Monday, September 5, 2011

"ငြင်းခုံခြင်း၏ တန်ဖိုး"

created the doc: "ငြင်းခုံခြင်း၏ တန်ဖိုး"
Cloud Cuckoo Land created the doc:
ငြင်းခုံခြင်းလုပ်တာကို မြန်မာအဘိဓါန်တွင် စကားများခြင်း ဟု ပြန်ဆိုထားသည်။ မြန်မာ စကားတွင် “ငါလူ တစ်ယောက်နဲ့ စကားများလာတယ်” ဆိုလျှင် ရန်ဖြစ်လာသည် ဟု အဓိပ္ပါယ်ရသည်။ ထိုအခါ ငြင်းခုံခြင်း ဟူသည့် မြန်မာ အဓိပ္ပါယ်မှာ ရန်ဖြစ်ခြင်းဟု ဆိုလိုခြင်း ဖြစ်နေသည်။ ယနေ့ခေတ် မြန်မာလူမျိုး အများစုတို့မှာ တစ်ဦး၏ သဘောထားနှင့် အခြား တစ်ဦး၏ သဘောထား မတိုက်ဆိုင်၍ ငြင်းခုံကြလျှင် ရန်ဖြစ်ကြသည်ကိုသာ အများဆုံးတွေ့ရတတ်ကြသည်။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ ငြင်းခုံခြင်း အလေ့အကျင့်သည် ရန်ဖြစ်ခြင်း သို့မဟုတ် ရန်လိုခြင်း ဖြစ်ပါသည် ဆိုသည်မှာ မှန်ကန်ပါသလား။
မိမိ ငယ်စဉ်က ၃ တန်း အရွယ်လောက်တွင် ကျောင်းသင်စာ တစ်ခုမှာ ရှေးက မြန်မာ ပညာရှိ အမတ်မင်း ၂ ဦးတွင် တစ်ဦးက ကြံကို အရင်းက စားသည်မှာ ကောင်းသည်ဟု အမြင်ရှိပြီး၊ အခြား တစ်ဦးက ကြံကို အဖျားက စားသည်မှာ ပိုကောင်းကြောင်း အမြင်ရှိသည့် အခါ တစ်ဦးနှင့် တစ်ဦး ငြင်းခုံခဲ့ကြသည့် အကြောင်း သင်ကြားဖူးသည်။ ထိုသို့ ငြင်းခုံခဲ့ကြပြီးနောက် တစ်ဦး၏အမြင် နှင့် တစ်ဦး ဖလှယ်လျှက် တစ်ဦးကို တစ်ဦး လေးစား သမှုပြုကြ၍ ခင်မင် ရင်းနှီးမှုကို ပိုမိုခိုင်မြဲ စေခဲ့ကြသည်။ ထို့ကြောင့် ငြင်းခုံခြင်းဆိုသည်မှာ ရန်ဖြစ်ခြင်း သို့မဟုတ် ရန်လိုခြင်း ရှိသည့် မြန်မာလူမျိုး တို့၏ အလေ့အကျင့် ဆိုသည်မှာ မဟုတ်နိုင်ပါ။

ကမ္ဘာပေါ်တွင်လည်း ငြင်းခုံခြင်းနှင့် ပတ်သက်ပြီး သြစတေးလျ နိုင်ငံကို ကြည့်လျှင်၊ ညဥ့်နက်ပိုင်းမှာ ရုပ်မြင်သံကြား အစီအစဉ်မှ အတိုက်အခံနှင့် လက်ရှိ အာဏာရ အစိုးရတို့ ပါလီမာန်တွင် ငြင်းခုံကြသည်များ ထုတ်လွှင့် ပြသရာတွင် တစ်ဖက်နှင့် တစ်ဖက် အကြီးအကျယ် ငြင်းခုံကြသည်တွေ့ရသည်။ လက်ရှိအစိုးရ၏ မူဝါဒအပေါ် မကောင်းသည့် အချက်များကို အတိုက်အခံများက ထောက်ပြသည်ကို အစိုးရက ပြန်လည် ချေပရပြီး၊ ထိုပြန်လည် ချေပချက်များကို တစ်ခါ အတိုက်အခံများဖက်က အကြီးအကျယ် ပြန်လည် ငြင်းခုံကြသည်ကို တွေ့ရသည်။ သို့ရာတွင် ပါလီမာန်တွင် ထိုသို့ စကားစစ်ထိုး ငြင်းခုံပြီးသော်လည်း အပြန်မှာမူ တစ်ဦးနှင့် တစ်ဦး တရင်းတနှီး ဖက်၍ နမ်းရှုံ့ကြကာ၊ ရီရီမောမော နဲ့ နှုတ်ဆက်ပြီး ပြန်ကြသည်ကို တွေ့ရသည်။

အကယ်စင်စစ် အကြောင်းအရာ တစ်ခု အပေါ် တစ်ဦး အမြင်နှင့် တစ်ဦး မတူသဖြင့် ငြင်းခုံကြသည့်အခါ ရန်လိုခြင်း၊ ရန်ဖြစ်ခြင်း တို့ ဖြစ်ရသည့် အကြောင်းရင်းမှာ ပညာဥာဏ်နည်းပါးခြင်း ကြောင့်သာ ဖြစ်ပေသည်။ လူတစ်ဦးသည် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ နည်းပါးသည့် အခါ သူလက်ခံသည့် အကြောင်း အရာ တစ်ခုကို အခြားသူ တစ်ဦးက အငြင်းပွားလျှင် သူ့တွင် အဘယ်ကြောင့် သူ ထိုအကြောင်းအရာကို လက်ခံရသည် ဆိုသည့် အဓိပ္ပါယ်ကို သူကိုယ်တိုင် သေချာရေရာစွာ နားမလည်သည့် အခါတွင် ဒေါသဖြစ်ရပြီး ရန်ဖြစ်ရတော့သည်။ တစ်နည်းဆိုသော် သူကိုယ်တိုင်ပင်လျှင် သူမည်သည့် အတွက်ကြောင့် ထိုအကြောင်းအရာကို လက်ခံသည်ကို သူ့မှာ ခံယူချက် တစ်စုံတစ်ရာ ရှိနိုင်သည့် ပညာဥာဏ်၊ တွေးတော မျှော်မြင်မှု မရှိသည့် အတွက် သူတစ်ပါး ပြော၍ ဖြစ်စေ၊ ရိုးရာ ဓလေ့ထုံးစံအရ ဖြစ်စေ၊ မျက်စိမှိတ်လက်ခံ ထားခြင်းကြောင့် အချက်ကျကျ မငြင်းနိုင်သည့်အခါ ဒေါသဖြစ်လေသည်။

မိမိ သြစတေးလျနိုင်ငံတွင် ကျောင်းတက်စဉ်က စီးပွားရေး စီမံကိန်း ပုံစံဆွဲသည့် ဘာသာရပ်ကို သင်ကြားခဲ့ရသည်။ ထိုဘာသာရပ်ကို သင်ကြားရာတွင် အချိန် ၂ ချိန်ခွဲပြီး သင်ကြားသည်။ ပထမ ၁ နာရီခွဲ အချိန်တွင် သဘောတရားများကို ဆရာက ပို့ချသည်။ ဒုတိယ ၁ နာရီခွဲတွင် အဖွဲ့များခွဲ၍ သက်ဆိုင်ရာ နည်းပြ ဆရာများက ဦးဆောင်ပြီး အခန်းတစ်ခန်းစီတွင် ကျောင်းသား ၁၀ ယောက်ခန့်တို့ နှင့် အတူ ပထမပိုင်း ပို့ချချက်နှင့် ပတ်သက် ဆက်နွယ်သည့် အကြောင်းအရာများ အပေါ်တွင် အငြင်းအခုံ လုပ် ဆွေးနွေးကြရသည်။ ကျောင်းသား အချင်းချင်းလည်း တစ်ဦး၏ အမြင် သဘောထားနှင့် အခြား တစ်ဦး၏ အမြင် သဘောထားများကို တင်ပြပြီး ငြင်းခုံကြရသည်။ သို့ရာတွင် မိမိတို့သည် တစ်ဦးနှင့် တစ်ဦး ခင်မင်ခြင်းလည်း မပျက်ကြ၊ စိတ်လည်း မဆိုးကြ၊ ရန်လည်း မဖြစ်ကြပေ။ ထိုသို့ အချင်းချင်း ငြင်းခုံရသည်ကိုပင် ပျော်ရွင် ကျေနပ်ကြလေသည်။ အကြောင်းမှာမူကား ငြင်းခုံခြင်း ဖြင့် မိမိတို့သည် မိမိတို့ မမြင်သည့် အမြင်ကို သိမြင်နိုင်ခြင်း၊ ဘက်ပေါင်းစုံ၏ အမြင်ကို နားလည်နိုင်ခြင်း ဖြင့် အကြောင်းအရာ တစ်ခုတွင် သင့်တင့်လျှောက်ပတ်ပြီး အကောင်းဆုံး အမြင် အယူအဆများကို လက်ခံယူနိုင်စရာ အကြောင်းများ ဖြစ်ပေါ်လာစေသည့် အပြင် သက်ဆိုင်ရာ အကြောင်းအရာကိုလည်း ကျေညက် နားလည်နိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ငြင်းခုံခြင်းဖြင့် ဘက်ပေါင်းစုံ၏ အမြင်နှင့် အယူအဆများကို ပေါင်းစပ်ပြီး၊ အကောင်းဆုံး အယူအဆ အတွေးအခေါ်ကို ထုတ်ယူနိုင်သဖြင့်၊ ပြင်ပလောကတွင် အရေးပါသည့် ငြင်းခုံခြင်းကို တက္ကသိုလ်တွင် အလေ့အကျင့် လုပ်ပေးခြင်း ဖြစ်သည်ကို သိရသည်။

ငြင်းခုံသည် ဆိုရာတွင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ငြင်းခုံမည့် အကြောင်းအရာကို ခိုင်ခိုင်လုံလုံ တိတိကျကျ သိနားလည်ဖို့လိုသည်။ ကမ္ဘာကြီးသည် အလုံး ဖြစ်သည် ဟူသည့်အဆိုကို၊ ကမ္ဘာကြီးသည် အပြားဖြစ်ပါသည် ဟု ငြင်းသည့်အခါ အဘယ်ကြောင့် ပြားသည်ဟု ဆိုသည်ကို ထုံးတမ်းစဉ်လာအရ ဖြစ်၍ သို့မဟုတ် ဘုရားသခင်က ပြော၍ သို့မဟုတ် ယဉ်ကျေးမှု အရ ခေါက်ရိုးကျိုးနေသည့် အတွေးအခေါ် ဖြစ်၍ ဟု အကြောင်းပြမည် ဆိုလျှင် လူရီစရာ ဖြစ်တော့မည်။ မည်သည့် အသိဥာဏ် ရှိသူကမှလည်း လက်ခံမည် မဟုတ်ပေ။ အချက်အလက် မှန်မှန်ကန်ကန် နှင့် အကျိုးအကြောင်း ယုတ္တိ မရှိဘဲ၊ သို့မဟုတ် ငြင်းခုံမည့် အချက်အလက် အကျိုးအကြောင်းများကို ကောင်းမွန်စွာ သိနားလည်ြခင်း မရှိဘဲ၊ သို့မဟုတ် မိမိကိုယ်တိုင် မှန်မှန်ကန်ကန် စဉ်းစားဆင်ခြင် တွေးတောနိုင်စွမ်း မရှိဘဲ ငြင်းခုံ၍ မည်သည့်အကျိုးမှ ဖြစ်မည် မဟုတ်ပါ။ အကြောင်းအရာ တစ်ခုခုကို ငြင်းခုံလိုလျှင် ထိုအကြောင်းအရာ၏ အနက်အဓိပ္ပါယ်၊ တွေးခေါ်ယူဆပုံ နှင့် မိမိ၏ ခံယူချက် အမြင်များ ဦးစွာ သေသေချာချာ ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ဖို့ လိုအပ်ပါမည်။

တစ်ဖန် တစ်ဦးနှင့် တစ်ဦး ငြင်းခုံကြသည်ဆိုလျှင် ယဉ်ကျေးမှုရှိရပါမည်။ တစ်ဦးကို တစ်ဦး လေးစားသမှုရှိ ရပါမည်။ “မင်းမသိသေးပါဖူးကွာ” ၊ “မင်းနားမလည် ပါဖူးကွာ” ဆိုသော စကားလုံး သည် ကိုယ့်၏ ထင်မြင်ယူဆချက်သာ မှန်ကန်သည်ဟု တထစ်ချယူဆပြီး၊ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းဖြင့် တစ်ဖက်လူအား အထင်သေး နှိမ့်ချသကဲ့ ဖြစ်ရာ ထိုသို့သော အပြုအမူမှာ ရိုင်းစိုင်းရုံမက ထိုသူမှာ သူကိုယ်တိုင် ဆင်ခြင်သုံ့သပ် တတ်သူမဟုတ်ကြောင်း သိနိုင်သည်။ အကြောင်းအရာ တစ်ခုကို ဆင်ခြင်သုံ့သပ်တတ်သူ ပညာရှိတို့သည် သူသိထား တတ်ထားသည့် ဗဟုသုတ၊ ပညာတို့မှာ ပြည့်စုံလုံလောက်ပြီဟု ဘယ်သော အခါမှ မမှတ်ယူကြပေ။ သူတို့မှာ မြောက်များစွာသော အတွေ့အကြုံ ဗဟုသုတ ပညာများကို ဆည်းပူးရန် ကျန်နေသေးသည်ဟု သာ အမြဲမှတ်နေကြသည်။ သူ့လောက်ပင် ပညာဂုဏ်မရှိသူများ အားလည်း “မင်းတို့ မသိသေးပါဖူးကွာ” ဟူ၍ မပြောဘဲ၊ သူသိတတ်သည့် အချက်အလက်များကို တိတိကျကျဖြင့် ရှင်းလင်းပြသ နိုင်သလို၊ သူတစ်ပါး၏ ထင်မြင် ယူဆချက် များကိုလည်း သူ၏ထင်မြင်ယူဆချက်များနှင့် လေးစားစွာ နှိုင်းယှဉ်ပြတတ်ကြသည်။

ထို့အပြင်လည်း တစ်ဦးမှာ သူ၏အမြင်ကို အခြားတစ်ဦးအား “ဒါကိုလက်ခံရမယ်၊ ဒါကိုယုံရမယ်” ဆိုပြီး အမိန့်ကဲ့သို့ နာခံရမည့်သဘောသည် ငြင်းခုံခြင်း မဟုတ်ပေ။ ထိုသို့သော သဘောထားသည်လည်း ကိုယ့်အယူအဆ အတွေးအခေါ်သာ မှန်သည်ဟု ယူဆတတ်သူ လှေနံဓါးထစ် ရူးမိုက်သော လူမျိုးများသာ ဖြစ်တော့သည်။ အကြောင်းမှာ မိမိ၏ လှေ၏နံဘေးတွင် ဓါးဖြင့် ထစ်ထားသည့် ပုံပြင်ဥပမာ အတိုင်း မိမိယူဆသလို အခြားသူများအားလည်း ယူဆစေလိုခြင်း ကြောင့်ဖြစ်သည်။
အကယ်စင်စစ် ငြင်းခုံခြင်းမှာ အနုပညာရပ်တစ်ခုဖြစ်သည်။ အကြောင်းအရာ တစ်ခုခုကို စံနစ်တစ်ကျ တွေးခေါ်သုံ့သပ်ပြီး၊ ပညာရှိပီသစွာ တစ်ဖက်၏ အမြင်ကို တဖက်ကလေးစား၍ ယဉ်ယဉ်ကျေးကျေး ငြင်းခုံခြင်းဖြင့် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ မှန်ကန်သည့် အတွေးအခေါ် အယူအဆ ရလာဒ်များ ရှိစေသည်။ သို့ရာတွင် အကြောင်းအရာ တစ်ခုအပေါ်တွင် ချီးကြူးထောက်ခံ အမွန်းတင်ခြင်းမှာ ငြင်းခုံခြင်း မဟုတ်သည်ကို သဘောပေါက်ရန်လိုပါမည်။ ငြင်းခုံသည် ဆိုသည်မှာ အကြောင်းအရာ တစ်ခု အပေါ်တွင် မတူသည့် အမြင်ကို ဖလှယ်သည် ဖြစ်ရာ၊ အမြင်တူနေပါက ဖလှယ်စရာ အကြောင်း ရှိမည် မဟုတ်ပေ။
တစ်ဖက်မှာလည်း အငြင်းအခုံပြုလုပ်ခြင်းကို နားထောင်ရသူများ အဖို့မှာ တွေးခေါ် ဆင်ခြင်တတ်လာခြင်း၊ မှန်ကန်သည့် အမြင်ကို ကိုယ်တိုင် ချင့်ချိန်လာနိုင်ခြင်းများ ရှိသည်ကို ဗုဒ္ဓခေတ်က အယူဝါဒ ပြိုင်သည့် အကြောင်းများက သက်သေပြနေပါသည်။

ထို့ကြောင့် အငြင်းအခုံ ပြုလုပ်ခြင်းသည် အကျိုးယုတ်စေရာ မဟုတ်ဘဲ၊ ပညာဖြင့် အငြင်းအခုံ ပြုလုပ်ခြင်းသည် တန်ဖိုးရှိသည့် အကျိုးရလာဒ်များပင် ပေါ်ထွန်းလာနိုင်မည် ဖြစ်ပေသည်။

posted by aung aung

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...