Tuesday, September 6, 2011

သား အောင်စစ်မောင်ထံသို့ ပေးစာ (၁)

by Thet Tun on Tuesday, September 6, 2011 at 3:40pm
ဖိုးဖိုး၊ ဖွားဖွားတို့ခေတ်က သူတို့လက်ထပ်ခြင်းအကြောင်း
     သားအဖွားအမည်က ဒေါ်ခင်သွယ်၊ 1962 တော်လှန်ရေးကောင်စီခေတ်မှာ CSED အကြီးအကဲ ဦးသက်ထွန်း၏ တာဝန်ပေးချက်အရ အမြတ်ခွန်အထူးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ အမြတ်ခွန်အထူးအရာရှိအဖွဲ့မှာ တစ်ဦးတည်းသော အရပ်သူ အမျိုးသမီး အရာရှိပါ။ ကျန်သူများက တပ်မတော်ကလာတဲ့ အထူးအရာရှိပေါ့။ အဖွားဒေါ်ခင်သွယ်မှာ မောင်တစ်ယောက်က တပ်မတော်အရာရှိပါ။ ဗိုလ်ကြီးတင်အေးလို့ခေါ်တယ်။ အဖွားက ရုပ်ရှင်အမြတ်ခွန်ကိစ္စတာဝန်ယူရတယ်။ အဲဒါကြောင့် ရုပ်ရှင်အကြီးအကဲထံသွားပြီး ရုပ်ရှင် အမြတ်ခွန်ကိစ္စဆောင်ရွက်နိုင်ရန် အကူအညီယူရတဲ့သူအမည်ကလည်း ဗိုလ်ကြီးတင်အေးတဲ့ သားအဖိုးပေါ့။
အဖိုးက အဖွားထက်  အသက် ၁၀ နှစ်ပိုကြီးတယ်လေ။ သားအဖွားက သားအဖိုးကို သူ့မောင်လို ပုပု ၀၀ ချောချော ဖြူဖြူလို့ထင်တာပေါ့။ တွေ့တဲ့အခါ ညိုညိုအရပ်ရှည်ရှည် မျက်မှန်နဲ့ အညာသားကြီးပေါ့။ အဲဒီတုန်းက အဖိုးက မုဆိုးဖို သား ၃ ယောက်အဖေလေ။ အဖိုးက အဖွားကို သဘောကျတော့ပိုးတာပေါ့။ သားအဖွားက အရမ်းချောတယ်လေ။ သူ့ခေတ်သူ့အခါက ကွင်းပေါ့။ သူ့သူငယ်ချင်းကလည်း ကွင်းပဲ။ ဒေါက်တာကြူကြူဆွေလေ။  အဖွားကြူကြူဆွေပေါ့။ သူတို့ (၂) ယောက်က တစ်တွဲ၊ တက္ကသိုလ်မှာ တူတူတွဲခဲ့ကြတာလေ။ အဖွားရဲ့ ကျောင်းနေဖက်ထဲမှာ စာရေးဆရာမောင်စူးစမ်းတို့ ဗိုလ်ချုပ်တင်ဦးတို့ဇနီးမောင်နှံတို့လည်းပါတာပေါ့။ အဖိုးက သူပိုးတုန်းက အဖွား အကြောင်းကို သိပ်မသိဘူး။ အဖိုးက အဖွားကို ပိုးတုန်းက အဖိုးက ရုံးမဆင်းခင်အချိန်မှန် ဖုန်းဆက်တယ် အတိအကျပဲ။ အဲဒီအချိန် အဖွားတို့ရုံးမှာ ဖုန်းလာလို့ရှိရင် ကျန်တဲ့ တပ်မတော်အရာရှိတွေက ဘယ်သူမှ ဖုန်းမကိုင်ကြဘူး။ အဖွားကပဲ ထကိုင်ရတယ်။ ရုံးပိတ်ရက်ဆိုရင် အဖိုးက အဖွားအိမ်ကို ညနေမှာသွားလည်တယ်။ သွားလည်တဲ့အချိန်မှာ အဖွားက ရေဒီယိုဖွင့်လို့ရှိရင် အဆိုတော် ထားရဲ့ "လာပါတော့ခါခါပေါ့ မျှော်ပေါ့လေးနာရီ ထိုးပြီထိုးပြီ" ဆိုတဲ့ သီခင်းအမြဲလာတယ်။ အဖိုးသူငယ်ချင်းတို့က အဲဒီအချိန်ဆို မြန်မာ့အသံကနေ အမြဲလွင့်ပေးတယ်။

နောက်အဖိုးနဲ့အဖွားနဲ့ ကြိုက်သွားကြတယ်။ အဖိုးက တပ်မတော်မှာ လက်ထပ်ခွင့်တင်တော့ အဖိုးအထက်အရာရှိ ဗိုလ်မှူးကြီးစောမြင့်က ချက်ချင်းခွင့်ပေးတယ်။ ဘာလို့လဲဆိုတော့ အဖွားက ပထမဘွဲ့ကို Eco English စာ ဘာသာတွဲနဲ့ အောင်တယ်။ Master of Home Economic ကို အိုဟားရိုးစိတ်စ်ကရတယ်။ English Teaching Dip. ကို မစ်ချိဂန်တက္ကသိုလ်ကနေရတယ်။ အဲဒီဘွဲ့ (၂)ခုစလုံးကို အမေရိကန်အစိုးရရဲ့ Double Scholarship ကို ပထမဦးဆုံးရခဲ့တဲ့သူပေါ့။ နောက် ရန်ကုန်တက္ကသိုလ်က ဥပဒေဘွဲ့ကိုလည်း ထပ်ရသေးတယ်။ အဲဒီကိုယ်ရေးအကျဉ်းကို ဗိုလ်မှူးကြီးစောမြင့်က သူ့အိမ်သူကို ပြောပြတော့ အိမ်သူက သူနဲ့သူငယ်ချင်းတဲ့... မြန်မြန်သဘောတူလိုက်လို့ပြောတယ်။
     အဖွားက အဖိုးနောက်ကြောင်းကို ဗိုလ်မှူးကြီးရဲထွန်း (အမြှောက်နှင့်သံချပ်) ကို စုံစမ်းခိုင်းတယ်။ တစ်ချိန်တုန်းက ဗိုလ်မှူးကြီးရဲထွန်းက အဖွားကိုလက်ထပ်ခွင့်တောင်းဖူးတယ်။ သူက အဖိုးရဲ့နောက်ကြောင်းကို ထောက်ခံပေးတယ်။

    စေ့စပ်လမ်းကြောင်းတော့ အဖွားရဲ့လူကြီးအုပ်ထိန်းသူဘက်က ဗိုလ်မှူးကြီးမောင်မောင်ခ (၀န်ကြီးချုပ်) က လူကြီးအဖြစ်ဆောင်ရွက်ပေးတယ်။ အဖိုးဖက်က ဗိုလ်မှူးကြီးစောမြင့်က အုပ်ထိန်းသူလူကြီးအဖြစ် တာဝန်ယူပေးတယ်။ လက်ထပ်ပွဲကို ရုံးတက်လက်မှတ်ထိုးတာပဲလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အကြီးအကဲများက မေတ္တာရပ်ခံလို့ပါ။ လက်ထပ်ပွဲလုပ်လို့ ရှိရင် ရုပ်ရှင်လောကနဲ့ အခြားသူများ တက်ရောက်ချီးမြှင့်ပြီး လက်ဖွဲ့ပေးကြလို့ရှိရင် ဆိုရှယ်လစ်ခေတ်အခြေအနေနဲ့ မသင့်တော်လို့ပါ။ ဒါကြောင့်အဖိုးနဲ့အဖွားက တရားရုံးတက်လက်မှတ်ထိုးတာပဲလုပ်ပါတယ်။ အခုခေတ်အနေနဲ့တော့ ပုံပြင်လိုပဲပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...