Monday, September 5, 2011

အရည်ချင်းရှိ နိုင်ငံရေးသမားများ အလိုရှိသည်

Hpone Myint Khaing edited a doc.
ခုတစ်လော ကျွန်တော် သတင်းတွေကြည့်တယ်ဗျာ။ လွှတ်တော်မှာ ပြောနေဆိုနေကြတဲ့ အမတ်တွေ ပြောတာကို လေ့လာစောင့်ကြည်နေတယ်။ ပြောရရင် တစ်ခုမှ အားရစရာ မရှိဘူး။ မေးခွန်းတွေကလဲ အားပျော့လွန်းတယ်။ သတင်းစာရှင်းလင်းပွဲမှာ မေးတဲ့ မေးခွန်းလောက်ကို ပြည်ထောင်စု အဆင့် လွှတ်တော်ကြီးမှာ... လာမေးနေတာ သိပ်မဟုတ်လှဘူး။ နောက်တစ်ခု မေးခွန်းတွေက သန်စွမ်းမှုမရှိဘူး။ သန်စွမ်းမှု မရှိဘူးဆိုတာ အချက်အလက်လဲ မခိုင်လုံဘူး၊ မေးခွန်းတွေ ကြည့်တာနဲ့တင် လုပ်ပေးပါလား ခင်ဗျာလို့ မဝံ့မရဲ မေးနေတဲ့ပုံတွေ ပေါက်နေတယ်။ ဘယ်နှယ့် တော်တော်ကြီးကို လွဲနေပြီပေါ့ဗျာ။  
လွှတ်တော် အမတ်ဆိုတာ တကယ်တမ်းဆို အစိုးရအဖွဲ့ထက် ပိုပြီး လုပ်ပိုင်ခွင့်ပိုရှိတယ်။ အစိုးရမှာ သောက်သုံးမကျရင် ဖြုတ်လို့ရတယ်။ လွှတ်တော်အမတ်ကို အကြောင်းမဲ့ ထုတ်ပယ်ပစ်လို့ မရဘူး။ ပြီးတော့ လွှတ်တော် အမတ်တွေရဲ့ တာဝန်ဟာ ဥပဒေတွေကို ပြင်ဆင်ဖို့၊ အသင်တင်သွင်းဖို့ အလုပ် နဲ့ လက်ရှိ အာဏာရအစိုးရရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြပေးဖို့ လုပ်ရမှာပေါ့။
အခုဟာက ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရတက်လာကတည်းက အရေတွက်ဘယ်လောက် အခုက ဘယ်လောက်၊ (ခုနှစ်နဲ့တွက်လို့ကတော့ အရေတွက်နဲ့ လျှောက်ပြောနေလို့ရတာပေါ့။ မယုံရင် အဲ့ဒိဝန်ကြီးတစ်ချို့ကို ပြန်မေးကြည့်ပါလား။ ၁၉၈၈တုန်းက ခင်ဗျားတို့ ပိုင်ဆိုင်မှုက ဘယ်လောက်၊ အခုလက်ရှိမှာ ဘယ်လောက်တိုးတက်နေပြီ စသည်ဖြင့်ပေါ့) တကယ်တမ်းက အကျိုးဖြစ်ထွန်းမှုနဲ့ ပြည်သူလူထုကို ဘယ်လောက်အတိုင်းအတာထိ အကျိုးပြုမှုရှိသလဲဆိုတဲ့ ပေတံတွေနဲ့ တိုင်းတာရမှာ။
  
ပထမအကြိမ်လွှတ်တော်ကတည်းက ဒီလိုအချိုးတွေနဲ့ ကိုယ်ရည်သွေးတဲ့ အဖြေတွေပဲ ဖြေနေတာကို သိသင့်ပြီပေါ့။ နောက်ပြီး ပါတီတွေမှာ Reserch Team မရှိကြဘူးလား မသိဘူး။ မေးခွန်းတစ်ခုဖြစ်ဖြစ်၊ အဆိုဖြစ်ဖြစ် တင်သွင်းတော့မယ်ဆိုရင် ဒီအဆိုရဲ့ အချက်အလက် ခိုင်မာမှု၊ အထောက်အထား၊ အားနည်းချက်၊ အားသာချက်၊ နှိုင်းယှဉ်မှု၊ စတာတွေကို အရင် သုတေသန လုပ်ပြီးမှ တင်ပေါ့ဗျာ။ ခုဟာက ပါးစပ်ထဲတွေ့ရာ လျှောက်မေးနေတယ်။ လမ်းမခင်းတာလောက်၊ အထက်တန်းဆင့် ကျောင်း မတိုးမြှင့်ပေးတာလောက် ကို ပြည်ထောင်စု လွှတ်တော်မှာ လာမေးနေတယ်။ (မမေးရဘူး မဟုတ်ဘူးဗျာ။ တိုင်းဒေသကြီးမှာ မေးပေါ့။ ဒါမှမဟုတ် တိုင်းဒေသကြီး လွှတ်တော်တွေကများ လုပ်ပိုင်ခွင့်မရှိလို့လားပေါ့။ ထားပါတော့)။ ခုနက ပြောတာကို ပြန်ဆက်ရရင် အဆိုတစ်ခု တင်တယ်ဗျာ။ ဟိုဘက်က ဝန်ကြီးက ဘယ်လိုပြန်ဖြေမလဲ ပထမအကြိမ်လွှတ်တော်ကတည်းက သိပြီးပြီပဲ သူ့မေးခွန်းကို ပြန်ပိတ်တဲ့ မေးခွန်းလောက်ကို မမေးတတ်ကြဘူးလား။ ဥပမာဗျာ- '၁၉၈၈ခုနှစ်က ဘယ်လောက်၊ ယခုလက်ရှိမှာ ဘယ်လောက်ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ လက်ရှိမှာလဲ ဘယ်နှခုကို လုပ်ဆောင်နေတယ်ဆိုတာလဲ သိရှိရပါတယ်။ သို့ပေမယ့် ထိုသို့လုပ်ဆောင်တဲ့နေရာမှာ ဤအချက်တွေကတော့ လွဲမှားနေတယ် ဒါမှမဟုတ် လိုအပ်နေတယ်။ စံနှုန်းမကိုက်ဘူး။ ပြင်ဆင်ဖို့လိုနေတယ်။ ပြင်ဆင်ပေးဖို့ အဆိုတင်သွင်းပါတယ်။' ပေါ့ ဒါမျိုးဖြစ်ရမှာလေ..။ 


နောက်တစ်ခုကတော့ ကြံ့ခိုင်ရေး အမတ်တွေပဲ၊ အဆိုတစ်ခုက တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိတဲ့ အဆိုလား ဆိုတာ မစောကျောဘူး။ ပါတီစွဲတွေ၊ အထက်အောက် အမိန့်နာခံတဲ့ သောက်ကျင့်တွေက မပျောက်ကြသေးဘူး။ ငါတို့ပါတီက မဟုတ်တဲ့သူတွေ အဆိုမှန်သမျှ ကန့်ကွက်ကြဟေ့ ဆိုတဲ့ ပုစွန်ဦးနှောက်လောက် အတွေးတွေနဲ့ တွေးနေကြတယ်။ ကြားနေရတာက လွှတ်တော်မှာ ပူးပေါင်းပါဝင်မှုမှာ ကြံ့ခိုင်ရေးအမတ်တွေ အညံ့ဖျင်းဆုံးပဲတဲ့။ အဆိုတစ်ခုအတွက် တစ်ခြား ပါတီက လာရောက်ညှိနှိုင်းရင်တောင် မညှိနှိုင်းမခံဘူးတဲ့။ အဲ့ဒိ သောက်သုံးမကျတဲ့ အမတ်မျိုးတွေ လွှတ်တော်ထဲ အရေအတွက်များနေရင် တိုင်းပြည် နစ်နာလိမ့်မယ်။ တကယ်တမ်း အကျိုးဖြစ်ထွန်းစေမယ့် အဆိုတွေ၊ ပြင်ဆင်ချက်တွေကို ငါတို့ပါတီက မဟုတ်သမျှ ကန့်လန့်တိုက်ကြ လုပ်နေရင် တန်ဖိုးရှိတဲ့ အဆိုတွေ ပျောက်ပျက်သွားလိမ့်မယ်။ ကြံ့ခိုင်ရေး အမတ်တွေ သေချာ စဉ်းစားသင့်တာက (စဉ်းစားမှာလဲ မဟုတ်ပါဘူး) ငါတို့ အမတ်လုပ်နေတာ အထက်က ခိုင်းလို့လား၊ ပါမစ်ရလို့လား၊ လခကောင်းလို့လား၊ တကယ် တိုင်းပြည်အတွက် ကိုယ်စားပြုလုပ်နေတာလား၊ ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့ စကားစုရဲ့ အနှစ်သာရက ဘယ်လိုဟာမျိုးလဲ နဖူးပေါ်လက်တင်ပြီး စဉ်းစားသင့်တယ်။ လွှတ်တော်ထဲမှာ ပါတီစွဲတွေ မကင်းရင် အဲ့ဒါ သူငယ်နာမစင်သေးတဲ့ လွှတ်တော်ပဲ ဖြစ်လိမ့်မယ်။ ဒီမိုကရေစီ အစိုးရ လုပ်ချင်ရင်လဲ ကိုယ်ကိုယ်တိုင် ဆွဲထားတဲ့ အခြေခံဥပဒေပါ အချက်တွေကို လိုက်နာသင့်တယ်။ လက်သင့်ခံသင့်တဲ့ အကြံပြုချက်၊ တင်သွင်းတဲ့ ဥပဒေတွေကိုလဲ လက်ခံသင့်တယ်။ ဘယ်သူတင်သွင်းတယ်ဆိုတာ မကြည့်ပဲ၊ ဘာကြောင့်တင်သွင်းတယ်၊ ဘယ်လိုဖြစ်လို့ ဆိုတာကိုပဲ ကြည့်သင့်တယ်။


ကြိုးနီစနစ်တွေ တိုက်ဖျက်သွားမယ် ပြောပြီး လွှတ်တော်ထဲက အင်အားစုအများဆုံးပါတဲ့ ပါတီက အဲ့လိုမျိုးတွေ ဖြစ်နေရင် အပြောနဲ့အလုပ်က လွဲနေအုံးမှာပဲ။
ကဲ လွှတ်တော် အကြောင်း ပြောပြီးတဲ့ သကာလ အတိုက်ခံဘက်ကို ပြောရအုံးမယ်။ ဟိုတစ်လောက ဆိုရှယ်နက်ဝေါ့တွေပေါ်မှာ ဧရာဝတီ အသံက တော်တော်လေးထွက်လာကြတယ်။ ခုတော့ နည်းနည်း ပြန်ငြိမ်သွားကြသလိုပဲ။ ကျွန်တော်ပြောချင်တာလဲ အဲ့ဒါပဲ ဒီနေရာမှာ ၂ပိုင်း ရှိတယ်။ ကချင် ပြည်နယ် ကေအိုင်အိုနဲ့ ဖြစ်နေတဲ့ ကိစ္စပေါ့ဗျာ။ တကယ်တမ်း ပြောရရင် ကေအိုင်အိုက ကချင်ပြည်နယ်က တိုင်းရင်းသားတွေကို ကိုယ်စား မပြုဘူးလေ။ (ပြည်နယ်တစ်ခုမှာ အဲ့ဒိတိုင်းရင်းသားတွေချည်းပဲ နေတာ မဟုတ်ဘူး။ တစ်ခြား တိုင်းရင်းသားတွေလဲ နေတာပဲ။ အဲ့ဒိတော့ လူမျိုးစု နာမည်တပ်ပြီး တော်လှန်ရေး လုပ်နေတယ်ဆိုတဲ့သူတွေ ကိုယ်တိုင် လူမျိုးစွဲတွေရှိနေတယ်ဆိုတာ သတိပြုကြ) သူတို့က နိုင်ငံရေးအရ တိုက်ပွဲဝင်နေတာလဲ မဟုတ်ဘူး။ သမိုင်းကြောင်း ပြန်ကြည့်ပါအုံးဗျ။ မြစ်ကြီးနား ဒေသတဝိုက်က လူတွေ သိကြမှာပါ။ ဆပ်ကြေးကောက်တယ်။ အရင်က အစိုးရနဲ့ ပလဲနံပသင့်တုန်းက စီးပွားရေးလုပ်တယ်။ 



စစ်ပွဲတွေဆိုတာ ဘယ်စစ်ပွဲမှ ထောက်ခံနေစရာ မလိုဘူး။ စစ်ပွဲတွေဖြစ်တာ သူ့ဟာသူ လက်နက်ကိုင် အင်အားစုတွေ ဖြစ်ကြတာ ကြားက ဒေသခံပြည်သူတွေ ထိခိုက်နစ်နာတယ်။ စစ်တိုက်တဲ့ အစိုးရကိုလဲ မထောက်ခံဘူး။ လူမျိုးစုတပ်တွေကိုလဲ မထောက်ခံဘူး။ စစ်ပွဲတွေဟာ လူသားအရင်းမြစ်တွေကို အကြောင်းမဲ့သက်သက် ဖြုန်းတီးပစ်နေတာပဲ။ ပြီးတော့ ကေအိုင်အိုအနေနဲ့ ကဂျီကဂျောင်တွေ ကျပြီး တစ်မျိုးမျိုးပြီး တစ်မျိုး တိုးပြီး တောင်းဆိုနေတာတွေ ရပ်သင့်တယ်။ (အစိုးရလေသံနဲ့ ပြောနေတာ မဟုတ်ဘူး။) ဘာကောင်စီညာကောင်စီတွေ ခဏဖယ်ထားအုံး။ ကိုယ့်ဒေသတွင်းမှာ တကယ် စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းချင်တယ်ဆိုရင် လတ်တလော မိမိတို့ ဒေသတွင်း တည်ငြိမ်ရေးအတွက် တကယ် အကျိုးဖြစ်မယ့် ညှိနှိုင်းမှုမျိုး ၂ဘက်စလုံးက ဆွေးနွေးသင့်တယ်။ ဒါကို ဘာမှန်း ညာမှန်း မသိ ထအော်နေတဲ့ သူတွေရှိတယ်။ အဲ့ဒါ ဘယ်ကကောင်တွေလဲဆိုတော့ အတိုက်ခံနိုင်ငံရေးသမားလို့ သူတို့ဟာသူတို့ အမည်တပ်ထားတဲ့ ပြည်ပက အိယောင်ဝါး နိုင်ငံရေးသမား တစ်ချို့ပဲ။ လက်ခုပ်ဆိုတာ ၂ဘက်တီးမှ မြည်တာ၊ အစိုးရကိုချည်းပဲ နေရာတကာ အပြစ်တင်နေလို့မရဘူး။ အခြေအနေမှန်ကိုလဲ သုံးသပ်ကြပါအုံး။ (အစိုးရဘက်က ရှေ့နေလိုက်ပြီး ပြောနေတာ မဟုတ်ဘူး)။ ငြိမ်းချမ်းရေး အကြောင်းကို တကယ်ပြောချင်ရင် တတိယ အင်အားစု အသံမျိုးနဲ့ပြောပါ။ မဟုတ်ဘဲ ဟိုဘက်က လိုက်သလိုလို လုပ်နေတာတွေ မမှန်ဘူးလို့ ကျွန်တော် ထင်တယ်။
 
နောက်တစ်ပိုင်းက ဧရာဝတီကိစ္စ ၊ ဧရာဝတီမှာ မြစ်ရေကော သွားနိုင်တဲ့ ကိစ္စဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ချို့တွေ လုပ်နေကြတယ်။ အထူးသဖြင့် ဧရာဝတီလင်းပိုင်တွေ မျိုးတုံး ပျောက်ကွယ်မယ့် အန္တရာယ်တွေရှိတယ်။ နွေရာသီလို အချိန်မျိုးတွေဆို မြစ်လယ်မှာ သောင်တွေ ထွန်းတာမျိုး တစ်ချို့ဒေသတွေမှာ တော်တော် ဖြစ်လာတယ်လို့ သိရတယ်။ မြစ်ကြော တစ်လျှောက်မှာ ဆောက်ထားတဲ့ ရေကာတာတွေလဲ ရှိသေးတယ်။ (အခုမှ ထအော်တဲ့ ဧရာဝတီချစ်သူတစ်ချို့ သိတောင်သိမယ် မထင်ဘူး) ။ အခုဆောက်မယ့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း နေရာဟာ မြစ်ကြီးနားမြို့ရဲ့ အထက်နား ၂၅မိုင် အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။ မေခ၊ မလိခ ပေါင်းဆုံတဲ့နေရာ မြစ်ဆုံ (မြစ်ဦး) နေရာမှာ တည်ဆောက်နေတာဖြစ်ပြီး တမံ အလျား ၅၈၀၀ ပေ၊ အမြင့်ပေ ၄၁၀ ပေရှိတယ်။ ဒီတမံကို တာဝန်ယူဆောက်လုပ်နေတာက CPI (China Power Investment) ဆိုတဲ့ ကုမ္ပဏီက ဆောက်နေတာ။ ရေလှောင်ပမာဏ (ကန်ရေပြည့်) ၂၃သိန်း ဧကပေ ကျယ်ဝန်းတယ်။ 


တပ်ဆင်မယ့် စက်အင်အားက ၄၁၀၀ မဂ္ဂါဝပ် ဖြစ်ပြီး နှစ်စဉ်  ပျမ်းမျှ ဓာတ်အား ၁၈၃၂၀ သန်း ကီလိုဝပ်နာရီ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ကုန်ကျစရိတ်က ၂၈, ရ၆၁, ၄၆၀, ၀၀၀ ယွမ် ဖြစ်တယ်လို့ သိရပါတယ်။ (ဒီအချက်အလက်တွေဟာ တရားဝင်အချက်အလက်တွေ ဖြစ်ပြီး ပြည်သူ့ခေတ် အတွဲ၂၊ အမှတ် ၅၀ ၊ ဆရာဇိုဇမ်ရေးတဲ့ 'မြစ်ဆုံက ရင်ခုန်သံ' ဆောင်းပါးက အချက်အလက်တွေ ကိုးကားထားတာ ဖြစ်ပါတယ်။)
ဆရာဇိုဇမ်ကပဲ ဒီထဲမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီအချက်တွေနဲ့တော့ ချိန်ထိုး ဝေဖန်ထောက်ပြ သင့်တယ်ဆိုပြီး ပြောထားပါတယ်။ CPI ကုမ္ပဏီအနေနဲ့ နည်းပညာအားဖြင့် ကမ္ဘာမှာ စိတ်ချရမှုရှိလဲ။ ကမ္ဘာပေါ်မှာ ဒီလိုစီမံကိန်းမျိုး ဘယ်နှခု ဆောက်ခဲ့ပြီးပြီလဲ။ ဘယ်အတိုင်းတာထိ အောင်မြင်လဲ။ ကျွမ်းကျင်မှုရှိလဲ ဆိုတာ ချိန်ထိုး လေ့လာသင့်တယ်လို့ စာရေးသူက ဆိုထားပါတယ်။ (တရုတ်ကုမ္ပဏီက လာလုပ်နေတာ၊ ဧရာဝတီမြစ်ကြီး ကောတော့မှာ ၊ ရွာတွေပြောင်းပေးရပြီ၊ အစိုးရစီမံကိန်းကို ဝိုင်းဆန့်ကျင်ကြ လို့ အော်နေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့ သေချာ စီစစ် လေ့လာမှုတွေ လုပ်သင့်ပါတယ်။) မြစ်ကြီးနားမြို့ဟာ ပင်လယ်ရေ မျက်နှာပြင် အထက် ၄၇၅ ပေ မှာတည်ရှိပြီး ဧရာဝတီမြစ်ရဲ့ 'ဂ'ငယ် ကွေ့မှာ တည်ရှိတဲ့အတွက် ပုံမှန် ရေကြီး၊ ရေလျှံတာတွေ ခံရလေ့ရှိတယ်လို့ သိရတယ်။
 
၁၈.၇.၂၀၀၄ ၊ ညနေ ၈နာရီ ၄၅ မိနစ်မှာ ကြီးခဲ့တဲ့ မြစ်ရေ ဆိုရင် လူနေအိမ်နဲ့ ရုံးတစ်ချို့ကို အမြင့်ပေ လေးပေခွဲကနေ ငါးပေအထိတောင် ဖုံးလွှမ်းခဲ့ဖူးပါတယ်။ ရေလှောင်ကန်ရဲ့ ရေလှောင်ပမာဏဟာ ၂၃သိန်း ရှိလေတော့ ဒယ်အိုးပုံသဏ္ဍာန် ဖြစ်နေမယ့် ရေလှောင်ကန်ရဲ့ ခံနိုင်အား ဘယ်လောက်ထိရှိမလဲ။ စီမံကိန်းမှာ အသုံးပြုမယ့် ဘိလပ်မြေ အပါဝင် ဆောက်လုပ်ရေး ပစ္စည်းတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းကိုက်ညီတဲ့ အရာတွေ ဟုတ်ရဲ့လား။ အသုံးပြုတဲ့မြေနေရာ soil test ဘယ်လောက်အောင်သလဲ ဆိုတာတွေ စောကျော လေ့လာသင့်တယ်လို့ ထောက်ပြထားပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ တစ်ဦးနဲ့ တစ်ဦး ပြစ်တင်အပြစ်ဖို့နေလို့ကတော့ ကောင်းတဲ့ ရလဒ်ထွက်လာမှာ မဟုတ်ပါဘူး။ အကျိုးသင့် အကြောင်းသင့် အချက်ကျကျ ပြောဆို ဝေဖန်ထောက်ပြသင့်ပါတယ်။

ပြည်ပ သတင်းဌာနတွေ အတွက် သတင်းတွေ ဖြစ်ရုံ၊ နိုင်ငံတကာ အဖွဲ့စည်းတွေဆီက အလှူငွေ ရရုံလောက်အတွက်နဲ့ ကန်ပိန်းတွေ လုပ်နေတယ်ဆိုရင်တော့ ဘာမှ အကျိုးထူးမယ် မဟုတ်ပါ။ ဖြစ်နိုင်ရင် ကန်ပိန်းပြုလုပ်နေသူများ အနေနှင့် ပညာရှင်များနဲ့ ပူးပေါင်းကာ  မြစ်ဆုံ စီမံကိန်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သေချာသုတေသန စစ်တမ်း ပြုလုပ်ကာ ၊ 'မြစ်ဆုံရေကာတာစီမံကိန်းစစ်တမ်း' ဆိုတာမျိုး ရေးသားပြီး အစိုးရကို တောင်းဆိုသင့်ပါတယ်။ လွှတ်တော်ထဲကော၊ လွှတ်တော် ပြင်ပ နိုင်ငံရေး သမားတွေကော အဲ့ဒိစစ်တမ်းက အချက်အလက်တွေကို ကိုးကားပြီး ထောက်ပြတာတွေ လုပ်သင့်ပါတယ်။ မဟုတ်ဘဲ သူများ ဧရာဝတီအော်တိုင်း လိုက်ပြီး ဧရာဝတီအော် တယ်ဆိုတာ ဘောလုံးပွဲတွေမှာ တစ်ယောက်က 'xxxပဲ....xxxပဲ' အော်တာကို လိုက်အော်တဲ့ အသိဉာဏ်မရင့်ကျက်တဲ့ သူတွေလို ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း မြို့ပြနိုင်ငံတွေအားလုံးဟာ ဒီဧရာဝတီမြစ်ကြော တစ်လျှောက်မှာ တည်ထောင်ခဲ့ကြတာပါ။ ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ ကိုယ်ထည်ထဲမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလို့ ထိန်းသိမ်းသင့်တဲ့ မြစ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့လဲ ဧရာဝတီကို ချစ်ကြပါတယ်ဗျ။  

အဲဧရာဝတီအကြောင်း ပြောလိုက်တာ နည်းနည်းလေးသွားပြီ။ ကျွန်တော်ဆိုလိုချင်တာက သူတို့ကိုယ်သူတို့ အတိုက်ခံလို့ အမည်တပ်ထားကြတဲ့ နိုင်ငံရေးသမား တစ်ချို့နဲ့ အွန်လိုင်းပေါ်က နိုင်ငံရေးကြီးကြီးကျယ်ကျယ်တွေ ရေးနေတဲ့ နိုင်ငံရေး အမည်ခံ သမားတွေကိုပါပဲ။ ကျွန်တော် ကြည့်နေပါတယ် အထူးသဖြင့် နိုင်ငံရပ်ခြားမှာ နေပြီး (နိုင်ငံရေး ခိုလှုံခွင့်လဲရထားပြီးသား) သူတစ်ချို့များ သိပ်ကြောက်တတ်ကြတယ်။ nick name တွေပေး၊ ဆော်ပလော်တီးတဲ့ စာတွေ ရေးနေကြပြီး ကိုယ့်မျက်ခွက်လေးတောင် ကိုယ် မပြရဲတဲ့ သူတွေရှိသေးတယ်။ (ကြည့်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေချည်းပဲ ပုံတွေက) ကျွန်တော်တို့ ပြည်တွင်းက လူတွေကိုလဲ အားနာပါအုံးခင်ဗျ။ နောက် တစ်ယောက်က တစ်ခုခု အော်ပြီဟေ့ဆို လိုက်အော်တော့တာပဲ၊ မှန်၏ မမှန်၏ မစစ်ဆေးကြဘူး။ အွန်လိုင်းသုံးတတ်တဲ့ နိုင်ငံရေးသမား လို့ အမည်တပ်ထားတဲ့ တစ်ချို့ဆို ပိုဆိုး၊ အားအားယားယား ဆိုရှယ်နက်ဝေါ့တွေပေါ်မှာ page တွေ ပွစာကျဲအောင် လိုက်လုပ်ပြီး ဘာကန်ပိန်းတွေမှန်း မသိလုပ်သေးတယ်။ ပြီးရင် အဲ့ဒိလို လူမျိုးတွေ အေးရာအေးကြောင်း အဝေးကနေ အော်နေတဲ့ စာတွေကို အောက်က seriously လိုက်မန့်တဲ့ ကောင်တွေကလဲ ရှိသေးသဗျား။ မြန်မာပြည်ကြီးက လုံးဝသုံးစားမရတော့ဘူး၊ ပျက်ဆီးနေပြီဆိုတာမျိုးတွေ၊ ဧရာဝတီဝက်ဘ်ဆိုက်လို နေရာမျိုးမှာ လိုက်မန့်နေတဲ့ ပေါကြောင်ကြောင် ကောမန့်တွေ လဲရှိသေးတယ်။ ပြီးရင် ဆဲရေးတိုင်းထွာလုပ်နေတဲ့ကောင်တွေလဲရှိသေးရဲ့။ (ပြောတော့ ဒီမိုကရေစီချစ်မြတ်နိုးတယ်တဲ့ နိုင်ငံကြီးသားတစ်ယောက်အနေနဲ့ မိုးမွှန်အောင် မဆဲဘဲ ကောင်းကောင်းမွန်မွန်မပြောတတ်ဘူးလား။) ဘာတွေ မန့်နေမှန်း မသိလို့ အနီးနားများ ရှိရင် နဘန် ထကျင်းမိမလား မသိဘူး။ မသိရင်ပဲ သူတို့ချည်းပဲ တိုင်းပြည်အတွက် အနစ်နာခံနေရသလို၊ ကျွန်တော်တို့ ပြည်တွင်းက လူငယ်တွေကပဲ သောက်သုံးမကျ သလို ပြောသေးတယ်။ တစ်ချို့ကိစ္စတွေမှာ တကယ်တမ်း လက်တွေ့ လုပ်မရတာတွေ ရှိတယ်။


အားလုံးမျှော်လင့်ထားသလို completely changes ဆိုတာ မလွယ်သေးဘူး။ ဒါပေမယ့် မဖြစ်သေးဘူးဆိုရင် ဖြစ်အောင် တွန်းရမယ်။ ဘယ်သူမဆို ကိုယ့်ကို အသုံးမကျတဲ့ပုံစံနဲ့ အမြဲတမ်း အပြစ်တင်နေရင် ကြာတော့ တင်းလာပြီး အရွဲ့တိုက်တတ်တာမျိုး ရှိတာပဲ။ ပြောရင် ချက်နဲ့လက်နဲ့ပြောပေါ့။ နောက်ပြီး တစ်ချို့သတင်းတွေပေါ့ဗျာ ၊ အတိုက်ခံဆိုတဲ့သူတွေ ပြောနေတာတွေက ကိုယ့်တိုင်းပြည် သိက္ခာချနေတာနဲ့ တူတယ်။ အဲ့ဒိတော့ ပြန်စဉ်းစားကြည့်တာ မြန်မာပြည်ကို နိုင်ငံတကာ အသိုင်းဝိုင်းက ထောက်ထားညှာတာအောင် လုပ်တာလား၊ သူတို့ကို ထောက်ထားညှာတာအောင် လုပ်တာလား အင်း.. စဉ်းတော့ စဉ်းစားစရာပဲပေါ့ဗျာ။ အခုတော့ အစိုးရလုပ်သူက ပြန်လာကြပါ ပြောနေတာပဲ။ (ပြောသာ ပြောနေတာ သူတို့က ကြေငြာချက်ကလဲ မထုတ်ပေးဘူး)။ တကယ်တမ်း (နိုင်ငံရေးအကျဉ်းသား၊ အဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကိုပါ ပြန်လွှတ်ပေးပြီး) နိုင်ငံကို ပြန်လာလို့ရပြီလို့ ပြောရင်တော့ အယောင်ဆောင် နိုင်ငံရေး အရေခြုံ တွေက ပြန်လာမှာ မဟုတ်ဘူး။ မီးပျက်တတ်ပြီး၊ လမ်းတွေမှာ ဂျိုင့်ထူတဲ့ အမိမြန်မာပြည်ကြီးမှာ ဘယ်နေချင်ပါ့မလဲ။ ဟိုမှာ ဒေါ်လာလေးလဲရ နောက်ဆုံးပေါ် ရုပ်ဝတ္တုတွေကလဲရ၊ အိမ်နီးချင်းထိုင်းရဲ့ ချင်းမိုင်လို နေရာမျိုးက ဆရာ့ဆရာ နိုင်ငံရေးသမားကြီးများကလဲ အငယ်နှောင်းလေးတွေနဲ့ နှပ်နေရတာဆိုတော့ ပြန်လာချင်မှာ မဟုတ်ဘူးလေ ဟဲဟဲ။ ကြုံလို့ပြောပြရရင် တစ်ချို့ကျတော့လဲ နိုင်ငံရေး ခိုလှုံခွင့်ရဖို့အတွက် လန်ကြုတ်တွေ လုပ်ရတာမျိုးရှိသေးသတဲ့။ အမေရိကန်နိုင်ငံလို နေရာမျိုးမှာ နိုင်ငံရေး ခိုလှုံမယ်ဆိုရင်ဖြင့် ဘာကြောင့် နိုင်ငံရေး ခိုလှုံရတယ်ဆိုတဲ့ အက်ဆေး တစ်ပုဒ် ရေးရတယ်။ ပြီးရင် ရှေ့က နာမည်ကြီး စီနီယာ နိုင်ငံရေးသမားတစ်ယောက်ယောက်နဲ့ ဓာတ်ပုံလဲ တွဲရိုက်ရသေးတယ်။ တစ်ချို့က ရှိသေးတယ် စက်တင်ဘာ အရေးခင်းကို အက်ဆေးရေးချင်ပါရဲ့၊ ဘယ်နေ့မှာ ဖြစ်ခဲ့မှန်း မသိလို့ လိုက်မေးရတာမျိုးတွေပေါ့။  

အံ့ပါရဲ့။ သေနတ်တစ်ချက်ဖောက်လို့ အမေရိကားထိ ဖနောင့်နဲ့ တင်ပါး တစ်သားတည်း ကျအောင် ပြေးတဲ့ ဘလော့ဂါဆိုသူများကလဲ ရှိရဲ့။ အတိုက်ခံ နိုင်ငံရေးသမား စီနီယာကြီးတွေ ကြည့်ပြန်တော့လဲ NCGUB က ကိုယ့်ဟာကိုယ် ဝန်ကြီးချုပ်တက်လုပ်နေတဲ့ ဦးစိန်ဝင်း တို့ကလဲ တံခါးပိတ်အစည်းဝေးပွဲမှာ သူတို့အချင်းချင်း နှောင်ချိန်ပလေး ထိုးပွဲတွေ လုပ်ကြလိုလုပ်ကြ။ အတိုက်ခံအချင်းချင်းလဲ ခြေထိုးတာက ရှိသေး။ အလှူရှင် တွေ အလိုကျ ဖားရတာက ရှိသေး။ အို မြန်မာ့နိုင်ငံရေးဇာတ်ခုံကြီးက ရှုပ်ထွေးပွေလီနေပြီး အကွဲကွဲအပြဲပြဲတွေနဲ့။ ပြည်ပကို ကြည့်တော့လဲ တကယ့်နိုင်ငံရေးသမားစစ်တဲ့သူတွေ လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲရှိတယ်။
 
ပြည်တွင်းမှာကော တူတူပဲ။ လက်ချိုးရေလို့ရတယ်၊ အများစုက အသက်ရွယ်ကြီးရင့်နေပြီ။ လူငယ်တွေထဲမှာ ရှိလား။ လူငယ်ဆိုတာ အသက် ၂၀ လောက်ကနေ အသက် ၄၀ လောက်ထိ ဆိုပါတော့။ သိပ်မရှိသလိုပဲ။ ခုလက်ရှိ ရွေးကောက်ပွဲဝင် နိုင်ငံရေး ဇာတ်ကောင်သစ်များကလဲ အရည်သွေးပိုင်း တော်တော် အားနည်းနေတယ်။ ဒီကြားထဲ ရွေးကောက်ပွဲဝင်ပြီး 'ဥုံဖွမဲ'တွေကို ရှုံးသွားတဲ့ သူတွေကလဲ ရွေးကောက်ပွဲမှာ မနိုင်တာနဲ့ပဲ နေ့ချင်းညချင်း ဆန့်ကျင်ရေး အတိုက်ခံတွေ ဖြစ်သွားကြ။ သွေးရူးသွေးတမ်းတွေ လျှောက်ပြောနေတဲ့သူကလဲ ရှိသေး။ မနေ့ တစ်နေ့ကမှ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ပြီး ကိုယ့်ကိုကိုယ် တကယ့် တိုင်းပြည်ကယ်တင်ရှင် စူပါနိုင်ငံရေးသမားကြီးတွေလိုလို သွေးနားထင်ရောက်ကုန်ကြ။ ထောင်ပြီးသား ပါတီကနေ နောက်ထပ် ထပ်ကွဲ၊ အသစ်ထောင်၊ ပါတီအသစ် ထောင်ချင်သူတွေကလဲ ရှိသေး၊ အဲ့လောက်များပြားနေတဲ့ ပါတီတွေ ပါတီထောင်တမ်း ကစားနေကြတာထင်ရဲ့။ 


အရေခြုံနိုင်ငံရေးသမားတွေသာ ဆွမ်းဆန်ထဲ ကြက်ချေးရောသလို မြန်မာပြည် ပြန်ရောက်လာရင်၊ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာလဲ တစ်ပါတီကြီးစိုးပြီး ပေါက်သင်ညို အမတ်တွေပဲ ကြီးစိုးနေရင်၊ လူငယ်နိုင်ငံရေးသမား မျိုးဆက်တွေ အဆက်ပြတ်ကုန်ရင်၊ အားပါးပါး ကျွန်တော်တို့ နိုင်ငံရဲ့ နောင်ရေးကြီးက မလွယ်ပါလား။ လူငယ်တွေ နိုင်ငံရေးလေ့လာဆည်းပူး ကြပါဗျာ။ နိုင်ငံရေးအကြောင်း (အားအားရှိ ဒို့အရေး လုပ်မယ့် အုံကြွနိုင်ငံရေးမျိုးမဟုတ်) ကို စိတ်ဝင်စားကြပါဗျာ။ သေချာတာ Generation gap အပေါက်ကြီးကို ဖာဖို့ လိုနေပြီဗျ။ အနာဂတ်နိုင်ငံအတွက် အမျှော်မြင်ဗဟုသုတရှိတဲ့ ပညာတတ်ခေါင်းဆောင်တွေ အများကြီး အလိုရှိတယ်။ ကျွန်တော်တို့ နိုင်ငံကို တကယ်ချစ်ကြတယ်ဆိုရင် ရင့်ကျက်စွာ တွေးတောပြီး ပြန်လည်တည်ဆောက်ကြတာပေါ့ဗျာ။ အရည်အချင်းရှိ နိုင်ငံရေးသမားများ အလိုရှိသည်ပေါ့။

 ဘုန်းမြင့်ခိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...