Sunday, September 18, 2011

ဘောက်ဖတ်နှင့်လိပ်ပြာ

By Cloud Cuckoo Land · Last edited 7 hours ago · 
 
တစ်ခါတုန်းက ဘောက်ဖတ်လေး တစ်ကောင် ရှိတယ်။ သူဟာ တွန့်လိမ် တွန့်လိမ်နဲ့ သစ်ရွက်လေး တစ်ရွက်ပေါ်မှာ နေနေရရှာတယ်။ နေပူတော့လည်း နားခိုစရာ မရှိ။ နှင်းရွှဲတော့လည်း ချမ်းခိုက်ခိုက်တုန်။ ကိုယ်ဘဝကို စိတ်ကုန် နေရှာသတဲ့။ စားရ ပြန်တော့လည်း သစ်ရွက်၊ နေရ ပြန်တော့လည်း သစ်ရွက်၊ နေပူ၊ လေတိုက်၊ သစ်ပင်ပေါ်က အမှိုက်တစ်စလို ကိုယ့်ကိုကိုယ် ခံစားမိပြီး အားငယ် နေရှာတယ်။ လေအတိုက် လေအကြမ်းမှာ လွင့်ကျ မသွားဖို့ သူ မနေချင်ဘူး ဆိုတဲ့ သစ်ရွက်လေးကိုပဲ မြဲမြဲ ကုပ်တွယ် ထားရရှာတယ်။ သူ မပျော်နိုင်ရှာပါဘူး။

ခန္ဓာကိုယ်က ပျော့စိစိနဲ့ ရွံစရာ ကလည်း ကောင်း၊ အပေါင်းအသင်း ကလည်း မရှိ၊ တွေးကြည့်ရင် သူ့ဘဝဟာ ဝမ်းနည်းစရာပါ။ ခုန်ပေါက်ပြီး ဆော့ကစားနေတဲ့ ဓားခုတ်ကောင်လေးတွေကို ကြည့်ပြီး အားကျ၊ ဝမ်းနည်း ဖြစ်နေရှာသတဲ့။ သူတို့လိုလည်း မြင့်မြင့်ကို မခုန်နိုင်၊ သူတို့လိုလည်း မသန်စွမ်း၊ သူတို့လိုလည်း အားမာန်တွေ မရှိ၊ သူတို့လိုလည်း အတောင် မပါ။ သူတို့လိုလည်း ဝေးဝေး မသွားနိုင်၊ ငါဟာ ဘာမှ အသုံးမကျတဲ့ အကောင်ပဲလို့ တွေးပြီး စိတ်ဓာတ်တွေလည်း တဖြည်းဖြည်း ကျလာတယ်။ တွေးလိုက်တိုင်း စိတ်အားငယ်စရာ တွေချည်းပဲ။ ငါ သေချင်လိုက်တာလို့ အမြဲ စဉ်းစားနေသတဲ့။ သိမ်ငယ်စိတ်တွေနဲ့ပေါ့။
ဘောက်ဖတ်ကလေးရေ…. မင်း မသိလို့ပါ။

မင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမြင့်ကိုလည်း ပျံသန်းနိုင်တဲ့၊ လေတွေကိုလည်း တစ်ဝကြီး ရှူသွင်းခွင့်ရတဲ့ အရောင်အသွေး စုံတဲ့၊ အသွေးအရောင် လှပတဲ့၊ တောင်ပံတွေကို ပိုင်ဆိုင်နိုင်တဲ့ လိပ်ပြာ လှလှလေး တစ်ကောင် ဖြစ်လာမှာပါ။ လှပတဲ့ ပန်းကလေးတွေကို မင်းကြိုက်သလို နားခွင့်ရမှာပါ။ ပန်းကလေးတွေ ကိုလည်း မျိုးဆက် ပြန့်ပွားဖို့ ဝတ်မှုန် ကူးပေးနိုင်သူ ဖြစ်လာမှာပါ။ ပန်းလှလှလေး တွေလိုပဲ ဥယျာဉ်ကြီးကို ပိုပြီး လှပလာအောင် မင်းရဲ့ တောက်ပ အရောင်စုံတဲ့ အတောင်ပံလေးတွေနဲ့ ကူညီပေးနိုင်သူ ဖြစ်လာမှာပါ။ မင်း ဘာလို့ အားငယ် နေရတာလဲ။
————————-

ကျွန်တော် တွေးမိတာလေး ရေးလိုက်တာပါ။
ဟုတ်ပါတယ်။
ကျွန်တော်ဟာ တစ်ချိန်တုန်းက ဘောက်ဖတ်လေး တစ်ကောင်ပါ။ ကိုယ့်ဘဝကို စိတ်ကုန် ခဲ့ဖူးတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံး ခဲ့ဖူးတယ်။ ရည်မှန်းချက်တွေ တစ်ခုမှ ဖြစ်မလာတော့ တစ်ယောက်တည်း ကျိတ်ပြီး ငိုခဲ့ဖူးတယ်။
ဘာကိုမှ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် မရှိတော့ဘူးလို့ အဆုံးထိ တွေးပြီး စိတ်ဓာတ်တွေ ကျခဲ့ဖူးတယ်။ ဘဝ ဆိုတာ ကိုယ်ဖြစ်ချင်တာတွေ တစ်ခုမှ မဖြစ်တတ်ဘူးလို့ တွေးပြီး သောကတွေနဲ့ အိပ်မပျော် ဖြစ်ခဲ့ဖူးတယ်။
အခုတော့ လိပ်ပြာ လှလှလေး တစ်ကောင် ဖြစ်နေပါပြီ။
———————————–

ဒီနေ့ လူငယ် ကျောင်းသားတွေကို ပြောပါရစေ။ မင်းတို့ဟာ ဒီအချိန်မှာ ဘောက်ဖတ်လေးတွေပါ။ ကိုယ့်ရဲ့ မပြည့်စုံမှု၊ အခက်အခဲ၊ ပြဿနာ တွေကြောင့် စိတ်ဓာတ် မကျပါနဲ့။ ဖြစ်နေတဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး လက်ခံ လိုက်စမ်းပါ။ ပတ်ဝန်းကျင်ကို မော့ကြည့်ပြီး ကိုယ်နဲ့ နှိုင်းလို့ အားမငယ်ကြပါနဲ့။ ကိုယ့်ကိုယ်ကိုလည်း အထင်မသေးနဲ့နော်။ ကိုယ့်ကိုယ်ကို အထင်သေးတယ် ဆိုတာ ကျရှုံးမှု တစ်မျိုးပဲ်။ စိတ်အားငယ်တယ် ဆိုတာ ကြိုတင်ပြီး အရှုံးပေးခြင်း တစ်မျိုးပဲလေ။ ဝမ်းနည်းတယ် ဆိုတာ၊ ကိုယ့်ကိုကိုယ် သနားတယ် ဆိုတာ နိမ့်ကျတဲ့ စိတ်ဓာတ်မျိုးနော်။ မင်းတို့ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လှပတဲ့ အရောင်အသွး စုံတဲ့ ချစ်စရာကောင်းတဲ့ လိပ်ပြာလေးတွေ ဖြစ်လာမယ် ဆိုတာ ယုံလိုက် စမ်းပါကွယ်။
အခုတော့… စစ်ဗိုလ်ကြီး၊ ပညာတတ်ကြီး၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ အရာရှိကြီး၊ ကျောင်းဆရာ၊ ဆရာမတွေပေါ့၊ အဆိုတော်ကြီး၊ အနုပညာရှင်ကြီး၊ ရုပ်ရှင် သရုပ်ဆောင်ကြီး၊ ပန်းချီဆရာကြီး၊ အယ်ဒီတာကြီး၊ စာရေးဆရာကြီးတွေပေါ့။ ကွန်ပျူတာ ပညာရှင်ကြီး၊ ကုမ္မဏီ ပိုင်ရှင်ကြီး၊ စီးပွားရေး ပညာရှင်ကြီး၊ စတိုးဆိုင် ပိုင်ရှင်ကြီးတွေပေါ့။ လိပ်ပြာ လှလှလေးတွေ ဖြစ်နေကြပြီ။ သူတို့လည်း တစ်ချိန်တုန်းက ဘောက်ဖတ်လေး ဘဝကို ဖြတ်သန်းခဲ့ဖူးတယ် ဆိုတာ သိစေချင်တယ်။
ဒါ့ကြောင့်… ဘောက်ဖတ်ကလေးရေ ငိုမနေနဲ့၊ ဝမ်းနည်းမနေနဲ့၊ ကြေကွဲမနေနဲ့၊ သေချင် လောက်အောင်လည်း စိတ်ဓာတ် ကျမနေနဲ့။ မင်းဟာ တစ်ချိန်ချိန်မှာ မိဘအတွက်၊ ဆွေမျိုးအတွက်၊ ပတ်ဝန်းကျင် အတွက်၊ အမျိုးဘာသာ သာသနာ အတွက်၊ လူသားတွေ အတွက်၊ ကမ္ဘာကြီး အတွက်၊ အသုံးဝင်မယ့် အကျိုးပြုမယ့်၊ အဖိုး အနဂ္ဂ ထိုက်တန်တဲ့ လိပ်ပြာ လှလှလေး တစ်ကောင် ဖြစ်လာမယ် ဆိုတာ ယုံလိုက် စမ်းပါကွယ်။

တစ်ခုတော့ မှာချင်တယ်။
လိပ်ပြာဘဝ ရပြီ ဆိုရင်လည်း လိပ်ပြာ တာဝန်ကို ကျေစေချင်တယ်။ အတ္တကြီးတဲ့ လိပ်ပြာ၊ တစ်ကိုယ်ကောင်း ဆန်တဲ့ လိပ်ပြာ၊ မနာလိုတတ်တဲ့ လိပ်ပြာ၊ ဝန်တိုတတ်တဲ့ လိပ်ပြာ၊ ကြွားဝါတတ်တဲ့ လိပ်ပြာ၊ ဘဝမေ့တတ်တဲ့ လိပ်ပြာ၊ ဘဝင်မြင့်တဲ့ လိပ်ပြာ မဖြစ်စေချင်ဘူး။
ကိုယ်ချင်းစာတတ်တဲ့ လိပ်ပြာ၊ မေတ္တာ ကရုဏာ ရှိတဲ့ လိပ်ပြာ၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် ဝမ်းဆောင်တတ်တဲ့ လိပ်ပြာ၊ ဇွဲရှိတဲ့ လိပ်ပြာ၊ ဝီရိယရှိတဲ့ လိပ်ပြာ၊ အလုပ်ကြိုးစားတဲ့ လိပ်ပြာ၊ ဟန်ဆောင်မှုကင်းတဲ့ လိပ်ပြာ၊ ရိုးသားတဲ့ လိပ်ပြာ၊ လိပ်ပြာ အချင်းချင်း အချစ်ခံရတဲ့ လိပ်ပြာလေး တစ်ကောင်ဖြစ်ဖို့ ကြိုးစား စေချင်တယ်။
နောက်တစ်ခု မှာပါရစေဦး။
လိပ်ပြာဆိုတဲ့ ဘဝတစ်ခု ဟာလည်း အကြာကြီး မဟုတ်ဘူး ဆိုတာ သိထားဦးနော်။ ရတဲ့ အချိန်တို အတွင်းမှာ အကောင်းဆုံးတွေကို ဆောင်ရွက်ပါနော်။
ဘောက်ဖတ်နဲ့ လိပ်ပြာကလေးတွေကို မြင်တွေ့တိုင်း လူငယ်လေးတွေရဲ့ စိတ်ထဲမှာ ကိုယ့်ဘဝနဲ့ နှိုင်းလို့ အားမာန်တွေ မွေးကြစမ်းပါ။ အားမငယ်ကြဖို့ပါ။

posted by ဦးဘုန်း(ဓာတု၊မန္တလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...