Tuesday, September 6, 2011

ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံးဖော်ပြခွင့်ရ /ဧရာဝတီ

 Monday, 05 September 2011 12:27

by Burma Freedom on Tuesday, September 6, 2011 at 12:44am
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသော ခရီးသွား ဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ်တွင် ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့်ပြုလိုက် သောကြောင့် ကြိုတင်မှာယူမှုများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ၂၃ နှစ်အတွင်း ပထမဆုံးအဖြစ် Messenger ဂျာနယ်တွင် ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

 ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြည်တွင်း သတင်းမီဒီယာများ အားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သို့ရာတွင် အဆိုပါ တွေ့ဆုံမေးမြန်းခန်းများကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုခဲ့ဘဲ စက်တင်ဘာလ ၄ ရက်နေ့ထုတ် Messenger ဂျာနယ်တွင် စိစစ် ဖြတ်တောက်၍ ဖော်ပြခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“အင်တာဗျူးက မနှစ်ကတည်းက လုပ်ခဲ့တာပါ။ ၂၀၁၀ ဒီဇင်ဘာကတည်းက စိစစ်ရေးကို တောက်လျှောက် တင်ခဲ့တယ်။ ၁၀
လလောက် ကြာမှ ဖော်ပြခွင့်ပြုတာပါ။  နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အားလုံး ဖြတ်တောက်ပြီးမှ ဖော်ပြခွင့် ပေးခဲ့တယ်။ လူငယ်နဲ့ ပတ်သက်တာတွေပဲ ခွင့်ပြုပါတယ်။ အင်တာဗျူးရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ဖြတ်တောက်ခံခဲ့ရ ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် အင်တာဗျူးပါဝင်သော Messenger ဂျာနယ် ထွက်ရှိလာသောအခါ ရန်ကုန်ရှိ ဂျာနယ် အရောင်းဆိုင်များတွင် ဂျာနယ်ဝယ်မရတော့သည်အထိ ဝယ်လိုအား ထိုးတက်သွားကြောင်း ဂျာနယ်ဖြန့်ချိရေးနှင့် အရောင်းဆိုင်များမှ သိရသည်။

“ပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို ပုံကြီးချဲ့ထားတာ ပါလာတာနဲ့ လူတွေက အလုအယက် ၀ယ်တယ်။  Messenger က သိပ်အရောင်းမသွက်တော့ ကျနော့်ဆိုင်မှာ နည်းနည်းပဲမှာတာ။ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးကြောင့် မနက် ဆိုင်ဖွင့်ပြီး နာရီဝက်အတွင်း ကုန်သွားတယ်။ မေးတဲ့သူ များလွန်းလို့ ထပ်မှာတယ်။ လုံးဝ မရတော့ဘူး။ စောင်ရေ ပြတ်သွားပြီလို့ ဂျာနယ် ဖြန့်ချိရေးတွေက အကြောင်းပြန်တယ်” ဟု တာမွေ မြို့နယ်အတွင်း ဂျာနယ်အရောင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။
 လမ်းဆုံလမ်းခွများတွင် ဂျာနယ်လက်ပွေ့ ရောင်းသူများကမူ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါသော ဂျာနယ် ၀ယ်ယူသူ များလွန်းသည့် အတွက် ပုံမှန်ထက် ဈေးတင်ရောင်းချခဲ့သော်လည်း ရှိသမျှ ရောင်းချ၍ ကုန်သွားသည်ဟု သိရသည်။

“ပုံမှန်ဈေးက ဂျာနယ်တစ်စောင် ၆၀၀ ကျပ် ရောင်းတာ။ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါတော့ တစောင် ၈၀၀ အထိ ဈေးတင် ရောင်းတာလည်း ၀ယ်ကြတာပဲ” ဟု ရွှေဂုံတိုင်မီးပွိုင့်တွင် ဂျာနယ်ရောင်းချသူ လက်ပွေ့သမားတဦးက ဆိုသည်။

အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ မိမိတို့၏ အနာဂတ်အတွက် ကြိုးစားအားထုတ်ကြရန်နှင့် လူ့တန်ဖိုးသည် ငွေကြေးလည်း မဟုတ်သကဲ့သို့ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုလည်း မဟုတ်ကြောင်း ပြောဆိုထားသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိမည့် ပြည်သူ့ခေတ် ဂျာနယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသော ပုဂံခရီးစဉ်အကြောင်း ဆောင်းပါးကို ဖော်ပြခွင့်ပြုလိုက်ရာ ကြိုတင် မှာယူသူ များပြားနေကြောင်း ဂျာနယ်အရောင်းဆိုင် များမှ
သိရသည်။

“အင်္ဂါနေ့ထွက်မယ့် ပြည်သူ့ခေတ်ဂျာနယ်မှာ ပါလာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးနဲ့ ပုဂံသွားတုန်းက ရိုက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ဂျာနယ် ကြော်ငြာ ပိုစတာ ဗီနိုင်းကြီးတွေ ထုတ်ထားတယ်။ ဆိုင်တွေ အားလုံးမှာ အဲဒီ ပိုစတာဗီနိုင်းတွေ ချိတ်ထားတော့ လူတွေက ဂျာနယ်မထွက်ခင် ကတည်းက ကြိုမှာကြတယ်” ဟု မရမ်းကုန်း မြို့နယ် သမိုင်းလမ်းဆုံတွင် ဂျာနယ်ရောင်းချသူ တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ စာပေစိစစ်ရေးသည် နိုင်ငံရေးနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ကန့်သတ်မှုများ ပြုလုပ်ပြီး သတင်းဂျာနယ်များတွင် မဖော်ပြနိုင်ရန် ပိတ်ပင်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု
ရှင်းပြသည်။
 “ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်း ကော်မတီမှာ ထည့်သွင်းဖို့ အမတ်တွေ လွှတ်တော်မှာ ပြောဆို ဆွေးနွေးတဲ့ကိစ္စ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံတဲ့ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ပန်ကြားတဲ့ ကိစ္စတွေကို စာပေစိစစ်ရေးက သတင်းဂျာနယ်တွေမှာ လုံးဝ ဖော်ပြခွင့်မပြုပါဘူး။ ဒါကြောင့် သတင်းလွတ်လပ်ခွင့် အပြည့်မရ သေးပါဘူး။ နေ့စဉ်ထုတ်ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရသေးပါဘူး။ အရင်ထက် စာရင်တော့ စာနယ်ဇင်းလောကအတွက် တိုးတက်မှုတချို့ ရှိလာပါတယ်” ဟု သတင်းအယ်ဒီတာတဦးက ပြောဆိုသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့စဉ် ၎င်း၏ဓာတ်ပုံများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရယူဘဲ ဂျာနယ် မျက်နှာဖုံးများတွင် ပုံကြီးချဲ့ ဖော်ပြခဲ့ကြသဖြင့် တချို့သော ဂျာနယ်များ ထုတ်ဝေခွင့် တပတ် ရပ်ဆိုင်းခံခဲ့ရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...