Sunday, September 18, 2011

မြန်မာ့ပညာရေး ကလိမ်ကကျစ်များ

by General Knowledge on Wednesday, September 14, 2011 at 9:29am
Monday, 12 September 2011 13:24 တင်ညွန့်

မြန်မာစကားမှာ ကလိမ်ကျတာကို ''မဖြစ်နိုင်သည်ကို လိမ်လည် လှည့်ဖြား ချဲ့ထွင်ပြောဆိုသည်'' လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အင်္ဂလိပ်မှာကတော့ လိမ်တာကို "Fraud" လို့ပြောတယ်။ Fraud ကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ရင်

" Crime of cheating somebody: the crime of obtaining money or some other benefit by deliberate deception" လို့ဆိုထားပါတယ်။မကောင်းတဲ့စိတ်နဲ့ တစ်စုံတစ်ယောက် အကျိုးပျက်အောင် လုပ်တဲ့အလုပ်တွေကို ကလိမ်ကျတယ်လို့ ပြောတယ်



ဒီလို ကလိမ်ကျမှုတွေဟာ များသောအားဖြင့် လုပ်ငန်းတွေမှာသာ ရှိတယ်လို့ ထင်ရပေမယ့် ပညာရေးကို ဈေးကွက်စီးပွားရေးအသွင် ဖော်ဆောင်လာတဲ့ကာလတွေမှာလည်း ပညာရေးကို ခွင်ဆင်ပြီး ''ရိုက်စား'' လုပ်တာတွေ ပေါ်လာတယ်။ အဲဒီလို ရိုက်စားတွေကို တစ်နည်း အားဖြင့် ကလိမ်ကကျစ်တွေလို့ ခေါ်ဝေါ်သမုတ်ပါတယ်။


  • ကျောင်းကိုအသုံးချ ကလိမ်ကျမှုများ
ကျောင်းကောင်းကောင်း ထားချင်ကြတာ၊ ကျောင်းကောင်းကောင်းမှာ နေချင်ကြတာ သဘာဝပဲ။ ကျောင်းကို ဗန်းပြပြီး လိမ်တာတွေ နောက်ပိုင်းမှာ ခေတ်စားလာတယ်။ အစိုးရက ဖွင့်ထားသလိုလို၊ အစိုးရ အစီအစဉ်နဲ့ လုပ်ထားသယောင်ယောင်၊ အစိုးရအဖွဲ့ဝင်ထဲက တစ်ယောက်ယောက် ဦးဆောင် နေသလိုမျိုး ပုံမှားရိုက်တတ်ကြတယ်။

နာမည်ကျော် ကျောင်းကြီးတွေနဲ့ တွဲဖက်ထားသလိုလို၊ အဲဒီကျောင်းက ဆရာတွေကိုယ်တိုင် လာသင်နေသလို၊ ဒီမှာ သင်တဲ့ ဘာသာရပ်တွေ၊ ပရိုဂရမ်တွေကို အဲဒီကျောင်းကြီးတွေကပဲ ရေးဆွဲ သတ်မှတ် ပြဋ္ဌာန်းပေးသလို ပုံမှားရိုက်တတ်ကြတယ်။

အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကား ESL (English as a Second Language) အနေနဲ့ သင်ကြားနေတဲ့ ကျောင်းကြီးတွေမှာ Business English ဆိုတဲ့ ပရိုဂရမ်တွေကို တွဲပြီးသင်တတ်ကြတယ်။ ဒါကလည်း သူတို့ကျောင်း သို့မဟုတ် သင်ကြားမှုကို ဆွဲဆောင်မှု အနေနဲ့လုပ်ကြတာပါ။

အဲဒီလို ကျောင်းမျိုးတွေမှာ သင်ကြားတဲ့ ဆရာတွေကလည်း နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ ဂုဏ်သတင်းကို လိုချင်တာနဲ့ နိုင်ငံခြားသားတွေကို ဘာဘွဲ့တွေ ရထားမှန်းမသိ (ဘွဲ့မရတာတွေလည်း ဖြစ်ချင်ဖြစ်နိုင်) ခေါ်ပြီး ခန့်ထားတတ်ကြတယ်။ အဲဒီလို ကျောင်းမျိုးတွေမှာ တက်တဲ့သူတွေကတော့ ငါးပါးမှောက်ပြီပေါ့။

အချို့ ဘာသာစကားသင် ကျောင်းတွေဟာ အတည်ပေါက်နဲ့ ''ကောလိပ်'' ဆိုပြီး နာမည် တပ်ကြတာ ရှိသေးတယ်။ အချို့နိုင်ငံခြားကကျောင်းတွေကို ကောလိပ်လို့ အမည်တပ်ခေါ်တာကို အစိုးရက အသိအမှတ်မပြုကြဘူး။ ကောလိပ်ဆိုပြီး သာမန် အဆောက်အအုံ၊ အခန်းကို နာမည်တပ်ခွင့်လည်း မရှိဘူး။ ဥပမာ ကနေဒါမှာ ကျောင်းတိုင်းကို ကောလိပ်လို့ အမည် သတ်မှတ်တာ ခွင့်မပြုဘူး။

အခြားလှည့်စားမှု တစ်ခုကတော့ အမေရိကန်၊ ဗြိတိန်၊ အာရှ၊ ဥရောပက ကောလိပ် သို့မဟုတ် တက္ကသိုလ်အမည် တစ်ခုခုတပ်ပြီး အကြောင်ရိုက်တာ တွေရှိသေးတယ်။ နိုင်ငံခြား ကျောင်းတွေက နာမည်ကျော် ကျောင်းကြီးတွေဟာ သူတို့နာမည်နဲ့ အခြားကျောင်းတွေမှာ တွဲပြီးတော့ ကြော်ငြာတာ၊ အမည်တပ်တာ ခွင့်မပြုတတ်ကြဘူး။ လိမ်ချင်တဲ့သူတွေကတော့ ခေါင်းစဉ် ကောက်တတ်လိုက်ပေမယ့် အလိမ်ခံ ရသူတွေကတော့ သိချင်မှ သိတတ်ကြတယ်။

ကျောင်းတွေက နိုင်ငံတကလှည့်ပြီး အေးဂျင့်တွေ ခန့်တတ်တာရှိသေးတယ်။ အဲဒီ အေးဂျင့် တွေကို အချို့ကျောင်းကြီးတွေက အခကြေးငွေပေးထားတာကြောင့် သက်ဆိုင်ရာ တိုင်းပြည်တွေမှာ အေးဂျင့်ခ ပေးစရာမလိုဘူး၊ ဘာကြေး၊ ညာကြေးပေးစရာမလိုဘူး၊ ဟိုကျောင်းရောက်မှ ပေးဆိုတာမျိုးတွေ ရှိတတ်တယ်။

ဟိုရောက်တော့မှ လည်စင်းခံပေါ့။ ပြန်လှည့်လို့လည်း ဖြစ်တော့တာမှ မဟုတ်တာ။ ကလိမ်ကျောင်းတွေက ကလိမ်အေးဂျင့်တွေကိုမွေးပြီး နိုင်ငံခြားကိုရိုက်စား လုပ်လွှတ်တာတွေ သတိထားကြပါ။
တကယ့်ကျောင်းကြီးတွေမှာ အေးဂျင့်တွေထားတာ အမှန်တကယ် ရှိတတ်ပါတယ်။ သူတို့က ကျောင်းသားတွေနဲ့ သက်ဆိုင်ရာ ကျောင်းကြီးတွေကို လှမ်းချိတ်ပေးမယ်။ သူတို့ ကြားကနေ အကျိုးအမြတ်မယူဘူး ဆိုတာတွေ အမှန်တကယ်လည်း ရှိနိုင်ပါတယ်။ ကိုယ်ဆက်သွယ်တဲ့ ကျောင်းဟာ အမှန်အကန်လား၊ အကြံအဖန်လား သေချာအောင်စုံစမ်းဖို့ပဲ လိုပါတယ်။

  • အေးဂျင့်ကိုအသုံးချ ကလိမ်ကျမှုများ
အေးဂျင့်တွေဆိုတာ အထူးလေ့ကျင့်ထားသူတွေလို့ ပြောရမယ်။ ကျောင်းသား၊ ဆရာ၊ ကျောင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ရုံးဝန်းကျင်တွေမှာ လှည့်လည်ကျက်စားရင်း ခွင်ဖန်တီးသူတွေလည်း ဖြစ်နိုင်သလို၊ အချို့ကလည်း အတည်ပေါက်နဲ့ ခမ်းနားစွာ ရုံးတွေဖွင့်ပြီး ရိုက်စားနေကြ တာတွေလည်း ရှိတယ်။ အေးဂျင့် တိုင်းကိုတော့ မဆိုလိုပါဘူး။

အေးဂျင့်တွေဟာ ဆေးမှတ်တမ်းအတု၊ ရဲထောက်ခံချက်အတု၊ ဘဏ်ငွေစာရင်းအတု၊ သက်သေခံ လက်မှတ်အတု၊ မှတ်ပုံတင်အတု၊ ခရီးသွားလက်မှတ်အတု အားလုံး ဖန်တီးတတ်ကြတယ်။ ကျောင်းသားတွေအတွက် Student visa အတု၊ အခမဲ့ ဆေးကုသခွင့်လက်မှတ်အတု၊ အလုပ်ရမယ်ဆိုတဲ့ အာမခံချက်အတုတွေလည်း လုပ်ကြတာပဲ။

အေးဂျင့်တွေလုပ်တတ်တာက ကျောင်းသားတွေကို ကျောင်းကောင်းကောင်းတက်ရမယ် ပြောပြီး ကျောင်းသားဆီကရော၊ သက်ဆိုင်ရာကျောင်းတွေဆီကပါ ကော်မရှင်ခ သို့မဟုတ် အကျိုးဆောင်ခယူခြင်း၊ ဆရာတွေကို နိုင်ငံရပ်ခြားမှာမရှိတဲ့ ကျောင်းတွေကို ပြောပြီး ဆရာ သွားလုပ်ဖို့ဆွယ်ခြင်း၊ ကျောင်းတွေမှာ မရနိုင်တဲ့၊ မပေးနိုင်တဲ့ အခွင့်အရေးတွေကိုပြောပြီး ဆွယ်ခြင်း၊ လုပ်ခလစာတွေကို မက်လောက်အောင်ပြောခြင်း၊ အလုပ်ဗီဇာတွေ မရနိုင်တဲ့ တိုင်းပြည်တွေမှာ အာမခံချက်တွေ ပေးခြင်းမျိုး လုပ်တတ်ကြတယ်။

တချို့အေးဂျင့်တွေဆိုရင် နိုင်ငံခြားကျောင်းတွေမှာ နာမည်ပျက်စာရင်း (blacklist) နဲ့ အထုတ်ခံထားရတဲ့ ဆရာတွေအမည်ကအစ မှတ်တမ်းတွေထားပြီး နိုင်ငံရပ်ခြားကျောင်းတွေမှာ သူတို့ပေးသလောက်ယူ ဒါမှမဟုတ် သူတို့ကိုပေးမှ အလုပ်ရအောင် အကြံအဖန်လုပ်ပေး တတ်တာ တွေလည်းရှိတယ်။

အလုပ်မရှိလို့ အလုပ်ရှာနေတဲ့ ဆရာတွေကို ရိုက်စားလုပ်တတ်တဲ့ အေးဂျင့် တွေလည်းရှိတယ်။ သူတို့က နိုင်ငံခြားကဆရာတွေကို ဗီဇာမလိုဘူး၊ ဘွဲ့တွေဘာတွေလည်း မလိုဘူးလို့ ပြောလိမ့်မယ်။
ပြီးတော့ နိုင်ငံခြားမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာသင် ကျောင်းကိုသွားပြီး သူတို့မှာ အလုပ်ဗီဇာ ရထားတဲ့ ဆရာတစ်ယောက်ရှိကြောင်းပြောပြီး ဘွဲ့တွေကိုလည်း မက်လောက် အောင်ပြောမယ်။
ပြီးမှ လေယာဉ်ခ၊ အေးဂျင့်ခတွေအကြောင်းပြောမယ်။ ကျောင်းကယုံကြည်ပြီး အေးဂျင့်ကို လေယာဉ်ခတွေ၊ ဝန်ဆောင်ခတွေပေးလိမ့်မယ်။ ဒီလိုနဲ့ ဆရာဆိုတာ ရောက်လာပြီး တကယ်လည်း လက်တွေ့သင်ခိုင်းရော တစ်စက်မှအချိုး မပြေတာတွေ့ရတော့တယ်။

ကျောင်းက အေးဂျင့်ကို ပြန်ခေါ်တယ်။ အေးဂျင့်ကလည်း လူလည်ဆိုတော့ လူဝင်မှုဌာနက သူ့မိတ်ဆွေ တစ်ယောက်ကို ခေါ်လာပြီး ဆရာဆိုသူကို အလုပ်ဗီဇာမရှိဘဲ လာလုပ်မှု၊ ကျောင်းကိုလည်း ခန့်ခွင့်မရှိတဲ့ဆရာကို ခန့်ထားမှုနဲ့ ပြဿနာတက်သွားချင်သလားဆိုပြီး ခြိမ်းခြောက်တယ်။

ကြားကအေးဂျင့်ကတော့ နှစ်ဝက်လောက် ရုံးခန်းတစ်ခန်းငှားဖွင့်နိုင်ဖို့ ပိုက်ဆံတွေရသွားတယ်။ ဒီနည်းနဲ့ နေရာလှည့်ပြီး ရိုက်စားနေတဲ့ အေးဂျင့်တွေ အများကြီးရှိကြောင်း သတိပေးတာပါ။

  • ကျောင်းသားအသုံးချ ကလိမ်ကျမှုများ
နိုင်ငံခြားကျောင်းတွေမှာ တက်ခွင့်ရဖို့ student visa ရမယ်ဆိုတာကတော့ အရိုးဆုံး လိမ်လည်မှုပါ။ အဲဒီနိုင်ငံမှာ ကျောင်းတက်ခွင့်ရမယ်၊ ပြည်ဝင်ခွင့်ရဖို့ လူဝင်မှုကြီးကြပ်ရေးကို တာဝန်ယူတယ်၊ ကျောင်းတက်ရင်း အလုပ်လည်းလုပ်လို့ရမယ်ဆိုတာတွေက အေးဂျင့်တွေရဲ့ လက်သုံးစကားလိုဖြစ်နေပြီ။ တရားမဝင် အလုပ်သမားတွေကို ခွင့်ပြုတတ်တဲ့နိုင်ငံတွေမှာတော့ ကျောင်းသားတွေဟာလည်း အသုံးချစရာ ခွင်တစ်ခု ဖြစ်နေနိုင်ပါတယ်။

ကျောင်းသားတွေ အများဆုံးအလိမ်ခံရတာတွေကတော့ အယောင်ဆောင်ပြီး အလုပ်အတွက် စစ်ဆေးတာမျိုးတွေ၊ စာမေးပွဲကြေးပေးသွင်းခိုင်းတာတွေ၊ ကျောင်းဝင်ခွင့်ရအောင် လုပ်ပေးမယ် ဆိုတာတွေ၊ ဝင်ခွင့်ရဖို့ လာဘ်ထိုးရမယ်ဆိုတာတွေလည်း လုပ်တတ်ကြပါတယ်။

အချို့နိုင်ငံတွေက ကျောင်းဝင်ခွင့်တွေမှာ ရမှတ်ကို အလေးထားတာကြောင့် သတ်မှတ်ချက်မမီရင် ဘယ်လိုမှ မရနိုင်ပါဘူး။ ဒီလိုနဲ့ ကျောင်းလာတက်ရင်းက အလုပ်ကြမ်းဝင်လုပ်နေကြ ရတာတွေ လည်း ရှိနိုင်ပါတယ်။

  • ဆရာကိုအသုံးချ ကလိမ်ကျမှုများ
အများဆုံး လိမ်လည်မှုတွေ လုပ်တတ်တဲ့အထဲမှာ ဘွဲ့၊ ဒီပလိုမာ၊ ထောက်ခံချက် အတုတွေ လည်းပါတယ်။ ဥပမာ အင်္ဂလိပ်စာကို ဒုတိယဘာသာစကား အနေနဲ့ သင်ယူဖို့ ကြိုးစားနေကြတဲ့ နိုင်ငံတွေ များလာတာနဲ့ အမျှ နိုင်ငံခြားတိုင်းပြည်က native speaker ဆိုရင်ပြီးရော၊ ဘာအထောက် အထားမှ မစစ်ဆေးဘဲ လက်ခံတတ်ကြတာတွေ ရှိတယ်။

နိုင်ငံခြားသားဆိုရင် အထင်ကြီးတတ်တဲ့ နိုင်ငံတွေမှာ ဘာတွေနဲ့ ဘွဲ့ရလာသလဲ (ဘွဲ့မရတာလည်းဖြစ်နိုင်) မစစ်ဆေးဘဲ လက်ခံ တတ်တာ တွေကြောင့် အညံ့သင် အညံ့ထွက် လာတတ်ပါတယ်။
ကိုရီးယားနိုင်ငံမှာဆိုရင် နိုင်ငံရပ်ခြားကလာတဲ့ ဆရာ ၃ဝ ရာခိုင်နှုန်းဟာ ဘွဲ့အတုတွေနဲ့ အလုပ်ရနေကြတာလို့ ဆိုတယ်။ တရုတ်ပြည်မှာ အရည်အသွေး မပြည့်မီတဲ့ ကျောင်းဆရာတွေနဲ့ ဆရာအတုတွေဟာ ၆ဝ ရာခိုင်နှုန်း လောက်တောင် ရှိတယ်လို့ သိရတယ်။

ဆရာလိမ်လည်မှုထဲမှာ နိုင်ငံခြားဧည့်ဗီဇာနဲ့ ခေါ်ပြီး၊ တရားမဝင် စာသင်ကြားတဲ့ အလုပ်ကိုလုပ်စေ ခြင်းဖြစ်ပါတယ်။ အာရှနဲ့ ဥရောပနိုင်ငံတွေကို အခမဲ့ ခရီးသွား လက်မှတ်တွေနဲ့ ခေါ်ကြတယ်။ လက်မှတ်ဝယ်သူကို ခြေရာခံလို့မရအောင် နာမည်အတုတွေနဲ့ဝယ်ပြီး ရိုက်စား လုပ်တတ်ကြတယ်။

  • ဌာနေများကိုအသုံးချ ကလိမ်ကျမှုများ
နိုင်ငံခြားတိုင်းပြည်တစ်ပြည်ရဲ့ မိသားစုတစ်စုက ဖိတ်ခေါ်လို့ဆိုတဲ့ ကလိမ်ကျမှုတွေလည်း ရှိနိုင်ပါတယ်။ ဘယ်နိုင်ငံကိုသွားရမယ်၊ အဲဒီနိုင်ငံကမိသားစုတွေက ရိုးသားတယ်။ ကျောင်းထား ပေးမယ်၊ နေထိုင်စားသောက်တာတွေကိုလည်း တာဝန်ယူမယ် ဆိုပြီးတော့ ခေါ်သွားတာတွေ ရှိတယ်။

ဟိုရောက်မှ အဲဒီ မိသားစုက အင်္ဂလိပ်စကားလည်း မပြောတတ်၊ အိမ်ကလည်း သူတို့တောင် အနိုင်နိုင်နေထိုင်ကြရတာမျိုးတွေရှိတယ်။ အချို့ဆိုရင်လည်း နိုင်ငံတကာက ကျောင်းသား ၅ ယောက်လောက်ကို ရိုက်စားလုပ်လာပြီး ဂိုဒေါင်တစ်ခုထဲ ငှားထည့်ထားတာ မျိုးတွေတောင် ရှိတယ်။ ကြောက်စရာကောင်းတာ ရှိသေးတယ်။ အိမ် ရှင်တဏှာရူးနဲ့တွေ့လိုက်လို့ ကတော့ မိန်းကလေးတွေဘဝ မတွေးဝံ့ဘူး။

တင်ညွန့်
မည်သူ့ကိုမျှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှူရှိလျှင် ခွင့်လွှတ်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...