Monday, September 5, 2011

တဂိုး နှစ် ၁၅၀ ပြည့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်

by Mizzima မဇ္ဈိမ on Monday, September 5, 2011 at 8:44pm
ကိုပေါက်| တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့ အိန္ဒိယနိုင်ငံ သံရုံးတွင် ပြုလုပ်နေသည့် ဘင်္ဂါလီစာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး Rabindranath Tagore ၏ နှစ်၁၅ဝ ပြည့်ပွဲသို့ တနင်္လာနေ့ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အတည်ပြု ပြောကြားလိုက်သည်။

၁၉၁၃ စာပေနိုဗယ်ဆုရှင် တဂိုး၏ အနုပညာလက်ရာပြပွဲနှင့် အိန္ဒိယ-မြန်မာ အနုပညာစခန်းသို့ တက်ရောက်မည်ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်ကမဇ္ဈိမကို ပြောသည်။




ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနောက်နိုင်ငံသံရုံးများ၏ အခမ်းအနားများ၊ နေ့လည်စာစားပွဲများသို့ အကြိမ်ကြိမ် တက်ရောက်ခဲ့ဖူးသော်လည်း အိန္ဒိယသံရုံးသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။

ဤသို့ အိန္ဒိယနိုင်ငံ သံရုံးက ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခြင်းမှာ ထူးခြားချက် အစစ်အမှန်ဖြစ်ကြောင်း နယူးဒေလီမြို့တွင် နေထိုင်သူ ညွန့်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက သုံးသပ်သည်။

“အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ တသက်လုံး အိမ်နီးချင်းနိုင်ငံအနေနဲ့ နေရမယ့် နိုင်ငံနှစ်ခု ဖြစ်တယ်။ ဒီလို အိန္ဒိယနိုင်ငံကြီးရဲ့ အဓိကရနေ့တခုကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိက ခေါင်းဆောင်တဦးက တက်ရောက် တယ်ဆိုတာက ထူးခြားတယ်ခင်ဗျ။ ဒါဟာ ရေရှည်နှစ်နိုင်ငံ ဆက်ဆံရေး အတွက်လည်း အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါတယ်” ဟုသူက ပြောသည်။

အိန္ဒိယအစိုးရ၏ အရှေ့မျှော် မူဝါဒအပေါ် နိုင်ငံတကာက ဝေဖန်မှုများ ပြုနေချိန်တွင် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခြင်းမှာ အိန္ဒိယအစိုးရအတွက် အမှတ်ကောင်း ရစေမည်ဖြစ်ကြောင်းလည်း သူက “အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ ပေါ်လစီနဲ့ ချဉ်းကပ်မှုအပေါ်မှာ တကမ္ဘာလုံးက ဝိုင်းဝန်းဝေဖန်နေတဲ့ အချိန်မှာ အိန္ဒိယအစိုးရကို ကိုယ်စားပြုပြီး သံရုံးက ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစား ဖိတ်ကြားတယ်ဆိုတာက အိန္ဒိယအတွက် အမှတ် ရမယ်လို့လည်း ယူဆပါတယ်။ ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး
အတွက် ထူးခြားတဲ့ ခြေလှမ်းတခုကို ဦးတည်နေတယ်လို့ပြောနိုင်ပါတယ်” ဟု ဆက်လက်ပြောသည်။

ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ကျင်းပလေ့ရှိသည့် အခမ်းအနားများတွင် နိုင်ငံခြားသံရုံးများမှ သံအရာရှိများ တက်ရောက်လေ့ ရှိကြသော်လည်း အိန္ဒိယသံရုံးမှ လာရောက်ခြင်း မရှိခဲ့ကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။

ယခုနှစ် ဇွန်လအတွင်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံခြားရေး အတွင်းဝန် မစ္စနီရူပါမာရောင်းက ဒေါ်အောင်ဆန်းစုကြည်အား တနာရီကြာ သွားရောက် တွေ့ဆုံခဲ့ဖူးသည်။

ထိုသို့တွေဆုံးစဉ် နှစ်နိုင်ငံ ဆက်ဆံရေး ရင်းနှီးပွင့်လင်းလာစေရန် နှစ်ဘက် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသခဲ့သည် ဟုသာ သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ မသိရှိရပေ။

တဂိုး နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ်ပွဲများကို မြန်မာနိုင်ငံတွင် အိန္ဒိယသံရုံးမှ ကမကထပြု ကျင်းပလျက်ရှိရာ ဇူလိုင်လအတွင်းတွင် တက္ကသိုလ်များတွင် တဂိုးစာပေလက်ရာများနှင့် ပတ်သက်၍ စာစီစာကုံးရေးသားခြင်းနှင့် တဂိုးပြဇာတ်များ ကပြတင်ဆက်ခဲ့သည်။ သြဂုတ်လတွင် ‘တဂိုး၏ အနုပညာနှင့် ဒဿနနှီးနှောဖလှယ်ပွဲ’ ကို ရန်ကုန်တက္ကသိုလ်တွင် လည်းကောင်း၊ Jeebansmriti 'ပန်းချီစခန်း' ကို ရန်ကုန်သံရုံးတွင်လည်း ဖွင့်လှစ် ဆင်နွှဲခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံနှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှု ရှိသည်။ အထက်တန်းပညာကို အိန္ဒိယနိုင်ငံတွင် ဆည်းပူးခဲ့ပြီး ၁၉၆၄ တွင် လေဒီရှရီရမ်ကောလိပ်မှ ဘွဲ့ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၃ ခုနှစ် ဂျဝါဟာလာ နေရူး နိုင်ငံတကာနားလည်မှုဆု၊ ၁၉၉၆ တွင် ရာဂျစ်ဂန္ဓီဆု၊ ၁၉၉၇ တွင် ဒေလီတက္ကသိုလ် ထူးချွန်ကျောင်းသူဆု၊၂ဝဝ၇ တွင် ဆူဘတ်ချန်ဒရာဘို့စ် ဆုတို့ကို ရရှိထားသူ ဖြစ်သည်။

အိန္ဒိယနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဟူသော ဂုဏ်ပုဒ်နှင့်အညီနေသည်ကို တွေ့မြင်လိုကြောင်းလည်း ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် သူမ၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲသို့ ပေးပို့သည့် ဗီဒီယို သဝဏ်လွှာ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

တဂိုးနှင့် မြန်မာပြည်

တဂိုးသည် ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ၃ ကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။ သူ၏ အာရှခရီးစဉ်များအတွင်း ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၁၆ မေလ ၅ ရက်တွင် လာရောက်စဉ်က ရွှေတိဂုံဘုရားအား ဖူးမြော်ကြည်ညိုခွင့်ရခဲ့သလို သူ၏မွေးနေ့ မေလ ၈ ရက်ကို ရန်ကုန်မြို့ရှိ အိန္ဒိယတိုက်သားများက ဂျူဗလီဟောတွင် ဂုဏ်ပြုကျင်းပပေးခဲ့ကြသည်။

၁၉၂၄ မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ‘ဘင်္ဂါလီစာပေညီလာခံ’ သို့တက်ရောက်ပြီး ရန်ကုန်မြို့တွင် ၄ ရက်ကြာ နေထိုင်သွားခဲ့သည်။ သူနေထိုင်သွားခဲ့သည့် ကုန်သည်လမ်းအမှတ် ၃၉၂-၃၉၆ ‘ဂါးဒီယန်းမဂ္ဂဇင်းတိုက်’ အရှေ့ဘက် အတွင်းနံရံကျောက်ပြားတွင် ၎င်းရောက်ရှိနေထိုင်သွားခဲ့သည့် အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထားသည့်စာတမ်း ယနေ့ထက်တိုင် ရှိသေးကြောင်း သိရသည်။

၁၉၂၇ အောက်တိုဘာ ၂၂ တွင် တတိယအကြိမ် ရောက်ရှိလာပြီး ထိုနှစ်ဒေဝါလီနေ့ ၂၄ ရက်ထိ ရန်ကုန်မြို့တွင် နေထိုင်သွားခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည်။

ပထမကြိမ် လာရောက်စဉ်က ရန်ကုန်မြို့တွင် အိန္ဒိယ တိုက်သားများက အများစုဖြစ်ပြီး မြန်မာများက နိုင်ငံခြားသား ကဲ့သို့ မြင်တွေ့ခဲ့ရပုံကို “ကျနော်ရောက်သွားသော အခါ မြန်မာပြည် ရောက်နေသည်နှင့်ပင် မတူတော့။ ရန်ကုန်သည် မြေပုံပေါ်တွင်သာ ရှိပြီး မြေပေါ်တွင် တကယ်မရှိသလို ဖြစ်နေ၏။ တနည်းပြောရလျှင်မြို့သည် မြေဆီလွှာမှ ပေါက်လာသော သစ်ပင်နှင့်မတူဘဲ ရေစီးတွင် မျောလာသောရေမြှုပ်နှင့် တူနေသည်” ဟု တဂိုးက ခံစားမှတ်တမ်းတင် သွားခဲ့ဖူးသည်။

တဂိုး၏ စာပေအနုပညာ မြတ်နိုးသူများက ၁၉၅၂ တွင် ‘မြန်မာပြည်တဂိုးအသင်း’ ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

တဂိုး၏ စာပေလက်ရာများကို ဆရာပါရဂူက ၅ အုပ်ထက် မနည်း ဘာသာပြန်ခဲ့ဖူးပြီး မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ မြသန်းတင့်၊ မြင့်စိုးလှိုင်၊ ဟိန်းလတ် စသူတို့ကလည်း တဂိုး၏ ကဗျာ၊ ဝတ္ထုတိုစာအုပ်များ မြန်မာဘာသာသို့ ဘာသာပြန်ဆို ပေးခဲ့ကြသည်။

တဂိုး၏ ထင်ရှားသော ကဗျာလင်္ကာများမှာ ‘ဂီတဉ္ဖလီ’၊ ‘ဥယျာဉ်မှူး’၊ ‘တေလေငှက်’၊ ‘သစ်သီးခူးကဗျာများ’၊  ‘စိတြ’ တို့မှာ မြန်မာစာဖတ်ပရိသတ်နှင့် ရင်းနှီးသည်။

စာပေဆိုင်ရာ နိုဗယ်ဆုကို ၁၉၁၃ တွင် ပထမဆုံးရရှိခဲ့သည့် အာရှတိုက်သား စာရေးဆရာကြီး ရာဘိန္ဒြာနသ် တဂိုး (၁၈၆၁-၁၉၄၁)သည် ဂီတကဗျာ ပေါင်း ၃,ဝဝဝကျော် ရေးစပ်သီကုံးခဲ့သည်။ ပြဇာတ်ဆရာအဖြစ်လည်း သရုပ်ဖော် ပြဇာတ်၊ ဘဲလေးဇာတ်၊ အပြောပြဇာတ်၊ အိမ်ပြောပြဇာတ်၊ အရိပ်ပြဇာတ် ပေါင်းများစွာ ရေးသားခဲ့သည်။

ဝတ္ထတို၊ဝတ္ထရှည်၊ စာတမ်း၊ ဆောင်းပါး များစွာကိုလည်း မိခင် ဘင်္ဂါလီ ဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားခဲ့သည်။ ရာသီဘွဲ့တေးများကို စာသား/သံစဉ် စပ်ဆိုရေးဖွဲ့နိုင်သော ဂီတပညာရှင်လည်း ဖြစ်သည်။ သူ၏ ပန်းချီကား ၄ဝဝ ကျော်ကို ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ရုရှားတို့တွင် လှည့်လည်ပြသနိုင်ခဲ့သည်။

‘ရှန်တိနိကေတန်’ ကျောင်းကြီးကိုလည်း တည်ထောင်ခဲ့ကာ မညီမျှသော ပညာရေး လောကကြီးကို တော်လှန်ခဲ့သူ တဦးလည်း ဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...