Monday, September 5, 2011

"ဦးဏှောက်ရှင်းနည်း"

created the doc: "ဦးဏှောက်ရှင်းနည်း"
Cloud Cuckoo Land created the doc:
ကွန်ပျူတာ တစ်ခုတွင် ကွန်ပျူတာ၏ မှတ်ဥာဏ် (Computer Memory) ဖြင့် အလုပ်နေပြီး အဆိုပါ Computer Memory မှာ ရှုတ်ထွေးကြပ်ညပ်ပြီး ပိတ်ဆို့လာခဲ့သည့် အချိန်တွင် Computer Hang ဖြစ်သည်ဟု ခေါ်သော ကွန်ပျူတာမှ အလုပ်လုပ်နေခြင်း ရပ်ဆိုင်းသွားသည့် အခြေအနေ ဖြစ်တတ်ပါသည်။ ထိုသို့သော အခြေအနေကို ရောက်လျှင် ကွန်ပျူတာကို ပိတ်ပြီး အစမှ ပြန်ဖွင့်ခြင်း (Reboot) လုပ်ရပါသည်။ Reboot လုပ်လိုက်သည့် အခါတွင်မူ ကွန်ပျူတာသည် ရှုတ်ထွေး ကြပ်ညပ် ပိတ်ဆို့ခဲ့သည့် အချက်အလက်များကို မေ့ထုတ်ပစ်လိုက်ပြီး မူလ မှတ်ထားပြီးသား မှတ်ဥာဏ်များကို ပြန်လည်အသုံးချ၍ အလုပ်လုပ် ပြန်လုပ်ပါသည်။
အလားတူပင် လူတစ်ယောက်သည်လည်း တစ်ခါတစ်ရံတွင် စဉ်းစားရကြပ်ပြီး ဘာလုပ်ရမည် မသိသည့် အခြေအနေ ဖြစ်တတ်ပါသည်။ စိတ်များ ရှုတ်ထွေးနေသည့် အခါတွင်လည်း လက်ရှိလုပ်နေသည့် အလုပ်များမှာ ကတောက်ကဆ ဖြစ်တတ်ပါသည်။ သို့သော် လူတစ်ယောက်မှာ မူ Computer Hang သွားသည့် အခြေအနေကဲ့သို့ အလုပ်လုပ်နေခြင်း ရပ်ဆိုင်း မသွားသော်လည်း လုပ်သမျှ အမှားအယွင်းများ ဖြစ်တတ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် လူတစ်ယောက်၏ ဦးဏှောက်တွင် ရှိသည့် မှတ်ဥာဏ် များကို ကွန်ပျူတာကဲ့သို့ ပြန်လည်ရှင်းထုတ်ဖို့ လိုအပ်ပါသည်။

ဦးစွာ ဦးဏှောက်တွင်ရှိသည့် မှတ်ဥာဏ်များကို ပြန်လည် ရှင်းထုတ်သည့် နည်းလမ်းကို မပြုလုပ်မှီ ဦးဏှောက်တွင် ရှုတ်ထွေးပိတ်ဆို့ နေသည့် အကြောင်းကို နားလည်ရန် လိုအပ်ပါသည်။ ကွန်ပျူတာနှင့် လူ့ဦးဏှောက်တွင် အခြေခံအားဖြင့် တူညီသည့် မှတ်ဥာဏ်တွင် ပိတ်ဆို့တတ်သည့် အကြောင်း အခြင်း ၂ရပ်ရှိရာ ၎င်းတို့မှာ – Deadlock ခေါ် မတိုးသာ မဆုတ်သာ အခြေအနေ ဆိုက်ရောက်ခြင်း နှင့် Infinite loop ခေါ် အဆုံးမရှိ ဂွင်းဆက်ပတ် လည်နေခြင်း ဖြစ်သည်။
Deadlock ၏ အခြေအနေမှာ အောက်ပုံတွင် ပြထားသည့်အတိုင်း လူငါးဦးနှင့် တစ်ဦးချင်းစီ၏ တစ်ဖက် တစ်ချက်စီတွင် ခရင်းတစ်ခုစီ နှင့် အလယ်ပန်းကန်တွင် ထည့်ထားသည့် ခေါက်ဆွဲ ဇလုံတစ်ခုရှိသည်။

လူတစ်ယောက်သည် ခေါက်ဆွဲကို ယူစားရန် ဘယ်ဖက်မှ ခရင်း တစ်ချောင်းနှင့် ညာဖက်မှ ခရင်း တစ်ချောင်း ကို အသုံးပြုရမည်။ ထိုအခါတွင် လူငါးယောက် စလုံး တစ်ပြိုင်နက် စားရန် မဖြစ်နိုင်ချေ။ အလွန်ဆုံး မျက်နှာခြင်းဆိုင် ထိုင်နေသည့် လူ ၂ယောက်သာလျှင် တစ်ပြိုင်နက် စားနိုင်ပေမည်။ ထိုသို့ လူ ၂ယောက် စားနေသည့် အခါတွင် နောက်တစ်ယောက်ကို စားရန် စေခိုင်းပါက ထိုသူမှာ ခရင်း ၂ ခုကို စုံအောင် ကိုင်နိုင်မည် မဟုတ်သဖြင့် စားရန် မဖြစ်ချေ။ သူ့၏ ဘေးတစ်ဖက် တစ်ချက်မှ လူတစ်ယောက် စားပြီး၍ ခရင်း မချမခြင်း သူ့မှာ ခေါက်ဆွဲယူစားရန် လုံလောက်သော ခရင်း ရနိုင်မည် မဟုတ်ပါ။ ကွန်ပျူတာ၏ ပရိုဂရမ်တွင်လည်း အလားတူ လိုအပ်သည့် အရင်းအမြစ် (Resource) ကို ခွဲဝေသုံးစွဲရာတွင် တစ်ပြိုင်နက် မလောက်မဌ ဆွဲသုံးလိုက်သည့် အခါမျိုးတွင် Deadlock အခြေအနေကို ဖန်တီးပြီး အလုပ်လုပ်မှု ရပ်ဆိုင်းသွားတတ်သည်။ အလားတူပင် လူ့ဦးဏှောက်တွင်လည်း လက်ခံနိုင်သည့် အကန့်အသတ် အကြောင်းအရာထက် ပိုများပြားစွာ လက်ခံစဉ်းစားပြီး ဖြေရှင်းချက်ထုတ်ရသည့် အခါမျိုးတွင် Deadlock အခြေအနေသို့ ဆိုက်ရောက်ပြီး ဘာလုပ်ရမည် မသိတော့ခြင်း ဖြစ်တတ်သည်။

နောက်တစ်မျိုးမှာ Infinite loop ခေါ် အဆုံးမရှိ ဂွင်းဆက်ပတ် လည်နေခြင်း ဖြစ်သည်။ ဥပမာ အထက်ပါ ပုံစံကဲ့သို့ လူအများ ဝိုင်းပတ် ထိုင်ပြီး အလယ်တွင် ခြင်း တစ်ခြင်း ချထားသည် ဆိုပါစို့။ လူတစ်ဦးမှ စ၍ ဘော်လုံးတစ်လုံးကို ညာဖက်လူဆီသို့ လက်ဆင့်ကမ်းပြီး ဆက်တိုက် ညာဖက်သို့ လက်ဆင့်ကမ်းသွားပါမူ ထိုဘော်လုံးသည် မည်သည့် အခါမှ အလယ်က ခြင်းထဲ့သို့ ရောက်နိုင်တော့မည် မဟုတ်ပေ။ အဆုံးမရှိ ခြာလပတ် လည်နေပေတော့မည်။ ထိုနည်းတူ အကြောင်းအရာ တစ်ခုခုကို အဖြေရှာမရသည့် အခါတွင် အစသို့ ပြန်ရောက်ပြီး ထိုလမ်းကြောင်းအတိုင်း တစ်ကြိမ်မှ နှစ်ကြိမ်၊ နှစ်ကြိမ်မှ အကြိမ်ကြိမ် ချာလပတ်လည်လာလျှင် အခြားကိစ္စတစ်ခုကို စဉ်းစားမရတော့ခြင်း ဖြစ်ပြီး ဦးဏှောက်ပူလာခြင်း၊ စိတ်ရှုတ်ထွေးလာခြင်း ဖြစ်တတ်သည်။

ဤသို့ဖြစ်ကြလျှင် မိမိတို့မှာ ဦးဏှောက် ရှင်းကြရတော့သည်။ ဦးဏှောက်ရှင်းသည် ဆိုရာတွင် နည်းမှန် လမ်းမှန် ရှင်းတတ်ဖို့လိုသည်။ နည်းမှန်လမ်းမှန် မရှင်းပါမူ ဦးဏှောက်သည် ပိုမို ရှုတ်ထွေး စေတတ်သည်။ ပိုမို ကြပ်တည်း လာတတ်သည်။ ပိုမို ပိတ်ဆို့သွားတတ်သည်။ အရက်ဆိုင်သွား အရက်သောက်ခြင်း၊ အပျော်အပါး လိုက်စားခြင်း၊ ရုပ်ရှင် ကြည့်ခြင်း တို့သည် အာရုံပြောင်းခြင်း တစ်မျိုးဖြစ်သဖြင့် ထိုနည်းဖြင့် အလွယ်တစ်ကူ ဦးဏှောက်ရှင်းခြင်းသည် နည်းလမ်းမှန်သည့် ဦးဏှောက် ရှင်းခြင်းမျိုး မဟုတ်ပါ။
အထက်ပါပုံစံများနှင့် ပထမ လေ့လာကြည့်ပါက ပထမ Deadlock ခေါ် ပြဿနာတွင် လူ ၂ဦးမှ ၃ဦးသို့ တစ်ပြိုင်နက် ခေါက်ဆွဲစားစေရာတွင် Deadlock ဖြစ်သွားသည့် အခါမှာ၊ ထိုပြဿနာကို ပြေလည်စေဖို့ အရက်သွားသောက်ခြင်း ဖြင့် ပြေလည်စေမည် မဟုတ်ပေ။ ပြဿနာသည် ထိုအတိုင်း ကျန်ခဲ့မည်သာ ဖြစ်သည်။ အာရုံပြောင်းသွား သောကြောင့် နောက်ပြဿနာတစ်ခုသာ ဝင်လာနိုင်စရာ အကြောင်းရှိသည်။ ပြဿနာကို ခေတ္တထားခဲ့ သောကြောင့် ထိုနေရာသို့ ပြန်ရောက်လာလျှင် ထိုပြဿနာ ပြန်ဖြစ်မည်သာ ဖြစ်သည်။ အလားတူ Infinite loop ဖြစ်နေသည့် အခါတွင်လည်း၊ လည်နေသည့်ကိစ္စကို ခဏထားခဲ့ပြီး ရုပ်ရှင် သွားကြည့်ပါက မူလနေရာသို့ ပြန်ရောက်သည့်အခါတွင် ပြန်လည်နေမည် ဖြစ်ပြီး ပြဿနာ ပြေလည်နိုင်စရာ ဖြစ်မည် မဟုတ်ပါ။

ထို့ကြောင့် ဦးဏှောက်ကို ရှင်းတော့မည် ဆိုပါက ဦးစွာ ဦးဏှောက်၏ အသိဥာဏ်တွင် ပြည့်ညပ်နေသော အရာများကို ခေတ္တ ဖယ်ထုတ်ထားရန် လိုအပ်ပါမည်။ ထိုသို့ ဖယ်ထုတ်ရန် အကောင်းဆုံး နည်းလမ်းမှာ ဆိပ်ငြိမ်သည့် နေရာ တစ်နေရာတွင် မျက်လုံးကို ပိတ်ပြီး ဘာကိုမှ မစဉ်းစားဘဲ မိမိသာ အခုနေသေဆုံးသွားခဲ့ပါက ဘာမှ ရှိတော့မည် မဟုတ်ဟု ခေတ္တနှလုံးသွင်း ပြီးစိတ်ကို ဦးစွာ တည်ငြိမ်အောင်ကြိုးစားပါ။ ထို့နောက် အတိတ်ကို စဉ်းစား တွေးတောနေသည့် စိတ်နှင့် အနာဂတ်ကို မျှော်မှန်း တွေးတောနေသည့် စိတ်၊ တနည်းဆိုရသော် အတိတ်နှင့် အနာဂတ်သို့ ကူးသန်း ပြေးလွှားနေသည့် စိတ်အား ရပ်တန့်စေပြီး လက်ရှိ ပစ္စုပ္ပါန် တည့်တည့် တွင် စိတ်ကို တည့်မတ်အောင် ထားပါ။ လက်ရှိ ပစ္စုပ္ပါန် တည့်တည့်တွင် အသက်ရှူသွင်း၊ ရှူထုတ်နေသည်ကို ကြည့်ပါ။ မိမိကလည်း ရူမသွင်းပါနှင့်၊ ရူလည်း မထုတ်ပါနှင့်၊ သူ့အလိုလို ရူသွင်း ရူထုတ်နေသည်ကို ရူသွင်းလိုက်တိုင်း၊ ရူထုတ်လိုက်တိုင်း အသိစိတ်က သိနေအောင် သတိလိုက်ထားပါ။ အနည်းဆုံး မိနစ် ၃၀၊ ဖြစ်နိုင်လျှင် မိနစ် ၆၀ မျက်လုံးမှိတ်၊ ကိုယ်ခန္ဓာ မလှုပ်ရှားစေဘဲ ငြိမ်ငြိမ်လေး ထိုင်၍ကြည့်နေ၊ သတိထားနေပါ။ ထို့နောက်မှာ မိမိ၏ ဦးဏှောက် ရှုတ်ထွေးနေသော မှတ်ဥာဏ်များကို ရှင်းလင်းရန် နေရာရှိလာပါလိမ့်မည်။

ထို့အခါမှ Deadlock ကဲ့သို့ ပြဿနာဖြစ်လျှင် မိမိ လက်ခံနိုင်သည့် အခြေအနေ တစ်ခုခြင်းကို လက်ခံပြီး၊ တစ်ခုပြီးမှ တစ်ခု ဆောင်ရွက် ရပါမည်။ ရှိနေသည့် အကြောင်းအရာများမှ အားလုံးကို ဆွဲထုတ်ပြီး၊ ဦးစားပေး အဆင့်များ ရွေးချယ်ရပါမည်။ ဦးစားပေး တစ်၊ ဦးစားပေး နှစ်ဆိုပြီး အစီအစဉ်ချပြီး ဦးစားပေး တစ်ကို စဉ်းစားလုပ်ဆောင် နေချိန်မှာ ဦးစားပေး နှစ်ကို လုံးဝ ဝင်အလုပ်မလုပ်နိုင်ရန် တားထားရမည်။ Deadlock နှင့် ပတ်သက်ပြီး မိမိ အတွေ့အကြုံ တစ်ခုတင်ပြရသော်၊ တစ်ချိန်က မိမိသည် ရန်ကုန်မြို့က လ္ဘက်ရည်ဆိုင် တစ်ဆိုင်တွင် မနက်စာ သွားစားစဉ်က စားပွဲထိုး ကောင်လေးသည် မိမိအား လ္ဘက်ရည် လာချပေးရာသည့်အခါ မိမိက သူ့အား ရေနွေးအိုး မှာလိုက်သည်။ သူသည် ရေနွေးအိုးယူရန် ခေါင်းထဲမှတ်၍ အသွား မှာ မိမိက နောက်ထပ် လှမ်းပြီး လက်သုတ်ပဝါ ယူလာရန်ကိုပါ မှာလိုက်သည်။ သူပြန်လာသောတွင် အခါ ရေနွေးအိုး ပါမလာဘဲ လက်သုတ်ပုဝါသာ ယူလာသည်။ ထိုအခါ မိမိသတိပြုလိုက် မိသည်မှာ ထိုကလေးသည် ကျောင်းနေဖူးသည့် ကလေး ဖြစ်မည်မဟုတ်၊ သူသည် မှတ်ဥာဏ် ၂ ခုကို ရှေ့နောက်ဆင့်ပြီး မှတ်နိုင်စွမ်း အလေ့အကျင့် မလုပ်ဖူးသဖြင့် သူ့တွင် မှတ်နိုင်စွမ်း အရင်းအမြစ် Resource တစ်ခုတည်းကို အကြောင်းအရာ တစ်ခုမှာ တစ်ခါတည်း သုံးတတ်ခြင်းဖြစ်သည်။ ထိုသို့သော သူများအတွက်မူ Deadlock ဖြစ်စရာ အကြောင်းမရှိပေ။ တစ်ခုကို မှတ်လိုက်သည့် အခါ အရင်က တစ်ခုကို အလိုလို ရှင်းထုတ်လိုက်တတ် သဖြင့်ဖြစ်သည်။ သို့သော် မိမိတို့ အနေဖြင့် ထိုကလေးကဲ့သို့ မေ့ထုတ်ပစ်လိုက်၍ မရသည့်အခါ စာဖြင့် ရေးမှတ်ထားခြင်း ဖြင့် တစ်ပြီး နှစ်ကို ဆက်လက် ရှင်းလင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။

Infinite loop ဖြစ်သည့် အခါမျိုးမှာမူ ထိုလည်ပတ်နေသည့် အကြောင်းတစ်ခုကို ပထမရပ်တန့် စေရပါမည်။ ထိုသို့ရပ်တန့်စေပြီးမှ လည်ပတ်နေရသည့် အကြောင်းရင်းအစနှင့် ပြန်လည်ပတ်လာသည့် အဆုံးကို ရွေးထုတ်ရပါမည်။ ထို့နောက်တွင်မှ ပြန်လည်ပတ်လာသည့် လမ်းကြောင်း အဆုံးမှ အခြားလမ်းကြောင်း တစ်ခုသို့ ပြောင်းလည်းစေနိုင်မည့် နည်းလမ်းကို ရှာကြံရပါမည်။ ဥပမာအထက် ပုံစံမှာ အတိုင်း လူငါးဦး ဝိုင်းပတ် ထိုင်နေသည့်အခါ တစ်မှ နှစ်သို့ လက်ဆင့်ကမ်းသည့် ဘော်လုံးကို နောက်ဆုံး ငါးသို့ ရောက်သည့်အခါတွင် တစ်သို့ ပြန်လက်ဆင့် ကမ်းမလာနိုင်ရန် သို့မဟုတ် တစ်မှ ပြန်လက်ဆင့်ကမ်းခြင်းကို လက်မခံနိုင်ရန် တားထားနိုင်မည့် လမ်းကို ဦးစွာရှာပြီး လည်ပတ်နေခြင်းကို ရပ်တန့်စေရပါမည်။ ထိုသို့မှ ပထမ လုပ်ဆောင်လာသည့် အဆင့်များနှင့် မတူသည့် နောက်ဆုံးအဆင့် လုပ်ဆောင်ချက်ကို လမ်းကြောင်း အသစ် စဉ်းစားပေးဖို့လိုပါမည်။
ဤနည်းဖြင့် မိမိသည် မိမိ၏ ဦးဏှောက်တွင် ပိတ်ဆို့လာသည့် အကြောင်းအရာများကို ရှင်းလင်းရာမှာ ထိရောက်အောင်မြင်စွာ ရှင်းထုတ်နိုင်သဖြင့် ဦးဏှောက်ရှင်းလိုသူများ အတွက် ဤနည်းလမ်းကို ဝေဌပေးလိုက်ပါသည်။

posted by aung aung

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...