပညာရှင် သိပ္ပံပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်ပဲဖြစ်ပါတယ်။ ဘယ်ကပဲ စဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လက်ခံနေကြတာပါပဲ၊ ဒါပေမဲ့ မေးလာတဲ့သူ အဲဒီအဖြေမျိုးမလိုချင်ဘူး ဗုဒ္ဓရဲ့ အဖြေမျိုးပဲ လိုချင်ပါသတဲ့ဗျာ-။

 ဗုဒ္ဓစာပေအရ ဖော်ပြပေးပါဆိုတော့ ဒီဃနိကာယ်လာ စက္က၀တ္တိသုတ်နှင့် အဂ္ဂညသုတ်တို့ကို လေ့လာဖို့လိုလာသည်။ စာရေးသူတို့ မှီသလောက်လေးပေါ့၊ ဗုဒ္ဓစာပေတွေက အရမ်းကျယ်ပြန့်ပါတယ်၊ စာရေးသူတို့ ဥာဏ်နဲ့ လိုက်မမီပါဘူး။ အသေးစိတ်သိလိုသူများကိုတော့ ထိုသုတ် နှစ်သုတ်နဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သင်္ဂြီုဟ်ဘာသာဋီကာမှာလဲ လေ့လာနိုင်ပါသည်။

လူသား ဘယ်ကစလဲ မေးလာတော့ ကမ္ဘာကြီး ဘယ်ကစလဲ ဆိုတာကနေ စပြီး လေ့လာဖို့လိုလာသည်၊ ထိုသုတ္တန်မှာပဲ ပြထားပြီးဖြစ်သည်။ ကြက်မ ဘယ်ကစ ကြက်ဥက စ၊ ကြက်ဥ ဘယ်က စ ကြက်မက စ ဆိုတာလို အစရှာမရတဲ့ သံသရာလည်ပတ်နေတဲ့ လောကကြီးမှာ လူသား ဘယ်ကစလဲဆိုတာ အတိအကျ ပြောဖို့ မရပါဘူး။

ရဟန္တာမဖြစ်သေးသရွေ့ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ ပြိတ္တာဖြစ်လိုက် လူပြန်ဖြစ်လာလိုက်နဲ့ ဘယ်ကနေ လူစဖြစ်လဲဆိုတာ မသိနိုင်လောက်အောင်ကို သံသရာလည်နေသည်။ ထို့ကြောင့် လူ၏အစကို သို့မဟုတ် သတ္တ၀ါ၏အစကို မသိနိုင်ပေမဲ့ သံသရာအဆုံးကိုတော့ သိနိုင်သည်။

ကိလေသာပျက် အာသဝေါကင်း ရဟန္တာဖြစ်သွားသော သူသည် သံသရာပျက်သည်ဟု ဆိုလိုသည်။ တချို့ကပြောတယ် ဗုဒ္ဓက ကိုယ့်ကိုယ် မသေအောင် မလုပ်နိုင်ဘူးတဲ့၊ ဒီလိုဆိုရင် ဗုဒ္ဓ၏အစွမ်းက ဘယ်မှာလဲတဲ့။ တကယ်တော့ ဗုဒ္ဓရော ရဟန္တာတွေပါ ခန္ဓာငါးပါးနဲ့တည်ဆောက်ထားလို့ သေမျိုးဖြစ်လို့ သေရတာ မဆန်းပါဘူး၊ သို့သော်လဲ နောက်ထပ် သတ္တ၀ါတိုင်း ခံစားရသည့် မွေးဒုက္ခ အိုဒုက္ခ သေဒုက္ခကိုတော့ မရှိတော့ဘူး။

သတ္တ၀ါတစ်ယောက် ဖြစ်လျှက် မအို မနာ မသေ ထာဝရနေနိုင်တဲ့ အရာ ဘာမှ မရှိပါဘူး ထာဝရရှိတယ်လို့ ပြောတာဟာ လက်တွေ့မဟုတ်ဘဲ စိတ်ကူးပုံဖော်ထားတဲ့ စိတ်ကူးယဉ်မျှသာဖြစ်သည်။

ရှိစေတော့- လူဘယ်ကစလဲဆိုတာကို စာမှာကိုက အနမတဂ္ဂသံသရာတဲ့၊ အစမထင် ၀ါ အစမရှိ သံသရာတဲ့၊ လူသားလဲ သံသရာတည်း သတ္တ၀ါတစ်ယောက်ဆိုတော့ အစမထင် သံသရာထဲ ပါသွားတာပေါ့။ လူဘယ်ကစလဲ ဆိုတာကို ဘုရားရှင်တောင် ပြောပြမထားခဲ့ပါဘူး။ သို့သော်လဲ ကမ္ဘာဦးက လူသားဖြစ်ပေါ်လာပုံကိုတော့ ဖော်ပြထားသည်၊ ထိုလူသားတို့သည် သံသရာကို ကျင်လည်ရင်း လူသားအဖြစ် တဖန်ရောက်လာပုံကိုပဲ ဖော်ပြထားသည်။

မာလုကျပုတ္တသုတ်မှာ ပုဏ္ဏားတစ်ယောက်က လောကကြီး အဆုံးရှိသလား အဆုံးမရှိဘူးလား၊ သတ္တ၀ါတစ်ယောက် သေပြီးရင် ပြန်ဖြစ်လား မဖြစ်ဘူးလား ဖြစ်သည်လဲ မဟုတ် မဖြစ်ဘူးလဲ မဟုတ်ဆိုတဲ့ သဿတ ဥစ္ဆေဒမေးခွန်းမျိုးစတဲ့ မေးခွန်းဆယ်ချက်၊ ယနေ့ခေတ်မှာတော့ အနောက်တိုင်း အတွေးခေါ် (Western Philosophers) တွေ အိန္ဒိယအတွေးခေါ် (Indian Philosophers) တွေ ဗုဒ္ဓဘာသာအပေါ် ထောက်ပြထားတဲ့ problem တစ်ခုပေါ့။ အတွေးအခေါ်များဆိုတာ just thinking ပဲ၊ အကျင့်မပါဘူး။ ဗုဒ္ဓရဲ့ တရားတွေက အကျင့်ကိုပဲ ဦးစားပေးတယ်။ ထို့အတူပဲ လူသားအစ ဆိုတာ လောက အစကို ပြောတာနဲ့ အတူတူပဲလို့ ယူဆမိပါတယ်။ ကမ္ဘာ၏ အစလို့ပဲ ပြောကြပါစို့။

လ-နေမရှိသော လောက

ကမ္ဘာကြီး၏အစသည် လ,နေ, ကြယ်တာရာတွေ မရှိသေးသဖြင့် အမှောင်အတိပြီးသော လောကကြီးဖြစ်သည်။
နေ့တွေ ညတွေ မရှိသေး၊ နှစ်တွေ လတွေ ရက်စွဲတွေ မရှိသေး၊
ထိုအမှောင်လောကကြီးထဲ ရောက်နေတဲ့ လူသားတွေလဲ ယောက်ျား မိန်းမ ကွဲပြားမှု မရှိသေး။
သတ္တ၀ါတစ်ယောက်အနေနဲ့ပဲ ဖြစ်လာကြသည်။ ေ
နရောင် လရောင် ကြယ်တာရာရောင်များ မရှိပေမဲ့ သတ္တ၀ါတွေရဲ့ခန္ဓာက အရောင် အလင်းဖြင့်ပင် နေနိုင်ကြသည်။

ထိုလူသားတွေသည် သူတို့တတွေရဲ့ ဒုစရိုက်လွန်ကျူးမှုကြောင့် ဆုပ်ကပ်ကနေ ကမ္ဘာကြီးပျက်စီးလို့ လူသားဘ၀ကနေ အာဘဿရာဗြဟ္မာပြည်သို့ ရောက်ကြတယ်၊ သြပပါတိကသတ္တ၀ါများဖြစ်သည်အားလျော်စွာ ကုသိုလ်ကံအဟုန်ကြောင့် ၀ုန်းကနဲ ဘွားကနဲပေါ်လာတဲ့ သတ္တ၀ါမျိုးဖြစ်သည်။

  • ဥကနေ ဖြစ်လာတဲ့ သတ္တ၀ါမျိုးကိုတော့ အဏ္ဍဇသတ္တ၀ါ၊
  • ပိုးလောက်ကဲ့သို့ အညှီအဟောက်ကို အစွဲပြု၍ မွေးဖွားလာသော သတ္တ၀ါကို သံသေဒဇ သတ္တ၀ါ၊

  • ကိုယ်ဝန်ဖြင့် မွေးဖွားလာသော သတ္တ၀ါကိုတော့ ဂဗ္ဘသေယျက သတ္တ၀ါ ဟု

သတ္တ၀ါဖြစ်လာပုံနှင့် အမျိုးအစားကို ဤသို့ ခွဲခြားနိုင်သည်

နတ် ဗြဟ္မာတွေကတော့ ကုသိုလ်အဟုန်ကြောင့် ဖြစ်သော (ကမ္မဇ) သြပပါတိက သတ္တ၀ါဖြစ်သည်။ ထိုအာဘဿရာပြည်မှာ စိတ်ကြောင့်ပဲ ပီတိတည်းဟု အစားအာဟာရဖြင့် အသက်ရှင်ကြသည်။ ထိုပြည်ကနေ စုတေးပြီး လူသားအဖြစ် ဤလောကကြီးထဲ စတင်ရောက်လာသူများ ဖြစ်ကြသည်။ လူသားအစ ဗြဟ္မာက၊ ထို ဗြဟ္မာလဲ လူသားကနေဖြစ်ဆိုတော့ ကြက်ဥနဲ့ ကြက်မလိုပဲ ဖြစ်မည်။

ဒါဝင်က ပြောတော့ လူသား မျောက်ကဖြစ်တာတဲ့ အဲဒီမျောက်ကကော ဘယ်ကဖြစ်လာတာလဲ? မေးစရာပင်ဖြစ်သည်။

လူသားတွေရဲ့ ရွှေခေတ်

တချိန်က လူသားသတ္တ၀ါရယ်လို့ ဖြစ်ခါစက ရွှေခေတ်တစ်ခေတ်ရှိခဲ့ဖူးသည်။ စားရေးသောက်ရေးအတွက် မပူပင်ရ။ အဲဒီခေတ်က ကိုယ်နေတဲ့ မြေကြီးသည်ပင် စားစရာဖြစ်နေသည်၊ အလွန်အရသာရှိသည့် မြေဆီ မြေလွှာတို့သည် ရေပြင်မှာ နို့မလိုင်တည်သလိုရှိနေသည်။ စားချင်စရာ ထောပတ် ဆီဦးတို့ကဲ့သို့ အဆီသြဇာရှိပြီး အဆင်း အနံ့ အရသာတို့နှင့်လဲ ပြည့်စုံသည်။

သို့သော်လည်း ထိုသတ္တ၀ါတွေ အရသာရှိမှန်း မသိကြသေး၊

တနေ့တော့ သတ္တ၀ါတစ်ယောက် လူသားတစ်ယောက်ဆိုကြပါစို့၊ သူက လက်ဖြင့် မြေဆီကို ကော်ပြီး လျှာဖြင့်တို့ကြည့်ရာ အလွန်အရသာ ရှိမှန်းသိလိုက်ရသည်၊ ရသတဏှာလဲ စတင်ပေါ်ပေါက်လာသည်၊ သတ္တ၀ါတွေရဲ့ တဏှာအစသည် ရသတဏှာ ဖြစ်သလို့ အဖြတ်ရ အခက်အခဲဆုံး တဏှာသည်လည်း ရသတဏှာပင်ဖြစ်သည်။ နောက်တစ်ယောက်ကလဲ သူလုပ်သလို လိုက်လုပ်ရင်း အခြားခြားသော သတ္တ၀ါတွေအားလုံး သူလုပ်သလို လိုက်လုပ်ရင်းကနေ အစားအစာအပေါ် တဏှာရသများ ဖြစ်လာသည်။ ထိုကဲ့သို့ ရသတဏှာဖြင့် မြေဆီမြေလွှာများကို အားပါးတရ အလုပ်အလေးပြုပြီး စားလာသော အခါ သတ္တ၀ါတွေရဲ့ ခန္ဓာက အလင်းရောင် ပျောက်ကွယ်သည်။ ရသတဏှာကြောင့် လူသားတွေရဲ့ ရွှေခေတ်ကို ပျက်သုဉ်းစေဖို့ အစပြုလာသည်။

လ-နေတို့ စတင်ပေါ်လာ

သတ္တ၀ါတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ပြယ်သွားသော အခါ သတ္တ၀ါ အမှောင်ထဲမှာ ကြောက်ကြောက်ရွံ့ရွံ့ရှိကြသည်၊ အလင်းရောင် ပေါ်ပေါက်လာရင် ကောင်းမှာပဲဟု ဆန္ဒပြုလိုက်တာနဲ့ နေမင်းကြီး ပေါ်ပေါက်လာသည်၊ လူသားတွေရဲ့ ရဲရင့်ခြင်းကို ဖြစ်စေတတ်သော အလင်းရောင် ဖြစ်သောကြောင့် သူရ (သူရိယ) နေဟု ခေါ်သည်။ ကမ္ဘာကြီး၏ ရွေ့ရှားသော စနစ်ကြောင့် နေမင်းကြီး ကွယ်သောအခါ ‘‘ နောက်ထက် အလင်းရောင် တစ်ခု ပေါ်ပေါက်လာလျှင် ကောင်းမှာပဲ’’ဟု လူတွေ ရဲ့ ဆန္ဒကြောင့်ပင် စန္ဒဆိုတဲ့ လမင်းကြီး ရှေးဦးစွာ ပေါ်ပေါက်လာသည်။

ဒီဃနိကာယ်၊ ပါထိက၀ဂ္ဂ အဋ္ဌကထာ ၊ အဂ္ဂညသုတ်အဖွင့် စာမျက်နှာ ၅၁တွင် နေ လတို့၏ ပမာဏ အကွာအဝေး သဘောသဘာဝတို့ကို ဖော်ပြထားသည်၊ လေ့လာလိုက လေ့လာနိုင်ပါသည်။

ထိုခေတ်ကထဲက သိပ္ပံပညာ ထွန်းကားလာလေသရောလားဟု ထင်မိပါလိမ့်မည်။ ဤနေရာ၌ ဖော်မပြတော့ပေ။ ကြယ်တာရာတွေလဲ နေ လတို့နှင့်အတူ ပေါ်ပေါက်လာသည်သည်၊ ပါဠိတော်မှာ စန္ဓိမသူရိယ ဟု စန္ဓိမာ (လ) ကို ရှေ့ကနေ ဆိုထားပေမဲ့ အဋ္ဌကထာ အလိုအရာ သူရိယ (နေ)က ပထမ အရင်ပေါ်ပေါက်သည်။ ထိုအချိန်က စပြီး နေ့ ညတို့ ပေါ်ပေါက်လာသည်။ ထို့နောက် ရက်တွေ နေ့တွေ လတွေ နှစ်တွေ ဥတုတွေလဲ ပေါ်လာသည်။

ကျား-မ စတင်ပေါ်လာပုံ

ကမ္ဘာကြီး စတည်ကထဲက သတ္တ၀ါ အမည်ဖြင့်သာ ဖြစ်ပြီး ယောက်ျား မိန်းမရယ်လို့ ကွဲပြား ခြားနားခြင်း မရှိသေး။ လူသားသတ္တ၀ါတွေသည် မြေဆီ မြေလွှာကို အစာအဟာရ အဖြစ်စားလာသော အခါ ခန္ဓာကိုယ်သည်လည်း ကြမ်းတမ်းလာသည်၊ တစ်ယောက်နှင့် အဆင်းတွေ ကွဲပြားလာသည်၊ ရုပ်အဆင်းကောင်းသူတွေက ရုပ်အဆင်း မလှသူတွေအပေါ် အထင်သေးအမြင်သေးသည့် မာန အတိမာနစိတ်များ ဖြစ်လာသည်။ ငါသည် သူထက် ရုပ်အဆင်း ပိုလှတယ်၊ သူတို့ ငါ့လောက်မလှဘူး ဆိုတဲ့ မာန စိတ်တွေ ဖြစ်လာသည်။ ထိုမာန စိတ်တွေကြောင့်ပင် အလွန်ရသာရှိသည် မြေဆီ မြေလွှာတွေလဲ အရသာတွေ ကွယ်ပျောက်ကုန်ပြီ။ အဲဒီလိုအား အစားအစာတွေ တစ်ခုကွယ်ပြီး နောက်တစ်မျိုးပေါ်လာရင်း ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပို၍ပို၍ ကြမ်းတမ်းလာတော့သည်။ ရုပ်အဆင်းလှသူတွေလဲ ပိုပို၍ပင် မာန အတိမာနတွေ ကြီးထွားလေသည်။ ဒီလိုနဲ့ အစားအစာတွေ ပြောင်းလာရင်းနဲ့ ထုရိုက် ဖွတ်ပြီးချက်စရာ မလိုသော ဆန် ပေါ်လာသည်၊ ထိုဆန်သည် ဆန်ကျိုးဆန်ကွဲ မရှိ၊ အလွန်သန့်ရှင်းပြီး အနံ့နှင့်ပြည့်စုံသည်။ မနက် ညနေစာ အတွက် ညနေကထဲက သယ်ယူထားကြသည်။ ထိုအစားအစာဖြင့် လူသားသတ္တ၀ါတွေ အသက်ရှည်နေကြရသည်။

ထိုဆန်ကို စားပြီး လူသားတွေရဲ့ ခန္ဓာကိုယ်သည် ရှေးကထက် ပိုကြမ်းလာသည်၊ ရုပ်ဆင်းအင်္ဂါတွေလဲ ရှေးကထဲ မတူကွဲပြားမှုတွေ ဖြစ်လာသည်။ အဲဒီအချိန်မှာပဲ မိန်းမ အင်္ဂါ ယောက်ျားအင်္ဂါရပ်တွေ ထူးခြားစွာပေါ်လာသည်၊

အရင်လူ့ဘ၀က မိန်းမဖြစ်ခဲ့သူသည် မိန်းမအင်္ဂါပေါ်လာသည်ဖြစ်၍ မိန်းမအသွင်ဖြစ်သည်၊ အရင်လူ့ဘ၀က ယောက်ျားဖြစ်ခဲ့သူကတော့ ဒီဘ၀မှာ ယောက်ျားအဖြစ် လာဖြစ်ရသည်။

ဤသို့အားဖြင့် မိန်းမ ယောက်ျား ကွဲပြားလာသည်။ ထိုသို့ထူးခြားသည့် အပြောင်းအလွဲကြောင့် မိန်းမဖြစ်သူက ယောက်ျားဖြစ်သူကို စူးစူးစိုက်စိုက် ကြည့်သည်၊ ယောက်ျားဖြစ်သူကလဲ မိန်းမဖြစ်သူကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ထိုကဲ့သို့ အချင်းအချင်း အပြန်အလှန် ကြာရှည် ကြည့်ရာမှ တပ်မက်တဲ့ ရာဂစိတ် ဖြစ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ရာဂအပူလောင်သည်၊ ထိုရာဂအပူကြောင့်ပင် မေထုန်မှီဝဲလိုက်ကြတော့သည်။

ဤကား မိန်းမ ယောက်ျား ကွဲပြားလာရာမှ မေထုန်ခေါ် ကာမဂုဏ် sex ကိစ္စ စတင်ဖြစ်လာခြင်းဖြစ်သည်။ သတ္တ၀ါတွေ၏ ရသတဏှာကနေ မာန၊ မာနကနေ ရာဂ စိတ်တို့ အဆင့်ဆင့် ဖြစ်ပွားလာခြင်းဖြစ်သည်။


လိင်ဆက်ဆံ (Sex)မှုကို ကမ္ဘာဦးကထဲက အပြစ်ဟု မြင်

ထိုခေတ်က လူရိုင်းတွေ ခေတ်ကလို အ၀တ်အစား မရှိကြသေး၊ အိမ်တွေ အကာရံတွေလဲ မရှိသေး၊ လွင်တီခေါင် ကွင်းပြင်တွေမှာလဲ မိန်းမ ယောက်ျား နှစ်ဦးသားတို့ မေထုန်မှီဝဲနေတာကို မြင်သော လူများက ခဲတွေ ဒုတ်တွေ နွားချေးတွေ ၀ိုင်းထုကြသည်။

‘‘လူယုတ်မာတွေ ပျက်စီးပါစေ၊ အဘယ့်ကြောင့် သတ္တ၀ါတစ်ယောက်က သတ္တ၀ါတစ်ယောက်ကို ဤကဲ့သို့ ပြုကြသနည်း’’ဟု အော်ဟစ် ဆဲဆိုပြီး ၀ိုင်းထုကြသည်။

ဤသည်ကို ထောက်ဆ၍ ကမ္ဘာဦးကထဲက လိင်ဆက်ဆံမူ (sex) ကို ပညာရှိသည်ဖြစ် မရှိသည်ဖြစ်စေ လူတိုင်းက စက်ဆုပ်စရာ ကဲ့ရဲ့စရာ အဖြစ်၍ အပြစ် (အကုသိုလ်) ဟု သတ်မှတ်လာခဲ့သည်။

ထိုခေတ်က မေထုန်မှီဝဲတဲ့သူတွေကို ၃ လ သို့မဟုတ် ၂ လ ရွာနှင်ဒဏ်ပေးသည်၊ ရွာထဲ ၀င်ခွင့်မရှိ။ အဲဒီခေတ်က လိင်ဆက်ဆံမှုကို အဓမ္မသမ္မတ (သူယုတ်မာအကျင့်) ဟု သမုတ်ထားကြသည်။ ယခုခေတ်တော့ ဓမ္မသမ္မတ-ပြုကျင့်စရာ အဖြစ် ဖြစ်လာသည်။ တနည်းပြောရရင် အပြစ်ဟု မယူဆကြတော့ပေ။


အချိန်ကြာလာတော့ ဒီမေထုန်ကိစ္စကြီးက မသင့်တော်ဘူး၊ လူမြင်လို့လဲ မကောင်းဘူး၊ သူယုတ်မာတို့ အကျင့်ဖြစ်တဲ့ မေထုန်ကိစ္စကို လူသူမမြင်အောင် ဖုံးလွမ်းဖို့ အိမ်ဆောက်လာကြသည်။ ထိုအချိန်အခါမှ စ၍ အိမ်ပေါ်ပေါက်လာသည်။

သမ္မတ ပေါ်ပေါက်လာခြင်း

ပထမဆုံး ပေါ်ပေါက်လာသူ လူသတ္တ၀ါကိုတော့ သူ၏ ရှေးဘုန်းရှေးကံကြောင့် ဗြဟ္မာပြည်က ဘွားကနဲ ပေါ်လာတဲ့ သြပပါတိက သတ္တ၀ါ ဖြစ်သည်၊

မိန်းမ ယောက်ျား ကွဲပြားလာပြီး မေထုန်အမှုပြုပြီးနောက် မွေးဖွားလာတဲ့ နောက် မျိုးဆက်သစ်များကိုတော့ ကိုယ်ဝန်ဆောင်မွေးလာရတဲ့ ဂဗ္ဘသေယျက သတ္တ၀ါအမျိုးစားဖြစ်သည်။

လူဦးရေ ထူထပ်လာတာနဲ့အမျှ ပြဿနာ မျိုးစုံဖြစ်တတ်သည်။ လူတစ်ယောက်တည်း နေလျင် မထူးပေမဲ့ လူ ၂ ယောက်ဖြစ်လာလျှင် သဘောထား ၂ မျိုးဖြစ်မည်၊ ၃ ယောက် ၄ ယောက် စသည်ဖြင့် များလာလျှင် သဘောထားကွဲပြားမှု များစွာ ဖြစ်လာမည်။ ပြဿနာ အမျိုးစုံ ဖြစ်လာမည်။

အခု ပြဿနာ စပါပြီ၊ အရင်တုန်းက တစ်ကြိမ်တစ်ခါ ဆောင်ယူလာခဲ့သော ဆန်သည် ည မနက်အတွက် ဖြစ်သည်။ နောက်ပိုင်း လူတစ်ယောက်က စပြီး တစ်ကြိမ် နှစ်ရက်စာ ၃ ရက်စာ ၈ ရက်စာ စသည်ဖြင့် သယ်လာကြခြင်းဖြင့် ပစ္စည်းဥစ္စာ စုဆောင်းသည့် လောဘ စဖြစ်လာသည်။

ထိုလောဘကြောင့်ပင် ဆန်တွေလဲ အပိန်အဖျင်းတွေပါလာသည်၊ ဖွဲစသည့် အညစ်ကြေးများ ပါလာသည်။ ကောက်စပါးတို့သည်လည်း အရင်ကလို မစည်ပင်တော့ပေ။ ဆန်စပါးပင်တို့သည် ကွက်ကြားပေါက်ကုန်ပြီ၊ အရင်ကလို ပိတ်ပိတ်သဲသဲ မပေါက်တော့ပေ၊ တချိန်က လူတွေရဲ့ရွှေခေတ်သည် လူတွေရဲ့ လောဘ တဏှာကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လာသည်။

ဒီခေတ်မှာလဲ မိုးတွေခေါင် ရေတွေကြီး၊ အသီးအနှံတွေ မဖြစ်ထွန်း၊ ဆေးမျိုးစုံသုံးနေရခြင်းက လူတွေရဲ့ လောဘ ၀ိသမလောဘ စတဲ့ အကုသိုလ်တွေကြောင့်ပင် ဖြစ်သည်။ လူတွေရဲ့ မထိန်းနိုင်တဲ့ လောဘတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ သတ္တ၀ါ အရင်းမြစ်တွေ ပျက်စီးလာရသည်။ ထိုသဘာဝအရင်းမြစ်တွေ ပျက်စီးလာတာနဲ့အမျှ မျော်လင့်မထားတဲ့ သဘာဝ ဘေးဒဏ်တွေလဲ မကြာခဏ ရင်ဆိုင်နေရသည်။ လူတွေရဲ့ အလိုရမ္မက်ကို မထိန်းနိုင်သရွှေ့ သဘာဝဘေးဒဏ်တွေက ပို၍ပို၍ ကြီးထွားလာပါလိမ့်မည်။

ထိုကြောင့်  ရွှေခေတ် ပျက်စီးသွားမည့်အရေးကို အချိန်မီ တားဆီးနိုင်ရန် စီမီနာ (seminar) တစ်ခု ကျင်းပသည်။ သူတို့၏ စီမီနာမှာ အရင်က စိတ်ကြံတိုင်းရ လိုတိုင်းရသည့် ရွှေခေတ်၊ ပီတိကိုသာ စားနေရနေရတဲ့ ခေတ် ပျောက်လာပြီး နောက်ပိုင်း ရသာရှိတဲ့ မြေဆီမြေလွှာတွေ စားရသည်၊ ပထ၀ီမှ ရသာတွေလဲ ပျောက်ကုန်၊ ခန္ဓာကိုယ်လဲ့ ကြမ်းတမ်းလာ၊ ကိုယ်ရောင်ကိုယ်ဝါတွေလဲ ပျောက်ကုန်၊ လ-နေ-ကြယ်တာရာတွေ ပေါ်ပေါက်လာ၊ နေ့ လ နှစ်တွေ ပေါ်ပေါက်လာ။ လူတွေရဲ့ လောဘစတဲ့ အကုသိုလ်တွေကြောင့် မြေဆီမြေလွှာတွေလဲ ပျောက်ကုန်ုပြီ ဆန်စပါးတွေ စပေါ်လာ၊ ထို အပြစ်ကင်းစင်ပြီး အနံ့ရသာ အဆီသြဇာရှိတဲ့ ဆန်တွေလဲ မသန့်ရှင်းမှုတွေ ဖြစ်လာသည်၊ နောက်ပိုင်း ဆန်စပါးပင်တို့သည်ပင် မစည်ပင်ပဲ ဟိုနား တစ်စု ဒီနားတစ်စု ကွက်ကြားပေါက်ကုန်တော့သည်။

အဲဒီနောက်ပိုင်း လိုတရရွှေခေတ် ပျောက်ကွယ်သွားပြီး၊ စပါးပင်ပေါက်ရာ မြေများကို သူပိုင် ကိုယ်ပိုင် စည်းရိုးများခတ်ကြသည်။ နောက်ပိုင်း သူ့ဝေစု ကိုယ့်ဝေစုတွေခွဲပြီး နေလာရာမှ တစ်ယောက်သော သူက တစ်ယောက်ပိုင်သည့် နယ်က စပါးများကို ခိုးယူသည့် အဒိန္နာဒါနကံ စပါတော့သည်။ ပထမတော့ ခိုးတဲ့သူကို ဆဲဆိုပြီး ခြိမ်းခြောက်ရုံသာ လုပ်ပြီး နောက်ပိုင်း ၂ ကြိမ် ၃ ကြိမ် ခိုးလာတော့ ဒုတ်တွေ ခဲတွေနဲ့ ၀ိုင်း ညှင်းဆဲကြသည်၊ ၀ိဟိံသ စတင်ပေါ်ပေါက်လာပြီး နောက် ခိုးမှုထပ်မံ ဖြစ်လာသောအခါ ထိုညှင်းဆဲမှုကို ကြောက်သည်၊ ၀ိုင်းဖမ်း၍ စစ်ဆေးမေးမြန်းသော အခါ လိမ်ညာသည့် မုသာဝါဒလဲ ပေါ်ပေါက်လာသည်

ထို့ကြောင့် ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့၊ အပြစ်ပေးသင့်သူကို အပြစ်ပေး၊ ရပ်ရွာ တိုင်းပြည်ကနေ နှင်ထုတ်သင့်သူ နှင်ထုတ်နိုင်တဲ့နည်းလမ်းများကို တိုင်ပင်ဆွေးနွေကြသည်။ နောက်ဆုံး အများစု ဆုံးဖြတ်ချက်အရ အဖြေတစ်ခု ထိုသို့ ဥဒေကို ကိုင်နိုင်သည့်သူ၊ ဥပဒေကို ကျူးလွန်က အပြစ်ပေးနိုင်သည့်သူ အများလေးစားရသည့်သူ အများစုထက် ရုပ်ဆင်းအင်္ဂါပြည့်စုံသူ ကြည်ညိုလေးစားထိုက်တဲ့သူ အရှိန်သြဇာရှိတဲ့သူကို သမ္မတ (President) အဖြစ်သတ်မှတ် အတည်ပြုရန်ဖြစ်သည်။

သမ္မတပေါ်ပေါက်လာခြင်း

သမ္မတ,သမုတိတို့မှ ဆင်းသက်သော ပါဠိစကားလုံးကို သမ္မဟု၍လဲ မြန်မာမှုပြုထားသည်၊ ပြည်သူများက ယုံကြည်အားကိုးထိုက်ပြီး တရားမျှတစွာ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်သူကို သမ္မတဟု ခေါ်သည်။ ထိုအရည်အချင်းနှင့်ပြည့်စုံသူကို ပြည်သူတွေကပဲ ရှာဖွေကာ တိုင်းပြည် ရပ်ရွာများရဲ့ အခက်အခဲများကို မျှမျှတတဖြေရှင်းပေးရန် တောင်းပန်ကြသည်။ ဤသို့အား သမ္မတ ဆိုတာ ပေါ်လာသည်။ ထို့နောက် တိုင်းပြည်အတွင်း အာဏာခွဲခြမ်းမှု စီးပွားရေး လူမှုရေးတွေကြောင့် ရာထူးဌာနန္တရများ ကွဲပြားလာသလို လူသားတွေရဲ့ ဘ၀အဆင့်အတန်းသည်လဲ ကွဲပြားလာတော့သည်။

ခြုံ၍သုံးသပ်သော်

ဒါဝင်က လူသားအစ မျောက်ကဆိုသည်၊ ဗုဒ္ဓအလိုကျ လူသားအစ ဗြဟ္မာက စသည်။ ကမ္ဘာကြီး စတင်ပေါ်ပေါက်လာတာနဲ့ ဗြဟ္မာပြည်က စုတေသော သတ္တ၀ါတွေ ကမ္ဘာကြီးထဲကို သူတို့၏ ရှေးဘုန်းရှေးကံကြောင့် ဘွားကနဲ (သြပပါတိက) လူအဖြစ်ပေါ်သည်။ ထိုနောက်မှ ကျား+မ ကွဲပြားမှု၊ လိင်ဆက်ဆံမှု၊ လူဦးရေ ကြီးထွာလာမှု၊ စားဝတ်နေရေး ပြဿနာများ တဆင့်ပြီး တဆင့်ပေါ်ပေါက်လာပြီး နောက်ဆုံး သမ္မတပေါ်လာပြီး လူတန်းစား အဆင့်ဆင့်ပေါ်ပေါက်သည်။ လူသားတွေရဲ့ အကုသိုလ်စိတ်တွေကြောင့် လူသားဘ၀အစက လိုတိုင်းရ တတိုင်းရတဲ့ ရွှေခေတ်သည်လည်း ပျောက်ပြယ်သွားသည်ကို သတိတရဖြစ်မိသည်။

ကမ္ဘာဦးက လူသားသည် ဗြဟ္မာက စသည်ဆိုပေမဲ့ သံသရာနဲ့ ပြောသည်ရှိသော် လူသားဘ၀ အစသည် မထင်ရှား၊ ဘုရားရှင်တောင် မပြောခဲ့။ ကြက်ဥ ကြက်မက ဖြစ်၊ ကြက်မ ကြက်ဥက ဖြစ်စသည် သံသရာအကြောင်း (လောကအကြောင်း) ကံအကြောင်း ဗုဒ္ဓ၀ိသယ ခေါ် ဘုရားရှင် အရာများ ဈာန်နှင့်ပက်သက်သည့် အကြောင်းအရာများကို မစဉ်းစားသင့် စဉ်းစားက စိတ်ပင်ပန်းနိုင်သည်၊ ရူးသွားနိုင်သည်၊ အရာကား အလွန်ကျယ်လွန်းသောကြောင့်ဖြစ်သည်။ ထိုအရာများကို အစိန္တေယျ ၄ မျိုးကိုလဲ ပြထားသေးသည်။ ထို့ကြောင့် ဗုဒ္ဓစာပေအရ လူသားဘယ်က စလဲ သံသရာနဲ့ချီပြီး တွေးက အလွန်ကျယ်လွန်းရာကား ပင်ပန်းမည်၊ ရူးသွားနိုင်သည်ဖြစ်သည်။ သံသရာနှင့်မတွေးဘဲ ကမ္ဘာဦးက လူသား ဘယ်ကစ ဗြဟ္မာက စသည်ဟု အဖြေပေးလိုက်ပါတော့သတည်း။။။။။။။။

မှတ်ချက်။ ။ မိမိ ဥာဏ်မှီသလောက် ဒီဃနိကာယ် အဂ္ဂညသုတ်ပါဠိတော်နှင့် ၎င်း အဋ္ဌကထာကိုပဲ မှီရေးသည်။ ပြည့်စုံမည်ဟု မယူဆပါ၊  

အားရကျေနပ်မှု မရှိသေးပါက ထိုသုတ်အဋ္ဌကထာများ၊ သင်္ဂြိုဟ်ဘာသာဋီကာနှင့် အခြားကျမ်းများ များစွာရှိသေးသည်၊ ရှာဖတ်သင့်ပါသည်။

နောက်တစ်ခု အကြံတစ်ခု ပြုချင်တာက ‘‘လူသားအစ ဗြဟ္မာက’’ မှာ လူသားဖြစ်လာတဲ့ ထိုဗြဟ္မာကြီးကကော ဘယ်ကလာသလဲ မေးလာလျင် စက္က၀တ္တိသုတ်မှာ ဖတ်ဖို့လမ်းညွှန်လိုက်ပါရစေ။

ထိုသုတ်မှာ လူသားတွေ သက်တမ်း ဆုတ်ယုတ်လာပုံ၊ အကုသိုလ် ဒုစရိုတ်တွေ တဆင့်ပြီး တဆင့် ကျူးလွန်ကြပုံ၊ နောက်ဆုံး ကမ္ဘာကြီး မပျက်မှီ လူတွေ သံဝေဂ ရပြီး အချင်းချင်း မေတ္တာပွားလာပုံ၊ ထိုနောက် ကမ္ဘာကြီး ပျက်စီးပြီး အားလုံးသေကြသောသူတို့တွင် မေတ္တာဘာဝနာ အားထုတ်ခဲ့ကြသော သူတော်ကောင်းများက အာဘဿရ (ဗြဟ္မာ)ဘုံသို့ ရောက်သွားကြပုံတွေ အသေးစိတ်ပြထားသည်၊ စိတ်ဝင်စားသူများ ကမ္ဘာကြီး ပျက်စီးသွားပုံကို လေ့လာနိုင်ပါကြောင်း သတိတရဖြစ်စေပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၉-၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...