"အသိဥာဏ်ပညာ ဟူသည်"
Cloud Cuckoo Land created the doc:
လူ
တစ်ဦး၏ အမူအကျင့်ကို အလေ့စရိုက်တို့ကို ကြည့်မြင် ခြင်းဖြင့် ထို
လူတစ်ယောက်၏ အရည်အသွေး၊ အရည်အခြင်း နှင့် ပညာဥာဏ် အဆင့်အတန်းတို့ကို
သိရှိနိုင်သည်။
သတ္တဝါများသည် အိပ်ခြင်း၊ စားခြင်း၊ ကာမ စပ်ရှက်ခြင်း ဟူသည့် အဓိက လုပ်ငန်း ထို ၃ မျိုးကိုသာ လုပ်ဆောင်ရာ လူ သတ္တဝါ နှင့် တိရိစ္ဆာန် များ၏ ကွာခြားချက်မှာ လူတွင် အသိဥာဏ်ပညာ မြင့်မား ခြင်းဖြစ်သည်။
သို့ရာတွင် လူတစ်ဦးသည် အသိပညာ နည်းပါးလွန်းလာသည့် အခါတွင်မူ ထိုလူသည် တိရိစ္ဆာန်များ နှင့် သိပ်မကွာခြားတော့သည့် သတ္တဝါမျိုး ဖြစ်ပေတော့မည်။
သတ္တဝါများသည် ရိုင်းစိုင်းခြင်း ရှိကြသည့်အခါ စည်းကမ်းနှင့် ထိမ်းသိန်းခြင်း မရှိတတ်ကြပါ။ အချိန်မရွေး နေရာမရွေး စားချင် သည့် အချိန်စား၊ သွားချင်ရာ သွား၊ လာချင်ရာ လာ၊ အိပ်ချင်ရာ အိပ်၊ နှင့် အဆုံးစွန်ဆုံး ကာမစပ်ရှက် လိုရာ ကာမ စပ်ရှက်ခြင်း ပြုနေခြင်းသည် ရိုင်းစိုင်းသည့် သတ္တဝါများ၏ အလေ့ အကျင့် ဖြစ်ပေသည်။
လူတို့သည်ကား အရာရာကို ချင့်ချိန်ပြီး ဥာဏ်နှင့်ယှဉ်ကာ ပြုမူနေထိုင်ခြင်းသည် ရိုင်းစိုင်းသည့် သတ္တဝါများနှင့် မတူသည့် အဓိက အချက်ပင် ဖြစ်သည်။
သို့ရာတွင် ပညာဥာဏ် အတိုင်းအတာသည် စားတတ်ရုံ သောက်တတ်ရုံ နှင့် မပြီးသေးပါ။ စည်းကမ်းနှင့် အရာရာကို ချင့်ချိန် ထိမ်းသိန်း တတ်စွမ်းနိုင်ဖို့ လိုအပ်ပါသည်။ အစားစားသည် ပင်ဖြစ်ပါစေဦး၊ မိမိနှင့် မတည့်သည့် အစာကို ရှောင်ကျဉ်ခြင်း၊ အလွန်အကျွံ မစားခြင်း၊ စသည်ဖြင့် ထိမ်းသိန်း စည်းကမ်းထား တတ်ခြင်းသည် ထိုသူ၏ ပညာဥာဏ်ရည် အဆင့်တစ်ခုပင် ဖြစ်သည်။ အလားတူ အခြား အိပ်ခြင်း နှင့် ကာမ စပ်ရှက်ခြင်း တို့ကိုလည်း စည်းကမ်းနှင့် ချင့်ချိန် ထိမ်းသိန်း နိုင်စွမ်းများ ထားရှိရပါသည်။
သို့တိုင် လူတစ်ဦး အနေဖြင့် ထိုသို့ ချင့်ချိန် ထိမ်းသိန်းခြင်းမျိုးကို အခြေခံ ပညာဥာဏ် အဆင့်မျှသာဟု ပြောရပါဦးမည်။ လူသားများ ၏ ကြီးမားလှသည့် ပညာဥာဏ် ဆိုသည်မှာ အထက်မှာ ဖော်ပြခဲ့သည့် အတိုင်း စည်းကမ်းနှင့် အရာရာကို ချင့်ချိန် ထိမ်းသိန်း တတ်စွမ်းနိုင်ဖို့ ဖြစ်ရာ ချုပ်တည်းခြင်း၊ သည်းခံခြင်း၊ အသိဖြင့် ရှုမြင် နားလည်ခြင်း၊ နှင့် သတိနှင့် ယှဉ်၍ လုပ်ကိုင်ခြင်း စသည်တို့ ဖြစ်ပေသည်။
ဥပမာ ကျွဲရိုင်းတစ်ကောင်ကို လေ့လာကြည့်ပါလျှင် ထို ကျွဲရိုင်းသည် ချုပ်တည်းခြင်း အလျဉ်း မရှိ၊ သည်းခံခြင်း အလျဉ်းမရှိ၊ အသိနှင့် လုပ်ကိုင်ခြင်း များလည်း မရှိပေ။ ယဉ်ပါးသော ကျွဲတစ်ကောင် သည်ကား၊ ဇွတ်တရွတ် မလုပ်တော့ချေ။ ဆတ်ကနဲ နေ ထခွေ့မည်ဟူသည် သည်းခံခြင်း မရှိသည့် စိတ်များ နည်းပါးသွားတော့သည်။ သူ့အား ကြိမ်ဖြင့် ရိုက်နှက်သည်ကိုပင် ချုပ်တည်း သည်းခံတတ်လာ တော့သည်။ ဤသည်မှာ ယဉ်ပါးသည့် တိရိစ္ဆာန် ဖြစ်ပေသည်။
လူသား တစ်ဦး အနေဖြင့်မူ ယဉ်ပါးသည့် တိရိစ္ဆာန်ထက် ပိုသည့် ပညာဥာဏ်သည် ဆင်ခြင်တုံတရား ဖြစ်သည့် အသိဖြင့် ရှုမြင်၍ သတိနှင့် ယှဉ်၍ လုပ်ကိုင်ခြင်းတို့ ဖြစ်ပြီး ထိုပညာဥာဏ်သည် လူသားတို့ ၏ အရည်အခြင်း၊ အရည်အသွေး ဖြစ်သည်။
လူသားများ အနေဖြင့်မူ ယဉ်ပါးခြင်း မဟုတ်တော့ဘဲ ယဉ်ကျေးမှုဟူ၍ ထိုယဉ်ကျေးမှုသည် ထိုလူသား၏ အဆင့်အတန်း ကို ပိုင်းခြားပြသ နေသည်။
လူသားများတွင် စည်းကမ်း၊ ကျင့်ဝတ်၊ တာဝန်၊ ဝတ္တရားတို့ ရှိကြသည်။ ထိုကိစ္စများကို နားလည်ကြသည်။ ထိုကြောင့် လူသားများသည် ယဉ်ပါးသော တိရိစ္ဆာန်များကဲ့သို့ ကြိမ်ဖြင့် ရိုက်ပြီး ခိုင်းရန်မလို၊ ခြိမ်းခြောက် ကြောက်ရွံ့ စေပြီး ခိုင်းရန်မလိုပေ။
ထို သဘောတရားနှင့် လျှော်ညီစွာ သြစတေးလျနိုင်ငံတွင် မိဘတို့က မိမိတို့ကလေးငယ်များကို ရိုက်နှက် ဆုံးမခြင်းကို ဥပဒေအရ တားမြစ်ထားပြီး ထိုသို့ ဆုံးမသည့် မိဘများသည် ပြစ်မှုမြောက်သဖြင့် ရဲမှ ဖမ်းဆီး အရေးယူနိုင်သည်။ အလားတူ လူ့စည်းကမ်း၊ ကျင့်ဝတ်တို့ကိုလည်း နားလည် သဘောပေါက်အောင် သင်ကြားပေးခြင်းဖြင့် လူအများအား ယဉ်ကျေးခြင်းဖြင့် လူ့အဆင့်အတန်း မှီ ရပ်တည်စေသည်။
မည်သို့ပင် ဖြစ်စေကာမူ လူတစ်ဦး အနေဖြင့် လူ့အဆင့်အတန်း မှီနေထိုင်ဖို့ရာတွင် လူ့အရည်အသွေး ဖြစ်သည့် ပညာဥာဏ်အဆင့် မှီရန်လိုအပ်မည် ဖြစ်ပြီး၊ စာတတ်ခြင်းထက် ပညာတတ်ဖို့ရန် ပိုမို အရေးကြီးကြောင်း ဆင်ခြင်မိပါသည်။
posted by aung aung

0 comments:
Post a Comment